← Chapters

တစ်ခုခုဖြစ်သွားခဲ့တယ်

Vol. 1 Ch. 163

တစ်ခုခုဖြစ်သွားခဲ့တယ်

Vol. 1 Ch. 163

ချမ်ဝမ်ကွမ် သတင်းကောင်းများ ယူဆောင်၍ ပြန်ရောက်လာခဲ့ သောအခါ ကျန်းရီသည် ပီတိဖြစ်သွား ခဲ့သည်။ သူသည် တခြား ဘာကိုမှ မတွေးတော့ဘဲ ချမ်ဝမ်ကွမ်အား မြေကမ္ဘာအဆင့် နဂါးဆေးလုံးများ၊ ဆေးမှုန့် မျိုးစုံတို့ကို တတ်နိုင်သမျှ ယူလာရန်သာ ခိုင်းလိုက်သည်။

ကျန်းရီသည် ဆေးဖော်စပ်ရာတွင် မကျွမ်းကျင် သေးပေ။ ပထမ ရက်များတွင် ဆေးလုံး ဆယ်လုံးတွင် ခြောက်လုံး ခုနှစ်လုံးခန့်သည် ပေါက်ကွဲလေသည်။ သူသည် တဖြည်းဖြည်း အလုပ်နှင့် ကျွမ်းဝင်လာခဲ့ပြီး ပေါက်ကွဲမှုနှုန်း သည်လည်း တစ်စတစ်စ လျော့ကျလာ ခဲ့သည်။ သူသည် ကောင်းကင်အဆင့် နဂါးဆေးလုံးဟု သူအမည်ပေး ထားသော ဆေးလုံးများ အလုံး တစ်ထောင် ဖော်စပ်ပြီးသော အခါ ချမ်ဝမ်ကွမ်သည် တစ်ယောက်ယောက်ကို ယူသွားခိုင်း၍ ဝိညာဉ်သားရဲ မြို့တွင် ရောင်းချခိုင်း လိုက်သည်။ သူတို့သည် ဆေးတစ်လုံးလျှင် ခရမ်းရောင်ရွှေ လေးထောင်ဟု ဈေးဖြတ် လိုက်ကြပြီး ရေရှည် ရောင်းချရန် ကြေညာ လိုက်ကြသည်။

သတင်းများ ထွက်ပေါ် လာသည့်အခါ သင်တန်းကျောင်းရှိ သခင်လေး၊ သခင်မလေး များစွာတို့သည် အာရုံစိုက် လာကြသည်။ သတင်းများသည် ရှန်ဝူနိုင်ငံတော် တစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွား ခဲ့လေသည်။ ချမ်ဂိုဏ်းသည် တစ်ယောက်ယောက်အား စေလွှတ်၍ အခြေအနေကို စုံစမ်းခိုင်း လိုက်သော်လည်း ချမ်ဝမ်ကွမ်၏ တားမြစ်ခြင်း ခံလိုက်ရပြီး ဘာမှ ပြန်အကြောင်း မကြားရဲပေ။

ကောင်းကင်အဆင့် ဆေးလုံးများကို စတုတ္ထအဆင့် ဆေးဘုရင် ကသာ ထုတ်လုပ် နိုင်လေသည်။ နယ်မြေ တစ်ခုလုံးမှာ ဆေးဘုရင် ဘယ်နှစ်ယောက် ရှိတာမို့လဲ ... လွန်ခဲ့သော နှစ်ဆယ်သန်းခန့်မှ စ၍ နယ်မြေတွင် ဆေးဘုရင် တစ်ရာ့ခုနစ်ယောက်သာ ရှိသည်။ လက်ရှိတွင် အသက်ရှင် သေးသော ဆေးဘုရင်မှာ ခြောက်ယောက်သာ ကျန်ရစ်ပြီး သုံးယောက်သည် ရောင်းချရန် ဆေးများကို ထပ်မံ မထုတ်ဖော်တော့ပေ။

သို့ဖြစ်ရာ ဆေးဘုရင် ဟူသော အဆင့်အတန်းသည် မည်သို့ ရှိသနည်း။

ထိုဆေးဘုရင် သုံးယောက်သည် ပိုက်ဆံ မရှားပါး သောကြောင့် ကောင်းကင်အဆင့် ဆေးလုံးများကို ရံဖန်ရံခါမှသာ ရောင်းချလေ့ ရှိကြသည်။

ထို့ကြောင့် ကောင်းကင်အဆင့် ဆေးလုံးမှာ ဈေးကွက်တင် ရောင်းချ သော်လည်း ပမာဏမှာ အနည်းငယ်သာ ရလေသည်။ ထို့ကြောင့် သခင်လေး၊ သခင်မလေး များသည် မြေကမ္ဘာအဆင့် ဆေးလုံး များကိုသာ အားထားရ လေသည်။ ယခုမူ သူတို့သည် ကောင်းကင်အဆင့် ဆေးလုံးများ ရေရှည် အသုံးပြုမည် မဟုတ်ပါလား ... သတင်းများသည် ဆူဆူပူပူ ဖြစ်စေသည်မှာ မဆန်းတော့ပေ။

ထိုဆေးများသည် ချမ်ဂိုဏ်း၏ ဆေးအရောင်း ဆိုင်တွင် ထွက်ပေါ် လာခဲ့သည် ဖြစ်ရာ မည်သည့် ဂိုဏ်းကမှ ဆေးဘုရင် အသစ်အား စည်းရုံးကြရန် မတွေးဝံ့ကြပေ။ မရေမတွက် နိုင်သော ဆေးအမှာစာ များသည် ချမ်ဂိုဏ်းထံ နှင်းများ ကျသည့်အလား တဖွဲဖွဲရောက်ရှိ လာတော့သည်။ အမှာစာ တစ်ခုလျှင် အရေအတွက် တစ်ထောင်ခန့်မှ စတင်လေသည်။

ရလဒ်အနေနှင့် ကောင်းကင်အဆင့် နဂါးဆေးလုံးများ၏ တန်ကြေးသည် အလျင်အမြန် ထိုးတက်သွား လေသည်။ နောက်ရလဒ် တစ်ခုအနေနှင့် ကျန်းရီသည် ခွေးလို ဝက်လို အလုပ် လုပ်ရတော့သည်။ ထိုအချိန်များ အတောအတွင်း သူ့တွင် ကျင့်ကြံရန် အချိန်တောင် မရှိပေ။ အနက်ရောင် အတွင်းအားများ စုဆောင်းလိုက် ဆေးများ ဖော်စပ်လိုက် ဖြင့်သာ အချိန်ကုန် နေရတော့သည်။

ကံကောင်း ထောက်မ၍ သူဆေးလုံး ထုတ်လုပ်သော နည်းလမ်းသည် လွယ်ကူ နေခဲ့သည်။ သူသည် တစ်ကြိမ်လျှင် ဆေးလုံး အလုံးတစ်ရာခန့် တစ်ပြိုင်နက်တည်း ထုတ်လုပ်၍ တစ်နေ့လျှင် ဆေးလုံး အလုံး တစ်ထောင်ခန့် ထုတ်လုပ် နိုင်လေသည်။

ဝိညာဉ်သားရဲမြို့ရှိ ချန်လောင်သည်လည်း ခွေးလိုဝက်လို အလုပ်လုပ် နေရလေသည်။ ဆေးအရောင်း ဆိုင်ရှိ ကုန်လှောင်ရုံမှ ဆေးပစ္စည်း များသည် ချမ်ဝမ်ကွမ်၏ လက်ချက်ကြောင့် နေ့စဉ်ပြတ်လပ် နေလေသည်။ ထို့ထက် မကသေး ... ချမ်ဝမ်ကွမ်သည် ချန်လောင်အား မြေကမ္ဘာအဆင့် နဂါးဆေးလုံး များကို မြန်မြန် ဖော်စပ်ပေးရန် ဆက်တိုက် ဆိုသလို အမိန့်ပေး နေလေသည်။ ကျန်းရီ၏ ဆေးထုတ်လုပ် နှုန်းသည် ချန်လောင်ထက် အစ တစ်ထောင်ခန့် မြန်ဆန်လေသည်။ နောက်ဆုံး၌ ချမ်ဝမ်ကွမ်သည် ရွေးချယ်စရာ မရှိတော့ရာ ချမ်ဂိုဏ်း၏ အကြီးအကဲများထံ သွားရောက်၍ ဆေးလုံးများ ထပ်မံတောင်းဆို ရလေသည်။

နှစ်လလုံးလုံးတွင် ကျန်းရီသည် ကောင်းကင်အဆင့် နဂါးဆေးလုံးများ မည်မျှ ဖော်စပ်ခဲ့သည်ကို မှတ်တောင် မမှတ်မိပေ။ နောက်ဆုံးသော အမှာစာအား အပြီးသတ် ပြီးသောအခါ သူသည် ချက်ချင်း ထိုးအိပ်တော့သည်။ သူ၏ ထိုအိပ်စက်မှုသည် သုံးရက်နှင့် သုံးညတိုင် ကြာမြင့်ခဲ့ လေသည်။

သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား ခဲ့သည်။ သူရရှိသော ငွေကြေးသည် နှစ်တစ်ထောင် ကိုးချီဂျင်ဆင်း ဆယ်ပင်လောက်ပင် ဝယ်ရန် လုံလောက်သည်ဟု ချမ်ဝမ်ကွမ်က သူ့အား ပြောထားပြီး ဖြစ်လေသည်။ ယခု ကျန်းရီသည် စိတ်ဝိညာဉ် အားဖြည့်ဆေးပင် တစ်မျိုးသာ လိုတော့သည်။

သူသည် အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်ထဲတွင် ကျန်းရှောင်နူသည် အပြည့်အဝ ပြန်ကောင်း နေခဲ့ပြီ ဖြစ်ပြီး သူ့အား အပြုံးတစ်ခုနှင့် ကြည့်ကာ သခင်လေးဟု ခေါ်နေခဲ့သည်။ ထို့နောက် သူ၊ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူတို့သည် ရှန်ဝူနိုင်ငံတော်မှ ထွက်သွားကာ မြို့ငယ်လေး တစ်ခု၌ ပျော်ရွှင်စွာ နေသွားခဲ့ကြသည်။

***

သူနိုးလာသော အခါ ချမ်ဝမ်ကွမ်သည် သူ့အိပ်ရာ၏ ညာဘက်ခြမ်းတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ချမ်ဝမ်ကွမ်၏ မျက်နှာသည် ပျက်ယွင်း နေလေရာ ကျန်းရီသည် အိပ်ရာထဲမှ အလန့်တကြား ခုန်ထလိုက်သည်။ သူသည် အလေးအနက် မေးလိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ”

ချမ်ဝမ်ကွမ်သည် အမြဲတစေ ပြုံးဖြီး နေတတ်သည်။ သူ့မျက်နှာသည် ဤကဲ့သို့ တည်တည် ကြည်ကြည် ဖြစ်နေသည်မှာ ရှားပါးလေသည်။ ကျန်းရီသည် တစ်ခုခု ဖြစ်သွား ခဲ့သည်ဟု သိလိုက်လေသည်။

“သတင်းနှစ်ခု ရှိတယ်”

ချမ်ဝမ်ကွမ်သည် သက်ပြင်း ပါးပါး ချလိုက်သည်။

“ပထမတစ်ခုက လွန်ခဲ့တဲ့ ရက်နည်းနည်း တုန်းက ကိုးချီဂျင်ဆင်းတွေ အမြောက်အမြားကို ဝယ်သွား ခံရတယ်လို့ ကျွန်တော့်လူတွေ သိလိုက်ကြတယ် ... ကျွန်တော် ချက်ချင်း လူ လွှတ်ပြီးတော့ ဝယ်ခိုင်း လိုက်ပေမဲ့ ဂျင်ဆင်းအားလုံး အတွက် ငွေချေပြီးသား ဖြစ်နေခဲ့ပြီ ... နောက်ဆုံး တစ်ခုက တော်ဝင် မြို့တော်ရဲ့ လေလံရုံမှာ ပေါ်ထွက် လာခဲ့တယ် ... ကျွန်တော် ကျွန်တော့် လူတွေကို အဲဒါ လေလံဆွဲခိုင်း လိုက်တဲ့ အချိန်မှာ တစ်ယောက်ယောက်က ဈေးကို လိုက်မြှင့်ပြီး ခေါ်နေခဲ့တယ် ... နောက်ဆုံးဈေးက ခရမ်းရောင်ရွှေ သန်းသုံးဆယ် အထိ မြင့်သွားခဲ့တယ် ... ဒါပေမဲ့ ကျွန်တော် အဲဒါကို ဝယ်လာခိုင်း လိုက်တယ်”

“တစ်ယောက်ယောက် ငါ့ကို ပစ်မှတ်ထား နေတာလား”

ကျန်းရီသည် ပူးပေါင်း ကြံစည်မှု အငွေ့အသက်တို့ ခံစားလိုက်ရ လေသည်။ ကိုးချီ ဂျင်ဆင်းသည် တန်ဖိုး အရမ်းမမြင့်ပေ။ မကြာသေးခင်ကမှ ဈေးကွက်တွင် အမြောက်အမြား ရှိခဲ့သေးသည်။ တစ်ယောက်ယောက်သည် တိုက်တိုက်ဆိုင်ဆိုင် လိုအပ်နေသည် ဆိုလျှင်တောင် အားလုံးကို ဝယ်သွားရန် မဖြစ်နိုင်ပေ။ သူတို့သည် ဈေးအား သန်းသုံးဆယ် အထိ တွန်းတင် လိုက်သေးသည်လား။

သို့သော် ဝယ်ပြီးသွားပြီ ဖြစ်ရာ ကျန်းရီသည် ထပ်မံ စိတ်ပူမနေ တော့ပေ။ ခရမ်းရောင်ရွှေ သန်းသုံးဆယ်သည် ကောင်းကင်အဆင့် နဂါးဆေးလုံး များကို ဖော်စပ်ရာမှ ရရှိသော ငွေကြေး၏ အစွန်းထွက်သာ ရှိလေသည်။ သူသည် လက်ကာပြကာ ပြောလိုက်သည်။

“အဲဒါ ဝယ်ပြီးပြီဆိုရင် ထားလိုက်တော့ ... ငါ မင်းတို့ဂိုဏ်းကို နောက်မှ ခရမ်းရောင် ရွှေတွေ ပြန်ပေးမယ် ... ဒုတိယ သတင်းက ဘာလဲ”

“အစ်ကိုကြီး ... ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ”

ချမ်ဝမ်ကွမ်သည် မတ်တတ် ရပ်လိုက်ပြီး အခြားအခန်း တစ်ခုသို့ ဦးတည်သွားရာ ကျန်းရီသည် အနောက်မှ လျင်မြန်စွာ လိုက်သွားခဲ့သည်။ သူသည် တံခါးကိုဖွင့်ကာ ကြည့်လိုက်သည်။ သူ့ကိုယ်သည် ဆတ်ခနဲ ဖြစ်သွားကာ မျက်လုံးများမှ မျက်ရည်များ စီးကျ လာလေသည်။ သူ့နှုတ်ခမ်း အစုံသည်လည်း တဆတ်ဆတ် တုန်ယင် နေခဲ့သည်။

အခန်းသည် အစက ဘာမှ မရှိသော်လည်း ချမ်ဝမ်ကွမ်သည် တစ်ယောက်ယောက်အား သက်သောင့်သက်သာ ရှိသော အိပ်ရာတစ်ခု ပြင်ဆင်ခိုင်း လိုက်သည်။ ထိုအရာသည် အရေးမပါဘဲ အိပ်ရာထက်တွင် လဲလျောင်း နေသောသူသာ အရေးကြီးဆုံး ဖြစ်လေသည်။ ၎င်းသည် လွန်ခဲ့သော တစ်နှစ်ကျော်တည်း အိပ်မော ကျနေခဲ့သော မိန်းမလှလေး တစ်ယောက် ဖြစ်လေသည်။

ကျန်းရှောင်နူ ...

ကျန်းရီသည် ကျန်းရှောင်နူ၏ မျက်နှာလေးအား ငေးကြည့်ရင်း တစ်လှမ်းချင်း လျှောက်သွား ခဲ့သည်။ သူသည် အိပ်ရာဘေးတွင် ထိုင်လိုက်ပြီး တုန်ယင် နေသော လက်အစုံနှင့် ကျန်းရှောင်နူ၏ မျက်နှာလေးအား ပွတ်သပ် လိုက်သည်။ သူ့မျက်လုံးများတွင် ဝမ်းနည်း ပူဆွေးမှုများ ပေါ်လွင် နေလေသည်။

“သခင်လေး ... အကောင်းဆုံး လုပ်ခဲ့ပါ”

“သခင်လေးက အရမ်း တော်တယ် ... ရှောင်နူ သခင်လေးကို အလေးစားဆုံးပဲ”

“သခင်လေးက အနာဂတ်မှာ အရေးပါတဲ့ သူတစ်ယောက် ဖြစ်လာမှာ ... ကျွန်မတို့ သခင်လေးက နယ်မြေရဲ့ ထိပ်ဆုံးမှာ ဝံ့ဝံ့ကြွားကြွား ရပ်နေနိုင်မယ် ဆိုတာ ရှောင်နူ ယုံတယ်”

သူ့စိတ်တွင် ကျန်းရှောင်နူ၏ တီတီတာတာ စကားလေးများ ပဲ့တင် ထပ်လာခဲ့ပြီး ချိုသာသော အပြုံးတစ်ပွင့်၊ အားပေး တတ်သော မျက်လုံးများနှင့် လှပသော အစေခံ မိန်းကလေး တစ်ယောက်၏ ပုံရိပ်အား မြင်ယောင် လာခဲ့သည်။ ကျန်းရီသည် ငေးမောနေခဲ့ပြီး မျက်လုံးများကို နာနာကျင်ကျင် မှိတ်လိုက်ကာ ရေရွတ် လိုက်သည်။

“ရှောင်နူ ... သခင်လေးက အရမ်းတော်တာ ... မင်းသိတယ် မလား ... သခင်လေးက ငါတို့ကို အနိုင်ကျင့်တဲ့ လူတွေ အားလုံးကို သတ်ပြီးပြီ ... မင်းကိုယ်တိုင် မမြင်လိုက် ရတာတော့ ဝမ်းနည်းစရာပဲ”

လွန်ခဲ့သော တစ်နှစ်ကျော် ... သူဝိညာဉ်သားရဲ သင်တန်းကျောင်းအား ဝင်ရောက် ချိန်မှစ၍ ကျန်းရှောင်နူအား မတွေ့ဖြစ်ခဲ့ပေ။ သူကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသို့ သွားစဉ် အခါက ကျန်းယွင်ဟိုင်သည် ကျန်းစွန်းဂိုဏ်း ရန်စမိသလို ဖြစ်သွားကာ ကျန်းရှောင်နူ သည်လည်း ပျောက်ကွယ် သွားခဲ့သည်။ ကျန်းယွင်ဟိုင်သည် သူ့ဟာသူ အဆင်ပြေအောင် စီစဉ်ထားသည် ဆိုသော်လည်း ကျန်းရီသည် စိုးရိမ်နေဆဲပင်။ ယခုမူ ကျန်းရှောင်နူအား သူ မြင်လိုက်ရသည်။

“တစ်ခုခုတော့ မှားနေပြီ”

ကျန်းရီသည် မှင်တက်နေရာမှ သတိဝင်လာခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြာထွက် လာခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်ကို ကြည့်ကာ အော်ဟစ် လိုက်သည်။

“ရှောင်နူက ဘာလို့ ဒီကို အပို့ခံရတာလဲ ... ငါ့အဘိုးရော ဘယ်မှာလဲ ... သူအန္တရာယ် ရှိနေလား”

ပြန်တွေး ကြည့်ပါက ကျန်းယွင်ဟိုင်သည် ကျန်းစွန်းဂိုဏ်း၏ လိုက်လံ ဖမ်းဆီးခြင်း ခံရသည့်အခါ သူသည် ကျန်းရှောင်နူကို ချမ်ဂိုဏ်းထံ ပို့မပေးခဲ့ပေ။ သူ ချမ်ဂိုဏ်းကို မယုံကြည် သေးသည်လည်း ဖြစ်နိုင်သည်။ ကျန်းရီသည် ကျန်းယွင်ဟိုင်၏ စိတ်နေ စိတ်ထားကို သိလေသည်။ သူ၏ နောက်ဆုံး ထွက်သက် မဟုတ်လျှင် ကျန်းရှောင်နူအား မည်သည့်အခါမှ ပို့ပေးလာမည် မဟုတ်ပေ။

“အပြင်ထွက်ပြီး ပြောကြတာပေါ့ ... အစ်မရှောင်နူက ဒီမှာ လုံခြုံတယ် ... မစိုးရိမ်နဲ့ ငါ တစ်ယောက်ယောက်ကို သူမကို ဂရုစိုက်ခိုင်း လိုက်မယ်”

ချမ်ဝမ်ကွမ်သည် အသံ တိုးတိုးဖြင့် ပြောကာ အပြင်ဘက်သို့ လေးလံသော ခြေလှမ်းများနှင့် ထွက်ခွာ သွားခဲ့သည်။ ကျန်းရီ သည်လည်း ခြေလှမ်း ကျဲကြီးများနှင့် လိုက်သွားကာ ချမ်ဝမ်ကွမ်အား စိုက်ကြည့် နေလိုက်လေသည်။

“ကျန်းယွင်ဟိုင်က မသေသေးဘူး ... ဒါပေမဲ့ ငါ့လူတွေကို သူ့ကို မြင်ခဲ့တယ် ... သူဒဏ်ရာ ရထားတယ်”

ချမ်ဝမ်ကွမ်သည် ထိတ်လန့်စရာ သတင်းများကို အလျင်အမြန် ပြောလာခဲ့သည်။ ကျန်းရီ စကားမပြော ရသေးခင် သူ ရှင်းပြလိုက်သည်။

“သူအခု အသက်လု ပြေးနေရတယ် ... သူသေလား ရှင်လားဆိုတဲ့ သတင်းလည်း မရဘူး ... အစ်ကိုကြီး ... ဒီတစ်ကြိမ် ငါမင်းကို ဘာမှ မကူညီနိုင်ဘူး ... ရန်သူရဲ့ နောက်ခံက အရမ်း တောင့်တင်း လွန်းတယ် ... ”

“သူက ဘယ်သူလဲ”

ချမ်ဝမ်ကွမ်သည် သက်ပြင်းချကာ ခေါင်းယမ်း လိုက်သည်။

“အစ်ကိုကြီး ... မင်းစိတ်ကို ထိန်းပါဦး ... မင်းအခု အဲဒီလူကို မဆန့်ကျင် နိုင်သေးဘူး ... သူက တော်ဝင် မိသားစုထဲက … တတိယ မင်းသား ရှားထျန်းပဲ”

“တော်ဝင်မိသားစု”

ကျန်းရီ၏ အမူအရာသည် တစ်ယောက်ယောက်အား အစိမ်းလိုက် ဝါးစားတော့မည့်နှယ် ပြောင်းလဲ သွားခဲ့သည်။ သူသည် အေးစက်စွာ ရယ်မော လိုက်သည်။

“သူက မင်းသား မကလို့ အိမ်ရှေ့စံ မင်းသားပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး ... သူ ငါ့အဘိုးကို သတ်ရဲရင် ငါကလည်း သူ့ကို ပြန်သတ်မယ်လို့ ကျိန်ဆိုတယ်”

***

All Chapters