အခန်း (၁၅၉၄)
Vol. 114 Ch. 1594
ဓားတွေကို ရောင်းရမယ်… ။
စိတ်ရှုပ်ထွေးသော အမူအရာက တုချန်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဓားပျိုးထောင်ခြင်းတဲအိမ်မှ ဓားအားလုံးသည် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တန်ဖိုးကြီးရတနာများ ဖြစ်ကြသည်။ ဓားတစ်လက်စီက နာမည်ကျော်ကြားကြသည်။
ထိုဓားများကို မည်သို့ကြောင့် ရောင်းချနိုင်မည်နည်း။
ယင်းက ဂိုဏ်း၏ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည်။
ဟန်မူယဲ့က တုချန်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသော အလင်းရောင် ထွက်ပေါ်လာသည်။
“ အကြီးအကဲတု… ခင်ဗျားက မဟာပန်သွန်ကျောက်တုံးငါးသောင်း ထုတ်ပေးနိုင်လို့လား ”
တုချန်းက တုန်ယင်သွားပြီး ခေါင်းခါလိုက်သည်။
မဟာပန်သွန်ကျောက်တုံးငါးသောင်းကို မဆိုထားနှင့် မဟာပန်သွန်ကျောက်တုံးငါးရာကိုပင် သူမထုတ်ပေးနိုင်ပေ။
“ ဂိုဏ်းခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ”
တုချန်းက အမြန်အရိုအသေပေးလိုက်သည်။
ထိုကိစ္စအတွက်ဖြင့် ဂိုဏ်းခေါင်းဆောင်၏ အမျက်ရှခံရခြင်းက မထိုက်တန်ပေ။ သို့မဟုတ်လျှင် သူက ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်သွားလိမ့်မည်။
အကယ်၍ ဂိုဏ်းခေါင်းဆောင်က ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားအားလုံးကို ရောင်းချချင်သည်ဆိုလျှင် သူက ထိုအတိုင်း လိုက်လံဆောင်ရွက်လိမ့်မည်။
မည်သို့ဖြစ်ပါစေ ထိုဓားများက သူ့ပစ္စည်းများ မဟုတ်ပေ။
“ အကြီးအကဲတုက အခြေအနေကို နားလည်သားပဲ… ဒါဆိုရင် ဒီတာဝန်ကို ခင်ဗျားဆီ လွှဲပြောင်းပေးလိုက်မယ် ”
“ ပြီးတော့ တစ်လအတွင်း တခြားဂိုဏ်းအသီးသီးကလူတွေ ဓားဝယ်ဖို့ ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ရောက်လာတာကို ကျုပ်မြင်ချင်တယ် ”
ဟန်မူယဲ့က လေးနက်စွာ ပြောသည်။
တုချန်း၏ ခန္ဓာကိုယ်က ထပ်မံတုန်ယင်သွားသည်။ သူက မျက်နှာတည်ကြည်သွားပြီး ခေါင်းညိတ်လိုက်သည်။
ကြည့်ရသည်မှာ သူက ထောက်ချောက်ထဲသို့ ကျဆင်းသွားဟန် ရ၏။
…..
ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို ရောင်းချခြင်းက ဂိုဏ်းအတွင်း ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဟန်မူယဲ့ သိသော်လည်း ယင်းကို အရေးမစိုက်ပေ။ သူက မြေကြီးပေါ်မှာ ပြန့်ကျဲနေသော ဓားများကြားမှာ တိတ်တဆိတ် လမ်းလျှောက်လိုက်သည်။
ဓားဆန္ဒနှင့် ဓားချီက ပေါင်းစပ်သွားပြီး မူလစွမ်းအားက လှုပ်ခတ်သွားသည်။
ဟန်မူယဲ့ရောက်လာသည့်အခါ ဓားအားလုံးက တိုးညင်းသော ပဲ့တင်သံကို ထုတ်လွှတ်လိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က ဟန်မူယဲ့ကို ကြိုဆိုနေကြသည့်အလားပင်။
သူက အတိတ်မှာ ဓားတစ်လက်အသွင်ဖြင့် ဤနေရာမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသည်။ သို့ဖြစ်၍ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားအများစုကို သူရင်းနှီးသည်။
ယင်းက ဝိညာဉ်ဓားများကြားမှ ရင်းနှီးမှုဖြစ်သည်။
“ ငါ့မိတ်ဆွေတွေ… မတွေ့တာကြာပြီ… ”
ဟန်မူယဲ့က တိုးညင်းစွာ ရေရွတ်လိုက်သည့်အခါ ဓားအလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
သူက ဓားတစ်လက်ကို ညင်သာစွာ ပွတ်သပ်လိုက်လေရာ ဓားက တုန်ယင်သွားပြီး ၎င်း၏ မှတ်ဉာဏ်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ထိုဓား၏ ပိုင်ရှင်က လွန်ခဲ့သော အနှစ်သုံးသောင်းမှ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူက ကနဦးမူလအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသည်။ ဓားထဲမှာ မူလစွမ်းအား၏ စစ်မှန်သော စိတ်ဆန္ဒတစ်ခုလည်း ရှိ၏။
မှတ်ဉာဏ်များထဲတွင် လွန်ခဲ့သော အနှစ်သုံးသောင်းမှ ထိုပညာရှင်သည် မိုင်တစ်သိန်းအကွာအဝေးကို ခရီးနှင်၍ အစွမ်းထက်ပုဂ္ဂိုလ်အများအပြားနှင့် တိုက်ခိုက်ခဲ့သည်။
ဤဓားထဲမှာ ထိုခေတ်မှ ဓားတာအိုအမွေအနှစ်များနှင့် ဓားဂိုဏ်း(၃၆)ဂိုဏ်း၏ ဓားတာအိုအမွေအနှစ်များက ပါဝင်နေသည်။
ကျန်းကောင်းကင်ဘုံဓားဂိုဏ်း… ။
အတိတ်မှာ ယင်းကို ကောင်းကင်ဘုံဓားဂိုဏ်းဟု ခေါ်ဆိုကြသည်။ အစတွင် ကောင်းကင်ဘုံဓားဂိုဏ်းသည် ဓားတာအိုကို အသုံးပြု၍ မဟာပန်သွန်ဘုံ၏ မူလစွမ်းအားကို တည်မြဲစေရန် ရည်ရွယ်ခဲ့သည်။
နောက်ပိုင်းတွင် မဟာပန်သွန်ဘုံက ပိုပြီးအားကောင်းလာသည့်အခါ ကောင်းကင်ဘုံဓားဂိုဏ်းက မောက်မာမထောင်လွှားဝံ့တော့ချေ။ ထို့ကြောင့် ဂိုဏ်း၏ နာမည်မှာ ကျန်းဟူသော စကားလုံးကို ထည့်သွင်းလိုက်သည်။
“ ကျန်း ”က မိုးမြေ၏ လွဲမှားနေသော အယူအဆများကို ပြန်တည့်မတ်ပေးရန် ရည်ရွယ်သည်။ သို့သော်လည်း ထိုသို့ဂိုဏ်းက မိုးမြေ၏ အမျက်ဒေါသကို မလွဲဧကန် တွေ့ကြုံခဲ့ရသည်။
ကောင်းကင်ဘုံစစ်ပွဲစတင်သည့်အချိန်မှာ မဟာကပ်ဘေးတစ်ခုက ကျန်းကောင်းကင်ဘုံဓားဂိုဏ်းထံသို့ ကျရောက်လာသည်။ ဂိုဏ်းထဲမှ ထိပ်တန်းပညာရှင်ဒါဇင်ခန့်သည် မဟာပန်သွန်ဘုံ၏ အပြင်ဘက်မှာ ကူကယ်ရာမဲ့သွားကြပြီး ပြန်ရောက်မလာကြချေ။
ထိပ်တန်းပညာရှင်များ မရှိတော့သည့်အခါ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းက အင်အားစုအသီးသီး၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို တွေ့ကြုံခဲ့ရသည်။ နောက်ပိုင်းမှာ ဂိုဏ်းက ဖျက်သိမ်းခံလိုက်ရပြီး ဓားဂိုဏ်း(၃၆)ဂိုဏ်းအဖြစ် ကွဲထွက်သွားသည်။
သို့တိုင်အောင် ထိုဓားဂိုဏ်း(၃၆)ဂိုဏ်းက အလွန်သန်မာနေကြဆဲပင်။ အင်အားစုအများအပြားက သူတို့ကို မနာလိုသောကြောင့် ပူးပေါင်းတိုက်ခိုက်ရန် တိတ်တဆိတ် မဟာမိတ်ဖွဲ့ခဲ့ကြသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် ဓားဂိုဏ်း(၃၆)ဂိုဏ်းထဲမှ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ပြိုကွဲပျက်စီးသွားကြသည်။ နောက်ဆုံးမှာတော့ ဓားဂိုဏ်းက (၁၀)ဂိုဏ်းပင် မပြည့်တော့ချေ။
ဟန်မူယဲ့၏ လက်ဖဝါးက ဓားတစ်လက်စီကို ပွတ်သပ်လိုက်သည့်အခါ ဓားပိုင်ရှင်၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများက သူ၏ စိတ်ထဲသို့ ဒလဟော ဝင်ရောက်လာသည်။
ဤအခိုက်အတန့်မှာ သူက ယခင်ဓားပိုင်ရှင်များကို လေးစားသောအားဖြင့် ထိုဓားများကို ပိတ်စတစ်ခုဖြင့် ညင်သာစွာ သန့်ရှင်းပေးလိုက်သည်။ ယင်းက ဓားစံအိမ်မှာ ဓားထိန်းတစ်ယောက်အဖြစ် သူလုပ်ဆောင်ခဲ့စဉ်ကအတိုင်းပင်။
ဓားကို လေ့လာခြင်းက လူတစ်ယောက်ကို လေ့လာခြင်းပင် ဖြစ်၏။
ဓားပေါ်မှ အက်ကွဲရာများနှင့် မှတ်ဉာဏ်များသည် တိုက်ပွဲအသီးသီး၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
ဓားပိုင်ရှင်များ၏ အတွေ့အကြုံများ၊ သူတို့၏ ရန်သူများနှင့် ဓားကွက်များက ဟန်မူယဲ့၏ စိတ်ထဲမှာ ဒလဟော ထွက်ပေါ်လာသည်။
ထိုဓားကျင့်ကြံသူအားလုံး၏ အတွေ့အကြုံများက ပေါင်းစပ်သွားသည့်အခါ သမိုင်းထဲ၌ ပျောက်ကွယ်သွားပြီဖြစ်သော ကျန်းကောင်းကင်ဘုံဓားဂိုဏ်း၏ အမွေအနှစ်က ပြန်လည်ရုပ်လုံးပေါ်လာသည်။
“ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ အမွေအနှစ်က ကမ္ဘာဦးလောကထက် မနိမ့်ကျဘူး… တကယ်တော့ အဲ့ဒါက ပိုပြီးသန်မာတယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ မူလအမွေအနှစ်က လျှင်မြန်သွက်လက်ပြီး သိမ်မွေ့နက်နဲတယ်… ဓားတစ်ချက်တိုင်းက မိုးမြေရဲ့ အဆုံးမဲ့စွမ်းအားကို ဆင့်ခေါ်နိုင်တယ် ”
“ ဒါပေမဲ့ ကောင်းကင်ဘုံတာအိုရဲ့ ကောင်းချီးပေးမှုမရှိတော့တဲ့အခါ ဓားကွက်တွေက သိမ်မွေ့နက်နဲမှုမရှိတော့ဘဲ ပိုပြီးကြမ်းတမ်းလာတယ် ”
“ တကယ်လို့ ငါသာ ကျန်းကောင်းကင်ဘုံဓားဂိုဏ်းရဲ့ အမွေအနှစ်ကို ရှာဖွေပြီး ဂိုဏ်းရဲ့ စွမ်းအားနဲ့ ပြန်ပေါင်းစည်းနိုင်မယ်ဆိုရင် မဟာပန်သွန်ဘုံရဲ့ မူလစွမ်းအားကို ဖိနှိပ်နိုင်လိမ့်မယ်… အဲ့ဒီအခါကျရင် ဒီဘုံကနေ ငါထွက်ခွာနိုင်လိမ့်မယ် ”
အကယ်၍ တစ်စုံတစ်ယောက်က အာဏာရှင်အဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင်ပင် သူ့ကိုယ်ပိုင်စွမ်းအားဖြင့် မဟာပန်သွန်ဘုံကို ချိုးဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။
အာဏာရှင်၏ အထက်အဆင့်သည်တော့ ယင်းကို ရောက်ရှိရန် အချိန်မည်မျှကြာမြင့်မည်ဖြစ်ကြောင်း မည်သူသိနိုင်မည်နည်း။
သူ၏ ဤကိုယ်ပွားက အချိန်မည်မျှကြာကြာ တောင့်ခံနိုင်မည်ဖြစ်ကြောင်း ဟန်မူယဲ့ မသိပေ။
အကောင်းဆုံးနည်းလမ်းသည် မဟာပန်သွန်ဘုံ၏ စွမ်းအားကို ယှဉ်ပြိုင်နိုင်မည့် စွမ်းအားတစ်မျိုးကို စုစည်းရန် ဖြစ်သည်။
“ ဒီလိုဆိုမှတော့ ဓားဂိုဏ်း(၃၆)ဂိုဏ်းရဲ့ အင်အားကို ဆုံးရှုံးစေလို့ မဖြစ်ဘူး ”
အပြုံးတစ်ခုက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ အကြည့်က သူ့အရှေ့မှ ဓားများပေါ်သို့ ကျရောက်သွားသည်။
ထိုဓားများထဲတွင် အများစုက ဓားဂိုဏ်း(၃၆)ဂိုဏ်းနှင့်ပတ်သက်သော မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြသည်။ ထိုထဲမှာ ဓားဂိုဏ်းအသီးသီးမှ ကျင့်ကြံခြင်းနည်းလမ်းများနှင့် ဓားသိုင်းများလည်း ပါရှိကြသည်။
ထိုမှတ်ဉာဏ်များကို ချေဖျက်ပြီးသောအခါ သူက ဓားဂိုဏ်း(၃၆)ဂိုဏ်းမှ ကျင့်ကြံခြင်းနည်းလမ်းများနှင့် ဓားသိုင်းများကို ပိုင်ဆိုင်သွားသည်။
ယင်းတို့ကို မှတ်သားပြီးနောက် နောက်တစ်ဆင့်သည် ထိုဓားသိုင်းများကို အတူတကွ ပြန်ပေါင်းစည်းရန် ဖြစ်သည်။
ထိုတာဝန်က ဟန်မူယဲ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။
…..
ဟန်မူယဲ့က ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ ဓားတာအိုအမွေအနှစ်များကို ဆင်ခြင်နားလည်နေစဉ် ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် အချင်းမိုင်တစ်သောင်းအတွင်းမှ အင်အားစုများက အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ယာယီဂိုဏ်းခေါင်းဆောင်သည် ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို မဟာပန်သွန်ကျောက်တုံးများဖြင့် လဲလှယ်ရန် စီစဉ်နေသည်။
သူက မည်သို့ကြောင့် ထိုသို့လုပ်ဆောင်ဝံ့သနည်း။
ယင်းက ဂိုဏ်း၏ အမွေအနှစ်များကို ဖြတ်တောက်လိုက်ခြင်း မဟုတ်ပါလော။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများသည် ဓားအကျဉ်းထောင်သို့ သွား၍ ရှမင်တန်ကို အကူအညီတောင်းကြသည်။
ကံမကောင်းသည်မှာ ရှမင်တန်က ငြင်းဆန်လိုက်သည်။ သူက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်မဟုတ်တော့ဘဲ ဂိုဏ်း၏ ကိစ္စအဝဝနှင့်ပတ်သက်၍ ဟန်မူယဲ့၏ စီစဉ်မှုအတိုင်းသာ လိုက်နာရမည်ဟု ပြောသည်။
သို့သော်လည်း တချို့အကြီးအကဲများ၏ အမြင်တွင် ဟန်မူယဲ့က လုပ်ရပ်က အလွန်ဆိုးဝါးသောအရာ မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ ဟန်မူယဲ့က ကောင်းကင်ဘုံစစ်ပွဲမှာ ပါဝင်တော့မည့်လူ ဖြစ်သည်။ သူ၏ သေခြင်းရှင်ခြင်းက မသေချာပေ။ သို့ဖြစ်လေရာ မည်သို့ကြောင့် သူက ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများကို တန်ဖိုးထားနေမည်နည်း။
ယင်းတို့ကို မဟာပန်သွန်ကျောက်တုံးဖြင့် လဲလှယ်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။
အပြင်ဘက်မှ ကျွမ်းကျင်ပညာရှင်များအတွက်တော့ ယင်းက ဓားကောင်းတစ်လက်ကို အလွယ်တကူ ရရှိနိုင်မည့် အခွင့်အရေးကောင်း ဖြစ်သည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ဓားများက တန်ဖိုးကြီးရတနာများဖြစ်သည်မှာ သံသယရှိရန် မလိုပေ။
ရက်အနည်းငယ်ကြာပြီးနောက် အနယ်နယ်အရပ်ရပ်မှ ကျွမ်းကျင်ပညာရှင်တစ်ထောင်သည် ကောင်းကင်အသင်္ချေတောင်ထွတ်၏ တောင်အောက်မှာ စုဝေးရောက်ရှိနေကြသည်။
တုချန်းက ဂိုဏ်းထဲမှ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများ၏ အမုန်းပွားခြင်းကို ခံနေရသော်လည်း ထိုလူများကို ကြိုဆိုရန် အပြင်သို့ ကိုယ်တိုင်ထွက်သွားခဲ့သည်။
ဟန်မူယဲ့က ထိုဓားများကို မည်သည့်ဈေးဖြင့် မည်သို့ရောင်းချရမည်ဖြစ်ကြောင်း အမိန့်မပေးထားသောကြောင့် တုချန်းက ထိုလူများကို အချိုသတ်ရုံသာ တတ်စွမ်းပေသည်။ သူက ဓားများကို ပေါပေါပဲပဲ မရောင်းချဝံ့ချေ။
ဆယ်ရက်ကြာပြီးနောက် ကောင်းကင်အသင်္ချေတောင်အောက်မှ ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က ပိုမိုများပြားလာသည့်အခါ ဟန်မူယဲ့က ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှ ထွက်လာသည်။
သူက လက်ထဲမှာ ဓားတစ်လက်ကို ကိုင်ထားသည်။
ဂိတ်တံခါးဆီသို့ ဟန်မူယဲ့ ရောက်လာသည်ကို မြင်သောအခါ တုချန်းက စိတ်သက်သာရာရသွားသည်။
“ ဂိုဏ်းခေါင်းဆောင်… အင်အားစုအသီးသီးက ကျွမ်းကျင်ပညာရှင်နှစ်ထောင်က ဂိတ်တံခါးရှေ့မှာ စုဝေးနေကြပါတယ်… သူတို့ထဲမှာ အရေအတွက်တစ်ထောင်က တာအိုအဆင့်မှာပါ… တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် အများကြီး ရှိပါတယ်… ”
အကယ်၍ ဟန်မူယဲ့သာ မထွက်လာလျှင် တုချန်းက ဤအခြေအနေကို ဆက်ပြီး ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။
လွန်ခဲ့သော ရက်အနည်းငယ်က စုကြွယ်ရှန့်၏ ခြိမ်းခြောက်မှုကြောင့် မဟုတ်လျှင် ဆူပူအုံကြွမှုက ဂိတ်တံခါးအရှေ့မှာ ဖြစ်ပွားပြီးလောက်ချေ၏။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဓားကိုင်လျက် ဂိတ်တံခါးဆီသို့ လျှောက်သွားသည်။
ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လူတိုင်း၏ အကြည့်က ဟန်မူယဲ့နှင့် သူ၏ လက်ထဲမှ ဓားပေါ်သို့ ကျရောက်သွားသည်။
ဓားပျိုးထောင်ခြင်းတဲအိမ်မှ ရောင်းချမည့် ဓားက ထိုဓားလား။
ထိုဓားကို မည်သို့ ရောင်းချမည်နည်း။
“ ဒီဓားရဲ့ နာမည်ကို အနှောင်အဖွဲ့မဲ့လို့ ခေါ်တယ်… အဲ့ဒါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ဝမ်ဟွားဓားဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းခေါင်းဆောင် လုယန်ယွဲ့ အသုံးပြုခဲ့တဲ့ ဓားဖြစ်တယ် ”
“ ဝမ်ဟွားဓားဂိုဏ်းက လွန်ခဲ့တဲ့ အနှစ်သုံးထောင်မှာ ဖျက်ဆီးခံခဲ့ရပြီး ဂိုဏ်းရဲ့ အမွေအနှစ်တွေက နေရာအနှံ့ ပြန့်ကျဲသွားခဲ့တယ်… ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဒီအနှောင်အဖွဲ့မဲ့ဓားကို ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ အနှစ်သုံးရာ ပျိုးထောင်ပေးခဲ့တယ်… အဲ့ဒီနောက်မှာ ဓားက ဝိညာဉ်အနှစ်သာရတချို့ ပြန်ရလာတယ်… ”
“ ဒီအနှောင်အဖွဲ့မဲ့ဓားကို ဝယ်ယူတဲ့လူက ဝမ်ဟွားဓားဂိုဏ်းရဲ့ ဓားတာအိုအမွေအနှစ်တွေဖြစ်တဲ့ ကျောက်စိမ်းပန်းခက်ဓားသိုင်းနဲ့ ငွေလစန္ဒာဓားသိုင်းကိုလည်း ရရှိလိမ့်မယ် ”
ဟန်မူယဲ့၏ အသံက ဂိတ်တံခါးအရှေ့မှာ ပဲ့တင်ထပ်သွားသည်။
ထိုအခိုက်အတန့်မှာ လူတိုင်းက ဆွံ့အသွားကြသည်။