သရဲတစ်ကောင် ဝယ်ရင် တစ်ကောင် လက်ဆောင်
Vol. 25 Ch. 320
အခန်း
"အို"
မော့ရှာ စစ်တုရင်ခုံ အလယ်တည့်တည့်မှာ အရုပ်တစ်ရုပ် ချလိုက်တာကို မြင်လိုက်ရတော့ ကျန်းပေရန် သူကိုင်ထားတဲ့ အရုပ်အဖြူလေးကို ဘူးထဲ ပြန်ထည့်လိုက်ပြီး လေးလေးနက်နက် စတင် စဉ်းစားလိုက်သည်။
"ဟူး... ဟူး..."
သူ့အစ်ကိုကြီး အသည်းအသန် စဉ်းစားနေတာကို ကြည့်ရင်း မော့ရှာ သူ့အသက်ရှူသံတွေ မြန်ဆန်လာတာကို ခံစားလိုက်ရပြီး လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
"မော့ရှာ"
"ဗျာ"
အစ်ကိုကြီး သူ့နာမည် ခေါ်လိုက်တာ ကြားတော့ မော့ရှာ ချက်ချင်း မတ်မတ် ထိုင်ပြီး ပြန်ထူးလိုက်သည်။
"ဒီ ဟန်ဆောင်တိုက်ကွက် က တော်တော်လေး လက်ရာမြောက်လာတာပဲ မဆိုးဘူး"
ဟန်ဆောင်တိုက်ကွက် ဆိုတာ အစောပိုင်းမှာ တမင်တကာ အကွက်မှား ရွှေ့ပြလိုက်ပြီး တစ်ဖက်လူကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ ကြံစည်တာမျိုး ဖြစ်သည်။
အရင်တုန်းက မော့ရှာ က ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး ထောင်ချောက်တွေ ခဏခဏ ဆင်တတ်တယ် ဒါပေမဲ့ တစ်ကြိမ်မှာ အမိခံလိုက်ရပြီး အရှက်ကွဲခဲ့ဖူးသည်။
အဲဒီနောက်ပိုင်း မော့ရှာ ဒီကစားကွက်ကို စွန့်လွှတ်လိုက်ပြီလို့ ကျန်းပေရန် ထင်ခဲ့ပေမယ့် အခုတော့ ပိုတောင် ကျွမ်းကျင်လာတာ တွေ့လိုက်ရသည်။
ချီးကျူးခံလိုက်ရတော့ မော့ရှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး ဝမ်းသာရမလို ဝမ်းနည်းရမလို ဖြစ်သွားသည်။
ဝမ်းသာတာကတော့ အစ်ကိုကြီးရဲ့ ချီးကျူးမှု ခံရလို့ပေါ့။
ဝမ်းနည်းရတာကတော့ အစ်ကိုကြီးက သူ့ဟန်ဆောင်တိုက်ကွက်ကို ချီးကျူးလိုက်တယ် ဆိုကတည်းက သူ့ထောင်ချောက်ကို ဖောက်ထွင်းမြင်လိုက်ပြီ ဆိုတဲ့ သဘောပဲ။
"..."
{ထင်တဲ့အတိုင်းပဲ အစ်ကိုကြီးက... ဘယ်လောက်အထိ ကြိုမြင်နေလဲ ဆိုတာ တကယ် မသိနိုင်တော့ဘူး}
"၁၃-၁၇ လှောင်အိမ်"
"တောက်" ခနဲ မြည်သံနဲ့အတူ ကျန်းပေရန် အဖြူရောင် အရုပ်တစ်ရုပ် ချလိုက်ရာ မော့ရှာ ရဲ့ အရုပ်ကို သူ့အပိုင်နယ်မြေထဲ ပိတ်လှောင်လိုက်သလို ဖြစ်သွားပြီး လွတ်မြောက်လမ်း အကုန် ပိတ်သွားသည်။
"ပြောင်မြောက်လိုက်တာ"
အစ်ကိုကြီးရဲ့ ရွှေ့ကွက်ကို မြင်လိုက်ရတော့ မော့ရှာ အာမေဋိတ်သံ မပြုဘဲ မနေနိုင်တော့။
"မင်းအလှည့်"
ကျန်းပေရန် မော့ကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့"
မော့ရှာ စစ်တုရင်ခုံကို အမြန် ပြန်ငုံ့ကြည့်လိုက်သည်။
{အစ်ကိုကြီးရဲ့ လှောင်အိမ်က လှပသေသပ်ပေမယ့် ငါ့မှာ မျှော်လင့်ချက် သဲ့သဲ့လေး ကျန်နေသေးတယ်}
စဉ်းစားရင်းနဲ့ မော့ရှာ အမည်းရောင် အရုပ်တစ်ရုပ် ကောက်ယူပြီး ချလိုက်သည်။
"တောက်"
အပြန်အလှန် တိုက်ခိုက်မှု အလှည့် ၂၀ ကျော် ကြာပြီးနောက် အစ်ကိုကြီးရဲ့ တစ်ဆင့်ချင်း ဖိနှိပ်မှုကို ခံနေရတဲ့ မော့ရှာ အသက်ရှူဖို့တောင် ခက်ခဲလာသည်။
ဒါပေမဲ့ သူ့တပ်ဖွဲ့ ကမောက်ကမ မဖြစ်သေးဘူး ဆိုတာ သူ သေချာနေသည်။
ဒီတစ်ချီ တိုက်ခိုက်မှုကိုသာ တောင့်ခံနိုင်ရင် သူ့အခွင့်အရေး ရောက်လာလိမ့်မယ်။
နောက်ထပ် ငါးလှည့်လောက် ရုန်းကန်ပြီးတဲ့နောက် မော့ရှာ စောင့်မျှော်နေတဲ့ အခွင့်အရေး နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။
{ဒီမှာပဲ}
စစ်တုရင်ခုံပေါ်က အရေးပါတဲ့ အကွက်ကို မြင်လိုက်ရတာနဲ့ ရေနစ်နေသူ ကောက်ရိုးမျှင်လေး တွေ့လိုက်ရသလို မော့ရှာ အဲဒီနေရာကို အရုပ်ချဖို့ ပြင်လိုက်သည်။
ဒါပေမဲ့ လက်ပြန်မရုတ်ခင်မှာပဲ အစ်ကိုကြီးရဲ့ နှုတ်ခမ်းထောင့်လေး ကွေးတက်သွားပြီး ပြုံးလိုက်တာကို သူ သတိထားမိလိုက်သည်။
{သွားပြီ}
ကြောက်ချွေးတွေ ပြန်လာပြီး မော့ရှာ ချက်ချင်း နားလည်လိုက်သည်။အစ်ကိုကြီး ဘာလို့ ပြုံးနေတာလဲ ဆိုတာ…….
ဘာလို့လဲဆိုတော့ အဲဒီ နောက်ဆုံး အကွက်က အစ်ကိုကြီးရဲ့ "ဟန်ဆောင်တိုက်ကွက်" အစစ် ဖြစ်နေလို့ပဲ။
"ကျွန် ကျွန်တော် ရှုံးပါပြီ"
မော့ရှာ လက်သီးကို ဆုပ်ပြီး ခေါင်းငုံ့လိုက်ကာ မျက်ဝန်းထဲ ပြည့်လျှံလာတဲ့ မျက်ရည်တွေ မကျလာအောင် အတင်း ထိန်းထားလိုက်သည်။
တစ်နှစ်ကျော် ကြာသွားပြီ ဒါတောင် အစ်ကိုကြီးက ပြိုင်ဘက်ကင်း နေတုန်းပဲ။
သူ့မှာရှိသမျှ စွမ်းရည်အကုန်ထုတ်ပြီး ကစားခဲ့ရတဲ့ အကွက်က အစ်ကိုကြီး ရှေ့မှာ ကလေးကစားစရာ လို ဖြစ်နေပြီး အစ်ကိုကြီးက ပိုပြီး ပြောင်မြောက်တဲ့ နည်းလမ်းနဲ့ သူ့ကို ပြန်သင်ခန်းစာ ပေးလိုက်တာ။
{သန်မာလိုက်တာ... ဘယ်လိုလုပ် အစ်ကိုကြီးက ဒီလောက် သန်မာနေရတာလဲ}
"မင်း တော်တော် ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ငါ့မျှော်လင့်ချက်တွေကို တကယ် မပျက်စေခဲ့ဘူး"
မော့ရှာ တုန်ရီနေတာ မြင်တော့ ကျန်းပေရန် လက်ဖက်ရည် တစ်ခွက် ငှဲ့ပြီး ကမ်းပေးလိုက်သည်။
လက်ဖက်ရည် မွှေးမွှေးလေးကို ရှူရှိုက်လိုက်ပြီး မော့ရှာ လက်ကို အတင်းဆန့်ထုတ်ကာ ခွက်ကို ယူလိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ကျေး ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
"ဒီလို မကျေနပ်တဲ့ စိတ်ဓာတ်လေး နည်းနည်းလောက် ရှိနေရင် မင်း ပိုမြန်မြန် တိုးတက်လာမှာပါ ဘယ်လိုလဲ နောက်တစ်ပွဲ ကစားဦးမလား"
"ကစားမယ်"
မော့ရှာ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပြီး သူ့လက်တွေက စစ်တုရင်ခုံကို အမြန် ရှင်းလင်းနေသည်။
{ဒီ စိတ်ဓာတ်ခိုင်မာမှုကိုသာ ကျင့်ကြံခြင်း ဘက်မှာ အသုံးချမယ် ဆိုရင် ဒီကလေးရဲ့ အနာဂတ်က အကန့်အသတ် ရှိမှာ မဟုတ်ဘူး}
မနက်မိုးလင်းတဲ့ အထိ သူတို့ ဆက်ကစားကြပြီးမှ မော့ရှာ သူ့အစ်ကိုကြီးရဲ့ တဲအိမ်လေးထဲကနေ မပြန်ချင်ပြန်ချင်နဲ့ ထွက်ခွာသွားသည်။
သုံးလှမ်း တစ်ခါ လှည့်ကြည့်ရင်း အစ်ကိုကြီးက နောက်တစ်ပွဲ ထပ်မကစားချင်တော့ဘူး ဆိုတာ သေချာသွားမှ တံခါးဖွင့်ပြီး ထွက်သွားတော့သည်။
တံခါးပိတ်သွားတာ ကြည့်ရင်း ကျန်းပေရန် အကြောဆန့်ပြီး သန်းဝေလိုက်သည်။
{မျိုးဆက်သစ်တွေက တကယ် ကြောက်စရာ ကောင်းတာပဲ}
မော့ရှာ ရဲ့ စစ်တုရင် စွမ်းရည်က အံ့မခန်း တိုးတက်လာနေသည်။
ဆရာ မရှိ၊ ပြိုင်ဘက် မရှိဘဲနဲ့တောင် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာ ကျန်းပေရန်တောင် သူ့အသာစီး ရနေမှုကို လက်လွှတ်လိုက်ရတော့မလို ခံစားနေရသည်။
နောက်တစ်ကြိမ် သန်းဝေလိုက်ပြီး ညဘက်မှာ အားအင် ကုန်ခမ်းလွန်းသွားမှန်း ကျန်းပေရန် သတိထားမိလိုက်သည်။
ဘာပဲပြောပြော ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ရတာက ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်ရတာထက် ပိုပြီး ပင်ပန်းတတ်တယ်လေ။
ခံတွင်းရှင်း ဆေးလုံး တစ်လုံး မျိုချလိုက်ပြီး ကျန်းပေရန် ကုတင်ပေါ် လှဲကာ ဟောက်သံပေးပြီး အိပ်ပျော်သွားတော့သည်။
"နင်က တကယ်ပဲ ငါ့ကို မကြောက်ဘူးလား ကောင်မစုတ်လေး"
"ငါတို့ နှစ်ယောက်စလုံးက သရဲတွေပဲလေ ဘာလို့ ကြောက်ရမှာလဲ"
"ကောင်းပြီ ငါ နင့်ကို နောက်ဆုံး အခွင့်အရေး ပေးမယ် ဖယ်မှာလား မဖယ်ဘူးလား မဖယ်ရင် ငါ နင့်ကို စားလိုက်မှာနော်"
"ငါက သေပြီးသားပဲ ဟာကို ထပ်သေအောင် လုပ်လို့ ရလို့လား မဖယ်ဘူး"
"ဟားဟားဟား ကောင်မစုတ်လေး နင် သေတာ မကြာသေးဘူး ထင်တယ် သေပြီးသား သူကို ထပ်သေအောင် လုပ်လို့ မရဘူးလို့ ဘယ်သူ ပြောလဲ ငါ နင့်ကို ဒီမှာတင် စားလိုက်ရင် နင် ဘယ်တော့မှ လူပြန်ဝင်စားခွင့် ရတော့မှာ မဟုတ်ဘူး ကြောက်တတ်ပြီ ဆိုရင် ငါ့ရှေ့က ဖယ်စမ်း"
"မဖယ်ဘူး ဦးလေးကြီးကို ထိခိုက်အောင် အလုပ်မခံနိုင်ဘူး"
"နင်"
...
ပိုပြီး ကျယ်လောင်လာတဲ့ ငြင်းခုံသံတွေကို နားထောင်ရင်း အိပ်ပျော်နေတဲ့ ကျန်းပေရန် မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။
လေထဲမှာ ပျံဝဲနေတဲ့ သရဲမကြီး တစ်ကောင်နဲ့ သရဲမလေး တစ်ကောင်ကို တွေ့လိုက်ရသည်။
သရဲမကြီးက ဂန္တဝင် ဆန်တဲ့ ပုံစံမျိုး ရှိသည်။
ဖြူလွှလွှ ဝတ်ရုံ၊ ဖရိုဖရဲ ဆံပင်၊ သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတစ်စုံနဲ့ နားရွက် အထိ ပြဲနေတဲ့ ပါးစပ်ပေါက်ကြီး…….
သရဲမလေးကတော့ ကျန်းပေရန်ကို ကျောပေးထားလို့ မျက်နှာ မမြင်ရပေ။
အဲဒီအချိန်မှာ သရဲမကြီးက ကျန်းပေရန် နိုးလာတာ သတိထားမိသွားသည်။
သရဲမလေး တားနေတာကို လျစ်လျူရှုပြီး သူမ ကျန်းပေရန် ရှေ့ ချက်ချင်း ရောက်လာကာ သွေးရောင် မျက်လုံးတွေနဲ့ စိုက်ကြည့်ပြီး ကိုးထပ်ငရဲ က လာတဲ့ အသံမျိုးနဲ့ ပြောလိုက်သည်။
"ငါ့မှာ နာကြည်းချက်တွေ ပြည့်နေတယ်"
"ဘာကို နာကြည်းတာလဲ"
ရှုပ်ပွနေတဲ့ ဆံပင်ကို ကုတ်ရင်း ကျန်းပေရန် မေးလိုက်သည်။
"ငါ..."
သရဲမကြီး ကြောင်အ သွားသည်။
သူမ ဘဝတစ်လျှောက်လုံး လူပေါင်းများစွာကို ခြောက်လှန့်ခဲ့ဖူးသည်။
တချို့က နေရာမှာတင် မေ့လဲသွားတယ် တချို့က အီးပါချ တတ်ကြတယ်။
သူမ အကျေနပ်ဆုံး အတွေ့အကြုံကတော့ ကြောက်လွန်းလို့ ထွက်မပြေးနိုင်၊ မေ့မလဲနိုင်ဘဲ ဒူးထောက်ပြီး အကြိမ်ကြိမ် တောင်းပန်ကြတာမျိုးပေါ့။
အဲဒါကို သူမ အမြင်ချင်ဆုံးပဲ။
ဒါပေမဲ့ အခုလို မေးခွန်း ပြန်ထုတ်တဲ့ လူမျိုးကိုတော့ ပထမဆုံး အကြိမ် တွေ့ဖူးတာပဲ။
{သူ အိပ်မှုံစုံဖွား ဖြစ်နေလို့များလား}
ဒီလို ခန့်မှန်းလိုက်ပြီး သရဲမကြီး သူမမျက်လုံးတွေထဲက သွေးမျက်ရည်တွေ စီးကျလာအောင် လုပ်လိုက်သည်။
တစ်ချိန်တည်းမှာပဲ သူမ ခြေလက်တွေကို ထူးဆန်းစွာ လိမ်ကောက်လိုက်ပြီး ကျန်းပေရန်ကို ကျောပေးကာ ခြေလက်လေးချောင်းနဲ့ ထောက်ထားတဲ့ ပင့်ကူလို ပုံစံမျိုး လုပ်ပြလိုက်ပြီး ထပ်အော်လိုက်သည်။
"နင့်ကို ငါ ကျိန်စာတိုက်မယ်"
ဒါကို ကြားတော့ ကျန်းပေရန် အိပ်ချင်စိတ်တွေ ပျောက်ကုန်သည်။
သူ ထထိုင်လိုက်ပြီး ပြောလိုက်သည်။
"အို ကျိန်စာတိုက်တတ်တယ် ဟုတ်လား မဆိုးဘူးပဲ အရည်အချင်း ရှိသားပဲ လာ လာ ငါ့ကို ကျိန်စာ တိုက်ကြည့်စမ်း သရဲတစ်ကောင်ရဲ့ ကျိန်စာ အတိုက်ခံရတာမျိုး တစ်ခါမှ မကြုံဖူးသေးဘူး"
"နင်..."
သရဲမကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သရဲလောကမှာ ဆယ်စုနှစ်ချီ ကျင်လည်ခဲ့ပေမယ့် စည်းကမ်းမလိုက်နာတဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။
ပုံမှန်ဆိုရင် ကျင့်ကြံသူတွေတောင် သူမကို တွေ့ရင် လိပ်ပြာလွင့်မတတ် ကြောက်ကြတာ။
သူမ ရှေ့က လူလို တည်ငြိမ်နေတဲ့ သူမျိုး တစ်ခါမှ မမြင်ဖူးဘူး။
"ကျိန်စာ မတိုက်တော့ဘူးလား"
သရဲမကြီး ကြောင်နေတုန်း ကျန်းပေရန် မေးလိုက်သည်။
ဒီလူက ပုံမှန် မဟုတ်မှန်း သိလိုက်တဲ့ သရဲမကြီး ခြောက်လှန့်ဖို့ မကြိုးစားတော့ပေ။
စူးရှတဲ့ အော်သံကြီး တစ်ခု ပြုလိုက်ပြီး ကျန်းပေရန် ဆီ ခုန်အုပ်လိုက်သည်။
"ပြန်သွားစမ်း"
သရဲမကြီး ကျန်းပေရန် ခန္ဓာကိုယ်ထဲ ဝင်ဖို့ ပြင်လိုက်ချိန်မှာပဲ ကြီးမားတဲ့ ဝိညာဉ်စွမ်းအား တစ်ခု သူမအပေါ် လွှမ်းမိုးလာတာ ခံစားလိုက်ရပြီး ပုံရိပ်ယောင် ခန္ဓာကိုယ် လိမ်ကောက်သွားကာ ပျောက်ကွယ်သွားမတတ် ဖြစ်သွားသည်။
"အသက်ချမ်းသာပေးပါ အရှင်မင်းကြီး အသက်ချမ်းသာပေးပါ"
သူမ ဝိညာဉ် ပျောက်ကွယ်သွားတော့မယ်လို့ ခံစားလိုက်ရတဲ့ သရဲမကြီး အကြိမ်ကြိမ် တောင်းပန်လိုက်သည်။
အဲဒီအချိန်မှာ သရဲမလေး က ကျန်းပေရန် ဘေးနား ပျံသန်းလာပြီး မေးလိုက်သည်။
"ဦးလေးကြီး ဦးလေးကြီးက သရဲ မကြောက်ဘူးလား"
{ဟင် ဒီ သရဲမလေးက ဘာလို့ ဒီလောက် ချစ်စရာ ကောင်းနေရတာလဲ}
ကောင်မလေးရဲ့ နူးညံ့တဲ့ မျက်နှာလေးကို ကြည့်ပြီး ကျန်းပေရန် မေးလိုက်သည်။
"ဦးလေးက ဘာလို့ သရဲ ကြောက်ရမှာလဲ"
"လူတိုင်း ကြောက်ကြတာပဲလေ ဒီလောကကြီးမှာ သရဲမကြောက်တဲ့သူ ဘယ်သူမှ မရှိဘူး"
"ဒါဆိုရင် မင်း ကံကောင်းတာပဲ ဒီနေ့ တစ်ယောက် တွေ့ပြီလေ"
လူနဲ့ သရဲမလေး စကားပြောနေကြစဉ် သရဲမကြီးက တိတ်တဆိတ် တွားသွားပြီး ထွက်ပြေးဖို့ ကြိုးစားနေသည်။
သူမ ရှေ့က လူက ခြောက်လို့ မရရုံတင် မကဘူး ဝိညာဉ်စွမ်းအားကလည်း လူမဟုတ်သလို သန်မာလွန်းနေသည်။
"ငါ မင်းကို သွားခွင့်ပြုမယ်လို့ ပြောမိလို့လား"
ကျန်းပေရန် စကားဆုံးတာနဲ့ သရဲမကြီး ကမ္ဘာကြီး ဂျွမ်းပြန်သွားသလို ခံစားလိုက်ရသည် ခေါင်းထဲမှာ ခေါင်းလောင်းကြီး တစ်ခု ထိုးလိုက်သလိုမျိုး ဦးနှောက်တစ်ခုလုံး တုန်ခါသွားသည်။
မလွတ်နိုင်တော့မှန်း သိလိုက်တဲ့ သရဲမကြီး အမြန် လှည့်ပြီး ခေါင်းနဲ့ ကြမ်းပြင်ကို ဆောင့်ကာ တောင်းပန်လိုက်သည်။
"နောက်မလုပ်တော့ပါဘူး နောက်မလုပ်တော့ပါဘူး အရှင်မင်းကြီးက သဘောထားကြီးသူပါ ဒီသရဲမလေးကို လွှတ်ပေးပါ နောက်ဘယ်တော့မှ လာမရှုပ်တော့ပါဘူးလို့ ကတိပေးပါတယ်"
သရဲမကြီးရဲ့ တောင်းပန်သံတွေကို လျစ်လျူရှုပြီး ကျန်းပေရန် သရဲမလေးကို ကြည့်လိုက်သည်။
"ကဲ မင်း ဘယ်သူလဲ ဘာလို့ ဒီရောက်နေတာလဲ ဆိုတာ ဦးလေးကို ပြောပြပါဦး"
"သမီး နာမည်က ချင်းချင်း ပါ ၇ နှစ် ရှိပါပြီ ဦးလေးကြီးကို ကာကွယ်ပေးချင်လို့ ဒီအထိ လိုက်လာတာပါ"
"ဘာလို့ ဦးလေးကို ကာကွယ်ပေးချင်တာလဲ"
"မနေ့က သစ်ခွ ဘုရားကျောင်း မှာ ဦးလေးကြီး လုပ်ခဲ့တာတွေကို သမီး မြင်ခဲ့တယ်လေ သမီးနဲ့ သမီးအစ်ကို အဲဒီ လူလိမ်ကြီးတွေ လက်ချက်နဲ့ သေခဲ့ရတာ ဒါကြောင့် ဦးလေးကြီးက သမီးတို့အစား ကလဲ့စားချေပေးတာ မြင်တော့ သမီး အရမ်း ပျော်သွားတယ် ဟုတ်သားပဲ အရင်ဆုံး ကျေးဇူးတင်ရဦးမယ်"
ပြောပြီးတာနဲ့ ချင်းချင်း လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဦးလေးကြီး"
ခေါင်းညိတ်လိုက်ပြီး သရဲမလေး ဘယ်ကလာလဲ ဆိုတာ နားလည်သွားတဲ့ ကျန်းပေရန် သရဲမကြီး ဘက် ပြန်လှည့်လိုက်သည်။
"မင်းကရော ငါ့ဆီက ဘာလိုချင်တာလဲ"
"ကျွန်မ ကျွန်မက လမ်းကြုံ ဖြတ်သွားတာပါ ရုတ်တရက် လူခြောက်ချင်စိတ် ပေါက်လာလို့ အရှင်မင်းကြီးနဲ့ တိုးမိသွားတာပါ ကျေးဇူးပြုပြီး အရှင်မင်းကြီး ဒီပြစ်မှုကို ကျော်လွှားပြီး ကျွန်မကို အား"
သရဲမကြီး စကားမဆုံးခင်မှာပဲ ဓားတစ်ချောင်း သူမ စိတ်ထဲ ထိုးဖောက်ဝင်ရောက်လာပြီး မွှေနှောက်လိုက်သလို ခံစားလိုက်ရသည်။
ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ကျန်းပေရန် အရောင်ဖျော့သွားတဲ့ သရဲမကြီးကို ကြည့်ကာ မေးလိုက်သည်။
"နောက်ဆုံး အခွင့်အရေး တစ်ကြိမ် ပေးမယ် အမှန်တိုင်း မပြောသေးရင် နောက်တစ်ခါ နာကျင်ရုံနဲ့ ပြီးမှာ မဟုတ်ဘူး"
သရဲမကြီး အခုတော့ သူမ အင်မော်တယ်ကြီး တစ်ပါးနဲ့ တွေ့နေမှန်း သေချာပေါက် နားလည်သွားပြီ။
ထပ်ပြီး နှိပ်စက်မခံချင်ရင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့။
မြေကြီးပေါ်ကနေ ခက်ခက်ခဲခဲ ကုန်းထပြီး သရဲမကြီး ဖြေလိုက်သည်။
"သခင်က လွှတ်လိုက်တာပါ အရှင်မင်းကြီးကို ခြောက်လှန့်ပြီး သူများကိစ္စ ဝင်မပါဖို့ သတိပေးခိုင်းလိုက်တာပါ"
"ဘာကိစ္စလဲ"
"သစ်ခွ ဘုရားကျောင်း ကိစ္စပါ"
{အော်}
ကျန်းပေရန် ချက်ချင်း နားလည်သွားသည်။
သစ်ခွ ဘုရားကျောင်း က ဘုန်းကြီးတွေမှာ နောက်ခံ ရှိတယ် ဆိုတာ တကယ်ပဲကိုး ပြီးတော့ သူတို့က ဒီလောက် မြန်မြန်တောင် သူ့ဆီ ရောက်လာကြတယ်။
သရဲမကြီးကို စိတ်ဝင်တစား အကဲခတ်လိုက်ရာ ကျန်းပေရန် မျက်လုံးထဲမှာ စပ်စုချင်စိတ်တွေ ရုတ်တရက် ပေါ်လာသည်။
ဒီအကြည့်က သရဲမကြီး ကျောချမ်းသွားစေသည်။
သူမ အလိုလို ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ပြီး နောက်ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။
"မင်းသခင်က မင်းကို ထိန်းချုပ်နိုင်တာလား"
ကျန်းပေရန် မေးလိုက်သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့"
သရဲမကြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။
"သူက အရှင်မင်းကြီးကို ခြောက်ဖို့ အမိန့်ပေးလိုက်တာ ဆိုတော့ ကျွန်မမှာ ငြင်းဆန်ခွင့် မရှိလို့ပါ"
သရဲကို ထိန်းချုပ်နိုင်တဲ့ လူအကြောင်း ကျန်းပေရန် ပထမဆုံး ကြားဖူးခြင်း ဖြစ်ပြီး ပိုလို့တောင် စိတ်ဝင်စားလာသည်။
"သူ မင်းကို ဘယ်လို ထိန်းချုပ်တာလဲ"
သရဲမကြီး သက်ပြင်းချလိုက်သည်။
"ကျွန်မသခင်က သရဲမွေးမြူသူ ပါ သူ မွေးမြူထားတဲ့ သရဲတိုင်း သူ့အမိန့်ကို နာခံရပါတယ်"
"သရဲမွေးမြူသူ ဟုတ်လား"
ဝေါဟာရ အသစ်ကို ကြားလိုက်ရတော့ ဒီကိစ္စက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီလို့ ကျန်းပေရန် ခံစားလိုက်ရသည်။
အံ့ဖွယ်နဂါးတိုက်ကြီး ပေါ်မှာ သရဲမွေးမြူသူ ရှိတယ် ဆိုတာ ပထမဆုံး ကြားဖူးတာပဲ။
ကြားရတာ အဆိပ်ပိုး မွေးမြူသူတွေထက်တောင် ပိုပြီး ယုတ်မာမယ့်ပုံ ပေါက်နေသည်။
ကျန်းပေရန် အံ့သြနေတာ မြင်တော့ သရဲမကြီး ထူးဆန်းသွားသည်။
"အရှင်မင်းကြီးက သရဲမွေးမြူနည်း မသိဘူးလား ဒါဆို ဘာလို့ ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားတာလဲ"
သရဲမကြီး ပြောတဲ့ "ဝိညာဉ်စွမ်းအား" ဆိုတာ သူ့ရဲ့ ဝိညာဉ်အာရုံ ဖြစ်မယ်လို့ ကျန်းပေရန် ခန့်မှန်းလိုက်သည်။
တစ်နည်းအားဖြင့် ပြောရရင် သရဲမွေးမြူခြင်းက ဝိညာဉ်အာရုံနဲ့ ဆက်စပ်နေလောက်တယ်။
အရေးကြီးတဲ့ သတင်းအချက်အလက် ရလိုက်ပြီမို့လို့ ကျန်းပေရန် ရှေ့တစ်လှမ်းတိုးပြီး ပြောလိုက်သည်။
"မင်းသခင်ဆီ ငါ့ကို ခေါ်သွား"
"မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး"
သရဲမကြီး ခေါင်းကို တွင်တွင်ခါလိုက်သည်။
"အရှင်မင်းကြီးကို သခင်ဆီ ခေါ်သွားရင် သခင်က ကျွန်မကို သတ်လိမ့်မယ်"
"မခေါ်သွားရင် ငါ မင်းကို အခုချက်ချင်း သတ်မယ်"
"..."
တိတ်ဆိတ်သွားတဲ့ သရဲမကြီးကို ကြည့်ပြီး ကျန်းပေရန် ထပ်ပြောလိုက်သည်။
"စိတ်မပူပါနဲ့ မင်းသခင်က မင်းကို မသတ်စေရဘူးလို့ ငါ ကတိပေးပါတယ် တကယ်လို့ မင်း တကယ် စိတ်ပူနေရင် ငါ မထွက်ခွာခင် သူ့ကို အရင် သတ်ပေးခဲ့ပြီး မင်းကို လွတ်လပ်ခွင့် ပေးခဲ့မယ်"
ကြက်ကလေး တစ်ကောင်ကို သတ်မယ့်အကြောင်း ပြောနေသလိုမျိုး ကျန်းပေရန်ရဲ့ လေသံကို ကြားလိုက်ရတော့ သရဲမကြီးက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူ လောင်းကြေး ထပ်လိုက်တာ ပိုကောင်းတယ်လို့ တွေးလိုက်သည်။
"ဒါဆို အရှင်မင်းကြီးက ကျွန်မရဲ့ သခင်သစ်ပါ သခင်ကို ဂါရဝပြုပါတယ်"
သရဲမကြီး ကျန်းပေရန် ရှေ့ တွားသွားပြီး ဦးညွှတ်လိုက်သည်။
"ငါ့မှာ ဒီလောက် ရုပ်ဆိုးတဲ့ အစေခံ မရှိဘူး ထ မင်းသခင်ဆီ အရင် ခေါ်သွား"
သစ္စာခံမယ့် အစီအစဉ် မအောင်မြင်တာ မြင်တော့ သရဲမကြီး သက်ပြင်းချလိုက်ပြီး တံခါးဝဆီ ပျံဝဲသွားကာ ဖိတ်ခေါ်တဲ့ လက်ဟန် ပြလိုက်သည်။
"အရှင်မင်းကြီး နောက်က လိုက်ခဲ့ပါ ကျွန်မကို အတင်းအကျပ် ထိန်းချုပ်ထားတဲ့ လူယုတ်မာဆီ ခေါ်သွားပေးပါ့မယ်"
{မင်း လေသံပြောင်းတာ မြန်လွန်းတယ်နော်}
ကျန်းပေရန် စိတ်ထဲကနေ လှောင်ပြောင်လိုက်ပြီး သရဲမကြီး နောက် လိုက်သွားလိုက်သည်။
မင်္ဂလာတိမ်တိုက် တစ်ခု ဆင့်ခေါ်ပြီး တက်ဖို့ ပြင်လိုက်ချိန်မှာ ချင်းချင်း သူ့ဘေးနား ပျံဝဲလာတာ တွေ့လိုက်ရသည်။
"မင်းလည်း လိုက်မလို့လား"
ကျန်းပေရန် မေးလိုက်သည်။
"ဦးလေးကြီးကို ကာကွယ်ပေးမလို့လေ"
ချင်းချင်းရဲ့ ရင်ကော့ထားတဲ့ ပုံစံနဲ့ စောစောက သူ ဝေဝါးဝါး ကြားခဲ့ရတဲ့ စကားဝိုင်းကို ပြန်သတိရလိုက်ပြီး ကျန်းပေရန် တော်တော်လေး စိတ်လှုပ်ရှားသွားသည်။
"ကောင်းပြီ လိုက်ခဲ့လေ"
သရဲမကြီး ဦးဆောင်မှုနဲ့ ကျန်းပေရန် လူသူကင်းမဲ့တဲ့ စိမ့်မြေ တစ်ခုဆီ ရောက်ရှိလာပြီး စုတ်ပြတ်သတ်နေတဲ့ တဲအိမ်လေး တစ်လုံးရှေ့ ဆင်းသက်လိုက်သည်။
"အရှင်မင်းကြီး ဒီနေရာပါ"
သရဲမကြီး မျက်နှာလိုမျက်နှာရ အမူအရာနဲ့ ပြောလိုက်သည်။
အထဲမှာ လူရှိနေတာကို ဝိညာဉ်အာရုံနဲ့ သိလိုက်ရလို့ ကျန်းပေရန် တံခါးကို ကန်ဖွင့်လိုက်သည်။
အထဲက လူက သိသိသာသာ ကြောင်သွားပေမယ့် အနီရောင် အတွင်းအား ဘောလုံး တစ်ခုကို အမြန် စုစည်းလိုက်ပြီး ခါးကြားက ငွေရောင် အဆောင်လက်ဖွဲ့ စာရွက် နှစ်ရွက်ကို ဆွဲထုတ်လိုက်သည်။
ဒါပေမဲ့ ဘယ်သူ လာတာလဲ ဆိုတာတောင် သေချာ မကြည့်လိုက်ရခင်မှာပဲ သူ့လက်နှစ်ဖက်လုံး လုံးဝ ချုပ်နှောင်ခံလိုက်ရတာ ခံစားလိုက်ရသည်။
"ဘုန်း" ခနဲ မြည်သံနဲ့အတူ ကျန်းပေရန် အဲဒီလူကို နံရံမှာ ကပ်ပြီး ဖိထားလိုက်သည်။
"မလှုပ်နဲ့"
အဖမ်းခံလိုက်ရတဲ့ ထျန်ကော လုံးဝ ဇဝေဇဝါ ဖြစ်နေသည်။
သူ့ပုန်းခိုရာ နေရာကို ဘယ်သူမှ မသိခဲ့ဖူးဘူး။
သိတဲ့ သရဲ တစ်ကောင်ကလည်း သူ့ကို သစ္စာဖောက်ဖို့ မဖြစ်နိုင်ဘူး။
ဒီလူ ဘယ်လို ရှာတွေ့တာလဲ။
ဒီလောက် အလွယ်တကူ အဖမ်းမခံချင်တဲ့ ထျန်ကော ထပ်ရုန်းကန်ပေမယ့် ပြန်ရလိုက်တာကတော့ အရိုးတွေ တဂျွတ်ဂျွတ် ကျိုးသွားတဲ့ အသံပါပဲ။
"အား"
ထျန်ကော ရဲ့ အော်သံကို ကြားတော့ ကျန်းပေရန် သူ့နားနားကပ်ပြီး တီးတိုး ပြောလိုက်သည်။
"ထပ်မလှုပ်နဲ့နော် မဟုတ်ရင် နောက်တစ်ခါကျရင် တခြားနေရာကို ချေမှုန်းပစ်ရလိမ့်မယ်"
နာလွန်းလို့ စကားမပြောနိုင်တဲ့ ထျန်ကော ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ရသည် ဒီနေ့တော့ တကယ့် လူကြမ်းနဲ့ တိုးပြီဆိုတာ သိလိုက်ပြီ။
"မင်း သရဲမွေးတတ်တယ်လို့ ကြားတယ်"
ထျန်ကော ကို လွှတ်ပေးလိုက်ပြီး ကျန်းပေရန် လေကို ရှူရှိုက်လိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံး သွေးညှီနံ့တွေ ရလိုက်သည်။
လူသွေးနံ့
တစ်ဖက်လူက သူ့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ကိုတောင် သိနေတာ ကြားလိုက်ရတော့ ထျန်ကော ထိတ်လန့်သွားသည်။
ခဏတာ သူ ဘယ်လို ပြန်ဖြေရမလဲ မသိတော့ပေ။