← Chapters

ဆေးဘုရင်

Vol. 1 Ch. 162

ဆေးဘုရင်

Vol. 1 Ch. 162

“ဘန်း”

ချမ်ဝမ်ကွမ်၏ အခန်း တံခါးသည် ကျန်းရီ၏ အားပြင်းပြင်း ကန်ချက်ကြောင့် ပွင့်ထွက် သွားလေသည်။ နေ့ခင်းနေ့လယ် တစ်ရေးတစ်မော အိပ်နေသော ချမ်ဝမ်ကွမ် တစ်ယောက်  လန့်နိုးသွား ခဲ့သည်။ သူသည် တစ်ကိုယ်လုံး ညစ်ပတ် ပေရေနေသည့် သွားအဖြီးသားနှင့် ကျန်းရီကို တွေ့လိုက်သော အခါ မျက်လုံးများကို ပွတ်သပ်၍ ပြောလာခဲ့သည်။

“အစ်ကိုကြီး ... ဘာလုပ်နေတာလဲ ... မင်းငါ့ကို လန့်ပြီး သေအောင် လုပ်နေတာလား”

“ဟီးဟီး”

ကျန်းရီသည် ပြုံးပြလိုက်ပြီး လက်ဆန့်ကာ ချမ်ဝမ်ကွမ်အား ကျောက်စိမ်း ပုလင်းတစ်ခု ကမ်းပေး လိုက်သည်။

“ဒီဆေးလုံးတွေရဲ့ ဆေးအစွမ်းနဲ့ အဆင့်အတန်းကို အကဲဖြတ်ဖို့ အဆင့်မြင့်မြင့် ဆေးဆရာ တစ်ယောက် သွားရှာချေ”

“ဆေးလုံးတွေ”

ချမ်ဝမ်ကွမ်၏ မျက်နှာ ဝိုင်းဝိုင်းကြီးတွင် သံသယ အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူသည် ကျန်းရီကို တစ်လှည့် ကျောက်စိမ်း ပုလင်းကို တစ်လှည့် ကြည့်ကာ သံသယ ဖြစ်ဖြစ်နှင့် မေးလိုက်သည်။

“အစ်ကိုကြီး ... မင်း ဆေးစဖော်တာ ဘယ်လောက် ကြာသေးလို့ ဆေးတစ်လုံး ဖော်နိုင်သွားတာလဲ ... ပြီးတော့ ဘယ်အဆင့်မို့ ဒီဆေးလုံးကို အကဲဖြတ်ဖို့ အဆင့်မြင့် ဆေးဆရာ တစ်ယောက် လိုအပ်သွားတာလဲ”

ချမ်ဝမ်ကွမ်၏ အမြင်တွင် ဤမျှလောက် အချိန်အတွင်း ဆေးတစ်လုံး ဖော်စပ် နိုင်သည်ကပင် ချီးကျူးစရာ ကောင်းနေပြီ ဖြစ်လေသည်။ သူသည် ဆေးဖော်စပ်ရန် သင်ယူလေ့လာ နေဆဲ ကာလပင်ဖြစ်ရာ အဆင့်မြင့် ဆေးတစ်လုံး ဖော်စပ်နိုင်ရန်မှာ မဖြစ်နိုင် သလောက်ပင်။ အလွန်ဆုံး အဆင့်နိမ့် အလယ်အလတ် အဆင့် ဆိုလျှင်တောင် ကံကောင်းနေပြီ ဖြစ်လေသည်။

ချမ်ဝမ်ကွမ်သည် ဆေးပုလင်းကို ယူလိုက်ကာ အဖုံးဖွင့်၍ ကြည့်လိုက်သည်။ ပုလင်း အဖုံးအား ဖွင့်လိုက်သည့် ခဏတွင် ချမ်ဝမ်ကွမ်၏ မျက်လုံးများ တစ်လက်လက် တောက်ပလာ ခဲ့သည်။ သူ့အမူအရာသည် မယုံနိုင်စရာ တစ်ခုကို မြင်တွေ့ လိုက်ရသည့် အလား ...

ချမ်ဝမ်ကွမ်သည် အမြန်ဆုံးနှုန်းနှင့် ဆေးများကို ထုတ်ကြည့် လိုက်သည်။ သူ၏ မျက်လုံးကြီး များသည် ပြူးကျယ် ဝိုင်းစက်နေခဲ့ပြီး သူ၏ အဆီများ ပြည့်နေသော လက်ဖောင်းဖောင်းကြီး များသည် တဆတ်ဆတ် တုန်လာခဲ့သည်။ ထို့နောက် အလန့်တကြား ရေရွတ်လိုက်သည်။

“ကောင်းကင် ... ကောင်းကင်အဆင့် ဆေးလုံး ... အပေါ်မှာ သွေးကြောမျှင် လေးတွေတောင် ရှိနေသေးတယ် ... အစ်ကိုကြီး ... မင်းဒါကို ဖော်စပ်ခဲ့တယ် ဆိုတာ သေချာလား ... မင်းအဲဒီလို ပြောရဲရင် ငါ ကိုယ့်ချီးကိုယ်စား ပစ်လိုက်မယ်”

“ဘာလို့ ငါ့ဟာကို မစားတာလဲ ... ငါမင်းကို ငါး ကီလိုဂရမ်တောင် အလကား ကျွေးနိုင်တယ်”

ကျန်းရီသည် ချမ်ဝမ်ကွမ်ကို စောင်းကြည့်ကာ မကျေနပ်သော လေသံနှင့် ပြောလိုက်သည်။

“တစ်ယောက်ယောက်ကို ရှာပြီး အကဲဖြတ် ခိုင်းလိုက် ... ဘယ်သူမှ အရင်က ဒီဆေးလုံး ပုံစံမျိုး မဖော်စပ်ခဲ့ဖူးဘူး ... မှတ်ထား ... .ဒါကို ရသမျှနည်းနဲ့ ဖုံးကွယ် ထားရမယ် ... ဒါကို ဖော်စပ်ခဲ့တာ ငါဆိုတာ ဘယ်သူမှ သိလို့ မရဘူး”

ပြောဆိုပြီးနောက် ကျန်းရီသည် သူ့အခန်းဆီ ပြန်သွားလိုက်ကာ ရေမိုးချိုး၍ တံခါးပိတ် ကျင့်ကြံ နေလိုက်သည်။ ဆေးများကို အောင်မြင်စွာ ဖော်စပ်နိုင်လိုက် ပြီးနောက် သူသည် စိတ်အေး လက်အေး ဖြစ်သွားကာ ဆေး၏ အာနိသင်ကို အကဲဖြတ်ပြီးမည့် အချိန်ကိုသာ စောင့်ဆိုင်း နေလိုက်သည်။

ကျန်းရီသည် အတော်လေး ယုံကြည်မှု ရှိနေသည်ကို မြင်ရသောအခါ ချမ်ဝမ်ကွမ်သည် ဆက်လက် စပ်စုမနေတော့ဘဲ ဝိညာဉ်သားရဲမြို့ဆီ ချက်ချင်း ထွက်ခွာသွားခဲ့သည်။ မြို့ထဲတွင် သူတို့ဂိုဏ်း၏ အရောင်းဆိုင်ကြီးတစ်ခု ရှိပြီး ဆိုင်၌ တတိယအဆင့် ဆေးဝါးပညာရှင်တစ်ယောက် ရှိလေသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် သခင်လေး၊ သခင်မလေးများ အမြောက်အမြား ရှိရာ ဆေးဝါးဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်ခြင်း သည်လည်း အလွန် ကျယ်ပြန့်သည်။

ချမ်ဝမ်ကွမ်သည် စိတ်မရှည် ဖြစ်လာသောကြောင့် လျှိုလောင်ကို သူ့အား သယ်ဆောင် ခိုင်းကာ တောင်ပေါ်မှ တိုက်ရိုက် ပျံသန်းကာ ဆင်းစေလိုက်သည်။ သူတို့သည် တစ်နာရီခန့် အတွင်း ဝိညာဉ်သားရဲ မြို့ထံ ရောက်ရှိသွား ခဲ့သည်။ ရောက်သည်နှင့် ချမ်ဝမ်ကွမ်သည် ချမ်ဂိုဏ်း၏ ဆေးအရောင်း ဆိုင်ထံ တန်းပြေးကာ ပြေးဝင်သွားရင်း အော်ဟစ် လိုက်သည်။

“ချန်လောင်ကို ထွက်လာ ခိုင်းလိုက် ... ငါသူ့ကို မေးစရာ ရှိတယ်”

ဆိုင်၏ အကြီးအကဲသည် ချမ်ဝမ်ကွမ်မှန်း သိလိုက်သည်နှင့် တစ်ယောက်ယောက်အား အလျင်အမြန် သွားအကြောင်းကြား ခိုင်းလေသည်။ သူ ကိုယ်တိုင်လည်း ချမ်ဝမ်ကွမ်အား ခမ်းနားလှသော ခန်းမအတွင်း ဖိတ်ခေါ် လိုက်သည်။ မကြာခင်၌ ချန်လောင် ထွက်လာ ခဲ့သည်။ သူသည် တတိယအဆင့် ဆေးဝါးပညာရှင် ဖြစ်၍ အဆင့်အတန်း မြင့်မားလှပါ သော်လည်း ချမ်ဂိုဏ်း၏ နောက်တက်မည့် ဂိုဏ်းချုပ် ဖြစ်သော ချမ်ဝမ်ကွမ်နှင့် တွေ့ဆုံရာတွင်မူ မောက်မာ မနေရဲပါပေ။ သူသည် ချမ်ဝမ်ကွမ် သူ့အား ပေးလာသော ဆေးများသည် သူ အကဲဖြတ်ရန် မထိုက်တန်ဟု အသေအချာ တွေးလိုက် သော်လည်း ဆေးများကို အလျင်အမြန်  စစ်ဆေး လိုက်သည်။

ရှပ် ... ရှပ် ... ရှပ်

ခဏ ကြာပြီးနောက် ချန်လောင်သည် ပဟေဠိဖြစ်၍ အံ့အားသင့် လွန်းသော အမူအရာနှင့် အခန်း အပြင်သို့ ထွက်ခွာ သွားခဲ့သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားစွာ ပြန်ဝင်လာခဲ့၍ မေးတော့သည်။

“ခေါင်းဆောင်ငယ် ... ဒီဆေးလုံးကို ဘယ်သူ ဖော်စပ်တာလဲ ဆိုတာ ကျွန်တော် သိခွင့် ရှိမလား ... ဒီအဘိုးကြီးက သူနဲ့ တွေ့ချင်ပါတယ်”

ချမ်ဝမ်ကွမ်သည် အခက် တွေ့သွားသည့် ဟန်နှင့် လက်ကာပြကာ ပြောလိုက်သည်။

“အဲဒီလူကို ခင်ဗျား တွေ့နိုင်မှာ မဟုတ်ဘူး ... မေးခွန်းတွေ အများကြီး မမေးနဲ့ ... ဒီဆေးလုံးက ဘယ်အဆင့်လဲလို့ ကျွန်တော် မေးတာ ... ဆေးအာနိသင် ကရော”

“ကောင်းကင်အဆင့်”

ချန်လောင်သည် အခိုင်အမာ ပြောလိုက်သည်။

“ဒါက သေချာပေါက် ကောင်းကင်အဆင့် အဆင့်နိမ့် ဆေးလုံးပဲ ... သူ့အပေါ်မှာ သွေးကြောလေး တွေတောင် ပါသေးတယ် ... တန်ကြေးက ကောင်းကင်အဆင့် စိတ်စွမ်းအား ဆေးထက်တောင် များဦးမယ် ... ဆေးအာနိသင် ကိုတော့ ကျွန်တော် မစမ်းသပ် ရသေးဘူး”

ချမ်ဝမ်ကွမ်သည် စိတ်မရှည်စွာ ပြောလိုက်သည်။

“မစမ်းသပ် ရသေးဘူး ... ဒါဆိုဘာလို့ ပြန်ထွက် လာတာလဲ ... .အခုသွားပြီး စမ်းသပ်”

“ကျွန်တော် ... ”

ချန်လောင်သည် မချိပြုံး ပြုံးလိုက်သည်။ ချမ်ဝမ်ကွမ်သာ မဟုတ်လျှင် သူနှင်ထုတ် လိုက်သည်မှာ ကြာပြီ ဖြစ်သည်။ သူသည် တစ်ခဏမျှ တိတ်ဆိတ် သွားခဲ့ပြီး စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။

“ကျွန်တော် အဲဒီလူနဲ့ တွေ့ချင်ရတဲ့ အကြောင်း အရင်းက ဒီဆေးလုံးတွေရဲ့ ပါဝင်ပစ္စည်း တွေနဲ့ ဖော်စပ်တဲ့ နည်းလမ်းတွေက ဒီအဘိုးကြီး ဖော်စပ်တဲ့ မြေကမ္ဘာအဆင့် နဂါးဆေးလုံး တွေနဲ့ တူနေတယ် ... သူဘယ်လို ထူးထူးဆန်းဆန်း ပစ္စည်းတွေ ထပ်ထည့် လိုက်တယ်တော့ ကျွန်တော် မသိဘူး ... ဒါပေမဲ့ သူက မြေကမ္ဘာအဆင့် နဂါးဆေးလုံး တွေကို ကောင်းကင်အဆင့် ဆေးလုံး ဖြစ်အောင် ပြောင်းလဲ လိုက်တာပဲ”

“အမ်”

ချမ်ဝမ်ကွမ် တစ်ယောက် ဆွံ့အသွားရ လေသည်။ သူကျန်းရီကို ပေးလိုက်သော နဂါးဆေးလုံး များသည် တကယ်လည်း သူ့ရှေ့တွင် ရပ်နေသော ချန်လောင် ဖော်စပ်ထားခြင်း ဖြစ်သည်။ ချမ်ဂိုဏ်းသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ ငွေကြေး အမြောက်အမြား ရရှိနေခြင်းသည် ချန်လောင်ကြောင့် ဖြစ်လေသည်။ ကျန်းရီသည် မြေကမ္ဘာအဆင့် ဆေးလုံးကို ယူ၍ အခြား နည်းလမ်းများ ထပ်မံပေါင်းစပ် လိုက်မည်ဟု ချမ်ဝမ်ကွမ် တစ်ခါမှ မတွေးမိပေ။

သူသည် ကျန်းရီ၏ အင်အား၊ အားနည်းလှသော စိတ်စွမ်းအင်နှင့် လွန်ခဲ့သည့် ရက်အနည်းငယ် ကမှ ဆေးများ စတင် ဖော်စပ်ခြင်းကို တွေးလိုက်မိ ပြန်သည်။ သူဘယ်လိုလုပ်ပြီး ကောင်းကင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မှာလဲ မကြာခင်၌ ချမ်ဝမ်ကွမ်သည် သံသယများ အားလုံးကို ရှင်းလင်းလိုက်ပြီး လက်ကာပြကာ ပြောလိုက်သည်။

“ချန်လောင် ... အများကြီး မမေးနဲ့ ... ဆေးလုံးတွေရဲ့ အာနိသင်ကို အရင် သွားစမ်းကြည့်... ဆေးစွမ်းအား မရှိဘူးဆိုရင် ဒီဆေးလုံးတွေက သူတော်စင် အဆင့် ဆေးလုံးတွေ ဖြစ်နေရင်တောင် အသုံးမဝင်ဘူး”

ကျန်းရီသည် ကောင်းကင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင် ခဲ့သော်လည်း ဆေးလုံးများတွင် ကောင်းကင်အဆင့် ဆေးအာနိသင် ရှိမရှိ မသိရသေးပေ။ အရေးကြီးဆုံးသည် ဘေးထွက် ဆိုးကျိုး ရှိမရှိ ဖြစ်လေသည်။ ဘေးထွက် ဆိုးကျိုးသာရှိလျှင် ထိုဆေးလုံးသည် သူတော်စင် အဆင့် ဆေးလုံး ဖြစ်နေလျှင်တောင် အမှိုက်တစ်စ သာသာပင် ဖြစ်သည်။

ချန်လောင်သည် ခေါင်းညိတ်ကာ ထွက်ခွာသွား ခဲ့သည်။ ချမ်ဝမ်ကွမ်ကမူ ထိုင်လိုက်ရင်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း ကျန်ရစ်လေသည်။ တစ်ခဏ ကြာသော် ချမ်ဂိုဏ်း၏ ကင်းထောက် တစ်ယောက်သည် အလျင်အမြန် ဝင်လာကာ အကြောင်းကြား လေသည်။

“ခေါင်းဆောင်ငယ် ... .ကျန်းစွန်းဝူကျိက မြို့ထဲ ရောက်နေပါတယ် ... သူနဲ့အတူ တတိယ မင်းသားလည်း ပါလာပါတယ် ... သူတို့ သိုင်းခန်းမထဲကို ဝင်သွားကြတယ်”

“တတိယ မင်းသား”

ချမ်ဝမ်ကွမ်၏ မျက်နှာသည် မည်းသွားခဲ့သည်။ ဝိညာဉ်သားရဲ မြို့တွင် သိုင်းခန်းမ တစ်ခု ရှိသော်လည်း သင်တန်းကျောင်းတွင် သီးသန့် ကျင့်ကြံခန်းများ ရှိနေရာ ကျောင်းသား များသည် သိုင်းခန်းမသို့ လာရောက်ရန် မလိုပေ။ လက်ရှိတွင် ရွှေချမ်လော့သည် သိုင်းခန်းမတွင် ကျင့်ကြံနေကာ အဆင့်အတန်း အမြင့်ဆုံး ဖြစ်နေလေသည်။

“ပြဿနာတော့ တက်တော့မှာပဲ”

ချမ်ဝမ်ကွမ်သည် သက်ပြင်း တစ်ချက် ချလိုက်သည်။ သူသည် ကျန်းစွန်းဝူကျိကို မကြောက်ပေ။ သို့သော် တတိယ မင်းသားသည် အပျော်အပါး လိုက်စားသော မင်းသား တစ်ယောက် ဖြစ်လေသည်။ သူသည် သူ၏ အဆင့်အတန်းနှင့် မောက်မာ နေသော လူတစ်ယောက် ဖြစ်ရုံမှတစ်ပါး ထီးနန်းရရန် အခွင့်အရေးလည်း မရှိပေ။ ကျန်းစွန်းဝူကျိ တတိယ မင်းသားအား ဝိညာဉ်သားရဲ မြို့သို့ ခေါ်လာရသော အကြောင်း အရင်းသည်  ရွှေချမ်လော့ကို ဆွဲဆောင်၍ အသုံးချကာ ကျန်းရီအား ရှင်းပစ်ရန် ဖြစ်ပေလိမ့်မည်။

“သူ့ကို ထားလိုက် ... ဘယ်လိုဖြစ်ဖြစ် တတိယ မင်းသားက သင်တန်းကျောင်းကို ရောက်မလာနိုင်ဘူး ... သူတို့ တစ်ချိန်လုံး ဘယ်မှာ ရှိလဲဆိုတာ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းထား ... မင်္သကာစရာ ကောင်းတာနဲ့ ချက်ချင်းလာ အကြောင်းကြား”

ချမ်ဝမ်ကွမ်သည် သူ့အမှုထမ်းအား သွားနိုင်ပြီး ဖြစ်ကြောင်း လက်ဟန် ပြလိုက်သည်။ ထိုတတိယ မင်းသား တော်ဝင် မိသားစုမှ ဖြစ်သော်လည်း သူလုံးဝ မကြောက်ပေ။ ထိုမင်းသား အားလည်း သူရန်စမည့် ရည်ရွယ်ချက် မရှိပါချေ။ ထိုမင်းသားသည် သူ့အား ဆန့်ကျင်သည့် လူတိုင်းကို ခွေးရူး တစ်ကောင်နှယ် လိုက်ကိုက် တတ်သောကြောင့် ဖြစ်လေသည်။

တစ်နာရီခန့် ကြာပြီးနောက် ချန်လောင်သည် ဝမ်းသာသည့် အမူအရာနှင့် ပြန်ထွက် လာခဲ့ပြီး အရိုအသေ ပေးကာ ပြောလာခဲ့သည်။

“ခေါင်းဆောင်ငယ် ... ဒီဆေးလုံးရဲ့ ဆေးစွမ်းက ပုံမှန် ကောင်းကင်အဆင့် ဆေးလုံး တစ်လုံးထက် နည်းနည်း နိမ့်ပေမဲ့ အရမ်းကို သန့်စင်ပါတယ် ... ဒါပေမဲ့ ဆေးလုံးပေါ်က သွေးကြော ပုံစံလေးတွေနဲ့ဆို ပုံမှန် ကောင်းကင်အဆင့် အဆင့်နိမ့် ဆေးလုံး တစ်လုံးနဲ့ တန်ဖိုး အတူတူလောက်ပါပဲ ... ဒီဆေးလုံးကို ဖော်စပ်တဲ့သူက အနည်းဆုံးတော့ ဆေးဘုရင် အဆင့် ရှိရမယ်”

“အံ့အားသင့်စရာပဲ”

ချမ်ဝမ်ကွမ်သည် ဝမ်းသာအားရ အော်လိုက်ကာ မျက်နှာကြီးက ပြုံးလာခဲ့ လေသည်။ လျှိုလောင် သည်လည်း မယုံနိုင်ဟန် ဖြစ်နေခဲ့သည်။ ကျန်းရီသည် တခြားသူနှင့် ခြားနားသည်ကို သူသိသော်လည်း ကောင်းကင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်မည်ဟု သူ မထင်ထားခဲ့ပေ။ ချန်လောင်၏ မြေကမ္ဘာအဆင့် နဂါးဆေးလုံးကို နည်းလမ်း တချို့ဖြင့် မွမ်းမံလိုက်သည် ဆိုလျှင်တောင် ကောင်းကင်အဆင့် ဆေးလုံးသည် ကျန်းရီ၏ လက်ဖြင့် ဖန်တီး ခဲ့သည်သာ ဖြစ်လေသည်။

ချန်လောင်သည် တစ်ဘဝလုံး ဆေးများကို ဖော်စပ်ခဲ့ သော်လည်း နဂါးဆေးလုံးများ ကိုသာ အမြင့်ဆုံး ထုတ်လုပ် နိုင်ခဲ့သည်။ သူသည် တတိယအဆင့် ဆေးဝါးပညာရှင် တစ်ယောက်သာ ဖြစ်ခဲ့သည်။ သို့သော် ကျန်းရီသည် ဖြစ်သလို လုပ်ခဲ့သော်လည်း ကောင်းကင်အဆင့် ဆေးလုံးကို ထုတ်လုပ် နိုင်ခဲ့လေသည်။ ချန်လောင်သာ အမှန်တရားကို သိလျှင် မခံမရပ်နိုင် ဖြစ်လွန်း၍ သွေးအန်လောက် ပေသည်။

ချန်လောင်သည် လက်နှစ်ဖက်ကို ဆုပ်၍ တရိုတသေ ပြောလာခဲ့သည်။

“ခေါင်းဆောင်ငယ် ... ဖြစ်နိုင်မယ် ဆိုရင် ဒီအဘိုးကြီး အတွက် အကြံဉာဏ် နည်းနည်း တောင်းပေးပါလား ... ဒီအဘိုးကြီး ကောင်းကင်အဆင့် ဆေးလုံး တစ်လုံးလောက် ဖော်စပ်နိုင်မယ် ဆိုရင် နောက်ဆယ်နှစ် အတွက် အလကား အလုပ် လုပ်ပေးပါ့မယ်”

“ဒီအကြောင်းကို နောက်မှ ဆက်ဆွေးနွေး ကြမယ်”

ချမ်ဝမ်ကွမ်သည် လက်ကာ ပြလိုက်သည်။

“ကျွန်တော် ပြန်ပြီး သူ့ကို မေးလိုက်ဦးမယ် ... မှတ်ထားပါ ... ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့ ... လျှိုလောင် သွားကြစို့”

လျှိုလောင်သည် ချမ်ဝမ်ကွမ်ကို သယ်ဆောင်ကာ သင်တန်းကျောင်းထံ အမြန်ပြန်သွား ခဲ့သည်။ လမ်းတစ်လျှောက်တွင် ချမ်ဝမ်ကွမ်သည် သူအိပ်မက် မက်နေသည် ဟုတောင် ခံစားရနေ လေသည်။ သူ့မျက်လုံး များသည် တစ်လက်လက် တောက်ပလျက် သက်ပြင်း ချလိုက်သည်။

“အစ်ကိုကြီးက သေချာပေါက်ကို လူ မဟုတ်ဘူး ... ဒီအရည်အချင်းနဲ့ဆို ခရမ်းရောင်ရွှေ သန်းတစ်ရာက အသာလေးပဲ ... အစ်ကိုကြီးက ဘာမှ မလုပ်ဘဲ ဆေးဖော်တဲ့ နေရာမှာပဲ အာရုံစိုက် ထားရင်တောင် နိုင်ငံတစ်ခု စာလောက် ချမ်းသာ လာနိုင်တယ် ... ဟီးဟီး ... လျှိုလောင် ငါ့ရဲ့ လူကဲခတ်တဲ့ လျှို့ဝှက်အတတ်က အံ့သြစရာ မကောင်းဘူးလား ... ဒီတစ်ခါတော့ ဂိုဏ်းက ဆိတ်အိုကြီးတွေ သေချာပေါက် ပါးစပ်ပိတ် သွားစေရမယ်”

***

All Chapters