အခန်း (၁၅၈၉)
Vol. 114 Ch. 1589
“ ထင်သလောက်လည်း မဟုတ်ပါလား ”
ထိုစကားက အလွန်ရိုင်းစိုင်းသည်။ သို့သော်လည်း သေချာစစ်ဆေးကြည့်မည်ဆိုလျှင် တစ်ဖက်လူက သူ့ကိုယ်ပိုင်ခန်းဆောင်အရှေ့သို့ ရောက်လာပြီး တပည့်တစ်ယောက်ကို သတ်သွားခဲ့သည့်တိုင် ဂိုဏ်းခေါင်းဆောင်အနေဖြင့် သူ၏ တိုက်ခိုက်မှုက တစ်ဖက်လူအပေါ် နည်းနည်းမှ သက်ရောက်မှုမရှိပေ။
ထိုသို့အခြေအနေကြောင့် တစ်ဖက်လူက သူ့အား “ ထင်သလောက်လည်း မဟုတ်ပါလား ”ဟု ပြောခြင်းက အခြေအမြစ်မရှိသောစကား မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ ထိုသူ ရည်ညွှန်းလိုက်သော ပုဂ္ဂိုလ်သည် သာမညောင်ညမဟုတ်ပေ။ ရှမင်တန်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး အချင်းမိုင်တစ်သောင်း ကျယ်ပြောသော ဤနယ်တစ်ဝိုက်မှာ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ထိုသို့ပုဂ္ဂိုလ်က မည်သို့ကြောင့် အားနည်းလိမ့်မည်နည်း။
ခန်းဆောင်တစ်ခုလုံးက သုသာန်တစပြင်အလား တိတ်ဆိတ်သွားသည်။
လူတိုင်းက ကြောက်လန့်မှုကြောင့် ဆွံ့အနေကြစဉ် စုကြွယ်ရှန့်က ခန်းဆောင်ထဲသို့ လျှောက်လာသည်။
“ မင်းဘယ်သူလဲ ”
ရှမင်တန်က ဓားတစ်ချောင်း ဖွဲ့စည်းလိုက်ပြီး အမည်မသိကျူးကျော်သူထံသို့ ချိန်ရွယ်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက တင်းမာခက်ထန်နေသည်။
သူ၏ အနောက်တွင် တောက်ပသော အလင်းရောင်က ပေါ်လျှိုးလာသည်။
ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အကာအကွယ်ဝင်္ကပါစွမ်းအား ဖြစ်သည်။ ဝင်္ကပါ၏ လှုံ့ဆော်မှုအောက်မှာ မိုးမြေမူလစွမ်းအားက စတင်စုဝေးသွားသည်။
ခန်းဆောင်အတွင်းမှ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများက သူတို့၏ သွေးချီအနှစ်သာရနှင့် မူလစွမ်းအားကို ချက်ချင်း လှုံ့ဆော်လိုက်ကြပြီး ရှမင်တန်ဆီသို့ ပြေးသွားကြသည်။
ယင်းက ဂိုဏ်းတစ်ခုလုံး၏ အင်အားဖြစ်သည်။
အကယ်၍ တခြားနေရာမှာသာဆိုလျှင် ရှမင်တန်က ထိုသို့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဤနေရာက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အဓိကခန်းဆောင်ဖြစ်သည်။
ဤနေရာက ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံး၏ အချက်အချာနေရာ ဖြစ်သည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ ဓားကောင်းတွေ သိမ်းဆည်းထားတယ်လို့ ကျုပ်ကြားဖူးတယ် ”
စုကြွယ်ရှန့်က ရုတ်တရက် ပြောသည်။
ဓားပျိုးထောင်ခြင်းတဲအိမ်… ။
ဓားကောင်းတွေ ရှိတယ်… ။
ထိုအမည်မသိကျူးကျော်သူက ဓားပျိုးထောင်ခြင်းတဲအိမ်မှ ဓားများအတွက် ရောက်လာခြင်းလော။
ခန်းဆောင်အတွင်းမှ ရှမင်တန်နှင့် တခြားလူများက အံ့ဩသွားကြသည်။
အကယ်၍ ကျူးကျော်လာသူက ရန်သူဆိုလျှင် သူတို့က အသေအကြေတိုက်ခိုက်ကြလိမ့်မည်။
သို့သော်လည်း အကယ်၍ ကျူးကျော်သူက ဓားယူရန်သက်သက် ရောက်လာခြင်းဆိုလျှင် မည်သို့ကြောင့် သူတို့က အသေအကြေတိုက်ခိုက်ရမည်နည်း။
ကောင်းကင်အသင်္ချေဓားဂိုဏ်းသည် ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်ဖြင့် ရန်ငြိုးတစ်ခုကို ဖန်တီးမည့် အင်အားစုမဟုတ်ပေ။ သူတို့က ဓားတစ်လက်အတွက်ဖြင့် အစွမ်းထက်ပုဂ္ဂိုလ်ကို ရန်မပြုချင်ကြချေ။
ဂိုဏ်းတစ်ဂိုဏ်း ရေရှည်တည်တံ့နိုင်ရန် အခြေခံအကျဆုံး လိုအပ်ချက်က လိုက်လျောညီထွေစွာ နေထိုင်ရန် ဖြစ်သည်။
“ တကယ်လို့ မင်းက ဓားတစ်လက် လိုချင်တယ်ဆိုရင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက မင်းအတွက် ဓားကောင်းတစ်လက် လက်ဆောင်ပေးပါ့မယ် ”
ရှမင်တန်က စုကြွယ်ရှန့်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
ထိုစကားက စုကြွယ်ရှန့်၏ ခြေလှမ်းကို ရပ်တန့်သွားစေသည်။
အဲ့ဒါက အခွင့်အရေးတစ်ခု မဟုတ်ပေဘူးလား… ။
ခန်းဆောင်ထဲမှ လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
စုကြွယ်ရှန့်ထံမှ သူတို့ခံစားမိသော ဖိအားက အလွန်ကြီးမားသည်။
“ ဓားပျိုးထောင်ခြင်းတဲအိမ်က ဓားကောင်းတစ်လက်ကို လက်ဆောင်အနေနဲ့ အလွယ်တကူ ပေးနိုင်မှတော့ ဘာဖြစ်လို့ လစန္ဒာတောင်ထွတ်ကို မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်ပဲ ဆုချရတာလဲ ”
စုကြွယ်ရှန့်၏ အသံက ခန်းဆောင်ထဲမှာ ရှင်းလင်းပီသစွာ ပဲ့တင်ထပ်သွားသည်။
ဤအခိုက်အတန့်မှာ ခန်းဆောင်ထဲမှ လူတိုင်းက အံ့ဩသွားကြသည်။
သူဘာကိုဆိုလိုတာလဲ… ။
အဲ့ဒီလူ ဘယ်က ရောက်လာတာလဲ… ။
သူက လစန္ဒာတောင်ထွတ်နဲ့ ဘယ်လိုပတ်သက်နေတာလဲ… ။
ထိုမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ယောက်က မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်ကြောင့် ကောင်းကင်အသင်္ချေတောင်ထွတ်ဆီသို့ ရောက်လာသည်လော။
စိတ်ရှုပ်ထွေးမှုက ရှမင်တန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် သူက ပြောသည်။
“ တာအိုရောင်းရင်း… ခင်ဗျားက ဘာအတွက် ရောက်လာတာလဲ ”
စုကြွယ်ရှန့်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားသည်။
သို့သော်လည်း သူ၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ခန်းဆောင်ထဲမှ လူတိုင်းက ဆံပင်ထောင်သွားကြသည်။
အဆိပ်ပြင်းသော မြွေဟောက်တစ်ကောင်၏ ပစ်မှတ်ထားခံနေရသည်ဟု လူတိုင်းက ခံစားမိသွားကြသည်။ ဤသည်မှာ ချွန်ထက်သော ဓားတစ်လက်က သူတို့၏ လည်မျိုကို ထောက်ထားသည့်အလားပင်။
“ ထန် ”
ဓားဖျားက ရှမင်တန်နှင့် သုံးပေအကွာမှာ ထွက်ပေါ်လာပြီး ရွှေရောင်အကာအကွယ်အလွှာ၏ တားဆီးခံလိုက်ရသည်။
ဓားဖျားက အလင်းအကာအကွယ်ကို ထိမှန်သွားသည့်အခါ အကာအကွယ်အလွှာက ထွန်းလင်းတောက်ပသွားသည်။ အကာအကွယ်အလွှာက ဓားဖျားကို တားဆီးနိုင်သွားသော်လည်း အက်ကွဲကြောင်းများက အကာအကွယ်အလွှာပေါ်မှာ ထွက်ပေါ်လာကြသည်။
ထိုမြင်ကွင်းက ခန်းဆောင်ထဲမှ လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
ရှမင်တန်၏ အရှေ့မှ ထိုအလင်းအကာအကွယ်ကို ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံး၏ စွမ်းအားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းက ဂိုဏ်း၏ အကာအကွယ်ဝင်္ကပါစွမ်းအားလည်း ဟုတ်၏။
ထိုအကာအကွယ်အလွှာကို ချိုးဖြတ်ရန် တစ်စုံတစ်ယောက်မှာ အနည်းဆုံး တာအိုငြိမ်းသတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားရှိရမည်။
“ ခင်ဗျားက တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူလား ”
“ အဲ့လောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က ဘာလို့ ကျုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရတာလဲ ”
ရှမင်တန်က တည်ကြည်လေးနက်စွာ ပြောသည်။ သူ၏ အကြည့်က သူ့အရှေ့မှာ ထွက်ပေါ်လာသော ပုံရိပ်ထံသို့ ကျရောက်သွားသည်။
တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူများသည် အချင်းမိုင်တစ်သောင်းဧရိယာအတွင်းမှာ သူတို့စိတ်ကြိုက်လုပ်ဆောင်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုသို့ပုဂ္ဂိုလ်တစ်ယောက်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အဓိကခန်းဆောင်ထဲမှာ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေသည်လော။
ယင်းက မယုံကြည်နိုင်စရာကောင်းလှ၏။
“ လုပ်ကြံသတ်ဖြတ်တယ်လား ”
စုကြွယ်ရှန့်က ခေါင်းယမ်းလိုက်သည်။ သူက ညင်သာစွာ လက်မြှောက်လိုက်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ကာ အရှေ့သို့ ပစ်လိုက်သည်။
“ ကျုပ်က ခင်ဗျားကို ဒီပစ္စည်းပြန်ပေးဖို့ ရောက်လာတာ ”
ထို့နောက် စုကြွယ်ရှန့်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ကောင်းကင်အသင်္ချေတောင်ထွတ်၏ အဓိကခန်းဆောင်အရှေ့မှာ ပြန်ပေါ်လာသည်။
“ ခင်ဗျားတို့ ဘာတွေးနေလဲဆိုတာ ကျုပ်တကယ် နားမလည်ဘူး… မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်အတွက်နဲ့ လစန္ဒာတောင်ထွတ်ကို ဖယ်ရှားချင်ကြတယ်… ”
စကားသံက လေထဲမှာ ရစ်ဝဲနေသော်လည်း လူပုဂ္ဂိုလ်သည်တော့ ပျောက်ကွယ်သွားပြီ ဖြစ်၏။
ခန်းဆောင်ထဲတွင် အလင်းလွှာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သွေးချီအနှစ်သာရက ထွန်းလင်းတောက်ပလာသည်။ ခန်းဆောင်ထဲတွင် မည်သူမှ စကားမပြောဝံ့ကြချေ။
တစ်ဖက်လူ၏ အနှောင်အဖွဲ့ကင်းမဲ့သော ဝင်ထွက်သွားလာမှုက လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေသည်။
မည်သို့သော ပုဂ္ဂိုလ်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အဓိကခန်းဆောင်ကို သာမန်ဇရပ်အဖြစ် သဘောထားဝံ့သနည်း။
“ သူ… ကျုပ် သူ့ကို မှတ်မိပြီ ”
အော်သံက ရုတ်တရက် ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က မတ်တတ်ထရပ်လိုက်သည်။
ခန်းဆောင်ထဲမှ လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်သွားသည်။
သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာပေါ်မှ အမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သူ… သူက စုကြွယ်ရှန့်… သူက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူပဲ… သူက လုပ်ကြံသတ်ဖြတ်ခြင်းမှာ အထူးကျွမ်းကျင်တယ် ”
“ သူက လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့်မှာပဲ ရှိသေးတယ် ”
လွန်ခဲ့သော သုံးနှစ်၌ ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့်မှာသာ ရှိသေးသော တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူက ယခု ကောင်းကင်အသင်္ချေတောင်ထွတ်ဆီသို့ တစ်ယောက်တည်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နိုင်သွားသည်လော။
မင်း ဟာသပြောနေတာလား… ။
ခန်းဆောင်ထဲတွင် တချို့က မယုံကြည်နိုင်ဖြစ်သွားကြပြီး တချို့က စိတ်ရှုပ်ထွေးသွားကြသည်။ တချို့သည်တော့ ရှမင်တန်ထံသို့ လှည့်ကြည့်လိုက်ကြသည်။
ရှမင်တန်၏ မျက်နှာက သုန်မှုန်နေသည်။ သူ၏ အကြည့်က ခန်းဆောင်အပြင်ဘက်မှာ စွဲမြဲနေသည်။
“ ယွင်ထျန်းတာအိုဂိတ်ရဲ့ အမှာစကားက ရောက်လာပြီ… ကောင်းကင်ဘုံစစ်ပွဲမှာ ငါတို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်သုံးထောင်နဲ့ မဟာပန်သွန်ကျောက်တုံးငါးသောင်းကို ပို့ဆောင်ပေးရမယ် ”
ရှမင်တန်က တည်ကြည်လေးနက်စွာ ပြောသည်။ သူ၏ စကားကြောင့် ခန်းဆောင်ထဲမှ လူများက တီးတိုးဆွေးနွေးလိုက်ကြသည်။
တပည့်သုံးထောင်ကို ကောင်းကင်ဘုံစစ်ပွဲဆီသို့ ပို့ဆောင်ခြင်းသည် သေတွင်းထဲသို့ စေလွှတ်လိုက်ခြင်းနှင့် မခြားပေ။
ထိုစစ်ပွဲမှာ ပါဝင်ကြမည့် တာအိုအဆင့် ကျင့်ကြံသူများသည် တစ်ရာပုံတစ်ပုံသာ အသက်ရှင်နိုင်ခြေရှိသည်။
အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်သုံးထောင်ကို စစ်ပွဲဆီသို့ စေလွှတ်မည်ဆိုလျှင် ဂိုဏ်း၏ အလုံးစုံအင်အားက သိသိသာသာ ဆုတ်လျော့သွားလိမ့်မည်။
ကောင်းကင်ဘုံစစ်ပွဲစတင်သည့်အခါ အင်အားစုအားလုံးကြားမှ ပြဿနာများကို မေ့ပစ်ထားရမည်ဟု စည်းမျဉ်းများ ထုတ်ပြန်ထားသည်။ သို့သော်လည်း ကောင်းကင်ဘုံစစ်ပွဲပြီးဆုံးသွားလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက သေချာပေါက် ဖျက်ဆီးခံရလိမ့်မည်။
တပည့်သုံးထောင်ကို လေ့ကျင့်သင်ကြားပေးခြင်းက မလွယ်ကူပေ။
“ ဂိုဏ်းခေါင်းဆောင်… ယွင်ထျန်းတာအိုဂိတ်ရဲ့ ဒီတစ်ခေါက် တောင်းဆိုမှုက ဘာလို့များနေတာပါလဲ ”
မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က မယုံကြည်နိုင်သော အမူအရာဖြင့် ရှမင်တန်ကို ကြည့်လိုက်ပြီး မေးသည်။
ယွင်ထျန်းတာအိုဂိတ်သည် ဤအချင်းမိုင်တစ်သိန်းဧရိယာထဲမှာ အင်အားအကြီးမားဆုံး ဂိုဏ်းဖြစ်သည်။ ၎င်းက တခြားဂိုဏ်းအသီးသီးမှ တပည့်များကို ကောင်းကင်ဘုံစစ်ပွဲဆီ စေလွှတ်ပေးရန် တာဝန်ယူထားသည်။
အတိတ်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက တပည့်သုံးရာထက်ပို၍ တစ်ခါမှ မစေလွှတ်ခဲ့ဖူးပေ။ သို့သော်လည်း ဤတစ်ကြိမ်တွင် တောင်းဆိုမှုက ဆယ်ဆမြင့်တတ်သွားသည်။
“ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က ငါတို့ရဲ့ လေဝိညာဉ်ဓားကို ယွင်ထျန်းတာအိုဂိတ်ဆီ ပို့ဆောင်လိုက်လို့ပဲ ”
ရှမင်တန်က အံတင်းတင်းကြိတ်၍ ပြောသည်။
လေဝိညာဉ်ဓား… ။
ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အထွတ်အမြတ်ရတနာ ဖြစ်သည်။
ထိုဓားက အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းမှ ဆင်းသက်လာသော အမွေအနှစ်တစ်ခု ဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် ကောင်းကင်အသင်္ချေဓားဂိုဏ်းက ထိုဓားကို အပြင်လောကသို့ မထုတ်ပြခဲ့ပေ။
သို့သော်လည်း ကံမကောင်းသည်မှာ သစ္စာဖောက်ယုချန်းလင်က ဓားပျိုးထောင်ခြင်းတဲအိမ်ထဲသို့ ဝင်ရောက်ပြီး အကြီးအကဲစွန်းဟုန်ကို လုပ်ကြံကာ လေဝိညာဉ်ဓားကို ယူဆောင်သွားခဲ့သည်။
“ ယုချန်းလင်က လေဝိညာဉ်ဓားကို ယွင်ထျန်းတာအိုဂိတ်ဆီ ပို့ဆောင်လိုက်တာလား ”
ခန်းဆောင်ထဲမှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“ ငါတို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကနေ ဆင်းသက်လာတဲ့ ဂိုဏ်းတစ်ခုပဲ… အတိတ်မှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက အင်အားစုအသီးသီးရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့် ဓားဂိုဏ်း(၃၆)ဂိုဏ်းအဖြစ် ကွဲထွက်သွားခဲ့တယ် ”
ရှမင်တန်က ခေါင်းယမ်းလိုက်ပြီး ပြောသည်။
“ မိုင်တစ်သန်းကျယ်ပြောတဲ့ ဒီဧရိယာအတွင်းမှာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းကနေ ဆင်းသက်လာတဲ့ ဂိုဏ်းကြီးနှစ်ဂိုဏ်းရှိတယ်… အဲ့ဒီထဲက ဂိုဏ်းတစ်ဂိုဏ်းက ယွင်ထျန်းတာအိုဂိတ်နဲ့ ရန်ငြိုးရှိတယ်… မင်းပြောကြည့်… ယွင်ထျန်းတာအိုဂိတ်က ငါတို့ကို ခွင့်လွှတ်ပေးလိမ့်မလား ”
စိတ်ပျက်မှုက ရှမင်တန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယွင်ထျန်းတာအိုဂိတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်မည်ဆိုလျှင် မည်သူက သူတို့ကို တားဆီဝံ့မည်နည်း။
အဓိကခန်းဆောင်က တိတ်ဆိတ်သွားသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ထိုသို့ကပ်ဘေးတစ်ခုက စောင့်ကြိုနေကြောင်း မည်သူက မျှော်လင့်ထားမည်နည်း။
“ တကယ်လို့ ဒီတစ်ကြိမ်မှာ လစန္ဒာတောင်ထွတ်က ဂိုဏ်းအသီးသီးရဲ့ စုပေါင်းတိုက်ခိုက်မှုကို မတောင့်ခံနိုင်တော့ဘူးဆိုရင် ဂိုဏ်းကို ဖျက်သိမ်းလိုက်တာက မဆိုးဘူး ”
တစ်စုံတစ်ယောက်က တိုးညင်းစွာ ပြောသည်။ ထို့နောက် သူက အနောက်လှည့်၍ အပြင်သို့ ထွက်သွားသည်။
ခန်းဆောင်ထဲမှ တခြားလူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြသည်။
ခန်းဆောင်၏ အပေါ်ဆုံးနေရာမှာ ထိုင်နေသော ရှမင်တန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ဓားအကျဉ်းထောင်ပုံရိပ်က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထိုနေရာမှာ ပုံရိပ်အများအပြားက ထိုင်နေကြသည်။
ဓားအကျဉ်းထောင်… ။
“ ဟွန့်… ကောင်းကင်ဘုံစစ်ပွဲမှာ ငါတို့အသက်ရှင်နိုင်မယ်ဆိုရင် ကောင်းကင်အသင်္ချေဓားဂိုဏ်း ပြိုကွဲသွားမယ်ဆိုရင်တောင် ဘာအရေးလဲ ”
“ ဒီတစ်ကြိမ်က ထျန်းရှောင်ဓားနယ်မြေအတွက် တိုက်ခိုက်ရမှာ… အဲ့ဒါက အစွမ်းထက် ကမ္ဘာတစ်ခုပဲ… ဘယ်သူက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ ပို့ရဲမှာလဲ ”
“ ငါရှမင်တန်က သေရမှာကို မကြောက်ဘူး… ယွင်ရှန်းနဲ့ တခြားလူတွေ အသက်ရှင်နိုင်သရွေ့… ”