အခန်း (၁၅၉၂)
Vol. 114 Ch. 1592
“ ထွက်ပြေးကြ ”
အော်သံ ထွက်ပေါ်လာသည်နှင့် တစ်စုံတစ်ယောက်က အနောက်လှည့်၍ ထွက်ပြေးသည်။
ယင်းက အသက်ဆယ်ခါရှူချိန်မျှသာ မဟုတ်ပါလော။
ထိုအချိန်အတွင်းမှာ သူတို့ထွက်မပြေးနိုင်ဘူးဟု မယုံချေ။
မည်သူက အညံ့ခံချင်မည်နည်း။ အကယ်၍ အညံ့ခံလိုက်မည်ဆိုလျှင် သူတို့၏ အသက်နှင့် ကံကြမ္မာက တခြားလူ၏ လက်ထဲသို့ ကျရောက်သွားလိမ့်မည်။
ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူရာထောင်ချီသည် လူစုခွဲ၍ ထွက်ပြေးကြသည်။ လျှပ်တစ်ပြက်အတွင်းမှာ အလင်းတန်းများက အရပ်မျက်နှာအသီးသီးသို့ ပျံသန်းသွားကြသည်။
“ တောင်ထွတ်အရှင်သခင်ဟန်က ပြောတယ်… တစ်ယောက်လွတ်မြောက်သွားရင်တောင် ငါစုကြွယ်ရှန့်ကို လစန္ဒာတောင်ထွတ်က လက်မခံဘူးတဲ့ ”
“ မင်းတို့က ငါ့ကို နည်းနည်းလေးတောင် မျက်နှာသာမပေးဘူးလား ”
လေထဲမှာ တိုးညင်းသော စကားသံက ပျံ့လွင့်သွားသည်။
မူလက ငြိမ်သက်နေသော ဓားအလင်းက ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ထက်ရှသော ဓားချက်ရာထောင်ချီကို ထုတ်လွှတ်လိုက်သည်။
“ ဝှစ်… ဝှစ်… ”
ဓားအလင်းရောင် ဝင်းလက်သွားသည့်အခါ ထက်ရှသော ဓားချက်များက အရပ်မျက်နှာအသီးသီးဆီသို့ ပြန့်ကျဲသွားသည်။
အသက်လု၍ ထွက်ပြေးနေကြသော ပုံရိပ်များက ဓားအလင်းဖြင့် ပိုင်းဖြတ်ခံလိုက်ကြရသည်။ တာအိုချိုးဖြတ်ခြင်းအဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူများက ဓားအလင်းအောက်မှာ အပိုင်းပိုင်းအစစ ခုတ်ပိုင်းခံလိုက်ကြရသည်။
ဓားတစ်ချက်အောက်မှာ အနည်းဆုံး ကျင့်ကြံသူသုံးရာခန့် အသတ်ခံလိုက်ကြရသည်။ သွေးချီအနှစ်သာရက ပြန့်ကျဲသွားသော သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများထဲမှ ပေါ်လျှိုးလာသည်။
တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်တွင် မူလစွမ်းအားက မီးခိုးရောင်တိုင်လုံးများအဖြစ် သိပ်သည်းသွားပြီး ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ထျန်းလေတောင်တန်း၏ အချင်းမိုင်တစ်ရာဧရိယာအတွင်းမှ ကောင်းကင်က အနီရောင်သို့ ပြောင်းလဲသွားသည်။
တောင်အောက်တွင် ဂိုဏ်းအသီးသီးမှ အစွမ်းထက်ကျင့်ကြံသူများက မျက်နှာမည်းမှောင်သွားကြသည်။ တာအိုချိုးဖြတ်ခြင်းအဆင့်သို့ မရောက်ရှိသေးသော ကျင့်ကြံသူများသည်တော့ ကြောက်လန့်တုန်လှုပ်နေကြသည်။
ယခုအချိန်တွင် လှုပ်ရှားဝံ့သော မည်သူမဆို အသတ်ခံရလိမ့်မည်။
“ တစ်ဆယ် ”
“ ကိုး ”
“ ရှစ် ”
ကောင်းကင်ထက်တွင် ရေတွက်သံက တိုးညင်းစွာ ထွက်ပေါ်လာသည်။
စုကြွယ်ရှန့်က ဓားဆုပ်ကိုင်ထားစဉ် သူ၏ ပုံရိပ်က လေထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားနေသည်။
မြေပြင်ပေါ်တွင် ရှုထန်းက သူ၏ လက်ထဲမှ ဓားမော့ကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူက အံ့တင်းတင်းကြိတ်လိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်… ကျုပ်တို့တွေ အသေအကြေ တိုက်ခိုက်ကြရအောင် ”
“ ဂိုဏ်းခေါင်းဆောင်ရှု ဒီကနေ ထိုးဖောက်ဖို့ ကျုပ်တို့ကို ဦးဆောင်ပေးပါ ”
“ ညီအကိုရှု တစ်ခုခုလုပ်ပါဦး ”
အော်သံများက လူတစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
ရှုထန်းသည် မဟာမိတ်အဖွဲ့၏ အဓိကအကြီးအကဲသုံးယောက်အနက် တစ်ယောက်ဖြစ်သည်။
သူက ဂိုဏ်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်၏။
ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်သည်။
ရှုထန်း… ။
“ အသက်ဆယ်ခါရှူချိန်ပြည့်သွားပြီ… ဒီတော့ မင်းတို့အားလုံး… ”
စကားသံ ထွက်ပေါ်လာသည်နှင့် အစိမ်းရောင်ဓားအလင်းက လေထဲမှာ ဖျတ်ခနဲ ဝင်းလက်သွားသည်။
ထျန်းလေတောင်တန်းပေါ်တွင် ပုံရိပ်တစ်ခုက တိတ်တဆိတ် လှုပ်ရှားလိုက်ပြီး စုကြွယ်ရှန့်ဆီသို့ ပြေးသွားသည်။
စုကြွယ်ရှန့်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး အချင်းဆယ်မိုင်အတွင်းမှ လေက ရေခဲတမျှ အေးစက်သွားသည်။
“ ကျုပ်အညံ့ခံပါတယ် ”
ရှုထန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
စုကြွယ်ရှန့်၏ ပုံရိပ်က ရှုထန်း၏ အနောက်မှာ ထွက်ပေါ်လာပြီး သူ၏ ဓားဖျားက ရှုထန်း၏ နောက်ကျောနှင့် သုံးလက်မအကွာမှာ ရပ်တန့်သွားသည်။
သူက အညံ့ခံလိုက်သည်။
ရှုထန်း၏ အော်သံက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ဆွံ့အသွားစေသည်။
သူက ဒီအတိုင်း အညံ့ခံလိုက်တာလား… ။
ရှုထန်းသည် သာမန်ကျင့်ကြံသူ မဟုတ်ပေ။ သူက သွေးဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။ ထို့ပြင် သူက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လည်း ဟုတ်၏။
ထိုသို့ပုဂ္ဂိုလ်က အလွယ်တကူ အညံ့ခံလိုက်သည်လော။
“ ဂိုဏ်းခေါင်းဆောင်ရှုက အခြေအနေကို ဘယ်လိုကြည့်ရမလဲဆိုတာ ကောင်းကောင်း သိတာပဲ ”
စုကြွယ်ရှန့်က အနည်းငယ် နောင်တရသော လေသံဖြင့် ပြောသည်။ ထို့နောက် သူက ဓားကို ပြန်ရုပ်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
ဓားအလင်းက လေထဲမှာ နောက်တစ်ကြိမ် ဝင်းလက်သွားသည့်အခါ အေးစက်စက်လေက ဓားစက်ဝန်းများအဖြစ် ဖွဲ့စည်းသွားသည်။
နောက်အခိုက်အတန့်မှာ ဓားစက်ဝန်းများက အညံ့မခံသေးသော ကျင့်ကြံသူများထံသို့ ကျဆင်းသွားပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။
“ ကျုပ်အညံ့ခံပါတယ် ”
“ ကျုပ်အညံ့ခံပါတယ် ”
“ ကျုပ်အညံ့ခံပါတယ် ”
အော်သံများက ဆက်တိုက် ထွက်ပေါ်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်က မြေပြင်ပေါ်မှာ အမြန်ဒူးထောက်လိုက်ကြသည်။
ထိုစဉ် စုကြွယ်ရှန့်ထံသို့ ပြေးလာနေသော ပုံရိပ်က လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
စုကြွယ်ရှန့်က အထင်သေးစွာ လှောင်ရယ်လိုက်ပြီး သူ၏ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
ဓားအလင်းက စူးရှတောက်ပသော အလင်းတန်းတစ်ထောင်အဖြစ် ကွဲထွက်သွားပြီး လက်သီးကို တားဆီးလိုက်သည်။
အချင်းပေတစ်ထောင်အတွင်း၌ အေးစက်စက် ဓားအလင်းနှင့် မီးတောက်လက်သီးက ထိပ်တိုက် တွေ့ဆုံသွားသည်။
“ ဘန်း ”
တောက်ပသော ရောင်စဉ်တန်းများက ပေါက်ကွဲမှုအတွင်းမှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ဆီသို့ ပြန့်ကျဲသွားသည်။
စုကြွယ်ရှန့်၏ ပုံရိပ်က အနည်းငယ် တုန်ယင်သွားပြီး သူ၏ ဓားအလင်းက အေးခဲသွားသည်။
အစောနက လက်သီးထိုးလွှတ်ခဲ့သော ပုံရိပ်သည်လည်း ရပ်တန့်သွားသည်။ အံ့ဩသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုလူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့မှာ သာမန်ထက် ပိုပြီးထူထဲသော မျက်ခုံးများ ရှိသည်။ သွေးချီအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးနေပြီး မှိန်ဖျော့သော ဓားအလင်းတစ်ခုကို ဖွဲ့စည်းထားသည်။
“ တာအိုချိုးဖြတ်ခြင်းအဆင့်နဲ့တင် တာအိုငြိမ်းသတ်ခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင်နိုင်တယ်… မင်းက ငါမြင်ဖူးသမျှထဲမှာ အလွန်ရှားပါးတဲ့ ဓားပါရမီရှင်တစ်ယောက်ပဲ ”
ထိုအကြီးအကဲက ပြောသည်။
“ ကောင်းကင်ဘုံစစ်ပွဲထဲမှာ မင်းမသေဖို့ ငါမျှော်လင့်တယ် ”
ထိုသို့ပြောပြီးနောက် အကြီးအကဲက အနောက်လှည့်၍ ထွက်သွားသည်။
“ ဟန်မူယဲ့… ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဆင့်ခေါ်အမိန့်ကို ရရှိပြီးပြီ… လစန္ဒာတောင်ထွတ်က နောက်ထပ် တိုက်ခိုက်စရာမလိုတော့ဘူး ”
“ သုံးနှစ်ကြာပြီးရင် ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ တပည့်သုံးထောင်က ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်ဖို့ ယွင်ထျန်းတာအိုဂိတ်ဆီ သွားရမယ် ”
ကျယ်လောင်သော အော်သံ ပဲ့တင်ထပ်သွားသည့်အခါ မိုးမြေကြားထဲမှ မူလစွမ်းအားက ပရမ်းပတာလှုပ်ခါသွားသည်။
ဟန်မူယဲ့၏ အကြည့်က သူ့ဆီသို့ ပျံသန်းလာသော အနက်ရောင်တုံကင်ပေါ်သို့ ကျရောက်သွားသည်။
ထိုတုံကင်ပေါ်မှာ နက်နဲသိမ်မွေ့သော မှော်သင်္ကေတများကို ရေးထွင်းထားသည်။
ယင်းက မဟာပန်သွန်ဘုံ၏ မိုးမြေနတ်ဘုရားအင်းသင်္ကေတများ ဖြစ်သည်။ ယင်းက မိုးမြေကြားထဲမှ မူလစွမ်းအား၏ စုဝေးမှုပြယုဂ်လည်း ဟုတ်၏။
တစ်စုံတစ်ယောက်သည် ထိုပစ္စည်းကို ဆုပ်ကိုင်ထားမှသာလျှင် မဟာပန်သွန်ဘုံမှ ထွက်ခွာနိုင်လိမ့်မည်။
သို့သော်လည်း ထိုတုံကင်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက မလုံလောက်သောကြောင့် တစ်စုံတစ်ယောက်က မဟာပန်သွန်ဘုံမှ ဝေးရာသို့ မထွက်ခွာနိုင်ပေ။
ဟန်မူယဲ့က တုံကင်ကို သိမ်းဆည်းလိုက်ပြီး သူ၏ အရှေ့သို့ ကြည့်လိုက်သည်။
ထျန်မင်ဂိုဏ်းခေါင်းဆောင် ယုချန်းရှန်က တိုက်ပွဲမှာ သေဆုံးသွားပြီး သူ၏ ဓားမော့က မြေကြီးပေါ်သို့ ပြုတ်ကျနေသည်။
ဟန်မူယဲ့က ဓားမော့ကို ဖမ်းဆုပ်လိုက်ပြီး သူ၏ သွေးချီအမျှင်တန်းတစ်ခုကို ဓားမော့ထဲသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် မြင်ကွင်းများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဝီး ”
သူ၏ ဘေးပတ်ဝန်းကျင်မှ ရွှေရောင်သံကြိုးများက တုန်ယင်သွားသည်။
ကောင်းကင်ဘုံစစ်ပွဲ၊ ဓားဂိုဏ်း(၃၆)ဂိုဏ်း၊ ယွင်ထျန်းတာအိုဂိတ်… ။
ကောင်းကင်ဘုံစစ်ပွဲအတွင်း ထျန်မင်ဂိုဏ်း၏ ဘေးကင်းလုံခြုံမှုအတွက် ဂိုဏ်းခေါင်းဆောင်ယုချန်းရှန်က လေဝိညာဉ်ဓားကို ယွင်ထျန်းတာအိုဂိတ်မှ တစ်စုံတစ်ယောက်ဆီသို့ လွှဲပြောင်းပေးခဲ့သည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း ပစ်မှတ်ထားခံရသည့် အဓိကအကြောင်းအရင်းမှာ လေဝိညာဉ်ဓားက ဓားဂိုဏ်း(၃၆)ဂိုဏ်းမှ ဂိုဏ်းတစ်ဂိုဏ်း၏ အမွေအနှစ်ဖြစ်သောကြောင့် ဖြစ်၏။
ယုချန်းရှန်က ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်သောကြောင့် သူ၏ ဓားမော့ထဲမှ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများက အလွန်များပြားသည်။
သတင်းအချက်အလက်အားလုံးကို ဖမ်းဆုပ်ပြီးသောအခါ ဟန်မူယဲ့က လက်ရှိအခြေအနေကို နားလည်သွားသည်။
ထျန်မင်ဂိုဏ်းဖြစ်စေ သို့မဟုတ် ကောင်းကင်အသင်္ချေဓားဂိုဏ်းဖြစ်စေ သူတို့က ယွင်ထျန်းတာအိုဂိတ်၏ လက်အောက်မှာ တည်ရှိကြသည်။ ယွင်ထျန်းတာအိုဂိတ်သည် ဤအချင်းမိုင်တစ်သိန်းဧရိယာထဲမှာ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။
အနှစ်သုံးရာပြည့်တိုင်း တစ်ကြိမ်ကျင်းပလေ့ရှိသည့် ကောင်းကင်ဘုံစစ်ပွဲသည် ယွင်ထျန်းတာအိုဂိတ်အတွက်တော့ ဂိုဏ်းအသီးသီးမှ အလုံးစုံအင်အားကို လျော့ချပစ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
မည်သည့်ဂိုဏ်းမှ ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ သူတို့၏ အင်အားကို ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ချေ။
ဤတစ်ကြိမ် ကောင်းကင်ဘုံစစ်ပွဲတွင် ထျန်မင်ဂိုဏ်းက လေဝိညာဉ်ဓားနှင့် လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ကို ယွင်ထျန်းတာအိုဂိတ်မှ လက်ရွေးစင်တစ်ယောက်၏ အကာအကွယ်ဖြင့် လဲလှယ်ရန် ရည်ရွယ်ထားသည်။
“ ယန်သခင်လေး… ဟဲချန်းယန် ”
ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။
ပုံရိပ်အများအပြားက ထျန်းလေတောင်ခြေမှ မြန်ဆန်စွာ ချဉ်းကပ်လာနေကြသည်။
“ တောင်ထွတ်အရှင်သခင်ဟန်ကို နှုတ်ဆက်ပါတယ် ”
“ ရှုထန်းက တောင်ထွတ်အရှင်သခင်ဟန်ကို နှုတ်ဆက်ပါတယ် ”
“ အခုကစပြီး ကျုပ်တို့က တောင်ထွတ်အရှင်သခင်ဟန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါမယ် ”
…..
ကောင်းကင်အသင်္ချေတောင်ထွတ်… ။
ဂိုဏ်းခေါင်းဆောင်ရှမင်တန်က အဓိကခန်းဆောင်ထဲမှာ တည်ကြည်လေးနက်စွာ ထိုင်နေပြီး သူ၏ မျက်နှာက မည်းမှောင်နေသည်။
တခြားတောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများသည်လည်း မျက်နှာမကြည်မသာဖြစ်နေကြသည်။
လစန္ဒာတောင်ထွတ်အရှင်သခင်ဟန်မူယဲ့က မဟာမိတ်အဖွဲ့၏ ဝိုင်းရံတိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည့်အပြင် ရန်သူများကိုလည်း တစ်ခါတည်း ဖမ်းဆီးနိုင်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ထျန်မင်ဂိုဏ်းခေါင်းဆောင် ယုချန်းရှန်သည်ပင် ထျန်းလေတောင်တန်းပေါ်မှာ သေဆုံးသွားခဲ့သည်။
ယခု လစန္ဒာတောင်ထွတ်သည် မဟာမိတ်အဖွဲ့ထံမှ အင်အားစုကို သိမ်းပိုက်လိုက်ပြီး တစ်ဟုန်ထိုး အင်အားကြီးမားသွားသည်။ ဤအခိုက်အတန့်မှာ စုစုပေါင်း လူငါးထောင်ကျော်က ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ ချီတတ်လာနေကြသည်။
ထိုသို့အရှိန်အဟုန်ကို ကောင်းကင်အသင်္ချေဓားဂိုဏ်းက မည်သို့တောင့်ခံနိုင်မည်နည်း။
ထျန်မင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယုချန်းရှန်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သော ထိုပုဂ္ဂိုလ်ကို မည်သူက ခုခံတားဆီးနိုင်မည်နည်း။
“ ဂိုဏ်းခေါင်းဆောင်… ကျုပ်တို့… ကျုပ်တို့တော့… ”
အောက်ဘက်မှ အကြီးအကဲတစ်ယောက်က တစ်စုံတစ်ရာ ပြောချင်သော်လည်း သူ့ပါးစပ်မှ ပြောမထွက်ပေ။
အဘယ့်ကြောင့်ဆိုသော် ရှမင်တန်၏ အေးတိအေးစက် အကြည့်က သူ့ထံသို့ ကျရောက်လာသောကြောင့် ဖြစ်၏။
“ စစ်တပ်ကို ဗိုလ်ချုပ်က အုပ်ချုပ်တယ်… ပင်လယ်ကို ကမ်းရိုးတန်းက ကာဆီးတယ်… အဲ့ဒီဟန်မူယဲ့က လူသားတစ်ယောက်ပဲ မဟုတ်ဘူးလား… သူက ကောင်းကင်အသင်္ချေတောင်ထွတ်ကို တိုက်ရိုက် တိုက်ခိုက်ရဲမှာလား ”
အောက်ဘက်တွင် ဝတ်စုံနက်ဝတ် အကြီးအကဲတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။
“ ဟုတ်တယ်… ဂိုဏ်းရဲ့ အကာအကွယ်ဝင်္ကပါကို ကျုပ်တို့တွေ အသက်သွင်းထားမယ်ဆိုရင် ကောင်းကင်အသင်္ချေတောင်ထွတ်ဆီ သူထိုးဖောက်ဝင်နိုင်ပါ့မလား ”
တစ်စုံတစ်ယောက်က ဖော်လံဖားသော အမူအရာဖြင့် အော်ပြောလိုက်သည်။
ဂိုဏ်းခေါင်းဆောင်ရှမင်တန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူစကားပြောတော့မည့်အချိန် ခန်းဆောင်က ရုတ်တရက် တုန်ခါသွားသည်။
“ ဒေါင် ”
“ ဒေါင် ”
“ ဒေါင် ”
ခေါင်းလောင်းမြည်သံက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။
အစွမ်းထက်ရန်သူရောက်လာတာလား… ။
စစ်တပ်လား… ။
လစန္ဒာတောင်ထွတ်ရဲ့ စစ်တပ် ပြန်ရောက်လာပြီလား… ။
ခန်းဆောင်ထဲမှ လူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး အမြန်မတ်တတ်ရပ်လိုက်ကြသည်။
“ ဂိုဏ်းခေါင်းဆောင်… ယုချွယ်တောင်ထွတ်ကို ကျုပ်ကာကွယ်ပါရစေ ”
“ ဂိုဏ်းခေါင်းဆောင်… ထျန်းယွင်တောင်ထွတ်မှာ အရေးကြီးကိစ္စရှိသေးလို့ ကောင်းကင်အသင်္ချေတောင်ထွတ်မှာ ကျုပ်ဆက်မနေနိုင်တော့ဘူး… ကျုပ်ကို သွားခွင့်ပြုပါ ”
“ ဂိုဏ်းခေါင်းဆောင် စိတ်ချပါ… စန်းယန်တောင်ထွတ်ကို ကျုပ်အစွမ်းကုန် ကာကွယ်ပါ့မယ် ”
…..
စက္ကန့်အနည်းငယ်ကြာပြီးနောက် အဓိကခန်းဆောင်က ဗလာဖြစ်လုနီးပါး ရှင်းလင်းသွားသည်။
ရှမင်တန်နှင့် တခြားလူများက အံ့ဩသွားကြသည်။
ယင်းမှာ တိတ်တဆိတ် အနောက်ဆုတ်သွားကြခြင်း ဖြစ်၏။
“ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ပို့ဆောင်ဖို့ လစန္ဒာတောင်ထွတ်က တပည့်တွေ ရောက်လာကြပါပြီ… ကျေးဇူးပြုပြီး ဂိုဏ်းခေါင်းဆောင်က ကြိုဆိုပေးပါ ”
ကျယ်လောင်သော အော်သံက အဝေးမှ ပဲ့တင်ထပ်လာသည်။