← Chapters

ရွေးချယ်ခြင်း

Vol. 25 Ch. 322

ရွေးချယ်ခြင်း

Vol. 25 Ch. 322

"သူ သူ တကယ်သေသွားပြီလား"

အဖြူရောင်ဝတ် သရဲမကြီးက သူမသခင်ဟောင်းကို သခင်သစ်က လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ မြင်တော့ အံ့သြတကြီး မေးလိုက်သည်။

သရဲမကြီးကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းပေရန် ဖြေလိုက်သည်။

"အင်း"

ဒါကို ကြားတော့ သရဲမကြီး မျက်နှာ ဝင်းလက်သွားသည်။

"ကောင်းလိုက်တာ သတ်သင့်တယ် သတ်သင့်တယ် ကျွန်မကို ဖမ်းသွားကတည်းက အဲဒီလူယုတ်မာကြီးက ကျွန်မ ဆန္ဒမပါဘဲ မကောင်းမှုတွေ နေ့တိုင်း လုပ်ခိုင်းနေတာ ဝိညာဉ်တံဆိပ်နဲ့ ထိန်းချုပ်ထားလို့သာ မဟုတ်ရင် ထွက်ပြေးတာ ကြာပြီ"

နားထောင်ပြီးနောက် ကျန်းပေရန် နှုတ်ခမ်းထောင့်လေး အနည်းငယ် ကွေးတက်သွားသည်။

"ဟုတ်လား"

ပြီးတာနဲ့ သူ သရဲမကြီး အပေါ် ဝိညာဉ်တံဆိပ် အသစ်တစ်ခု ပေါ့ပေါ့ပါးပါး ခတ်နှိပ်ပေးလိုက်သည်။

ခန္ဓာကိုယ်ထဲ တုန်ခါမှု တစ်ခု ဖြတ်စီးသွားတာ ခံစားလိုက်ရတဲ့ သရဲမကြီး ခဏတာ ကြောင်သွားပေမယ့် ချက်ချင်းပဲ မျက်နှာလိုမျက်နှာရ အပြုံးနဲ့ ပြောလိုက်သည်။

"သခင်က မလိုချင်ဘူးလို့ ပြောပေမယ့် တကယ်တော့ ကျွန်မကို တော်တော်လေး သဘောကျနေတာ မဟုတ်လား စိတ်ချပါ ကျွန်မ..."

သရဲမကြီး စကားမဆုံးခင်မှာပဲ ကျန်းပေရန် လက်ဝှေ့ယမ်းပြီး တားလိုက်သည်။

"ငါ ဝိညာဉ်တံဆိပ် ခတ်ပေးလိုက်တာက မင်းကို စောင့်ကြည့်ဖို့ပဲ နောက်တစ်ခါ မင်း နာကြည်းချက်တွေနဲ့ သရဲဆိုး ဖြစ်လာပြီး လူ့အသက်တွေကို နှုတ်ယူတာ တွေ့ရင် ငါ ချက်ချင်း ဖမ်းပြီး ဝိညာဉ်ပါ ကွဲကြေသွားအောင် လုပ်ပစ်မယ်"

ဒါကို ကြားတော့ သရဲမကြီး အနေခက်စွာ ပြုံးလိုက်ပြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။

"မလုပ်ပါဘူး မလုပ်ပါဘူး ကျွန်မက မူလကတည်းက လူခြောက်ရတာ မကြိုက်ပါဘူး ဟိုလူယုတ်မာကြီး အတင်း ခိုင်းလို့သာ လုပ်ရတာပါ"

"အဲဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့"

ပြောပြီးနောက် ကျန်းပေရန် ထျန်ကော အလောင်းကို ပြန်ကြည့်လိုက်သည်။

{သူ လက်စားချေမယ့် သရဲ မဖြစ်လာဘူးလား}

ထျန်ကော က နာကြည်းချက်တွေနဲ့ သေဆုံးသွားပြီး လက်စားချေမယ့် သရဲဆိုး ဖြစ်လာလိမ့်မယ်လို့ ကျန်းပေရန် ထင်ထားခဲ့တာ မထင်မှတ်ထားဘဲ ဘာမှ ဖြစ်မလာခဲ့ဘူး။

ဒါပေမဲ့ သရဲ ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာ အတိအကျ မသိလို့ သေပြီးတာနဲ့ ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ချက်ချင်း ထွက်လာတာလား ဆိုတာ သူ မသေချာဘူး။

ဒါကြောင့် သရဲမကြီးဘက် လှည့်ပြီး မေးလိုက်သည်။

"မင်း သေပြီး ဘယ်လောက်ကြာမှ သရဲ ဖြစ်လာတာလဲ"

"ကျွန်မ..."

မေးခွန်းကို ကြားလိုက်ရတော့ သရဲမကြီး ဝမ်းနည်းစရာ တစ်ခုခုကို ပြန်သတိရသွားသလို သူမရဲ့ သွေးရောင် မျက်လုံးတွေ ရုတ်တရက် မှေးမှိန်သွားသည်။

အဲဒီအချိန်မှာ ချင်းချင်း လက်ထောင်ပြီး အော်ပြောလိုက်သည်။

"ဦးလေးကြီး ဦးလေးကြီး သမီး ဖြေတတ်တယ်"

ချင်းချင်းကို ခေါင်းညိတ်ပြလိုက်ပြီး ကျန်းပေရန် ပြောလိုက်သည်။

"ကောင်းပြီ ပြောလေ"

"သမီး သရဲ ဖြစ်လာတော့ မေမေ သမီးအလောင်းနားမှာ ထိုင်ငိုနေတာ တွေ့လိုက်ရတယ် မေမေ့ကို ဖက်ချင်ပေမယ့် မရဘူး နောက်တော့ ဖေဖေ ပြောတာ ကြားလိုက်ရတယ် သမီး သေတာ သုံးရက် ရှိပြီတဲ့ မြေဩဇာပုံ လုပ်ပေးရမယ့် အချိန်တန်ပြီတဲ့ ဦးလေးကြီး သမီး သေပြီးရင် မြေဩဇာပုံ ဖြစ်သွားမှာလားဟင်"

{မြေဩဇာပုံ ဟုတ်လား}

ကျန်းပေရန် မျက်ခုံး ပင့်လိုက်ပေမယ့် သူမ ဘာဆိုလိုလဲ ဆိုတာ ချက်ချင်း နားလည်သွားသည်။

{အုတ်ဂူ တည်ပေးမယ် ပြောတာ ဖြစ်လောက်တယ်}

ချင်းချင်းကို သနားစရာ မျက်ဝန်းနဲ့ ကြည့်ပြီး ကျန်းပေရန် ဖြေလိုက်သည်။

"မြေဩဇာပုံ မဟုတ်ပါဘူး အုတ်ဂူ တည်ပေးမယ် ပြောတာပါ သမီးနေဖို့ အိမ်ဆောက်ပေးမယ်လို့ သမီးဖေဖေက ဆိုလိုတာပါ"

"အော် သမီးဖေဖေက အဲဒီလောက် ရက်စက်မယ့်သူ မဟုတ်မှန်း သိသားပဲ ဖေဖေက သမီးကို အချစ်ဆုံး"

ဒီအချိန်မှာ သရဲမကြီး သတိပြန်ဝင်လာပြီး ဝင်ဖြေလိုက်သည်။

"ကျွန်မလည်း ဘယ်တုန်းက ဘယ်လို သရဲ ဖြစ်လာလဲ ဆိုတာ မေ့နေပြီ ဒါပေမဲ့ တခြားသရဲတွေ ပြောတာ ကြားဖူးတယ် ပုံသေ မရှိဘူးတဲ့ တချို့က သေပြီးတာနဲ့ ချက်ချင်း လက်စားချေမယ့် သရဲ ဖြစ်လာကြတယ် တချို့ကျတော့ သေပြီး အကြာကြီး နေမှ ပြောင်းလဲသွားကြတာ"

{မသေချာ မရေရာဘူးပေါ့}

မြေကြီးပေါ်က ထျန်ကော အလောင်းကို ကြည့်ပြီး ကျန်းပေရန် ဆက်မခန့်မှန်းတော့ဘဲ ထွက်ခွာဖို့ စိတ်ကူးလိုက်သည်။

[ရွေးချယ်မှု ၁ - တိုက်ရိုက် ထွက်ခွာပါ

ပြီးမြောက်သည့် ဆုလာဘ် - အသွင်တစ်သောင်း ပြောင်းလဲခြင်း အနက်ရောင် အတတ်ပညာ (မြေကမ္ဘာအဆင့် အလယ်အလတ်)]

[ရွေးချယ်မှု ၂ - ထျန်ကော အလောင်းကို မီးရှို့ပြီး ဝိညာဉ်ကို ချေမှုန်းပြီးမှ ထွက်ခွာပါ

ပြီးမြောက်သည့် ဆုလာဘ် - ချိတ်ဆက် တားမြစ် ကျမ်းစာ (မြေကမ္ဘာအဆင့် အဆင့်နိမ့်)]

[ရွေးချယ်မှု ၃ - ဒီနေရာကို စောင့်ကြပ်ဖို့ လူတစ်ယောက် ထားခဲ့ပါ

ပြီးမြောက်သည့် ဆုလာဘ် - ကျပန်း အခြေခံ အရည်အချင်း အမှတ် ၁]

{စိတ်ပျက်စရာ ကောင်းလိုက်တာ}

အရိုးရှင်းဆုံးနဲ့ အတိုက်ရိုက်ဆုံး နည်းလမ်းကို သုံးပြီး စစ်ဆေးလိုက်တော့ ဒီ ထျန်ကော က တစ်နေ့ကျရင် လက်စားချေမယ့် သရဲ ဖြစ်လာပြီး သူ့ကို ဒုက္ခပေးလိမ့်မယ် ဆိုတာ ကျန်းပေရန် အတည်ပြုလိုက်နိုင်ပြီ - မြေကမ္ဘာအဆင့်၊ အလယ်အလတ် အဆင့်ရှိတဲ့ ပြဿနာမျိုးပေါ့။

ဒါ့အပြင် ဒုတိယ ရွေးချယ်မှုကို ကြည့်ခြင်းအားဖြင့် သူ့ကို အရင်တုန်းကလို အပြီးအစီး ဝန်ဆောင်မှု ပေးပြီး ရှင်းပစ်ရင်တောင် အန္တရာယ်ကို နည်းနည်းလေးပဲ လျှော့ချနိုင်မှာ။

ဖြစ်လာမယ့်ဟာက ဖြစ်လာမှာပဲ။

{ခက်တာပဲ}

တတိယ ရွေးချယ်မှုက ရိုးရှင်းပြီး အဆင်ပြေမယ့်ပုံ ပေါက်နေပေမယ့် ပြဿနာက ဒီနေရာကို စောင့်ဖို့ ဘယ်သူ့ကို ရှာရမလဲ ဆိုတာပဲ။

ပထမအချက် - ဒီနေရာက သရဲမွေးမြူဖို့ သုံးခဲ့တာ ကြာပြီမို့လို့ ယင်ဓာတ် တွေက ကြောက်စရာ ကောင်းလောက်အောင် သိပ်သည်းနေတယ်။

ယန်ဓာတ် လုံလောက်အောင် မရှိတဲ့သူဆိုရင် ခံနိုင်ရည် ရှိဖို့ ခက်ခဲလိမ့်မယ်။

ဒုတိယအချက် - ဒီမှာ လူထားခဲ့ရတဲ့ ရည်ရွယ်ချက်က ထျန်ကော ရဲ့ သရဲကို စောင့်ကြည့်ဖို့ ဖြစ်နိုင်တာမို့လို့ သရဲမြင်ရဖို့က မရှိမဖြစ် လိုအပ်ချက် ဖြစ်နေတယ်။

ဒါပေမဲ့ သူကလွဲရင် သရဲမြင်ရတဲ့သူ ဆိုလို့ ထျန်ကော တစ်ယောက်ပဲ ရှိတာ။

ခဏတာ ဘယ်သူ့ကို ရှာရမလဲ သူ မသိတော့။

ခဏလောက် စဉ်းစားပြီးနောက် ကျန်းပေရန် အကြံတစ်ခု ရလိုက်သည်။

စောစောက ထျန်ကော ဝန်ခံချက်တွေ အရ သရဲမွေးမြူခြင်း အကြောင်း ကျန်းပေရန် တော်တော်လေး နားလည်ထားပြီးပြီ။

အနှစ်ချုပ်လိုက်ရင် သရဲမွေးမြူတဲ့ နည်းစနစ် အားလုံးက ဝိညာဉ်စွမ်းအား (Soul Power) ကို အသုံးချတာပဲ။

ဝိညာဉ်စွမ်းအား ဘယ်လို သုံးရမလဲ ဆိုတာ သင်ယူလိုက်ရင် ကျန်တာ အားလုံး လွယ်ကူသွားပြီ။

တစ်နည်းအားဖြင့် ပြောရရင် ကျန်းပေရန် ကိုယ်တိုင် သရဲမွေးမြူသူ တစ်ယောက်ကို လေ့ကျင့်ပေးလို့ ရတာပေါ့။

ဝိညာဉ်စွမ်းအား ကို ကျွမ်းကျင်ဖို့ ဆိုရင် သန်မာတဲ့ ဝိညာဉ်အာရုံ ရှိဖို့က အရေးအကြီးဆုံး လိုအပ်ချက်ပဲ။

သူ့နောက်လိုက်တွေထဲကနေ ရွေးရမယ် ဆိုရင် ကျန်းပေရန်ရဲ့ ပထမဆုံး ရွေးချယ်မှုက ကူချင်းဟွမ်း ပဲ ဖြစ်လိမ့်မယ်။

မတွန့်ဆုတ်တော့ဘဲ ကျန်းပေရန် ကျောက်စိမ်း ငှက်ပိတုန်းလေးကို လွှတ်ပြီး ကူချင်းဟွမ်း ဆီ စာပို့လိုက်သည်။

အမွှေးတိုင် တစ်ဝက် ထွန်းညှိချိန်လောက် ကြာတော့ ကူချင်းဟွမ်း ကျန်းပေရန် ရှေ့ ရောက်လာပြီး လက်နှစ်ဖက်ယှက်လိုက်သည်။

"စီနီယာ အစ်ကိုကြီး"

ကူချင်းဟွမ်း ကို ခေါင်းညိတ်ပြပြီး ခုနက ဖြစ်ပျက်ခဲ့တာတွေကို ကျန်းပေရန် ပြန်ပြောပြလိုက်သည်။

သာမန်ပြည်သူတွေ ကြားထဲမှာ သရဲ ကောလာဟလတွေ အမြဲ ရှိနေတတ်ပေမယ့် တကယ် မြင်ရတဲ့သူ ရှိတယ်လို့ စီနီယာ အစ်ကိုကြီး ဆီက ကြားလိုက်ရတော့ ကူချင်းဟွမ်း အလွန် အံ့သြသွားသည်။

ဇာတ်လမ်းစုံ နားလည်သွားပြီးနောက် ကျန်းပေရန် ဆက်ပြောသည်။

"ငါ မင်းကို ဒီမှာ စောင့်ကြပ်စေချင်တယ် ပြီးတော့ ထျန်ကော ရဲ့ သရဲ ထွက်လာပြီး ဒုက္ခမပေးအောင် တားဆီးပေးရမယ်"

ကူချင်းဟွမ်း သရဲကိစ္စကို အံ့သြနေတုန်း ဆိုပေမယ့် ထုတ်မပြဘဲ လက်နှစ်ဖက်ယှက်ကာ တိုက်ရိုက် ပြောလိုက်သည်။

"စီနီယာ အစ်ကိုကြီး ညွှန်ကြားသမျှ လိုက်နာပါ့မယ်"

"ကောင်းပြီ ဒါဆို ငါ အခု မင်းကို သရဲမြင်တဲ့ နည်းစနစ် သင်ပေးမယ်"

ပြောရင်းနဲ့ ကျန်းပေရန် ကူချင်းဟွမ်း ကို ဝိညာဉ်အာရုံနဲ့ လွှမ်းခြုံလိုက်သည်။

ထျန်ကော ပြောပြချက်အရ သူ လျှို့ဝှက်နယ်မြေ ထဲ ဝင်သွားတုန်းက ကြီးမားတဲ့ ဝိညာဉ်စွမ်းအား ရိုက်ခတ်မှု တစ်ခု ခံစားခဲ့ရတယ်။

ရိုက်ခတ်မှု ပြီးသွားတဲ့အခါ သရဲမြင်တဲ့ စွမ်းရည် ဖြည်းဖြည်းချင်း နိုးထလာခဲ့တာ။

ကျန်းပေရန် အမြင်အရ ဆိုရင်တော့ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်က ဝိညာဉ်အာရုံနဲ့ ဆင်တူတဲ့ စွမ်းအား တစ်မျိုးကို သုံးပြီး ထျန်ကော ရဲ့ ဝိညာဉ်စွမ်းအား ကို အတင်းအကျပ် နှိုးဆွပေးလိုက်တာ ဖြစ်မယ် ဒါကြောင့် သူ သရဲမြင်လာတာ။

ဒါကြောင့် ကျန်းပေရန် အဲဒါကို အတုခိုးပြီး စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဝိညာဉ်အာရုံ လွှမ်းမိုးလာတာကို ခံစားလိုက်ရတဲ့ ကူချင်းဟွမ်း သူ့ခေါင်းကို လေးလံတဲ့ အရာတစ်ခုနဲ့ အဆက်မပြတ် ထုနှက်ခံနေရသလို ခံစားလိုက်ရပေမယ့် အသံမထွက်ဘဲ တိတ်တဆိတ် ကြိတ်မှိတ် ခံစားနေလိုက်သည်။

ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခံနိုင်ရည်မှာ အကန့်အသတ် ရှိတယ်လေ။

သူ့ ဝိညာဉ်အာရုံ ကန့်သတ်ချက် ရောက်သွားတဲ့အခါ ကူချင်းဟွမ်း ခြေထောက်တွေ ပျော့ခွေသွားပြီး မြေကြီးပေါ် လဲကျသွားသည်။

ကူချင်းဟွမ်း မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတာ မြင်တော့ ကျန်းပေရန် ဝိညာဉ်အာရုံကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး မေးလိုက်သည်။

"ဘယ်လို နေသေးလဲ"

ဒီအချိန်မှာ ကူချင်းဟွမ်း အမြင်အာရုံတွေ ဝေဝါးနေပြီး စီနီယာ အစ်ကိုကြီး စကားပြောသံ ကြားရပေမယ့် နားထဲမှာ မောင်းတွေ စည်တွေ တီးနေသလို ဖြစ်နေလို့ သေချာ မကြားရပေ။

ကူချင်းဟွမ်း ရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိထားမိလိုက်တဲ့ ကျန်းပေရန် ရှေ့တိုးသွားပြီး သွေးခုန်နှုန်း စမ်းသပ်လိုက်ကာ ခန္ဓာကိုယ်ပေါ်က အဓိက သွေးကြောစုံ နေရာတွေကို အကြိမ်ကြိမ် ဖိနှိပ်ပေးလိုက်သည်။

"အော့"

မူးဝေမှု ပျောက်သွားတာနဲ့ ကူချင်းဟွမ်း ထိန်းမနိုင်သိမ်းမရ အန်ချလိုက်သည် သူ့ကလီစာတွေ အကုန် အန်ထုတ်ပစ်မလို ဖြစ်နေသည်။

အန်တာ ပြီးလုနီးပါး ဖြစ်သွားတော့ ကျန်းပေရန် ခံတွင်းရှင်း ဆေးလုံး တစ်လုံး သူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။

"ကျေး... ကျေးဇူးတင်ပါတယ် စီနီယာ အစ်ကိုကြီး"

ဆေးလုံးကို ဝါးစားပြီးနောက် ကူချင်းဟွမ်း အားနည်းစွာ ပြောလိုက်သည်။

"ခဏလောက် နားလိုက်ဦး"

မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ ကူချင်းဟွမ်း ကို ကြည့်ရင်း ကျန်းပေရန် အတွေးနက်သွားသည်။

ပထမအချက် - ဝိညာဉ်စွမ်းအား နှိုးဆွတဲ့ နည်းလမ်းက မှန်ကန်လောက်တယ် ဘာလို့လဲဆိုတော့ ကူချင်းဟွမ်း ရဲ့ ဝိညာဉ်အာရုံ ကန့်သတ်ချက်ကို ကျော်လွန်အောင် လုပ်နိုင်တော့မယ်လို့ ကျန်းပေရန် ခံစားခဲ့ရလို့ပဲ။

ဒါပေမဲ့ ပြဿနာက ကူချင်းဟွမ်း ရဲ့ ဝိညာဉ်အာရုံ က သူ ထင်ထားသလောက် မသန်မာတာပဲ။

ထျန်ကော ပြောပြချက်အရ ဆိုရင် သူ လျှို့ဝှက်နယ်မြေ ထဲမှာ နှစ်နာရီလောက် တောင့်ခံပြီးမှ ဝိညာဉ်စွမ်းအား နိုးထလာခဲ့တာ။

ဒါပေမဲ့ ကူချင်းဟွမ်း က ခုနက တစ်နာရီလောက်ပဲ ခံနိုင်လိုက်ပြီး ကန့်သတ်ချက် ရောက်သွားခဲ့ပြီ။

အကယ်၍ သူသာ အချိန်မီ ပြန်မရုတ်သိမ်းလိုက်ရင် ကူချင်းဟွမ်း ရဲ့ ဝိညာဉ်အာရုံ က ကန့်သတ်ချက်ကို ကျော်လွန်သွားမှာ မဟုတ်ဘဲ လုံးဝ ပြိုလဲသွားလိမ့်မယ်။

လက်ဖက်ရည်တစ်ခွက် သောက်စာအချိန် ကြာပြီးနောက် ပြန်သက်သာလာတဲ့ ကူချင်းဟွမ်း မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

အတွေးနက်နေတဲ့ စီနီယာ အစ်ကိုကြီးကို ကြည့်ပြီး ကူချင်းဟွမ်း လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

"စီနီယာ အစ်ကိုကြီးကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်"

"ကိစ္စမရှိပါဘူး ခန္ဓာကိုယ် အခြေအနေ ဘယ်လိုလဲ"

"ဘာမှ မဖြစ်တော့ပါဘူး"

ပြောပြီးသည်နှင့် ကူချင်းဟွမ်း အတင်းအကျပ် မတ်တပ်ရပ်လိုက်သည်။

ကူချင်းဟွမ်း မျက်လုံးတွေ ကြည်လင်လာတာ မြင်တော့ ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ ဒီ သရဲထိန်းချုပ်တဲ့ ပညာက မင်းနဲ့ မကိုက်ညီဘူး ထင်တယ် ငါ တခြားလူ ရှာလိုက်မယ်"

"ဟုတ်ကဲ့ပါ"

နှမြောစရာ ကောင်းတယ်လို့ ခံစားရပေမယ့် စီနီယာ အစ်ကိုကြီးက သူ့ကို ပထမဆုံး သတိရပေးခဲ့လို့ ကူချင်းဟွမ်း ပျော်ရွှင်မိသည်။

"အရင် ပြန်နှင့်လိုက်တော့ ဒီမှာ ယင်ဓာတ် တွေ သိပ်သည်းလွန်းတယ် ကြာကြာနေဖို့ မကောင်းဘူး"

"ဟုတ်ကဲ့ ဒါဆို ကျွန်တော် ခွင့်ပြုပါဦး"

စီနီယာ အစ်ကိုကြီးကို ဦးညွှတ်နှုတ်ဆက်ပြီး ကူချင်းဟွမ်း လှည့်ထွက်သွားသည်။

ကူချင်းဟွမ်း ရဲ့ ဝိညာဉ်အာရုံ မလုံလောက်တာကို အံ့သြမိပေမယ့် ကျန်းပေရန် အကြာကြီး တွေးမနေတော့ဘဲ ဝူချင်းစစ် ကို ခေါ်ဖို့ ကြိုးစားလိုက်သည်။

...

"အား နာတယ် နာတယ် နာတယ် စီနီယာ အစ်ကိုကြီး နာတယ်"

ဒီတစ်ခါတော့ ကျန်းပေရန် ထင်ထားတဲ့ အတိုင်းပါပဲ။

၁၅ မိနစ်လောက် အတွင်းမှာတင် ဝူချင်းစစ် ခေါင်းကို ကိုင်ပြီး မြေကြီးပေါ် လူးလိမ့်နေပြီ သည်းမခံနိုင်လောက်အောင် နာကျင်နေပုံ ရသည်။

ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝူချင်းစစ် ကို မကုသပေးရသေးခင်မှာပဲ သူက မြေကြီးပေါ် အန်ချလိုက်ပြီ ဖြစ်သည်။

ဝူချင်းစစ် ရဲ့ ကျောကုန်းကို ပုတ်ပေးရင်း ကျန်းပေရန် သက်ပြင်းချလိုက်သည်။

"ငါ အတွေးလွန်သွားတာပဲ"

ကမ္ဘာကြီး ဂျွမ်းပြန်နေတုန်းမို့လို့ ဝူချင်းစစ် သူ့စီနီယာ အစ်ကိုကြီး ပြောတာ ဘာမှ မကြားရဘဲ မေးခွန်းထုတ်တဲ့ အကြည့်နဲ့သာ လှည့်ကြည့်လိုက်နိုင်တယ်။

ဝူချင်းစစ် ကို ခံတွင်းရှင်း ဆေးလုံး တစ်လုံး ကျွေးလိုက်ပြီး ကျန်းပေရန် ခေါင်းခါလိုက်ကာ ကောင်းကောင်း အနားယူဖို့ ပြောလိုက်သည်။

နှစ်နာရီ ကြာပြီးနောက် ဝူချင်းစစ် နောက်ဆုံးတော့ ပြန်သက်သာလာပေမယ့် စကားပြောဖို့ အားမရှိသေးဘဲ အရမ်း အားနည်းနေပုံ ပေါက်နေသည်။

ထဖို့ ကြိုးစားနေပေမယ့် အားမရှိဖြစ်နေတဲ့ ဝူချင်းစစ် ကို ကြည့်ရင်း သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း ကျန်းပေရန် နားလည်လိုက်သည်။

ကူချင်းဟွမ်း ရဲ့ ဝိညာဉ်အာရုံ က တကယ် သန်မာတာပဲ အနည်းဆုံးတော့ ဝူချင်းစစ် ထက် အများကြီး ပိုသန်မာတယ်။

ဒါပေမဲ့ ထျန်ကော ရဲ့ ဝိညာဉ်အာရုံ ကတော့ သူတို့နှစ်ယောက် ပေါင်းတာထက်တောင် ပိုသန်မာနေသေးတယ်။

{လျှို့ဝှက်နယ်မြေ က သူ့ကို ရွေးချယ်ခဲ့တာ မဆန်းပါဘူး... ကံကောင်းတာ မဟုတ်ဘဲ ပါရမီပါနေတာကိုး}

ထျန်ကော ရဲ့ ဝိညာဉ်အာရုံ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ သိလိုက်ရတော့ ဒီ သရဲထိန်းချုပ်တဲ့ ပညာကို သင်ပေးဖို့ ဘယ်သူ့ကို ရှာရမလဲ ဆိုတာ ကျန်းပေရန် ခဏတာ အကြံအိုက်သွားသည်။

{ဟိုကောင်မလေးကို စမ်းကြည့်ခိုင်းရင် ကောင်းမလား... ထားလိုက်ပါတော့ သူက အလားအလာ အရမ်းကောင်းပေမယ့် နည်းနည်းလောက် ထပ်အိပ်ခိုင်းထားလိုက်ဦးမယ်}

အဲဒီအချိန်မှာ အကြာကြီး ရုန်းကန်နေရတဲ့ ဝူချင်းစစ် နောက်ဆုံးတော့ ထလာပြီး ကျန်းပေရန် ဆီ ယိုင်နဲ့နဲ့ လျှောက်လာကာ လက်နှစ်ဖက်ယှက်လိုက်သည်။

"စီနီယာ အစ်ကိုကြီး... ကျွန်တော် အောင်မြင်ခဲ့လား"

ဝူချင်းစစ် ကို တစ်ချက်ကြည့်ပြီး ကျန်းပေရန် မေးလိုက်သည်။

"မင်း ဘယ်လို ထင်လဲ"

"တောင်းပန်ပါတယ် စီနီယာ အစ်ကိုကြီး... ခုနက အရမ်း နာကျင်လွန်းလို့ ကျွန်တော်..."

"ဆက်ပြောစရာ မလိုပါဘူး နည်းစနစ်တွေ ဆိုတာ တချို့နဲ့ ကိုက်ညီပြီး တချို့နဲ့ မကိုက်ညီတာ သဘာဝပါပဲ အတင်းအကျပ် လုပ်လို့ မရဘူး မင်း အရင် ပြန်နှင့်လိုက်တော့"

ကျန်းပေရန် ပြောပြီးတာနဲ့ လူတစ်ယောက် ခေါင်းထဲ ရုတ်တရက် ပေါ်လာလို့ ထွက်သွားဖို့ ပြင်နေတဲ့ ဝူချင်းစစ် ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

"နေဦး"

ဒါကို ကြားတော့ ဝူချင်းစစ် ချက်ချင်း လှည့်လာပြီး လက်နှစ်ဖက်ယှက်လိုက်သည်။

"စီနီယာ အစ်ကိုကြီး ဘာများ ခိုင်းစရာ ရှိပါသေးလဲ"

"နီလာနှလုံးသား ခန်းမ ကို သွားပြီး မော့ရှာ ဆိုတဲ့ တပည့်ကို ဒီခေါ်လာခဲ့"

{မော့ရှာ ဟုတ်လား}

ဝူချင်းစစ် သူ့မှတ်ဉာဏ်တွေကို ပြန်ရှာကြည့်တော့ ဒီတပည့် နာမည်ကို အရင်က မကြားဖူးသလိုပဲ။

ဒါပေမဲ့ သူ လက်နှစ်ဖက်ယှက်ပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ အခုပဲ သွားလိုက်ပါ့မယ်"

စိမ့်မြေ ကနေ ထွက်လာပြီးနောက် ဝူချင်းစစ် လေချွန်လိုက်ရာ သွေးရောင် အရိပ် သားရဲ ဒုန်းစိုင်း ပြေးလာတာ တွေ့လိုက်ရသည်။

ကျွမ်းကျင်စွာ ခုန်တက်လိုက်ပြီး ဝူချင်းစစ် စိတ်နှလုံးပြန်ဂိုဏ်း ဆီ အမြန်ဆုံး ပြန်ပြေးလိုက်သည်။

ပြန်လည်လာသော ငန်းရိုင်း တောင်ထွတ် ကို ရောက်တော့ ဝူချင်းစစ် သွေးရောင် အရိပ် သားရဲ ပေါ်က ခုန်ဆင်းလိုက်ပြီး သူ့စီနီယာ အစ်ကိုကြီး ပြောတဲ့ မော့ရှာ ကို စတင် ရှာဖွေလိုက်သည်။

"မန်နေဂျာ ဝူ ကို ဂါရဝပြုပါတယ်"

"စီနီယာ အစ်ကိုကြီး ဝူ ကို ဂါရဝပြုပါတယ်"

"မန်နေဂျာ ဝူ ကျွန်တော်တို့ နီလာနှလုံးသား ခန်းမ ကို ဘာကိစ္စများ ကြွလာတာပါလဲ ကူညီပေးရမလား"

...

ဝူချင်းစစ် က အခု စိတ်နှလုံးပြန်ဂိုဏ်း မှာ နံပါတ်တစ် နာမည်ကြီး ဖြစ်နေပြီ။

ဂိုဏ်းချုပ်ရဲ့ ကိုယ်ပိုင် တပည့်၊ ရှန့်တိုင်းပြည် ရဲ့ ဝှက်ဖဲ နဂါး အဆင့်သတ်မှတ်ချက် မှာ ထိပ်ဆုံး၊ အသက် ၂၁ နှစ်နဲ့ အနက်ရောင် ဘုရင် အဆင့်ကို ကြိုးပမ်းနေသူ...

ဒီ ဂုဏ်ပုဒ်တွေ အကုန်လုံးက ဝူချင်းစစ် ကို တောက်ပစေတဲ့ အလင်းရောင် အလွှာတွေလိုပါပဲ။

သူ့ရဲ့ ထူးခြားတဲ့ ရုပ်ရည်သွင်ပြင်နဲ့ ပေါင်းစပ်လိုက်ရင် စိတ်နှလုံးပြန်ဂိုဏ်း တစ်ခုလုံးမှာ သူ့ကို မသိသူ မရှိဘူးလို့ ပြောလို့ ရသည်။

ရင်းနှီးတဲ့ ဂျူနီယာ ညီလေး တစ်ယောက်ကို တွေ့တော့ ဝူချင်းစစ် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် ငါ မော့ရှာ ဆိုတဲ့ တပည့်ကို ရှာနေတာ မင်း သိလား"

"မော့ရှာ"

နီလာနှလုံးသား ခန်းမ တပည့် ခဏတာ ကြောင်သွားပြီးမှ ပြန်ဖြေလိုက်သည်။

"သိတာပေါ့ သူက ကျွန်တော်တို့ ခန်းမက နာမည်ကြီး စစ်တုရင် ရူးလေးလေ မန်နေဂျာ ဝူ သူ့ဆီ လိုက်ပို့ပေးရမလား"

"ဒါဆို ဒုက္ခရှာရတော့မယ်"

"မန်နေဂျာ ဝူ က အားနာစရာတွေ ပြောနေပြန်ပြီ ကျွန်တော့် တာဝန်ပါ"

ပြောပြီးသည်နှင့် နီလာနှလုံးသား ခန်းမ တပည့်က ဝူချင်းစစ် ကို နီလာနှလုံးသား အဆောင် ဆီ ချက်ချင်း ခေါ်ဆောင်သွားသည်။

နေ့လယ်ခင်း ဖြစ်နေလို့ တပည့် အများစုက အပြင်ထွက် လေ့ကျင့်နေကြတာမို့လို့ နီလာနှလုံးသား အဆောင် ထဲမှာ လူသိပ်မရှိပေ။

ဒါပေမဲ့ အဲဒီတပည့် အထဲမှာ အကြာကြီး ရှာပေမယ့် မော့ရှာ အရိပ်အယောင် မတွေ့ရဘူး။

"ထူးဆန်းတယ်... သူ ဒီမှာ ရှိနေသင့်တာ"

"မရှိဘူးလား"

ဝူချင်းစစ် နောက်ကနေ မေးလိုက်သည်။

"ဟုတ်တယ် ပုံမှန်ဆိုရင် သူ ဒီမှာ အချိန်ပြည့်နီးပါး ရှိနေတတ်တာ ဒီနေ့မှ မရှိတာ ထူးဆန်းတယ်"

အဲဒီအချိန်မှာ နောက်ထပ် နီလာနှလုံးသား ခန်းမ တပည့် တစ်ယောက် လျှောက်လာပြီး မေးလိုက်သည်။

"ကိုကြီးကော ဘယ်သူ့ကို ရှာနေတာလဲ"

ပြီးတော့ သူ့နောက်က ဝူချင်းစစ် ကို မြင်လိုက်ရတော့ ချက်ချင်း နှုတ်ဆက်လိုက်သည်။

"မန်နေဂျာ ဝူ ကို ဂါရဝပြုပါတယ်"

လူသစ် ရောက်လာတာ မြင်တော့ ပထမ တပည့်က မေးလိုက်သည်။

"ငါ မော့ရှာ ကို ရှာနေတာ မင်း တွေ့မိသေးလား"

"မော့ရှာ"

အခြား တပည့်က မျက်မှောင်ကြုတ်လိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။

"အစ်ကို ရှာနေတာလား ဒါမှမဟုတ်..."

"မန်နေဂျာ ဝူ ရှာနေတာ"

အဲဒီတပည့်ရဲ့ မျက်လုံးတွေ ရှောင်ဖယ်နေတာ မြင်တော့ ဝူချင်းစစ် မေးလိုက်သည်။

"ဂျူနီယာ ညီလေး ပြောရခက်တဲ့ ကိစ္စ ရှိလို့လား"

"မရှိပါဘူး မရှိပါဘူး"

အဲဒီတပည့် လက်ကို အမြန်ခါလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"မော့ရှာ ကို... နောက်ဘက်တောင်ဆီ ခေါ်သွားကြတယ်"

"နောက်ဘက်တောင် ဟုတ်လား ဘာသဘောလဲ"

ဝူချင်းစစ် နားမလည်စွာ မေးလိုက်သည်။

အဲဒီတပည့် ဘေးဘီဝဲယာကို ခဏ ကြည့်ပြီးမှ ဖြေလိုက်သည်။

"ဒီလိုပါ မော့ရှာ ရဲ့ စစ်တုရင် စွမ်းရည်က အရမ်း မြင့်မားပေမယ့်... သူက တဲ့တိုးဆန်လွန်းပြီး လူတွေကို ခဏခဏ စိတ်ဆိုးအောင် လုပ်မိတတ်တယ် ခုနကလည်း စစ်တုရင် ကစားနေရင်း စီနီယာ အစ်ကိုကြီး တချို့ကို ဆရာလုပ်လိုက်မိလို့ သူတို့ ဒေါသထွက်ပြီး နောက်ဘက်တောင်ကို ဆွဲခေါ်သွားကြတာ ဒါပေမဲ့ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး ခဏနေရင် ပြန်ရောက်လာမှာပါ"

ဒါကို ကြားတော့ ဝူချင်းစစ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

"တိကျတဲ့ နေရာ သိလား"

"ခန့်မှန်းလို့တော့ ရပါတယ်"

"ကောင်းပြီ ငါ့ကို လိုက်ပို့ပေး"

All Chapters