← Chapters

မြှုပ်နှံဖို့ နေရာမလိုဘဲ သေစေမယ်

Vol. 1 Ch. 164

မြှုပ်နှံဖို့ နေရာမလိုဘဲ သေစေမယ်

Vol. 1 Ch. 164

ကျန်းယွင်ဟိုင်သည် အမှန် တကယ်လည်း ထွက်ပြေး နေခဲ့ရသည်။ သူ့နောက်ကို လိုက်နေသော သူများသည် ရှန်ဝူ နိုင်ငံတော်၏ တော်ဝင် စစ်တပ်မှ ဖြစ်လေသည်။

ရွှေချမ်လော့သည် ကျန်းစွန်းဝူကျိထံ စာပို့ခိုင်း လိုက်ရာ ကျန်းစွန်းဝူကျိ သည်လည်း လိုက်နာ ရတော့သည်။ မဟုတ်ပါက ထိုအရူးမသည် တော်ဝင် မြို့တော်တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ပေလိမ့်မည်။  သူသည်လည်း အကြံတစ်ခုရ၍ တတိယ မင်းသား ရှားထျန်းအား ဝိညာဉ်သားရဲ မြို့ဆီ ဖိတ်ခေါ် လိုက်သည်။

ရှန်ဝူနိုင်ငံတော်၏ လက်ရှိ အင်ပါယာတွင် မင်းသားများစွာ ရှိသော်လည်း အိမ်ရှေ့စံအား ဆုံးဖြတ်ပြီး ရွေးချယ် ပြီးသည်မှာ ကြာပြီ ဖြစ်လေသည်။ ပထမ မင်းသားသည် စွမ်းရည် သိပ်မရှိ သော်လည်း ဉာဏ်ကောင်း၍ လိမ္မာပါးနပ်သည်။ သူသည် အလုပ် လုပ်ရာတွင်လည်း တိကျသည်။ သူ နန်းတက်သော အခါ ရှန်ဝူ နိုင်ငံတော်သည် သေချာပေါက် မြင့်မားတိုးတက် ပေလိမ့်မည်။ အခြား မင်းသား များသည် သူတို့တွင် ထီးနန်းရရန် အခွင့်အရေး မရှိကြောင်း သိထားကြရာ အများစုသည် သူတို့၏ ပုံစံ အစစ်အမှန်ကို ဖုံးကွယ် ထားကြသည်။ တတိယ မင်းသား ရှားထျန်းကို ဥပမာ ယူပါလေ ... သူသည် မိန်းကလေး များစွာ၏ အသည်းကို ခွဲခဲ့သော အသည်းစား မင်းသားဟု ကျော်ကြားသည်။

ကျန်းစွန်းဝူကျိသည် ရှားထျန်းအား စကားတစ်ခွန်း ပါးလိုက်ရုံမျှဖြင့် သူသည် လှုပ်ရှား လာခဲ့သည်။ ရွှေချမ်လော့၏ အမေသည် နယ်မြေ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လေသည်။ ရှားထျန်းသာ ရွှေချမ်လော့ကို ရအောင် ယူနိုင်ပါလျှင် သူ့တွင် ထီးနန်းရရန် အခွင့်အရေး ရှိလာပေ လိမ့်မည်။ အိမ်ရှေ့စံ မင်းသား ဘက်တွင် ရှိနေခဲ့သော ဂိုဏ်းကြီးများ သည်လည်း သူ့ဘက်သို့ ပြောင်းလာ ပေလိမ့်မည်။

ရွှေချမ်လော့သည် လူတစ်ယောက်အား အပေါ်ယံ ကြည့်၍ ကြိုက်မည့်သူ မဟုတ်မှန်း ရှားထျန်းက သိပေသည်။ သို့သော် သူမကြိုးစားဘဲ မည်သို့ ပြောနိုင်မည်နည်း ... တော်ဝင်မိသားစု ထဲတွင် မွေးဖွား လာသူတိုင်း ထီးနန်းအား လိုချင်ကြသည်သာ ...

သို့နှင့် ရှားထျန်းသည် ကျန်းစွန်းဝူကျိနှင့် အတူ ဝိညာဉ်သားရဲမြို့သို့ ရောက်ရှိ လာခဲ့သည်။ ရွှေချမ်လော့သည် ကျန်းရီကို ရှင်းပစ်ရန် ကြိုးစား နေကြောင်း သူ သိလိုက်သည်နှင့် သူသည် ကျန်းရီကို သေသည်အထိ ကစားပေမည် ဖြစ်ကြောင်း အခိုင်အမာ ပြောလိုက်သည်။

သူသည် မင်းသားတစ်ပါး ဖြစ်သော်လည်း ကျန်းပိုင်လီကပင် သူ့အား အရိုအသေ ပေးရပါသော်လည်း သူ့တွင် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ ဝင်သွားရန် အရည်အချင်း မရှိပါချေ။ သူ အတင်းအကျပ် ဝင်သွားလျှင် ဆိတ်အိုကြီး ကျူးကော့ချမ်ယွမ်သည် သူ့ တင်ပါးများ စုတ်ပြတ် သွားသည် အထိ ရိုက်နှက် ပေလိမ့်မည်။

ကျန်းစွန်းဝူကျိသည် ရောက်မလာခင် တည်းက အိမ်စာတချို့ ကြိုပေးထား ခဲ့လေသည်။ သူသည် ရှားထျန်းအား ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူအား ဖမ်းဆီးစေရန် အစီအစဉ်ကို ကြံစည်ထား ခဲ့သည်။ ထိုသို့လုပ်လျှင် ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းမှ အလိုအလျောက် သူ့သဘောနှင့်သူ ထွက်လာ ပေလိမ့်မည်။

ကျန်းစွန်းဝူကျိသည် ကျန်းပိုင်လီကို မဆန့်ကျင် ရဲသော်လည်း ရှားထျန်းလို ဥပဒေကို မလိုက်နာ တတ်သော မင်းသား တစ်ပါးကမူ ကြောက်လန့် နေမည် မဟုတ်ပေ။ သူသည် လူများကို ချက်ချင်း စေလွှတ်ကာ ကျန်းယွင်ဟိုင် ပုန်းနေသော မြို့လေးအား ပိတ်ဆို့ခိုင်း လိုက်လေသည်။

ချမ်ဝမ်ကွမ်သည် သူ့လူများကို ကျန်းစွန်းဝူကျိနှင့် ရှားထျန်းအား အနီးကပ် စောင့်ကြည့် ထားခိုင်း၍ ကံကောင်း သွားသည်။ သူတို့ နှစ်ယောက် လှုပ်ရှား လာသည်နှင့် ချမ်ဂိုဏ်းသည် ချက်ချင်း လူများကို စေလွှတ် လိုက်သောကြောင့် ကျန်းရှောင်နူအား ဝိညာဉ်သားရဲ သင်တန်းကျောင်းထံ အောင်မြင်စွာ  ခေါ်လာနိုင် လိုက်သည်။ ကျန်းရှောင်နူသည် သင်တန်းကျောင်း အတွင်း၌ ဘေးကင်း ပေသည်။ ကျန်းရှောင်နူ မရှိတော့လျှင် ကျန်းယွင်ဟိုင်သည် ဝန်ထုပ်ဝန်ပိုး လျော့ကျသွားမည် ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်ရန် ပိုမိုလွယ်ကူ သွားမည် ဖြစ်လေသည်။

“ကျန်းစွန်းဝူကျိ ... ရှားထျန်း ... ရွှေချမ်လော့”

ချမ်ဝမ်ကွမ်၏ ရှင်းပြချက် အဆုံး၌ ကျန်းရီ၏ မျက်နှာထက်မှ ရက်စက်သော အမူအရာသည် ပိုမိုပြင်းထန် လာခဲ့သည်။ သူသည် လက်များကို တင်းတင်း ဆုပ်ထားသည်မှာ သွေးကြောများပင် ထောင်ထနေပြီ ဖြစ်လေသည်။ သူသည် တောင်အောက်သို့ ဒေါသတကြီး ပြေးဆင်း မသွားခဲ့သလို အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရ၍ စိတ်ပျက် အားလျော့ သွားဟန်လည်း ရှိမနေပါချေ။ သူ့စိတ်သည် ပိုမိုသန်မာ အားကောင်း လာချင်မှုတို့သာ ကြီးစိုး နေလေသည်။

ပိုအားကောင်း လာရမယ်

ပိုမို အားကောင်းလာခြင်း ကသာ သူ ကာကွယ်ချင်သော သူများကို ကာကွယ်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်ပြီး နောက်ဆံ မတင်းဘဲ စိတ်ရှိသလို လုပ်နိုင်စေ လိမ့်မည်။ သူ့တွင် အင်အား မရှိလျှင် အဖိနှိပ်ခံဘဝမှ လွတ်မြောက် လိမ့်မည် မဟုတ်ပေ။ အင်အား မရှိ၍သာ သူ့ရှေ့တွင် ကျန်းယွင်ဟိုင်သည် အသက်လု ထွက်ပြေးနေရ၍ ရှောင်နူသည် အိပ်ရာထက် လဲလျောင်း နေရလေသည်။

ကျန်းရီသည် ခန်းမထဲတွင် အချိန် ကြာမြင့်စွာ ရပ်နေခဲ့သည်။ နောက်ဆုံး၌ သူ့မျက်နှာသည် တည်ငြိမ်သွား ခဲ့လေသည်။ သူသည် တည်ငြိမ် လွန်းနေရာ ချမ်ဝမ်ကွမ်အား အချိန်မရွေး ထပေါက်နိုင်သည့် မီးတောင် တစ်လုံးနှယ် ခံစားရစေသဖြင့် ပိုမိုထိတ်လန့် နေလေသည်။

ကျန်းရီသည် အခန်းတစ်ခု အတွင်းသို့ တိတ်ဆိတ်စွာ လျှောက်သွား လိုက်ပြီး ဆေးလုံးများကို ထုတ်လုပ်သည်။ ဆေးလုံး အလုံးတစ်ထောင် ဖော်စပ်ပြီးနောက် သူသည် အခန်းတွင်းမှ ထွက်ကာ တောင်ဘက် အဆောင်ထံ ပြေးသွား၍ ကျင့်ကြံခန်းငယ် တစ်ခုအတွင်း ဝင်သွားခဲ့သည်။ သူသည် ကြိုးကြိုးစားစား ကျင့်ကြံခြင်းကို စတင်ခဲ့လေပြီ ...

ထိုရက်များတွင် ကျန်းရီသည် ပုံမှန်နေ့ရက်များ ကဲ့သို့ နေ့တိုင်း ပြုမူနေလေသည်။ သူသည် တစ်ရက်လျှင် လေးနာရီမှ ခြောက်နာရီအထိ အိပ်စက်၍ ကျန်အချိန်များကို ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း ဖြင့်သာ ကုန်ဆုံးသည်။ သူသည် တည်ငြိမ်လွန်း နေခဲ့ပြီး ကျန်းယွင်ဟိုင်၏ အကြောင်းအား မေးခြင်းမှတစ်ပါး စကားလည်း သိပ်မပြောတော့ပေ။

နှစ်ပတ်ခန့် ကြာပြီးနောက် သတင်းတချို့ ရလာခဲ့လေသည်။

ကျန်းယွင်ဟိုင်သည် တော်ဝင် စစ်တပ်၏ လိုက်လံ ဖမ်းဆီးခြင်းမှ အောင်မြင်စွာ လွတ်မြောက် သွားခဲ့လေသည်။ သူသည် ရှန်ဝူနိုင်ငံတော်နှင့် အနောက်ဘက် ကျင်းရှန် နိုင်ငံတော် နယ်နိမိတ် ထိစပ်ရာ နေရာတွင် ရှိသော အမှောင်တောအုပ် အတွင်း ဝင်ရောက် သွားခဲ့သည်။ ရှန်ဝူနိုင်ငံတော်၏ တော်ဝင် စစ်တပ်သည် သူ့နောက် ဆက်လက် မလိုက်တော့ သော်လည်း ကျန်းယွင်ဟိုင်၏ လက်တစ်ဖက်အား ဖြတ်တောက် နိုင်ခဲ့လေသည်။

တော်ဝင်စစ်သား အများကြီးမှ ကျန်းယွင်ဟိုင်အား ဖမ်းမမိသော အဓိက အကြောင်း အရင်းသည် ရှားထျန်းသည် ကျန်းယွင်ဟိုင်အား အသက်ရှင်လျက် လိုချင်သောကြောင့် ဖြစ်လေသည်။ မဟုတ်ပါက ကျန်းယွင်ဟိုင် ဆယ်ယောက် ရှိနေလျှင်တောင် သူတို့ အသေသတ်နိုင် ပေသည်။

အစတည်းက အသက်အရွယ် ကြီးရင့် နေပြီဖြစ်သော ကျန်းယွင်ဟိုင်သည် ဘယ်လက် တစ်ဖက်သာ ရှိတော့သည်။ သူ့တွင် ဒဏ်ရာ အမြောက်အမြားလည်း ရထားခဲ့ပြီး အမှောင်တောအုပ် အတွင်း နတ်ဆိုးသားရဲ များစွာကလည်း ကျက်စား နေထိုင်ကြသည်။ သို့ဖြစ်ရာ ကျန်းယွင်ဟိုင် ဝင်ရောက် သွားသည်နှင့် အသက်ရှင်စရာ အကြောင်း မရှိပေ။

ချမ်ဝမ်ကွမ်သည် အံ့အားသင့်ရပြီး ကျန်းရီသည်လည်း လှောင်ပြုံး ပြုံးရသော အကြောင်းအရင်း တစ်ခု ရှိသေးသည်။ ထိုမျှ ကြီးမားသော အဖြစ်အပျက် ကြီးအား ကျန်းပိုင်လီက မသိဘဲနေမည် မဟုတ်ပေ။ သို့သော် ကျန်းဂိုဏ်းသည် မည်သို့မျှ လှုပ်ရှား မလာခဲ့ပေ။ ရှန်ဝူနိုင်ငံတော်တွင် ကျန်းပိုင်လီ၏ အဆင့်အတန်းဖြင့် ဆိုလျှင် စကားတစ်ခွန်းမျှ ဝင်ပြောရုံနှင့် ရှားထျန်းသည် လိုက်လံ ဖမ်းဆီးရန် လူများကို စေလွှတ်တော့မည် မဟုတ်ပေ။

ကျန်းရီသည် ထိုသတင်းကို ကြားသိသော အခါ ပို၍ပင် တည်ငြိမ်သွားခဲ့ပြီး ရူးမတတ် ကျင့်ကြံ နေတော့သည်။ ချမ်ဝမ်ကွမ်သည် အလွန်အမင်း စိုးရိမ်နေ သော်လည်း သူလုပ်နိုင်သည့် အရာ မရှိသဖြင့် ကျန်းရီ သူ့ကိုယ်သူ ညှဉ်းပန်း နှိပ်စက်နေခြင်း ကိုသာ ကြည့်နေရလေသည်။

***

တစ်လ ကြာပြီးနောက် သင်တန်းကျောင်းသည် နိုင်ငံအဆင့် ပြိုင်ပွဲများ လေးလအတွင်း စတင်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သင်တန်းကျောင်းသည် ပါဝင် ယှဉ်ပြိုင်ရန် ကြိုတင် ပြင်ဆင်မှုများ လုပ်၍ ကျောင်းသားများ ကိုလည်း အမည် စာရင်းများ ကောက်နေလေသည်။ ကျောင်းအုပ်ချီ၏ အကြံပေးချက် အရ စုလောရွှယ်သည် ကျန်းရီကို ထပ်မံ လာရှာခဲ့သည်။

“နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ဆုက ကြေညာ ပြီးသွားပြီ ... ပထမနေရာက သူတော်စင် အဆင့် မီးနဂါးဓားပဲ ... တော်ဝင်မိသားစု ကလည်း မြို့စားရာထူးကို ချီးမြှင့်လိမ့်မယ် ... ရှန်ဝူ နိုင်ငံတော်က စစ်သူကြီး အဆောင်အယောင်တွေ ချီးမြှင့်မယ် လို့တောင် ထင်ကြေးတွေ ပေးနေကြတယ် ... ကျန်းရီ မင်း ပြန်စဉ်းစားတာ ကောင်းလိမ့်မယ်”

စုလောရွှယ်သည် စကားဆုံးသည်နှင့် ဝတ်ကျေ တန်းကျေ အမူအရာဖြင့် လက်ဘက်ရည် ကိုသာ သောက်နေ တော့သည်။ ကျန်းရီသည် 'သူတော်စင်အဆင့် ' ဟူသော စကားလုံးကို ကြားလိုက်သော အခါ သိချင်လာကာ မေးမြန်း လိုက်သည်။

“နိုင်ငံအဆင့် ပြိုင်ပွဲဆိုတာ ဘာလဲ”

စုလောရွှယ် ရှင်းပြရန် ပြင်လိုက်ရုံပင် ရှိသေး ချမ်ဝမ်ကွမ်က တည်ငြိမ်စွာ ဝင်ပြောလာ ခဲ့သည်။

“အစ်ကိုကြီး ... မင်း ဒီနိုင်ငံအဆင့် ပြိုင်ပွဲမှာ ဝင်မပြိုင်သင့်ဘူး ... မင်း ဝင်ပြိုင်ရင် ကျန်းစွန်းဝူကျိ၊ ရှားထျန်းနဲ့ ရွှေချမ်လော့ ကလည်း ဝင်ပြိုင်လိမ့်မယ် ... အဲဒီ အချိန်ကျရင် သူတို့ သုံးယောက်က မင်းက ဝန်းရံပြီး တိုက်ကြလိမ့်မယ် ... မင်း သေသွားနိုင်တယ်”

“အမ်”

ရွှေချမ်လော့သည် ကျန်းရီ ဤရက်များ အတွင်း အလည် ရောက်မလာခဲ့ပေ။ သူမသည် သူ့အား သိသိသာသာ ရှောင်နေဟန် ရလေသည်။ သူမသည် ချမ်ဝမ်ကွမ်၏ စကားကို ကြားသောအခါ ချက်ချင်း မေးလာခဲ့သည်။

“မင်းဘာကို ဆိုလိုတာလဲ ... ရှားထျန်းက ရှန်ဝူနိုင်ငံတော်ရဲ့ မင်းသားတစ်ပါး မဟုတ်ဘူးလား ... ကျန်းရီ သူ့ကို ဘယ်လို ရန်စမိလိုက်လို့လဲ”

ချမ်ဝမ်ကွမ်သည် အများကြီး ရှင်းပြ မနေတော့ဘဲ အေးစက်စွာ ပြောလိုက်သည်။

“ဆရာမစု ... ရွှေချမ်လော့က ဝိညာဉ်သားရဲမြို့ရဲ့ သိုင်းခန်းမမှာ နေနေတာ မသိသေးဘူးလား ... သူမက အစ်ကိုကြီး သင်တန်းကျောင်းက ထွက်မယ့် အချိန်ကို စောင့်နေတာ...”

“ဒီလိုကိစ္စမျိုး ရှိနေတာလား ... ငါတံခါးပိတ် ကျင့်ကြံနေတာမို့ ဘာမှ မသိလိုက်ဘူး”

စုလောရွှယ်၏ လှပသော မျက်လုံးများတွင် အရိပ်အယောင် တချို့ ဖြတ်ပြေး သွားခဲ့ပြီး ပြောလာခဲ့သည်။

“ကျန်းရီ ... ဒါဆို မင်း နိုင်ငံအဆင့် ပြိုင်ပွဲမှ ဝင်မပြိုင်နဲ့ ... မင်း ဟိုဟိုဒီဒီ လျှောက်သွား မနေဘဲ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ရောက်တဲ့အထိ သင်တန်းကျောင်းမှာပဲ နေသင့်တယ်... မင်းရဲ့ သတ်ဖြတ်ခြင်း အင်အား ပဉ္စမအဆင့် မရောက်မချင်း အပြင်မထွက်နဲ့ ... ငါကျောင်းအုပ်ချီကို အကြောင်းကြား ပေးမယ်”

ချမ်ဝမ်ကွမ်သည် ခေါင်းညိတ်ကာ ထောက်ခံ လိုက်သည်။

“အစ်ကိုကြီး ... မင်းသဏ္ဌာန် သုံးဆင့် အသွင်ပြောင်းခြင်း နဝမ အဆင့်ကို ရောက်တော့မှာ ပဲဟာ ... ဒီကျင့်ကြံနှုန်းနဲ့ပဲ ဟာကို နောက်ငါးနှစ်ကနေ ရှစ်နှစ်လောက် အထိ ဒီမှာပဲ ကျင့်ကြံပြီးတော့ နေသင့်တယ် ... မင်း ကျောင်းပြီး သွားရင်တောင် ဒီမှာနေပြီး ဆရာ ဆက်လုပ်လို့ ရသေးတယ် ... မင်းစိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ကို ရောက်ပြီး သတ်ဖြတ်ခြင်း အင်အားရဲ့ ပဉ္စမအဆင့်ကို နားလည် သဘောပေါက် သွားတဲ့အခါ မင်းစိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်မှာ ပြိုင်ဘက် ကင်းသွားပြီ ... မင်း ဗာဂျရာ သခင်တွေကို သွားပြီး ရန်မစသရွေ့ ကမ္ဘာပေါ်က ကြိုက်တဲ့နေရာ လွတ်လွတ်လပ်လပ် သွားနိုင်ပြီ”

ကျန်းရီသည် အစတည်းက နိုင်ငံအဆင့် ပြိုင်ပွဲအား စိတ်မဝင်စားရာ ထပ်မံ မေးမြန်း မနေတော့ပေ။ သူသည် ဆေးများ ဖော်စပ်ရန် သူ့အခန်းသူ ပြန်လိုက်သည်။

သူ အခန်းတွင်းသို့ ဝင်တော့မည့် ဆဲဆဲတွင် သူသည် တစ်ခုခုကို သတိရသွားကာ ချမ်ဝမ်ကွမ်အား ညွှန်ကြား လိုက်သည်။

“ဝမ်ကွမ် ... ဆရာမစုကို ကောင်းကင်အဆင့် နဂါးဆေးလုံး တစ်ထောင် ပေးလိုက်ဦး ... ဟုတ်သား ... ကျန့်ဝူရွှမ်းနဲ့ ကျန့်လင်းအာ ကိုလည်း တစ်ထောင်စီ ပေးလိုက်ဦး ... အဲဒါတွေနဲ့ဆို သူတို့ ပိုပြီး မြန်မြန်ကျင့်ကြံ နိုင်လိမ့်မယ်”

စကားဆုံးသည်နှင့် ကျန်းရီသည် တံခါးကို ပိတ်ကာ သူ၏ ဆေးဖော်စပ်ခြင်း တွင်သာ အာရုံစိုက် လိုက်သည်။ စုလောရွှယ်သည် နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“ကောင်းကင်အဆင့် နဂါးဆေးလုံး ဆိုတာက ဘာလဲ ...  သင်တန်းကျောင်းက ငါတို့ကို လတိုင်း ဆေးတွေ ထောက်ပံ့ပါတယ် ... ငါမလိုပါဘူး ... မင်းတို့တွေ အတွက်ပဲ သိမ်းထားလိုက်ပါ”

“အစ်ကိုကြီးက အမြဲ အစ်ကိုကြီးပါပဲ ... ဒီလို ရက်ရောမှု ... လက်ဆောင်လေး တစ်ခုကတောင် ခရမ်းရောင်ရွှေ ငါးသန်း တန်တယ်”

ချမ်ဝမ်ကွမ်သည် လက်မ ထောင်လိုက်ကာ စုလောရွှယ်အား မကျေမနပ် ပြောလိုက်သည်။

“ဆရာမစု ... သင်တန်းကျောင်းက ပေးနေတဲ့ အဲဒီ မြေကမ္ဘာအဆင့် အဆင့်နိမ့် ဆေးလုံးတွေကို လွှတ်ပစ် လိုက်သင့်တယ် ... အစ်ကိုကြီး ဖော်စပ်ထားတဲ့ အဲဒီ ကောင်းကင်အဆင့် နဂါးဆေးလုံး တွေက ကောင်းကင်အဆင့်ပဲ ... ကျင့်ကြံနှုန်းက ဆရာမစုရဲ့ ဆေးတွေထက် အဆများစွာ မြန်တယ်”

“ကောင်းကင်အဆင့် ဆေးလုံး ... ကျန်းရီက အဲဒါတွေကို ဖော်စပ်တယ်”

စုလောရွှယ်သည် မျက်တောင် တစ်ခတ်ခတ် ဖြစ်နေရင်းမှ ဒေါသထွက်ဟန် ပေါ်လာခဲ့သည်။ သူမသည် ထိုနှစ်ယောက် သူမအား နောက်ပြောင် နေသည်ဟု ထင်လိုက်ခြင်း ဖြစ်လေသည်။

ချမ်ဝမ်ကွမ်သည် ကျောက်စိမ်းပုလင်း တစ်ခုကို ယူကာ ဆေးများ ထည့်လိုက်ပြီး စုလောရွှယ်အား ပေးလိုက်သည်။ စုလောရွှယ်သည် သေသေချာချာ ကြည့်လိုက်သော အခါ သူမ၏ မျက်နှာသည် ဖြူဖျော့သွား ခဲ့သည်။ သူမသည် စိတ်လှုပ်ရှား လွန်းသဖြင့် ရင်အစုံသည် နိမ့်ချည်မြင့်ချည် ဖြစ်လာရာ ချမ်ဝမ်ကွမ်သည် နှာခေါင်းသွေး လျှံလုနီးပါးပင် ...

***

“အသုံးမကျ လိုက်တာ ... လူတစ်အုပ်က အဘိုးကြီး တစ်ယောက် ကိုတောင် မဖမ်းနိုင်ဘူး ... မင်းတို့ကို ဘယ်မှာ သွားသုံးစားရမလဲ”

ဝိညာဉ်သားရဲမြို့ သိုင်းခန်းမ၏ ခမ်းနားလှသော အခန်းငယ် တစ်ခုအတွင်း နန်းတွင်း အဝတ်အစားများ ဝတ်ဆင်ထားသော ချောမောသည့် သခင်လေး တစ်ယောက်သည် ခွက်တစ်ခွက်အား ပေါက်ခွဲ လိုက်သည်။ သူသည် သံချပ်ကာများ ဝတ်ဆင် ထားသည့် သက်လတ်ပိုင်း အရွယ် လူတစ်ယောက်ကို ကြိမ်းမောင်း ပြစ်တင် နေလေသည်။

အခန်းထဲတွင် ဝတ်ကောင်း စားလှများ ဝတ်ဆင်ထားသည့် သာမန် ထက်ထူးခြားသော လူငယ် တစ်ယောက်လည်း ရှိနေပါသေးသည်။ သူ၏ ချွန်ထက်သော နှာခေါင်းထက်မှ မျက်လုံး အစုံသည် ကောက်ကျစ်သော အရိပ်အငွေ့များ ယှက်သန်း နေလေသည်။ သူသည် လက်ဘက်ရည် တစ်ငုံ သောက်လိုက်ပြီး ပြောဆိုလိုက်သည်။

“တတိယ မင်းသား ... စစ်သူကြီးလုံကို အပြစ်မတင်ပါနဲ့ ... ကျန်းယွင်ဟိုင်က လော့ကဲ အရှင့်ရဲ့ ဘေးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် ခဲ့ဖူးတယ် ... သူက ရီဖျောင်ဖျောင ဆီမှာတောင် အလုပ် လုပ်လိုက်သေးတယ် ... သူ့မှာ ဝှက်ဖဲနည်းနည်း ရှိနေတာ မဆန်းပါဘူး … ပြီးတော့ သူ့ကို အရှင်ဖမ်းမိဖို့ ကလည်း မလွယ်ဘူးလေ ... အခုဒါကို ပြောနေလို့လည်း မထူးတော့ပါဘူး ... စစ်သူကြီးလုံကို သွားနားခိုင်း လိုက်ပါ”

နန်းတွင်း ဝတ်စုံဖြင့် လူသည် လက်ယမ်း ပြလိုက်သည်။ ချပ်ဝတ်များ ဝတ်ဆင်ထားသော စစ်သူကြီးလုံသည် စိတ်သက်သာရာ ရသွားကာ သဘောထား ကြီးပုံရသော သခင်လေးအား ဦးညွှတ်၍ ထွက်ခွာသွား ခဲ့လေသည်။ နန်းတွင်းဝတ်စုံဖြင့် လူသည် သခင်လေးအား ကြည့်၍ မနေနိုင်စွာ မေးလိုက်သည်။

“ဝူကျိ ... ငါတို့ ဘာလုပ်ကြမလဲ ... ငါတို့ ကျန်းယွင်ဟိုင်ကို အရှင် မဖမ်းမိဘူး ... ကျန်းရီက သင်တန်းကျောင်း ထဲမှာ လိပ်တစ်ကောင်လိုပဲ ပုန်းနေတော့မှာ ... ငါတို့ သူ့ကို ဘယ်လို သတ်ကြမလဲ... ငါမိန်းကလေး ရွှေရဲ့ ရှေ့မှာ ရင်ကော့ပြီး ပြောခဲ့တာ ... သူမကို ကူပြီး ကျန်းရီကို သတ်ပေးမှ ရမယ်”

“မစိုးရိမ်ပါနဲ့ ... တတိယမင်းသား”

ကျန်းစွန်းဝူကျိသည် ရှားထျန်းအား ကြည့်ကာ ပြုံးလိုက်သည်။ သူသည် ခေါင်းငုံ့၍ လက်ဘက်ရည် တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်သည်။

“ကျန်းရီကို သင်တန်းကျောင်း ထဲကနေ သူ့ခြေထောက်နဲ့သူ ထွက်လာအောင် လုပ်ဖို့ ငါ့မှာ အစီအစဉ် တစ်ခု ရှိတယ် ... မင်းရော မိန်းကလေး ရွှေရော ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုတယ်”

ရှားထျန်း၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ပြောလာခဲ့သည်။

“ငါက ပူးပေါင်း ဆောင်ရွက်ပေးဖို့ ကိစ္စမရှိဘူး ... ဒါပေမဲ့ မိန်းကလေး ရွှေကရော ... ပြီးတော့ အစီအစဉ်က ဘာလဲ”

“မိန်းကလေးရွှေ သေချာပေါက် ပူးပေါင်း ပါဝင်လိမ့်မယ်”

ကျန်းစွန်းဝူကျိသည် ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။

“အရင်ဆုံး ငါ့ရဲ့ အစီအစဉ်ကို လျှို့ဝှက် ထားဦးမယ် ... နည်းနည်းကြာမှ ပေးသိမယ် ... ဒီအစီအစဉ်သာ အောင်မြင်သွားရင် အရှင့်သား မိန်းကလေး ရွှေနဲ့ ရင်းနှီးဖို့ အခွင့်အရေး အများကြီး ရလာမှာပါ ... အကျိုးအမြတ်တွေ မပါဘဲ တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ လိုအပ်တယ် ... ခံစားချက် ဆိုတာမျိုးက အချိန်အကြာကြီး အတူရှိနေပြီးမှ ဖြစ်လာ တတ်တာမျိုး ... အရှင့်သား မိန်းကလေးရွှေနဲ့ မပေါင်းဖက်ရခင် ဝူကျိက ကြိုပြီး ဂုဏ်ပြုပါတယ်”

“ကောင်းပြီ”

ရှားထျန်းသည် ကျေနပ်စွာ ခေါင်းညိတ်၍ ကျန်းစွန်းဝူကျိ၏ ပခုံးအား ပုတ်လိုက်သည်။

“ငါသာ နန်းတက်ဖို့ အခွင့်အရေး ရခဲ့မယ်ဆို မင်း အမတ်ချုပ်ကြီး ဖြစ်စေရမယ်”

ရှားထျန်းသည် ရွှေချမ်လော့အား သူမ၏ အမေကြောင့်သာ အသည်းအသန် လိုက်နေခြင်း ဖြစ်လေသည်။ သူသာ ရွှေချမ်လော့ကို ရလျှင် ကျန်းစွန်းဂိုဏ်းသည် သူ့ဘက်သို့ အလိုလို ရောက်လာလိမ့်မည် ဖြစ်လေသည်။ ကျန်းစွန်းဂိုဏ်း၏ အထောက်အပံ့နှင့် ဆိုလျှင် ဝက်တစ်ကောင်တောင် ပလ္လင်ထက်တွင် ထိုင်ရန် အခွင့်အရေး ရလိမ့်မည်။

သူသည် ကျန်းစွန်းဝူကျိ သူ့အား အသုံးချ၍ ကျန်းရီကို ရှင်းပစ်ချင် နေမှန်း သိသော်လည်း စိတ်ထဲ မထားပေ။ သူ့အမြင်တွင် ကျန်းပိုင်လီသည် အာဏာရှိသော နယ်ရုပ် တစ်ရုပ်သာ ဖြစ်၍ သူတို့ ရှားမျိုးနွယ်၏ ကျွန်သာ ဖြစ်လေသည်။

ရှားထျန်းသည် ရွှေချမ်လော့အား ရှာရန် ထွက်ခွာ သွားပြီးနောက် ကျန်းစွန်းဝူကျိသည် သူ့ကိုယ်သူ လှောင်ပြုံး ပြုံးလိုက်သည်။ သူ့မျက်လုံးများ ထဲတွင် ရင်ထဲမှ လာသော နာကျည်းမှုများ လျှံထွက် နေလေသည်။

ကျန်းရိလျှိုသည် နေအိမ် အကျယ်ချုပ် ကျနေ၍ သူ့အမေကပင် သူ့အား တွေ့ခွင့်မရပေ။ သူ့အမေသည် တစ်ခါတစ်ရံတွင် ဝမ်းနည်းစွာဖြင့် အိမ်သို့ ပြန်လာ တတ်သည်။ ကျန်းရီကို ရှင်းပစ်ရန်မှာ သူ့အစီအစဉ် ဖြစ်သော်လည်း အရုပ်ဆိုးစွာ ကျရှုံးခဲ့လေသည်။

ထို့ကြောင့်ပင် ကျန်းစွန်းဂိုဏ်းမှ အကြီးအကဲ များသည် သူ့ အစွမ်းအစအား သံသယ ဝင်လာ၍ သူ၏ ဂိုဏ်းချုပ် နေရာသည်လည်း အန္တရာယ် ရှိလာခဲ့သည်။ ကျန်းစွန်းဂိုဏ်းတွင် တိုက်ရိုက် မျိုးဆက်မှ ပါရမီရှင်များ တစ်ယောက် နှစ်ယောက် မကပေ။ သူသည် သူ၏စွမ်းရည် သက်သေပြရန် ကျန်းရီအား ရှင်းပစ်ရပေမည်။

“သေစမ်း”

သူသည် ရေရွတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် ဘေးရှိ စားပွဲအား ရိုက်ချလိုက် လေသည်။ ခိုင်ခံ့သော သစ်မွှေး စားပွဲသည် တစ်စစီ ဖြစ်သွားခဲ့ပြီး သူ့မျက်လုံးများ မှေးကျဉ်းသွား ခဲ့လေသည်။ သူခပ်တိုးတိုး ရေရွတ် လိုက်သည်။

“ကျန်းရီ ... .နောက်လေးလ ကြာရင် လုပ်မယ့် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ငါမင်းကို မြှုပ်နှံဖို့ နေရာမလိုဘဲ သေခိုင်းပေးမယ်”

***

All Chapters