အခန်း (၁၅၉၃)
Vol. 114 Ch. 1593
ကော့ဟွား၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ပို့ဆောင်ခြင်း… ။
ယင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရှမင်တန် ပေးခဲ့သော ကတိဖြစ်သည်။
သို့သော် ကတိက ကတိသာ ဖြစ်၏။ ယင်းမှာ ရှမင်တန်က ကော့ဟွား၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ အမှန်တကယ် ပို့ဆောင်ပေးလိမ့်မည်ဟု မဆိုလိုပေ။
ကော့ဟွားသည် ဂိုဏ်းအပေါ် သစ္စာဖောက်သူအဖြစ် စွဲချက်တင်ခံထားရသည်။ သို့ဖြစ်လေရာ မည်သို့ကြောင့် ရှမင်တန်က ကော့ဟွား၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ပို့ဆောင်ပေးနိုင်မည်နည်း။
ကောင်းကင်အသင်္ချေတောင်ထွတ်၏ ဘေးပတ်ဝန်းကျင်တွင် ပုံရိပ်တချို့က ပုန်းလျှိုးကွယ်လျှိုး မတ်တတ်ရပ်နေကြသည်။
သူတို့က အစောနက ထွက်ခွာသွားခဲ့ကြသော တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများဖြစ်ကြသည်။ သူတို့က အဝေးမှာ ပုန်းအောင်းနေ၍ လစန္ဒာတောင်ထွတ်နှင့် ကောင်းကင်အသင်္ချေတောင်ထွတ်ကြားမှ ပဋိပက္ခကို စောင့်ကြည့်ချင်ကြသည်။
“ တကယ်လို့ ကော့ဟွားရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ပို့ဆောင်လိုက်မယ်ဆိုရင် ကောင်းကင်အသင်္ချေတောင်ထွတ်ရဲ့ ဂုဏ်သိက္ခာက ရစရာမရှိအောင် ပျက်စီးသွားလိမ့်မယ်… နောက်ပြီး လစန္ဒာတောင်ထွတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ စစ်မှန်တဲ့အရှင်သခင် ဖြစ်လာလိမ့်မယ် ”
မီရှင်းတောင်ထွတ်ထံမှ အကြီးအကဲယောင်ဟဲချန်းက သူ့ဘေးမှ အဖိုးအိုကို တိုးညင်းစွာ ပြောသည်။
အဖိုးအိုသည် မီရှင်းတောင်ထွတ်အရှင်သခင် ယန်ယွဲ့ထန်မှလွဲ၍ တခြားလူမဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်သည်။
ယောင်ဟဲချန်း၏ စကားကို ကြားသောအခါ ယန်ယွဲ့ထန်က ခေါင်းညိတ်လိုက်သည်။ သူစကားပြောလိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
“ ဘယ်သူပဲ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အုပ်ချုပ်ပါစေ ကိစ္စမရှိဘူး… အရေးကြီးတာက ဂိုဏ်း ဆက်လက် တည်မြဲနိုင်ဖို့ပဲ ”
ဖြစ်နိုင်သည်မှာ ထိုအတွေးက ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံး ယခုအချိန်မှာ တူညီစွာ တွေးနေကြသောအရာ ဖြစ်၏။
ထိုစဉ် အကြည့်များစွာက အဝေးမှ ချဉ်းကပ်လာနေသော မီးခိုးလုံးများနှင့် ဖုန်လုံးများထံသို့ ကျရောက်သွားသည်။
“ ဝူး ”
ကျယ်လောင်သော နှဲသံက လေထဲမှာ ပျံ့လွင့်သွားသည်။
ကော့ဟွား၏ ဓားအရိုးသေတ္တာအား ပွေ့ပိုက်ထားသော ကျောက်မင်ယွင်က အရှေ့ဆုံးမှ ဦးဆောင်နေစဉ် လစန္ဒာတောင်ထွတ်မှ တခြားတပည့်များက သူ့အနောက်မှ လိုက်ပါလာကြသည်။
လစန္ဒာတောင်ထွတ်မှ တပည့်များ၏ အနောက်တွင် မကြာသေးခင်ကမှ အညံ့ခံခဲ့ကြသော မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများက စီတန်းလိုက်ပါလာကြသည်။
ဤအခိုက်အတန့်မှာ သူတို့အားလုံးက လစန္ဒာတောင်ထွတ်၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး စုကြွယ်ရှန့်၏ အနောက်မှ လိုက်လာကြသည်။
ကျင့်ကြံသူငါးထောင်ကျော်သည် ကောင်းကင်အသင်္ချေတောင်ထွတ်၏ ဂိတ်တံခါးအရှေ့မှာ မတ်တတ်ရပ်လိုက်ကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းသည် ဂိုဏ်း၏ အကာအကွယ်ဝင်္ကပါကို အသက်မသွင်းထားချေ။
ကောင်းကင်အသင်္ချေတောင်ထွတ်မှ တပည့်များက ဂိတ်တံခါး၏ အပြင်ဘက်မှာ မတ်တတ်ရပ်လိုက်ကြပြီး လစန္ဒာတောင်ထွတ်မှ တပည့်များ၏ ရောက်ရှိလာမှုကို စောင့်ကြည့်နေကြသည်။
“ ဂိုဏ်းခေါင်းဆောင် ရောက်လာပြီ… ”
အော်သံက တောင်ကြားလမ်းထဲမှ ပဲ့တင်ထပ်လာသည်။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရှမင်တန်က အမြန်ရောက်လာသည်။ သူ၏ ခါးပေါ်တွင် ဓားကို ချိတ်ဆွဲထားသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးမှ မူလစွမ်းအားက သူ၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးသွားသည်။
“ ဟန်မူယဲ့ အရှေ့ထွက်ခဲ့စမ်း ”
ရှမင်တန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ကျောက်မင်ယွင်က ဘေးဖယ်ပေးလိုက်လေရာ ဟန်မူယဲ့က အရှေ့သို့ တည်ငြိမ်စွာ လျှောက်လာသည်။
ရှမင်တန်က ဓားဆွဲထုတ်လိုက်သည့်အခါ သုံးပေရှည်လျားသော ဓားက နူးညံ့သော ပဲ့တင်သံကို ထုတ်လွှတ်လိုက်သည်။
“ ငါ့ရဲ့ ဓားချက်ကို မြည်းကြည့်စမ်း… ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အုပ်ချုပ်ဖို့ မင်းမှာ အရည်အချင်းရှိလား မရှိလား ငါကြည့်မယ် ”
ရှမင်တန်၏ ကျယ်လောင်သော အော်သံက ဘေးပတ်ဝန်းကျင်မှ ချိုင့်ဝှမ်းများနှင့် တောင်တန်းများဆီသို့ ပဲ့တင်ထပ်သွားသည်။ ပြင်းထန်သော အသံလှိုင်းသက်ရောက်မှုအောက်မှာ တိမ်တိုက်များက လွင့်စင်သွားပြီး မြေကြီးက တုန်ယင်သွားသည်။
ငါ့ဓားချက်ကို မြည်းကြည့်စမ်း… ။
ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အုပ်ချုပ်ဖို့ မင်းမှာ အရည်အချင်းရှိလား မရှိလား ငါကြည့်မယ်… ။
ထိုစကားက မရေမတွက်နိုင်သော လူများကို မျက်လုံးပြူးကျယ်သွားစေသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းကို နှစ်ရာပေါင်းများစွာကြာအောင် အုပ်ချုပ်ခဲ့သော ဂိုဏ်းခေါင်းဆောင်ရှမင်တန်က သူ၏ ဂိုဏ်းခေါင်းဆောင်ရာထူးကို တကယ် စွန့်လွှတ်တော့မှာလား။
“ အဲ့ဒါက အခက်ခဲဆုံး ရွေးချယ်မှုဆိုပေမဲ့ ဉာဏ်အရှိဆုံး ရွေးချယ်မှုလည်း ဟုတ်တယ် ”
အဝေးမှ တောင်တန်းများကြားတွင် တစ်စုံတစ်ယောက်က နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
လစန္ဒာတောင်ထွတ်အရှင်သခင်ဟန်မူယဲ့၏ စွမ်းအားက သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး ဤတစ်ကြိမ်တွင် လစန္ဒာတောင်ထွတ်မှ တပည့်များက ကြီးမားသော အရှိန်အဟုန်ဖြင့် အစုလိုက်အပြုံလိုက် ချီတတ်လာကြသည်။ သို့ဖြစ်လေရာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ထိုအရှိန်အဟုန်ကို မည်သို့ခုခံနိုင်လိမ့်မည်နည်း။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဂိုဏ်းခေါင်းဆောင်ရာထူးကို စွန့်လွှတ်ရန် ဖြစ်၏။
သို့သော်လည်း ရှမင်တန်မှာ နောက်ဆုံးအခွင့်အရေး ကျန်ရှိနေသေးသည်။ ယင်းမှာ ဟန်မူယဲ့ကို ဓားတစ်ချက်တည်းဖြင့် အနိုင်ယူပစ်ရန် ဖြစ်၏။
အကယ်၍ ဟန်မူယဲ့က ရှမင်တန်၏ ဓားချက်ကို မခုခံနိုင်ဘူးဆိုလျှင် ဘေးပတ်ဝန်းကျင်မှာ ပုန်းအောင်းနေကြသော တခြားတောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများက ထွက်လာကြပြီး ဟန်မူယဲ့နှင့် လစန္ဒာတောင်ထွတ်မှ တပည့်များကို ဝိုင်းရံတိုက်ခိုက်ကြလိမ့်မည်။
ထို့ကြောင့် ယင်းကို ရှမင်တန်၏ နောက်ဆုံးအလောင်းအစားဟုဆိုလျှင် မမှားချေ။
“ ရွှီး ”
ရှမင်တန်၏ ဓားရှည်က တုန်ယင်သွားပြီး အဆုံးမဲ့သော ဓားအလင်းက ပူပြင်းတောက်ပသော နေလုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အမွေအနှစ်သည် မိုးမြေတာအို၏ ဆင့်ကဲပြောင်းလဲမှုအပေါ်မှာ အဓိကအလေးအနက်ထားသည်။ ဤအခိုက်အတန့်မှာ ရှမင်တန်၏ ဓားချက်က ဓားကျင့်ကြံသူတစ်ယောက်၏ အရှိန်အဟုန်ကို ထုတ်ဖော်လိုက်သည်။
ရှမင်တန်က ထိုဓားချက်ထဲမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံး၏ စွမ်းအားကို ပေါင်းထည့်ထားသည်။ ထိုသို့ဓားချက်ကို ဂိုဏ်းခေါင်းဆောင်ဖြစ်သော ရှမင်တန်တစ်ယောက်သာလျှင် အသုံးပြုနိုင်သည်။
အဝေးတွင် စုကြွယ်ရှန့်က မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ၏ လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ရှမင်တန်၏ လက်ရှိဓားချက်သည် အတိတ်မှာ သူတို့နှစ်ယောက် ယှဉ်ပြိုင်ခဲ့စဉ်အခါထက် အဆပေါင်းအများကြီး ပိုအားကောင်းသည်။
အကယ်၍ ထိုအချိန်တုန်းက ရှမင်တန်သာ ထို့သို့ဓားချက်ကို ထုတ်ဖော်လိုက်မည်ဆိုလျှင် သူက ယင်းကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုအချိန်မှာတော့ အဖြေက ပြောရခက်သွား၏။
ထိုသို့ဓားချက်က တောင်ထွတ်အရှင်သခင်ဟန်၏ အရှေ့မှာ ထိရောက်မှုရှိမည်လော။
“ ကောင်းကင်ဘုံဆီကနေ စွမ်းအားချေးငှားတာလား… ဂိုဏ်းခေါင်းဆောင်ရှမင်တန်က အရည်အချင်းရှိသားပဲ ”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
သူ၏ စကားသံ ဆုံးသွားသည်နှင့် ဓားအလင်းက သူ၏ လက်ထဲမှ ပေါ်လျှိုးထွက်လာသည်။
ဓားအလင်းက တိတ်ဆိတ်အေးချမ်းသော လစန္ဒာအဖြစ် အသွင်ပြောင်းလဲသွားသည်။
လရောင်ခြည်က မြေပြင်ပေါ်သို့ ဖြာကျလာသည့်အခါ အအေးဓာတ်က ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားသည်။
ရှမင်တန်၏ လက်ထဲမှ ဓားအလင်းက လရောင်ခြည်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး ချက်ချင်း လွင့်ပြယ်သွားသည်။
ရှမင်တန်၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားပြီး သူက အနောက်သို့ ဆက်တိုက်ဆုတ်သွားသည်။ သွေးစီးကြောင်းတစ်ခုသည်ပင် သူ၏ ပါးစပ်ထောင့်မှ စီးကျလာသည်။
“ ကောင်းတယ်… ကောင်းတယ်… အတုအယောင်နဲ့ အစစ်အမှန်ကြားက ပြောင်းလဲမှု… ပုံရိပ်ယောင်လစန္ဒာကို အစစ်အမှန်လစန္ဒာအဖြစ် ပြောင်းလဲပစ်တယ်… ဟန်မူယဲ့… မင်းရဲ့ ဓားတာအိုက ငါ့ထက် အများကြီး သာလွန်ပါပေတယ် ”
ရှမင်တန်က ချီးမွမ်းလိုက်သည်။
သူ၏ လေသံထဲမှာ ဆန္ဒမရှိသော အရိပ်အယောင် ပါဝင်နေသော်လည်း သူက အနည်းနှင့်အများ စိတ်သက်သာရာရသွားသည်။
သူက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်ပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကို ဖြန့်လိုက်သည်။ သူ၏ လက်ဖဝါးနှစ်ဖက်ပေါ်တွင် အနက်ရောင်တုံကင်တစ်ခုနှင့် ရွှေရောင်ချိပ်တံဆိပ်တစ်ခု ရှိသည်။
“ ကျုပ် ရှမင်တန်က ဂိုဏ်းရဲ့ အထွတ်အမြတ်ရတနာဖြစ်တဲ့ လေဝိညာဉ်ဓားကို မထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရာထူးအတွက် မသင့်တော်တော့ပါဘူး ”
“ အခု ကျုပ်က ဂိုဏ်းခေါင်းဆောင်အမိန့်တော်နဲ့ ယွင်ထျန်းတာအိုဂိတ်ရဲ့ ဆင့်ခေါ်အမိန့်ကို လစန္ဒာတောင်ထွတ်အရှင်သခင်ဟန်ဆီ လွှဲပြောင်းပေးပါမယ် ”
“ တောင်ထွတ်အရှင်သခင်ဟန်က ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဆက်လက် ဖွင့်ဖြိုးတိုးတတ်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ် ”
ထိုသို့ပြောပြီးနောက် ရှမင်တန်က ရွှေရောင်ချိပ်တံဆိပ်နှင့် အနက်ရောင်တုံကင်ကို ဟန်မူယဲ့ထံသို့ ပစ်ပေးလိုက်သည်။
ထို့နောက် သူက အနောက်လှည့်၍ ထွက်သွားသည်။
“ တံခါးပိတ်ကျင့်ကြံဖို့အတွက် ဓားအကျဉ်းထောင်ဆီ ကျုပ်သွားပြီး ဂိုဏ်းကို ကာကွယ်စောင့်ကြပ်ပါမယ်… ဂိုဏ်းက မဟာကပ်ဘေးတစ်ခုနဲ့ မတွေ့ဆုံသရွေ့ ကျုပ်ပြန်မထွက်လာပါဘူး ”
ဂိုဏ်းက မဟာကပ်ဘေးနဲ့ မတွေ့ဆုံသရွေ့ ပြန်မထွက်လာဘူးလား… ။
ထိုစကားက လူအများအပြားကို အံ့ဩသွားစေသည်။
“ ဘယ်လောက်ဉာဏ်များလိုက်တဲ့ အဖိုးကြီးလဲ ”
ယောင်ဟဲချန်းက ရှမင်တန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ ကောင်းကင်ဘုံစစ်ပွဲက ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် ဖြေရှင်းရမလွယ်တဲ့ ပြဿနာကြီးတစ်ခု ဖြစ်တယ်… တကယ်လို့ ဂိုဏ်းက စစ်ပွဲအတွင်းမှာ ကြီးကြီးမားမား အင်အားဆုတ်ယုတ်သွားမယ်ဆိုရင် အဲ့ဒါက မဟာကပ်ဘေးတစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလား… အဲ့ဒီအခါကျရင် ငါတို့က ဓားအကျဉ်းထောင်ကနေ သူပြန်ထွက်လာဖို့ တောင်းဆိုရမှာလား ”
ရှင်းလင်းစွာပင် ယင်းက အရှေ့တတ်ရန် အနောက်သို့ တစ်လှမ်းဆုတ်လိုက်သော နည်းဗျူဟာ ဖြစ်သည်။ သူက တာဝန်အားလုံးကို ဟန်မူယဲ့၏ ပခုံးပေါ် လွှဲပြောင်းပေးသွားခြင်း ဖြစ်သည်။
အကယ်၍ ဟန်မူယဲ့က ယင်းကို လက်မခံလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို သူအုပ်ချုပ်နိုင်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ဟန်မူယဲ့က လက်ခံလိုက်မည်ဆိုလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံး၏ ပြဿနာက သူ၏ ပခုံးပေါ်သို့ ကျရောက်လာလိမ့်မည်။
စိတ်ခံစားမှုအမျိုးမျိုး ပါဝင်နေသော လူတိုင်း၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည်။
ဟန်မူယဲ့က ရွှေရောင်ချိပ်တံဆိပ်နှင့် အနက်ရောင်တုံကင်ကို ဆုပ်ကိုင်လိုက်ပြီး မထူးမခြားနား ပြောသည်။
“ ဂိုဏ်းခေါင်းဆောင်အနေနဲ့ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ကျုပ်ပို့ဆောင်ပေးမယ် ”
“ တောင်ထွတ်အရှင်သခင်အားလုံးနဲ့ အကြီးအကဲအားလုံး အမြန်ထွက်လာကြပြီး ဓားအရိုးကို လိုက်ပို့ဆောင်မယ် ”
ဂိုဏ်းခေါင်းဆောင်အဖြစ် ဆောင်ရွက်မည်လော။
ယင်းမှာ ဂိုဏ်းခေါင်းဆောင်၏ ရွှေရောင်ချိပ်တံဆိပ်ကို ဟန်မူယဲ့ လက်ခံပြီးနောက် ပထမဆုံး ထုတ်ပြန်လိုက်သော အမိန့်ဖြစ်သည်။
အဝေးမှ စောင့်ကြည့်နေကြသော တောင်ထွတ်အရှင်သခင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ဂိတ်တံခါးဆီသို့ အမြန်ပြေးသွားကြသည်။
ဤအခိုက်အတန့်မှာ မည်သူမှ အမိန့်မနာခံဝံ့ချေ။
သူတို့က ကော့ဟွား၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ကိန်းကြီးခန်းကြီးဖြင့် လိုက်ပို့ဆောင်ကြသည်။
ကော့ဟွား၏ ဓားအရိုးသေတ္တာအား ပွေ့ပိုက်ထားသော ကျောက်မင်ယွင်၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။
လစန္ဒာတောင်ထွတ်မှ တခြားတပည့်များသည်လည်း ဝမ်းသာပျော်ရွှင်နေကြသည်။
ယနေ့သည် လစန္ဒာတောင်ထွတ်မှ တပည့်အားလုံးအတွက် ဂုဏ်အယူရဆုံး အခိုက်အတန့် ဖြစ်သည်။
“ တပည့်ကျောက်မင်ယွင်က ဆရာကော့ဟွားရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ပို့ဆောင်ပါတယ် ”
ကျယ်လောင်သော အော်သံက အစိမ်းရောင်တဲအိမ်တစ်လုံး၏ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
ဓားသေတ္တာကို ပွေ့ပိုက်ထားသော ကျောက်မင်ယွင်သည် ဓားပျိုးထောင်ခြင်းတဲအိမ်ထဲသို့ လျှောက်သွားသည်။ ဟန်မူယဲ့သည်လည်း တဲအိမ်ထဲသို့ ဝင်သွားသည်။
အတိတ်မှာ သူက ဤနေရာမှာ ဓားတစ်လက်အသွင်ဖြင့် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ဖူးသည်။
ဓားအရိုးက ဓားပျိုးထောင်ခြင်းတဲအိမ်ထဲသို့ ဝင်ရောက်သွားစဉ် ဟန်မူယဲ့က မြေကြီးပေါ်မှာ ထောင်မတ်နေကြသော ဓားများ၏ အရှေ့မှာ ရပ်လိုက်သည်။
“ တောင်ထွတ်အရှင်သခင်… မှားလို့… ဂိုဏ်းခေါင်းဆောင်ခင်ဗျာ ”
လစန္ဒာတောင်ထွတ်၏ အကြီးအကဲတုချန်းသည် အခက်ကြုံနေသော အမူအရာဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက လက်ရှိမှာ အတော်လေး အားနည်းနေပါတယ်… တကယ်လို့ ကျုပ်တို့က ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်မယ်ဆိုရင် တပည့်အများစုက အသက်ရှင်လျက် ပြန်မလာနိုင်မှာ ကျုပ်စိုးရိမ်ပါတယ် ”
သူက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။
“ ဒါ့အပြင် ယွင်ထျန်းတာအိုဂိတ်က တပည့်သုံးထောင်ကိုပဲ ဆင့်ခေါ်ခဲ့တာ မဟုတ်ပါဘူး… သူတို့က မဟာပန်သွန်ကျောက်တုံးငါးသောင်းကိုလည်း တောင်းဆိုခဲ့ပါတယ်… ကျုပ်တို့က အဲ့ဒါကို ဘယ်လိုလုပ်ပေးနိုင်မှာလဲ ”
မဟာပန်သွန်ကျောက်တုံးငါးသောင်းကို မဆိုထားနှင့် သူတို့၏ လစန္ဒာတောင်ထွတ်မှာပင် မဟာပန်သွန်ကျောက်တုံးသုံးထောင် မရှိပေ။
ယခု ဟန်မူယဲ့က ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးကို တာဝန်ယူထားလေရာ ထိုမဟာပန်သွန်ကျောက်တုံးငါးသောင်းကို မည်သည့်နေရာမှ သူရှာဖွေနိုင်မည်နည်း။
အရေးကြီးသည်မှာ ကောင်းကင်ဘုံစစ်ပွဲ စတင်တော့မည်ဖြစ်သောကြောင့် အင်အားစုများကြား၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားလေရာ သူတို့သည် တခြားအင်အားစုများထံမှ မဟာပန်သွန်ကျောက်တုံးများကို မလုယက်နိုင်ပေ။
“ မဟာပန်သွန်ကျောက်တုံးငါးသောင်းလား ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး ဓားပျိုးထောင်ခြင်းတဲအိမ်ထဲ၌ မြှုပ်နှံထားသော ဓားများကို ညွှန်ပြလိုက်သည်။
“ အဲ့ဒီဓားတွေကို မဟာပန်သွန်ကျောက်တုံးတွေကနေ ဖန်တီးထားတာ မဟုတ်ဘူးလား ”
“ အဲ့ဒါတွေကို ရောင်းပစ်လိုက်ပါ ”