← Chapters

အခန်း (၁၅၈၈)

Vol. 114 Ch. 1588

အခန်း (၁၅၈၈)

Vol. 114 Ch. 1588

ဟန်မူယဲ့က စုကြွယ်ရှန့်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်နေစဉ် စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

ယခု သူက စကြာဝဠာကို ထိန်းချုပ်နိုင်သွားသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းစွမ်းရည်ကို လှုံ့ဆော်ရန် သူ့ကိုယ်ပိုင်မူလစွမ်းအားကို သန့်စင်နေရုံဖြင့် မလုံလောက်ပေ။ သူက မဟာပန်သွန်ဘုံ၏ တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ပြီး ပြင်ပနယ်မြေကို အတွင်းနယ်မြေအဖြစ် ပြောင်းလဲရန် ကြိုးစားရလိမ့်မည်။

မိုးမြေကို သူ့ကိုယ်ပိုင်အဖြစ် သန့်စင်နိုင်မှသာလျှင် သူက စကြာဝဠာအဆင့်မှ ချိုးဖြတ်ပြီး ယင်ယန်အဆင့်ဆီသို့ တတ်လှမ်းနိုင်လိမ့်မည်။

သူ၏ လက်ထဲမှ ဓားက ယင်ယန်ကို တစ်ချက်တည်းဖြင့် ဖွင့်လှစ်နိုင်သော်လည်း သူဖမ်းဆုပ်ထားသော စကြာဝဠာက ယင်ယန်အဆင့်ကို ထောက်ပံ့ပေးရန် မလုံလောက်ချေ။

ထို့ကြောင့် မဟာပန်သွန်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် စကြာဝဠာအဆင့်သို့ ရောက်ရှိသွားသည့်အခါ စစ်တပ်ထဲသို့ ဝင်ရောက်ပြီး တခြားဘုံများကို ကျူးကျော်တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ယင်းက မဟာပန်သွန်ဘုံ သန်မာနေရသည့် အကြောင်းအရင်းလည်း ဟုတ်၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများက တခြားဘုံများထံသို့ ကျူးကျော်ဝင်ရောက်ပြီး မူလစွမ်းအားကို ဝါးမျိုကြသည်။ ထို့နောက် သူတို့က မဟာပန်သွန်ဘုံကို ပြန်လည်အားဖြည့်ပေးကြလိမ့်မည်။

“ မဟာပန်သွန်ဘုံရဲ့ စည်းမျဉ်းတွေအရ အချင်းမိုင်တစ်သိန်းအတွင်းမှာရှိတဲ့ ဂိုဏ်းအားလုံးက အနှစ်သုံးရာပြည့်တိုင်း စစ်ထွက်တိုက်ရလိမ့်မယ် ”

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းနဲ့ ဘေးပတ်ဝန်းကျင်က ဂိုဏ်းတွေကြားက တိုက်ပွဲဟာ တကယ်တော့ ပြင်ပဘုံစစ်ပွဲအတွက် ပြင်ဆင်မှုပဲ ”

တစ်စုံတစ်ယောက်မှာ သေခြင်းရှင်ခြင်းအဆင့် ကျင့်ကြံခြင်းမရှိလျှင် ထိုသူက မဟာပန်သွန်ဘုံမှ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ထိုသို့တိုက်ပွဲများက မဟာပန်သွန်ဘုံ၏ ကမ္ဘာများနှင့် လက်အောက်ခံစကြာဝဠာတချို့မှာ ဖြစ်ပွားကြသည်။

စကြာဝဠာအဆင့်တိုက်ပွဲ၊ ကမ္ဘာအဆင့်တိုက်ပွဲ အစရှိသော တိုက်ပွဲများတွင် ကနဦးမူလအဆင့်အောက်မှ ကျင့်ကြံသူများက စတေးခံတပ်သားများသာ ဖြစ်ကြသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းဖြစ်စေ၊ ထျန်မင်ဂိုဏ်းဖြစ်စေ သို့မဟုတ် သံမဏိဂိုဏ်းဖြစ်စေ အမှန်မှာ သူတို့က အရေးကြီးအချိန်၌ သူတို့၏ အင်အားကို မြှင့်တင်ရန် အရင်းအမြစ်များကို လိုက်ရှာဖွေနေကြခြင်း ဖြစ်သည်။

ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ကြသည့်် အဓိကအကြောင်းအရင်း ဖြစ်သည်။

ဟန်မူယဲ့သည် ဂိုဏ်များကြားမှ စစ်ပွဲကို စိတ်မဝင်စားပေ။ သို့သော်လည်း သူက မိုးမြေစွမ်းအားနှင့် ပေါင်းစပ်ရန် လိုအပ်နေသည်။ သူ့ကိုယ်ပိုင်စကြာဝဠာကို အားဖြည့်ရန်နှင့် နယ်မြေချဲ့ထွင်ရန် မိုးမြေစွမ်းအားကို လိုအပ်သည်။ သို့မှသာ သူက ယင်ယန်ကို ဓားတစ်ချက်ဖြင့် ဖွင့်လှစ်နိုင်လိမ့်မည်။

ထို့ကြောင့် သူက ထိုခရီးစဉ်မှာ သေချာပေါက် ဝင်ပါရလိမ့်မည်။

“ ငါက ကောင်းကင်ဘုံသိမ်းပိုက်ခြင်းတိုက်ပွဲမှာ ပါဝင်ချင်တယ်လို့ ပြောရင် အဲ့ဒီလူတွေ ဘယ်လိုတွေးကြမလဲ မသိဘူး ”

ဟန်မူယဲ့က ပေါ့ပါးစွာ ရယ်လိုက်ပြီး တီးတိုးပြောသည်။

တခြားလူများက ကောင်းကင်ဘုံသိမ်းပိုက်ခြင်းတိုက်ပွဲမှာ မပါဝင်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။ သို့သော်လည်း ဟန်မူယဲ့ကတော့ ထိုတိုက်ပွဲမှာ ပါဝင်ချင်နေသည်။

အကယ်၍ ရှမင်တန်သာ ထိုအကြောင်းကို သိခဲ့မည်ဆိုလျှင် သူက လစန္ဒာတောင်ထွတ်ကို ဤနေရာသို့ စေလွှတ်လိမ့်မည် မဟုတ်ချေ။

…..

မဟာမိတ်အဖွဲ့ စခန်းချထားသော နေရာတွင်… ။

အင်အားစုအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များက စုဝေးရှိနေကြသည်။

ယခု တဲအိမ်ထဲမှ လေထုက အနည်းငယ် တင်းမာနေသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဆုလာဘ်များကို ပို့ဆောင်ခဲ့လေရာ လစန္ဒာတောင်ထွတ်က သူတို့ကို အရင်ဦးစွာ လာတိုက်ခိုက်တော့မည်လော။

ဟန်မူယဲ့က စုကြွယ်ရှန့်ကို သင်ကြားပြသပေးပြီး စုကြွယ်ရှန့်ကို သူတို့အား ရှင်းပစ်ခိုင်းမည်ဟု ပြောကြားခဲ့သော်လည်း လစန္ဒာတောင်ထွတ်မှ တပည့်များက ထျန်းလေတောင်အောက်သို့ ဆင်းမလာဘူးဟု မည်သူမှ အတိအကျ မပြောနိုင်ပေ။

မဟာမိတ်အဖွဲ့ထဲတွင် လစန္ဒာတောင်ထွတ်မှ တပည့်များဖြင့် အသေအကြေတိုက်ခိုက်ရန် မည်သူမှ ဆန္ဒမရှိကြပေ။

“ အကြီးအကဲများခင်ဗျာ… လက်ရှိအခြေအနေအရ ကျုပ်တို့ နည်းနည်း နောက်ဆုတ်လိုက်တာက… ”

ထိုသူ၏ စကားမဆုံးခင်မှာ အပေါ်ဆုံး၌ ထိုင်နေသော ဂိုဏ်းခေါင်းဆောင်ရှုထန်းက သူ့ကို စူးစိုက်ကြည့်လိုက်သည်။

ယခု မဟာမိတ်အဖွဲ့ထဲတွင် တချို့၏ တိုက်ပွဲစိတ်ဆန္ဒက ယိမ်းယိုင်နေကြသည်။

တချို့သည်တော့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အပြတ်ရှင်းရန် စိတ်ဆုံးဖြတ်ထားကြသည်။

“ ကျုပ်တို့တွေ ကွေ့ပတ်သွားလို့ ရတာပဲ… ထျန်းလေတောင်တန်းကို ကျော်ပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ တိုက်ရိုက် တိုက်ခိုက်ကြမယ် ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က လူတိုင်းကို ဝေ့ဝိုက်ကြည့်လိုက်ပြီး အကြံပေးသည်။

သူ့စကားက လူအများစုကို မျက်လုံးဝင်းလက်သွားစေသည်။ သို့သော် တချို့က ခေါင်းယမ်းလိုက်ကြသည်။

“ ဘယ်လိုလုပ် ကွေ့ပတ်သွားလို့ရမှာလဲ… ထျန်းလေတောင်တန်းကို ကွေ့ပတ်သွားမယ်ဆိုရင် အချိန်ဘယ်လောက်ကြာလိမ့်မလဲ… ပြီးတော့ အခြေအနေမကောင်းရင် ထျန်းလေတောင်တန်းနဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကြားမှာ ကျုပ်တို့က ကြားညှပ်သွားနိုင်တယ်… အဲ့ဒီအခါကျရင် ပြန်ဆုတ်ဖို့တောင် အခွင့်အရေးမရှိတော့မှာ စိုးရိမ်တယ် ”

အကြီးအကဲတစ်ယောက်က စကားပြောရင်း ခေါင်းယမ်းလိုက်သည်။

ယခု သူတို့က ထျန်းလေတောင်တန်းကိုပင် တိုက်ရိုက် မတိုက်ခိုက်ဝံ့လေရာ မည်သူက ကွေ့ပတ်သွားဝံ့မည်နည်း။

တဲအိမ်ထဲမှ လေထုက အချိန်တစ်ခဏကြာအောင် တင်းကျပ်သွားသည်။

“ ဟွန့်… ကောင်းကင်အသင်္ချေဓားဂိုဏ်းက လစန္ဒာတောင်ထွတ်ဆီ မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်ပဲ ပေးခဲ့တယ်… လစန္ဒာတောင်ထွတ်က ဟန်မူယဲ့က အဲ့ဒါကို ကျေနပ်မယ်လို့ မင်းတို့ထင်လား ”

တဲအိမ်၏ အပေါ်ဆုံးမှာ ထိုင်နေသော အကြီးအကဲရှောက်လင်းက ရုတ်တရက် ပြောသည်။

ထိုစကားကို ကြားသောအခါ အောက်ဘက်မှ ပုဂ္ဂိုလ်အများစုက အံ့ဩသွားကြသည်။

မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်လား… ။

လစန္ဒာတောင်ထွတ်က မဟာမိတ်အဖွဲ့ကို အချိန်အတော်ကြာအောင် ခုခံတားဆီးထားသော်လည်း ဂိုဏ်းမှ ဆုလာဘ်အဖြစ် မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်ကိုသာ ရရှိခဲ့သည်လော။

ယင်းက သူတောင်းစားကို ပေးကမ်းသော ပမာဏ မဟုတ်ပေဘူးလား။

အကယ်၍ လစန္ဒာတောင်ထွတ်က သူတို့၏ ဂုဏ်သိက္ခာကို ဂရုစိုက်သည်ဆိုလျှင် ထိုသို့အနိုင်ကျင့်မှုကို လုံးဝ လက်ခံလိမ့်မည် မဟုတ်ချေ။

“ အကြီးအကဲရှောက်လင်း တည်ငြိမ်နေတာ မထူးဆန်းတော့ပါဘူး… အကြီးအကဲက ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အတွင်းရေးပဋိပက္ခကို အစောကြီးကတည်းက ကြိုမြင်ထားတာကို ”

ရှုထန်းက အကြီးအကဲရှောက်လင်းကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ရယ်လိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ တဲအိမ်ထဲမှ လေထုက ပျော့ပျောင်းသွားသည်။

မည်သူကမှ တိုက်ပွဲအကြောင်းကို နောက်ထပ် မပြောကြတော့ချေ။

သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း ၎င်းဘာသာ ဖရိုဖရဲဖြစ်သွားမည်ကို ထိုင်စောင့်နေရုံသာ လိုအပ်သည်။

ဤနေရာမှ လူတိုင်းကို စုကြွယ်ရှန့်က တစ်လအတွင်း သတ်ပစ်ရမည်ဟူသော ဟန်မူယဲ့၏ စကားနှင့်ပတ်သက်၍ မည်သူမှ ယင်းကို အတည်မမှတ်ကြချေ။

သူတို့က ယင်းကို ပြက်လုံးတစ်ခုသာ သဘောထားကြသည်။

…..

ကောင်းကင်အသင်္ချေတောင်ထွတ်… ။

လစန္ဒာတောင်ထွတ်က ထျန်းလေတောင်တန်းပေါ်မှာ ရန်သူကို ခုခံတားဆီးနေစဉ် ကောင်းကင်အသင်္ချေဓားဂိုဏ်းက အခြေအနေကို စောင့်ကြည့်နေသည်။

အရိုးသားဆုံးဆိုရလျှင် လစန္ဒာတောင်ထွတ်က ထိုမျှကြာကြာ တောင့်ခံနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

လစန္ဒာတောင်ထွတ် အမြစ်ဖြတ်သုတ်သင်ခံရခြင်း၊ လစန္ဒာတောင်ထွတ် ဂိုဏ်းသို့ ပြန်ဆုတ်ခွာလာခြင်း၊ လစန္ဒာတောင်ထွတ် တပ်ကူတောင်းခြင်း…

ယင်းတို့က လူတိုင်း မျှော်လင့်ထားကြသော ရလဒ်များ ဖြစ်သည်။

သို့သော်လည်း လစန္ဒာတောင်ထွတ်က မည်သည့်အကူအညီမှ မတောင်းဘဲ ထျန်းလေတောင်တန်းပေါ်မှာ တစ်လကြာ ခုခံတားဆီးနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။

အမှန်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ခံစစ်အတွက် ဒုတိယအသုတ်စစ်တပ်နှင့် တတိယအသုတ်စစ်တပ်ကိုပင် ပြင်ဆင်ထားပြီးချေ၏။ သို့သော်လည်း သူတို့က ထိုစစ်တပ်များကို မရွှေ့ပြောင်းရသေးပေ။

မည်သို့ဖြစ်ပါစေ လစန္ဒာတောင်ထွတ်က သူတို့ထံမှ အကူအညီကို မတောင်းဆိုခဲ့ဘူး မဟုတ်ပါလော။ သို့ဖြစ်၍ သူတို့ဘက်က မည်သို့ကြောင့် အရင်ဦးစွာ စစ်တပ်စေလွှတ်ပေးရမည်နည်း။

ဂိုဏ်းခေါင်းဆောင်ရှမင်တန်ဖြစ်စေ သို့မဟုတ် တခြားတောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများဖြစ်စေ ဤအခိုက်အတန့်မှာ သူတို့အားလုံးက စိတ်ရှုပ်နေကြသည်။

ထို့ကြောင့် စစ်ကူက ထျန်းလေတောင်တန်းဆီသို့ ရောက်ရန် နှောင့်နှေးနေခြင်း ဖြစ်၏။

“ လစန္ဒာတောင်ထွတ်က ဟန်မူယဲ့က ငါတို့ပေးလိုက်တဲ့ ဆုလာဘ်ကို ရရှိပြီးလောက်ပြီ… တကယ်လို့ သူဉာဏ်ကောင်းမယ်ဆိုရင် အကူအညီတောင်းဖို့အတွက် တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မယ်… လစန္ဒာတောင်ထွတ်ကို ငါတို့ကယ်တင်နိုင်လောက်သေးတယ် ”

အဓိကခန်းဆောင်ထဲတွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ညင်သာစွာ ပြောသည်။

လစန္ဒာတောင်ထွတ်၏ တိုက်ပွဲစွမ်းအားက သူတို့ကို အံ့ဩစေခဲ့သည်။ ထို့ကြောင့် သူတို့ထဲမှ အများစုက လစန္ဒာတောင်ထွတ်ကို စတေးခိုင်းမည့် သူတို့၏ အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်စဉ်းစားလိုက်ကြသည်။

လစန္ဒာတောင်ထွတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ အကယ်၍ လစန္ဒာတောင်ထွတ်သာ သူတို့၏ အမွေအနှစ်များနှင့် အရင်းအမြစ်များကို မျှဝေပေးရန် ဆန္ဒရှိမည်ဆိုလျှင် လစန္ဒာထောင်ထွတ်ကို ပြန်လက်ခံခြင်းက မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ယင်းကို လစန္ဒာတောင်ထွတ်အတွက် သင်ခန်းစာတစ်ခုဟု တွေးထင်စေမည်။

“ ဟွန့်… လစန္ဒာတောင်ထွတ်အရှင်သခင် ဟန်မူယဲ့ကို မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်ပဲ ပေးခဲ့တယ်… သူဉာဏ်ကောင်းမယ်ဆိုရင် ဂိုဏ်းက သူ့ကို မထောက်ပံ့ပေးတော့ဘူးဆိုတာ နားလည်လိမ့်မယ်… လစန္ဒာတောင်ထွတ်က တပည့်တွေက စိတ်ပျက်အားလျော့သွားကြလိမ့်မယ်… အဲ့ဒီအခါ ငါတို့က အရှေ့တတ်သွားပြီး သူတို့ကို ကူညီပေးမယ်ဆိုရင် သူတို့က ဂိုဏ်းအပေါ် ကျေးဇူးတင်သွားကြလိမ့်မယ် ”

အကြီးအကဲတစ်ယောက်က သရော်လှောင်ပြောင်သော အပြုံးဖြင့် ပြောသည်။

လစန္ဒာတောင်ထွတ်ကို မည်သို့ ဆုလာဘ်ပေးသင့်ကြောင်း သူတို့အစည်းအဝေးထိုင်ခဲ့ကြသည်။

လစန္ဒာတောင်ထွတ်က ထျန်းလေတောင်တန်း၏ အကာအကွယ်ဝင်္ကပါကို အသုံးပြု၍ ရန်သူများကို ခုခံတားဆီးထားကြောင်း သူတို့အားလုံး သိသည်။

ထိုသို့အရင်းအမြစ်သုံးစွဲမှုက လူတိုင်းကို အော့နှလုံးနာစေသည်။

မည်သို့ဖြစ်ပါစေ လစန္ဒာတောင်ထွတ်က အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ လစန္ဒာတောင်ထွတ်အတွက် အရေးကြီးဆုံးက အရင်းအမြစ်လိုအပ်မှု ဖြစ်သည်။

သူတို့က အရာအားလုံးကို စီစဉ်ပြီးပြီ ဖြစ်၏။ သူတို့လုပ်ဆောင်ရမည်မှာ ဟန်မူယဲ့၏ အကူအညီတောင်းမှုကို စောင့်နေရန် ဖြစ်၏။

ဂိုဏ်းခေါင်းဆောင်ထိုင်ခုံပေါ်မှာ ထိုင်နေသော ရှမင်တန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူဖိနှိပ်ထားသော ရက်စက်ကြမ်းတမ်းမှုက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူစကားပြောတော့မည့်အချိန် သူ၏ အမူအရာက ရုတ်ချည်း ပျက်ယွင်းသွားသည်။

သူ၏ အကြည့်က ခန်းဆောင်၏ ဝင်ပေါက်ဆီသို့ ကျရောက်သွားသည်။

ထိုနေရာမှာ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ဓားတစ်လက် သယ်ဆောင်ထားသော ပုံရိပ်တစ်ခုက မည်သည့်အချိန်ကမှန်းမသိ မတ်တတ်ရပ်နေသည်။

အဲ့ဒီလူ ဘယ်တုန်းက ရောက်နေတာလဲ… ။

သူက ဘယ်သူလဲ… ။

ခန်းဆောင်ထဲမှ အစောနက ဆူညံသံများက ရုတ်ချည်း တိတ်ဆိတ်သွားသည်။

လူတိုင်းက ခန်းဆောင်၏ ဝင်ပေါက်ဆီသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ကြသည်။

လူအများစုက တုန်ယင်သွားကြပြီး အသက်ရှူမြန်သွားကြသည်။

မည်သို့သောပုဂ္ဂိုလ်က သူတို့သတိမထားမိဘဲ ဤနေရာသို့ ရောက်လာနိုင်သနည်း။

“ မင်းဘယ်သူလဲ ”

ဓားကိုင်ထားသော အစောင့်တစ်ယောက်က အော်ပြောလိုက်ပြီး အရှေ့သို့ ပြေးသွားသည်။

သို့သော်လည်း တာအိုအဆင့်သို့ မရောက်ရှိသေးသော ထိုအစောင့်က ခြေတစ်လှမ်း လှမ်းပြီးနောက် ကျောက်ရုပ်ဖြစ်သွားသည်။

သုံးပေရှည်လျားသော ဓားက သူ၏ လည်မျိုကို ထိုးဖောက်သွားသည်။

လူသတ်ရဲတယ်… ။

ဘယ်လိုတောင် ရဲတင်းလို့ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အဓိကခန်းဆောင်အရှေ့မှာ လူသတ်ရဲတာလဲ… ။

ခန်းဆောင်ထဲတွင် ဓားအလင်းများနှင့် သွေးချီအနှစ်သာရအားလှိုင်းများက ထွက်ပေါ်လာသည်။

အမြင့်ဆုံးမှာ ထိုင်နေသော ရှမင်တန်၏ ခန္ဓာကိုယ်ထဲမှ တောက်ပသော ဓားအလင်းနှင့် အလွန်သိပ်သည်းသော သွေးချီအနှစ်သာရက ထွက်ပေါ်လာသည်။ လေထဲမှာ သွေးချီအနှစ်သာရက ဓာတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။ ရှမင်တန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်လေရာ ဓားက ခန်းဆောင်၏ ဝင်ပေါက်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

“ သေစမ်း ”

ဓားပျံ၏ အနောက်တွင် ရှမင်တန်၏ ဒေါသတကြီး အော်သံက လိုက်ပါလာသည်။

သူအော်လိုက်သည်နှင့်ချက်ချင်း ထွန်းလင်းတောက်ပသော ဓားအလင်းက ခန်းဆောင်၏ ဝင်ပေါက်အရှေ့မှာ ထွက်ပေါ်လာသည်။

“ ထန် ”

ဓားနှစ်လက် တွေ့ဆုံသွားသည့်အခါ ခန်းဆောင်တစ်ခုလုံး တုန်ခါသွားသည်။

ရှမင်တန် ပစ်လွှတ်လိုက်သော ဓားက ကြည်လင်တောက်ပသော ဓားသွားနှင့် တွေ့ဆုံသွားသည်။

ဓားကို ဆုပ်ကိုင်ထားစဉ် စုကြွယ်ရှန့်၏ မျက်လုံးထဲမှာ အဆုံးမဲ့သော ထက်ရှမှုက ထွက်ပေါ်လာသည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရှမင်တန်ဆိုပြီး နာမည်ကျော်ကြားနေတာ… ထင်သလောက်လည်း မဟုတ်ပါလား ”

All Chapters