အခန်း (၁၅၉၀)
Vol. 114 Ch. 1590
ထျန်းလေတောင်တန်း… ။
အကာအကွယ်ဝင်္ကပါ၏ အရှေ့တွင် စုကြွယ်ရှန့်က ရိုသေလေးစားသော အမူအရာဖြင့် မတ်တတ်ရပ်နေပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ သူ၏ အတွေ့အကြုံများကို ပြန်ပြောပြသည်။
“ တောင်ထွတ်အရှင်သခင်ဟန်… အဲ့ဒီရှမင်တန်က ထင်သလောက်လည်း မဟုတ်ပါဘူး… သူက အရှင်အာရုံစိုက်ဖို့ မထိုက်တန်ပါဘူး ”
စုကြွယ်ရှန့်က သူ့အရှေ့မှ မြူခိုးထုကို ကြည့်လိုက်ပြီး ယုံကြည်ချက်ရှိစွာ ပြောသည်။
“ တကယ်လို့ ကျွန်တော်သာ အလေးအနက်ထားမယ်ဆိုရင် သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ပါတယ် ”
သူ၏ စကားသံ ပျံ့လွင့်သွားသည်နှင့် သူ့အရှေ့မှ မြူခိုးထုက တုန်ယင်သွားပြီး သုံးပေရှည်လျားသော အနက်ရောင်ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။
ဓားအလင်းက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ ဓားက သူ၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာသည်။
စုကြွယ်ရှန့်၏ စကားက ရပ်တန့်သွားသည်။ သူက အမြန်လက်မြှောက်လိုက်ပြီး သူ၏ လက်ထဲမှ ဓားဖြင့် ခုခံတားဆီးလိုက်သည်။
ထိုဓားကို သူမှတ်မိသည်။ ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အဓိကခန်းဆောင်ထဲတွင် ရှမင်တန် အသုံးပြုခဲ့သော ဓားနှင့် တစ်ပုံစံတည်း တူညီသည်။
ပေသုံးဆယ်ရှည်လျားသော ဓားအလင်းက အောက်သို့ ဆင်းသက်လာစဉ် ကျယ်လောင်သော မြည်ဟိန်းသံက ဓားအနောက်မှ လိုက်ပါလာသည်။
ဓားတစ်ချက်အောက်မှာ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များက ပရမ်းပတာ လှုပ်ခါသွားသည်။
စုကြွယ်ရှန့်၏ သုံးပေရှည်လျားသော ဓားက ထိုဓားဖျားနှင့် တွေ့ဆုံသွားသည့်အခါ သူ၏ အမူအရာက ချက်ချင်း ပျက်ယွင်းသွားသည်။ သူ၏ မျက်နှာပေါ်မှာ အကြောက်တရားဖြင့် ပြည့်နှက်သွားသည်။
ထိုဓားဖျားထဲမှာ ကိန်းအောင်းနေသော စွမ်းအားက မိုးမြေကို ဖျက်ဆီးပစ်နိုင်ဟန် ရ၏။ ယင်းက သူ၏ ဦးခေါင်းပေါ်သို့ တန်းမတ်စွာ ကျဆင်းလာလေရာ သူ၏ ခုခံနိုင်စွမ်းအားလုံးက အလွယ်တကူ ကျိုးပျက်သွားသည်။
ယင်းက ရှမင်တန်အသုံးပြုခဲ့သော ဓားချက်နှင့် အတူတူသာ ဖြစ်၏။ သို့တိုင် မည်သို့ကြောင့် ယင်းကို သူမခုခံနိုင်ရသနည်း။
ဓားဖျားပေါ်မှ အေးစက်စက် ဓားဆန္ဒက သူ၏ ခန္ဓာကိုယ်ကို နှစ်ခြမ်းခွဲပစ်နိုင်ဟန် ရ၏။
ထိုသို့အစွမ်းထက်ဓားဖြင့် ရင်ဆိုင်ရသောအခါ စုကြွယ်ရှန့်၏ တိုက်ပွဲစွမ်းအားက အချည်းနှီးဖြစ်သွားသည်။
ဓားဖျားက သူ့အပေါ်သို့ ကျဆင်းလာနေသည်ကို မြင်သောအခါ စုကြွယ်ရှန့်၏ မျက်နှာပေါ်မှာ ကူကယ်ရာမဲ့သော အမူအရာ ထွက်ပေါ်လာသည်။
“ ဝီး ”
ပေသုံးဆယ်ရှည်လျားသော ဓားအလင်းက တုန်ယင်သွားသည်။ ဓားဖျားက စုကြွယ်ရှန့်၏ ဦးခေါင်းပေါ်သို့ ကျရောက်တော့မည့်အချိန် ရုတ်တရက် ပျောက်ကွယ်သွားသည်။
မြူခိုးအလွှာထဲတွင် ဟန်မူယဲ့၏ ပုံရိပ်က ထွက်ပေါ်လာသည်။
“ အဲ့ဒီဓားထဲကို တာအိုငြိမ်းသတ်ခြင်းအဆင့် စွမ်းအားနည်းနည်းပဲ ထည့်သွင်းထားတာတောင် မင်းက မခုခံနိုင်ဘူး… တကယ်လို့ ရှမင်တန်က ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးရဲ့ အကာအကွယ်ဝင်္ကပါစွမ်းအားကို ချေးငှားလိုက်မယ်ဆိုရင် သူက ကနဦးမူလအဆင့် ကျင့်ကြံသူကိုတောင် တိုက်ခိုက်နိုင်တယ်… သူ့ကို မင်းသတ်နိုင်မယ်လို့ တကယ်ထင်နေတာလား ”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
စုကြွယ်ရှန့်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ မျက်နှာက သုန်မှုန်သွားသည်။
သူက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ဂိုဏ်းတစ်ဂိုဏ်း၏ အင်အားကို နက်ရှိုင်းစွာ နားမလည်ပေ။
အကယ်၍ သူသာ ဂိုဏ်းတစ်ဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဆိုလျှင် ရှမင်တန်ကို ထိုမျှအထင်သေးလိမ့်မည် မဟုတ်ချေ။
“ တောင်ထွတ်အရှင်သခင်ဟန်… ကျွန်တော်… ”
ဟန်မူယဲ့ကို မော့ကြည့်လိုက်စဉ် စုကြွယ်ရှန့်၏ မျက်နှာပေါ်မှာ ခံစားချက်အမျိုးမျိုး ရောထွေးနေသော အမူအရာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာလည်း ရှက်ရွံ့သော အရိပ်အယောင်က ထွက်ပေါ်နေသည်။
သူက ဟန်မူယဲ့ပေးအပ်ခဲ့သော တာဝန်ကို ပြီးပြည့်စုံစွာ ထမ်းဆောင်နိုင်ခဲ့သည်ဟု တွေးခဲ့သည်။ သို့သော်လည်း သူမမျှော်လင့်ထားသည်မှာ သူက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ရှမင်တန်၏ တားဆီးခံခဲ့ရသည်။
တစ်ဖက်လူက လှည့်ကွက်တချို့ အသုံးပြုခဲ့ပြီး သူ့အား အစွမ်းကုန်ထုတ်၍ မတိုက်ခိုက်ခဲ့ပေ။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ မြူခိုးထုက လွင့်ပြယ်သွားသည့်အခါ အရေအတွက်များပြားသော အနက်ရောင်ကျောက်ပြားများက ထွက်ပေါ်လာကြသည်။
“ ဘာပဲဖြစ်ဖြစ် အကြွင်းမဲ့ခွန်အားက ရန်သူအားလုံးကို ဖျက်ဆီးပစ်နိုင်တယ် ”
“ မင်းရဲ့ ဓားတာအိုပါရမီက မဆိုးပါဘူး… ဆက်လက် တိုးတတ်ဖို့ အလားအလာရှိတယ် ”
…..
ဆယ်ရက်ကုန်ဆုံးသွားသည်။
ဆယ်ရက်ကြာပြီးနောက်…
ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါက ရုတ်တရက် တုန်ယင်သွားပြီး ပျောက်ကွယ်သွားသည်။
အဝေးတစ်နေရာတွင် အကာအကွယ်ဝင်္ကပါ၏ အပြောင်းအလဲကို အမြဲတမ်း စောင့်ကြည့်နေကြသော ဂိုဏ်းအသီးသီးမှ တပည့်များက မျက်လုံးဝင်းလက်သွားကြပြီး ပျော်ရွှင်သွားကြသည်။
ရှင်းလင်းစွာပင် လစန္ဒာတောင်ထွတ်၏ မဟာပန်သွန်ကျောက်တုံးများက နောက်ဆုံးမှာတော့ ကုန်ဆုံးသွားပြီ ဖြစ်၏။ သို့ဖြစ်၍ သူတို့က အကာအကွယ်ဝင်္ကပါကို ဆက်ပြီး အသက်မသွင်းနိုင်ကြတော့ချေ။
“ ဟွန့်… ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကိုယ့်ကံကြမ္မာကို ကိုယ့်ဘာသာ ဖျက်ဆီးလိုက်တာပဲ… ဒီတစ်ကြိမ်တော့ လစန္ဒာတောင်ထွတ်က လုံးဝ အဆုံးသတ်ပြီ ”
“ ထျန်းလေတောင်တန်းက ငါတို့ကို အချိန်ကြာကြာ မတားဆီးနိုင်ပါဘူး… နောက်ဆုံးတော့ လစန္ဒာတောင်ထွတ်က တပည့်တွေ အသေဆိုးနဲ့ သေဖို့ အချိန်ကျပြီ ”
“ ကိုယ့်လူတို့… ဘာကို စောင့်နေကြတာလဲ ”
မဟာမိတ်တပ်ဖွဲ့အတွင်း၌ စိတ်လှုပ်ရှားသော အော်သံများ ထွက်ပေါ်လာသည်။
သူတို့က ထျန်းလေတောင်တန်း၏ အပြင်ဘက်မှာ လပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့ကြသည်။ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးက သူတို့၏ အရှေ့မှာ တည်ရှိနေသော်လည်း သူတို့က အရှေ့သို့ မချီတတ်နိုင်ကြပေ။
ဂိုဏ်းအသီးသီးသည် ထျန်းလေတောင်တန်းပေါ်တွင် သူတို့၏ ဂိုဏ်းသားအများအပြားကို ဆုံးရှုံးခဲ့ကြသည်။
ယင်းက သူတို့ကို အလွန်ဒေါသထွက်စေသည်။ သို့တိုင် ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါကြောင့် သူတို့က ထိုဒေါသကို မျိုသိပ်ထားကြသည်။
သို့သော် ယနေ့မှာ သူတို့က ထိုဒေါသကို ဖွင့်ထုတ်နိုင်သွားကြသည်။ ယနေ့က လစန္ဒာတောင်ထွတ်မှ တပည့်အားလုံး မြေမြှုပ်ခံရမည့်နေ့ ဖြစ်သည်။
တဲအိမ်အရှေ့မှာ မတ်တတ်ရပ်နေသော ရှောက်လင်းသည် ထျန်းလေတောင်ပေါ်သို့ အမိန့်ပေးစရာမလိုဘဲ ကိုယ့်ဘာသာ ချီတတ်သွားနေကြသော ထိုတပည့်များကို တည်ငြိမ်စွာ ကြည့်နေသည်။ အေးတိအေးစက် အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။
သူ၏ ဘေးတွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ရှုထန်းက တည်ကြည်လေးနက်သော မျက်နှာဖြင့် ရှောက်လင်းကို လှည့်ကြည့်လိုက်သည်။
“ အကြီးအကဲရှောက်လင်း… ယွင်ထျန်းတာအိုဂိတ်က ဆင့်ခေါ်စာကို ထုတ်ပြန်လိုက်ပြီ… ယခုအချိန်မှာ ဘယ်အင်အားစုမှ မတိုက်ခိုက်ရဘူး… ဒီနေ့ ကျုပ်တို့က လစန္ဒာတောင်ထွတ်ကို အမြစ်ဖြတ်သုတ်သင်ပစ်မယ်ဆိုရင် အဲ့ဒါက ကောင်းကင်ဘုံစစ်ပွဲရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေမယ်မဟုတ်ဘူးလား ”
ကောင်းကင်ဘုံစစ်ပွဲ၏ စည်းမျဉ်းများကို ချိုးဖြတ်နိုင်သလား… ။
မဟာပန်သွန်ဘုံတွင် ကောင်းကင်ဘုံစစ်ပွဲက အဓိကကိစ္စကြီးတစ်ခု ဖြစ်သည်။ ဆင့်ခေါ်စာကို ထုတ်ပြန်လိုက်လျှင် မည်သည့်အင်အားစုမှ တိုက်ခိုက်ခွင့်မရှိတော့ပေ။ ယင်းက သံမဏိစည်းမျဉ်းတစ်ခု ဖြစ်သည်။
ရှုထန်း၏ စကားကို ကြားသောအခါ နက်နဲသိမ်မွေ့သော အလင်းက ရှောက်လင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ မင်းပြောတာ မှန်တယ်… ဆင့်ခေါ်စာကို ထုတ်ပြန်လာပြီ… အင်အားစုအသီးသီးက ဘယ်လိုအကြောင်းပြချက်နဲ့မှ တိုက်ခိုက်ခွင့်မရှိဘူး… ဒါပေမဲ့ ဆင့်ခေါ်စာက ငါတို့ရဲ့ လက်ထဲကို ရောက်သေးလို့လား ”
သူက မေးသည်။
“ ဟိုကိုကြည့်… ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဆင့်ခေါ်စာကို သေချာပေါက် ရပြီးလောက်ပြီ… ဒါပေမဲ့ သူတို့က ထျန်းလေတောင်တန်းဆီ ဘယ်သူမှ မစေလွှတ်ခဲ့ဘူး ”
“ ဆိုလိုတာက ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီမှာ တိုက်ပွဲကို ရပ်တန့်ချင်တဲ့ စိတ်ဆန္ဒမရှိဘူး ”
ရှုထန်းက အံ့ဩသွားသည်။ ထို့နောက် ဝမ်းသာပျော်ရွှင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဟား ဟား… ကျုပ်နားလည်ပြီ ”
သူက အားရဝမ်းသာ ပြောသည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက လစန္ဒာတောင်ထွတ်ကို အမြစ်ဖြတ်သုတ်သင်ဖို့ ကျုပ်တို့ကို အသုံးပြုချင်နေတာပဲ ”
သူ၏ စကားဆုံးသွားသည့်အခါ သွေးချီအားလှိုင်းများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ သိပ်သည်းသွားသည်။
အရှေ့သို့ ခြေတစ်လှမ်း သူလှမ်းလိုက်သည်နှင့် သူ၏ ဟိန်းသံက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။
“ ဒီနေ့ ငါ့ရဲ့ သွေးဝိညာဉ်ဂိုဏ်းက ထျန်းလေတောင်တန်းကို မြေလှန်ပစ်မယ် ”
သူက စိတ်ဓာတ်ပြတ်သားစွာ ကြေညာလိုက်သည်။
ရှုထန်းက သွေးဝိညာဉ်ဂိုဏ်းသားများကို ဦးဆောင်၍ ထျန်းလေတောင်တန်းပေါ်သို့ ချီတတ်သွားနေသည်ကို ရှောက်လင်းက အမူအရာကင်းမဲ့စွာ ကြည့်နေသည်။ ထို့နောက် သူက သူ၏ လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
သူ၏ လက်ဖဝါးထဲ၌ အနက်ရောင်တုံကင်တစ်ခုက မှိန်ဖျော့သော အလင်းကို ထုတ်လွှတ်နေသည်။
ယင်းက ကောင်းကင်ဘုံစစ်ပွဲအတွက် ဆင့်ခေါ်အမိန့်ဖြစ်သည်။
သံမဏိဂိုဏ်း၏ ဆင့်ခေါ်အမိန့်က သူ၏ လက်ထဲသို့ အစောကြီးကတည်းက ရောက်ရှိနေပြီးသားဖြစ်သည်။ သို့သော်လည်း ရှောက်လင်းက ထိုအကြောင်းကို ဖုံးကွယ်ထားခဲ့သည်။
“ ညီအကိုယု… ကျုပ်လုပ်နိုင်တာအားလုံးကို လုပ်ပြီးပြီ… ခင်ဗျားရဲ့ ထျန်မင်ဂိုဏ်း ကတိပေးထားတဲ့အရာက ဘယ်မှာလဲ ”
ရှောက်လင်းက ဘေးသို့ ခေါင်းလှည့်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် ပုံရိပ်တစ်ခုက အရှေ့သို့ ထွက်လျှောက်လာသည်။
ထိုလူက အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ကို ရွှေရောင်ကြိုးဖြင့် ဦးခေါင်းအနောက်မှာ ချည်နှောင်ထားသည်။ စိတ်ဓာတ်ပြတ်သားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။
အကယ်၍ အပြင်လူများက ထိုလူကို မြင်သွားမည်ဆိုလျှင် သူတို့က သေချာပေါက် အံ့ဩသွားကြလိမ့်မည်။
ထိုလူက ထျန်မင်ဂိုဏ်းခေါင်းဆောင် ယုချန်းရှန် ဖြစ်သည်။
တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်က ဤနေရာသို့ တိတ်တဆိတ် ရောက်ရှိနေသည်။
ထျန်မင်ဂိုဏ်းသည် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တိုက်ခိုက်မှုကြောင့် လက်ထောက်ဂိုဏ်းခေါင်းဆောင်အပါအဝင် အကြီးအကဲထက်ဝက်ကျော်ကို ဆုံးရှုံးသွားခဲ့သည်။ သို့သော်လည်း ထျန်မင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ယုချန်းရှန်သည် တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ဦး ဖြစ်သည်။
ဤအချင်းမိုင်တစ်သောင်းအတွင်းမှာ သူက ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
အကယ်၍ ထိုပုဂ္ဂိုလ်သာ လှုပ်ရှားမည်ဆိုလျှင် ထျန်းလေတောင်တန်းက အစောကြီးကတည်းက မြေလှန်ခံရလောက်၏။
“ ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ ထျန်းယွင်တာအိုဂိတ်ရဲ့ သခင်လေးဟဲချန်းယန်က ကိုယ်တိုင်ဦးဆောင်လိမ့်မယ် ”
“ ခင်ဗျားက သူ့နောက်ကို လိုက်သွားပါ ”
ယုချန်းရှန်က ပြောသည်။ ထို့နောက် သူက လက်မြှောက်လိုက်လေရာ အနက်ရောင်တုံကင်တစ်ခုက ရှောက်လင်း၏ လက်ထဲသို့ ကျဆင်းသွားသည်။
ထိုကျောက်စိမ်းတုံကင်၏ မျက်နှာပြင်ပေါ်တွင် “ ဟဲ ”ဟူသော စာလုံးကို ရေးထွင်းထားသည်။
သူ၏ လက်ထဲမှ ကျောက်စိမ်းတုံကင်ကို မြင်သွားသောအခါ ရှောက်လင်းက အံ့ဩသွားသည်။
“ အန္တိမတာအိုအဆင့်ကို တတ်လှမ်းသွားပြီဖြစ်တဲ့ ယွင်ထျန်းတာအိုဂိတ်က သခင်လေးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သခင်လေးဟဲချန်းယန်လား ”
သူက အံ့ဩစွာ ရေရွတ်လိုက်သည်။
ဤအချင်းမိုင်တစ်သိန်းဧရိယာထဲတွင် လူနှစ်ယောက်သာလျှင် ကနဦးမူလအဆင့်သို့ ရောက်ရှိထားကြသည်။ တစ်ယောက်က ယွင်ထျန်းတာအိုဂိတ်၏ အရှင်သခင်ဖြစ်ပြီး အခြားတစ်ယောက်က ဓားဂိုဏ်းတစ်ခု၏ မဟာအကြီးအကဲဖြစ်သည်။
ကနဦးမူလအဆင့်အောက်မှာ အစွမ်းထက်ဆုံးက အန္တိမတာအဆိုအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤအချင်းမိုင်တစ်သိန်းဧရိယာအတွင်းမှာ အန္တိမတာအိုအဆင့် ကျင့်ကြံသူများက အလွန်ရှားပါးသည်။
ဟဲချန်းယန်က ယွင်ထျန်းတာအိုဂိတ်၏ သခင်လေးတစ်ယောက်ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် အန္တိမတာအိုအဆင့်သို့ တတ်လှမ်းနိုင်ခဲ့လေရာ သူက အနာဂတ်မှာ နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်လာလိမ့်မည်။
ထိုသို့ပုဂ္ဂိုလ်နောက်သို့ လိုက်မည်ဆိုလျှင် ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ ရှောက်လင်း၏ အသက်ရှင်နိုင်ခြေက သေချာပေါက် မြင့်မားလိမ့်မည်။ အကယ်၍ သူက ဟဲချန်းယန်၏ အာရုံကို ဖမ်းစားနိုင်မည်ဆိုလျှင် ခြေတစ်လှမ်းတည်းဖြင့် အမြင့်သို့ တတ်လှမ်းသွားနိုင်လိမ့်မည်။
“ ညီအကိုယု… မင်းတို့ထျန်မင်ဂိုဏ်း ဘာကို ကြံစည်နေလဲ ငါမသိဘူး… ဒါပေမဲ့ ဒီအပေးအယူကို ငါအရမ်း စိတ်ကျေနပ်တယ် ”
ရှောက်လင်းက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းတုံကင်ကို သိမ်းဆည်းလိုက်ပြီး အနောက်လှည့်၍ ထွက်သွားသည်။
အစမှအဆုံးအထိ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်က ကောင်းကင်ဘုံစစ်ပွဲနှင့်ပတ်သက်သော အကျိုးအမြတ် ဖြစ်သည်။ ကောင်းကင်အသင်္ချေဓားဂိုဏ်းကိုတော့ သူက လုံးဝ ဂရုမစိုက်ချေ။
ထို့ကြောင့် သူက ဤနေရာသို့ ကိုယ်တိုင်ရောက်လာပြီး အချိန်ဆွဲထားခဲ့ခြင်း ဖြစ်၏။
ယခု သူက ဤနေရာမှ ထွက်သွားမည်ဆိုလျှင် ကောင်းကင်ဘုံစစ်ပွဲ၏ စည်းမျဉ်းများကို ချိုးဖြတ်သည်ဟု သတ်မှတ်နိုင်တော့မည် မဟုတ်ချေ။ ရှုထန်းနှင့် တခြားလူများ၏ သေခြင်းရှင်ခြင်းကိုတော့ သူက စိတ်မဝင်စားချ။
အဝေးသို့ ထွက်ခွာသွားသော ရှောက်လင်း၏ နောက်ကျောကို ကြည့်နေစဉ် အေးစက်စက်အလင်းက ယုချန်းရှန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငတုံးကောင်… တာအိုငြိမ်းသတ်ခြင်းအဆင့်ကိုတောင် မဝင်ရောက်ရသေးဘဲနဲ့ ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ အကျိုးအမြတ်ရှာချင်နေတယ်… ဟာသပဲ ”
ယုချန်းရှန်က အထင်သေးရှုံ့ချစွာ ရေရွတ်လိုက်သည်။
ထို့နောက် သူက လျှင်မြန်စွာ ရွေ့လျားလိုက်ပြီး အရှေ့သို့ ပျံသန်းသွားသည်။
သူက လစန္ဒာတောင်ထွတ်မှ တပည့်များ စခန်းချထားသော ထျန်းလေတောင်တန်းဆီသို့ ဦးတည်သွားသည်။
ထိုအခိုက်အတန့်မှာ ထျန်းလေတောင်တန်းထဲတွင်…
စုကြွယ်ရှန့်က ဟန်မူယဲ့၏ အရှေ့မှာ အရိုအသေပေးလိုက်သည်။
“ ဒီနေ့ပြီးသွားရင် ထျန်းလေတောင်တန်းရဲ့ တိုက်ပွဲက အဆုံးသတ်သွားရမယ် ”
သူက ကြေညာလိုက်သည်။
“ လစန္ဒာတောင်ထွတ်ဆီ မင်းဝင်ရောက်နိုင်မလားဆိုတာက ဒီနေ့ မင်းရဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်တယ် ”
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
စုကြွယ်ရှန့်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။
“ ဝီး ”
အလင်းတန်းက တုန်ယင်သွားသည့်အခါ ပေတစ်ရာအတွင်းမှ မူလစွမ်းအားက ဆွဲဆောင်ခံလိုက်ရသည်။
“ လစန္ဒာတောင်ထွတ်ဆီ ကျုပ် စုကြွယ်ရှန့် ဝင်ရောက်နိုင်ဖို့ မင်းတို့ရဲ့ ဦးခေါင်းကို ခဏငှားပါရစေ… ”