အခန်း (၁၅၉၆)
Vol. 114 Ch. 1596
မင်တန်ဓားဂိုဏ်းမှ အကြီးအကဲသုံးယောက်က တုန်ယင်သွားကြသည်။ သူတို့က အနောက်သို့ ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်ကြသည်။
လွန်ခဲ့သော တစ်စက္ကန့်တွင် သူတို့က ဤနေရာမှာတင် အသက်ဆုံးရှုံးသွားတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ နောက်ကျောကို ဓားဖြင့် ချိန်ရွယ်ခံရသော ခံစားမှုက အလွန်ကျောချမ်းဖွယ်ကောင်းသည်။ ထိုဓားအလင်းမှတဆင့် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့၏ အသွေးအသားများထဲထိ စိမ့်ဝင်လာနေကြောင်း သူတို့ခံစားနိုင်ကြသည်။
ထိုသို့အခြေအနေမျိုးမှာ အကယ်၍ တစ်ဖက်လူက သူတို့ကို သတ်ချင်သည်ဆိုလျှင် ဆုံးဖြတ်ချက်ချလိုက်ရုံသာ လိုအပ်ပေသည်။
ကံကောင်းသွားသည်မှာ အစောနက သူတို့သည် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးကို ဖျက်ဆီးရန် အစွမ်းကုန် မထုတ်သုံးခဲ့ကြပေ။ သို့မဟုတ်လျှင် ယခုအချိန်မှာ သူတို့က အလောင်းများ ဖြစ်သွားကြလိမ့်မည်။
“ ဂိုဏ်းခေါင်းဆောင်ဟန်က ကျုပ်တို့ကို ဆင့်ခေါ်နေတယ်ဆိုမှတော့ ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ အလည်သွားကြရအောင် ”
“ ဒီကတာအိုရောင်းရင်းတို့မှာ အစွမ်းထက်တဲ့ ဓားစွမ်းရည်တွေ ရှိတာပဲ… ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဓားစွမ်းရည်အရဆိုရင် ကျုပ်တို့မင်တန်ဓားဂိုဏ်းရဲ့ အမွေအနှစ်တွေကို ခင်ဗျားတို့ လိုချင်ကြမှာ မဟုတ်ပါဘူး… အစောနက ကျုပ်တို့တွေ အမြင်ကျဉ်းသွားခဲ့တာပါ ”
ဟဲကျန်းယန်နှင့် ဟဲကျိယန်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ပြုံးလိုက်ကြသည်။
ထိုသို့ဖြင့် ဂိုဏ်း၏ ဂိတ်တံခါးနားမှ တင်းကျပ်သော လေထုက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
မင်တန်ဓားဂိုဏ်းမှ အကြီးအကဲသုံးယောက်သည် ဟန်မူယဲ့ကို တွေ့ဆုံရန် တောင်ပေါ်သို့ စုကြွယ်ရှန့်၏ ဦးဆောင်မှုနောက်မှ လိုက်သွားကြသည်။
ထိုပုံရိပ်လေးခု ပျောက်ကွယ်သွားသည့်အခါမှသာ ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်နေကြသော အစွမ်းထက်ပုဂ္ဂိုလ်များက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားကြသည်။
တချို့က အံ့ဩသွားကြပြီး တချို့က ကြောက်လန့်သွားကြသည်။
တချို့သည်တော့ စိတ်အေးသွားကြသည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အဲ့လောက်တောင် သန်မာတာလား ”
“ အစောနက လူက စုကြွယ်ရှန့် ”
တစ်စုံတစ်ယောက်က တိုးညင်းစွာ ပြောသည်။
“ ငါတကယ်ပဲ သိချင်မိတယ်… စုကြွယ်ရှန့်လို အစွမ်းထက် ဓားကျင့်ကြံသူတစ်ယောက်ကို သိမ်းသွင်းနိုင်တယ်ဆိုတော့ အဲ့ဒီဂိုဏ်းခေါင်းဆောင်ဟန်က ဘယ်လောက်တောင် သန်မာလိုက်မလဲ ”
ဂိတ်တံခါး၏ အပြင်ဘက်တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်လာသည်။
တခြားဂိုဏ်းများမှ ပုဂ္ဂိုလ်များသည် စိတ်ခံစားချက်အမျိုးမျိုး ခံစားမိသွားကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများတွင်တော့ တချို့က နောင်တရသွားကြပြီး တချို့က စိတ်သက်သာရာရသွားကြသည်။ တချို့တပည့်များက ဤအခိုက်အတန့်မှာ စိတ်လှုပ်ရှားသွားကြသည်။
သူတို့ဂိုဏ်းက မည်မျှသန်မာကြောင်း ယခု နားလည်သွားကြသည်။
…..
ဓားပျိုးထောင်ခြင်းတဲအိမ်… ။
အစိ်မးရောင်တဲအိမ်၏ အပြင်ဘက်တွင် ဟန်မူယဲ့က ကျောက်တုံးကြီးတစ်တုံးပေါ်မှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။
စုကြွယ်ရှန့် ခေါ်ဆောင်လာသော ဟဲကျိယန်နှင့် တခြားလူများက သူ့အရှေ့မှ မြေကွက်လပ်ဆီသို့ ရောက်လာကြသည်။
“ မင်တန်ဓားဂိုဏ်းက ဟဲကျိယန်၊ ဟဲမင်ယန်နဲ့ ဟဲကျန်းယန်က ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့ကို အရိုအသေပေးပါတယ် ”
သူတို့သုံးယောက်က လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့က ယခင်မောက်မာထောင်လွှားမှုကို မေ့ထားကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။
မည်သည့်နေရာတွင်မဆို စွမ်းအားကြီးမားသူကို ရိုသေလေးစားခြင်းက ဓမ္မတာဖြစ်၏။
ဟန်မူယဲ့က တစ်ခါမှ မလှုပ်ရှားခဲ့သော်လည်း စုကြွယ်ရှန့်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကို ဦးညွတ်စေနိုင်သဖြင့် သူတို့၏ ရိုသေလေးစားမှုကို ရရှိရန် ထိုက်တန်၏။
သူတို့က နည်းနည်းမှ မလေးမစားမပြုဝံ့ကြချေ။
“ ခင်ဗျားတို့ဂိုဏ်းရဲ့ ဓားတာအိုအမွေအနှစ်က ဘယ်လိုမျိုးလဲ… ကျုပ်အရှေ့မှာ အဲ့ဒါကို သရုပ်ပြပေးနိုင်မလား ”
ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။ ယင်းက အကြီးအကဲသုံးယောက်၏ အမူအရာကို ပျက်ယွင်းသွားစေသည်။
“ ဝီး ”
စုကြွယ်ရှန့်၏ လက်ထဲမှ ဓားရှည်က ပဲ့တင်သံကို ထုတ်လွှတ်လိုက်သည်။ ဓားအလင်းရောင် ဝင်းလက်သွားသည့်အခါ လေထုက ချမ်းစိမ့်သွားသည်။
ဟဲကျိယန်နှင့် တခြားနှစ်ယောက်သည် တခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး ဓားဆွဲထုတ်လိုက်ကြသည်။
အကယ်၍ သူတို့က ဂိုဏ်းခေါင်းဆောင်ဟန်၏ စကားကို နားမထောင်ဘူးဆိုလျှင် စုကြွယ်ရှန့်ထံမှ ဓားအလင်းက သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးကို အေးခဲသွားစေလိမ့်မည်။
“ ရွှင်း ”
“ ရွှတ် ”
“ ဝှစ် ”
“ ဝီး ”
ဓားအလင်းများက လေထဲမှာ ရွေ့လျားသွားကြပြီး အချင်းချင်း ယှက်ထွေသွားကြသည်။ ယင်းက ဓားပျိုးထောင်ခြင်းတဲအိမ်၏ အပြင်ဘက်မှ မိုးမြေမူလစွမ်းအားကို တအိအိ လှုပ်ခတ်သွားစေသည်။
ဟန်မူယဲ့က အကြီးအကဲသုံးယောက်၏ ဓားကွက်များကို အာရုံစူးစိုက်လိုက်လေရာ ဝိညာဉ်အလင်းက သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။
ဓားနည်းစနစ်အားလုံးက သူ၏ အသိစိတ်ထဲသို့ ဒလဟော စီးဝင်လာသည်။
နာရီဝက်ကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။
ဓားအလင်း ကျဆင်းသွားသည့်အခိုက် ဓားရေးပြနေကြသော အကြီးအကဲသုံးယောက်က ရပ်တန့်လိုက်ကြသည်။
“ ခင်ဗျားတို့ဂိုဏ်းရဲ့ ဓားတာအိုကို ကျုပ်နားလည်သွားပြီ… အဲ့ဒါက တကယ်ပဲ ဝမ်ဟွားဓားဂိုဏ်းရဲ့ အမွေအနှစ်နဲ့ ဆက်နွယ်နေတယ်… ဒါပေမဲ့ ဓားတာအိုအမွေအနှစ်ရဲ့ အစိတ်အပိုင်းအများစုက ပျောက်ဆုံးနေလို့ ဓားနိယာမက မပြည့်စုံဘူး ”
“ အဲ့ဒီပျောက်ဆုံးနေတဲ့ ဓားနိယာမကို ကျုပ်ဖြည့်စွက်ပေးလိုက်မယ်… အဲ့ဒါကို ဂိုဏ်းဆီ ခင်ဗျားတို့နဲ့အတူ ပြန်သယ်ဆောင်သွားပါ ”
ဟန်မူယဲ့က သာမန်ကာလျှံကာ ပြောလိုက်ပြီး ညင်သာစွာ လက်ဝှေ့ယမ်းလိုက်သည်။
“ ဘန်း… ဘန်း… ဘန်း… ”
မရေမတွက်နိုင်သော ဓားအလင်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။ ယင်းက မိုးကောင်းကင်ကို ကြယ်များဖြင့် ပြည့်နှက်သွားစေသည်။
စုကြွယ်ရှန့်ဖြစ်စေ သို့မဟုတ် ဟဲမိသားစု၏ အကြီးအကဲသုံးယောက်ဖြစ်စေ သူတို့အားလုံးက ဓားအလင်းကြောင့် အဝေးသို့ လွင့်စင်သွားကြသည်။ သူတို့က ပေတစ်ထောင်အဝေးသို့ ပြုတ်ကျသွားကြသည်။
စူးရှတောက်ပသော ဓားအလင်းက သူတို့လေးယောက်၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာလေရာ သူတို့၏ အသိစိတ်က ဝေဝါးသွားသည်။ ဤအခိုက်အတန့်မှာ သူတို့က အရပ်မျက်နှာကိုပင် မှန်ကန်စွာ မပြောနိုင်ကြတော့ချေ။
ဓားအလင်းပျောက်ကွယ်သွားမှသာ သူတို့က ဘေးဘီကို စစ်ဆေးကြည့်ရှုနိုင်သွားကြသည်။ အံ့ဩထိတ်လန့်မှုက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည်။
ဟဲကျိယန်နှင့် တခြားနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် စိတ်သက်သာရာရသွားသော အကြည့်က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ဓားတာအိုနှင့် ကျင့်ကြံခြင်းအဆင့်သည် သူတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေသည်။
အကယ်၍ ယနေ့ သူတို့သာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ဤနေရာမှ အသက်ရှင်လျက် ပြန်ထွက်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့က ဘေးမှာ မတ်တတ်ရပ်နေသော စုကြွယ်ရှန့်ကို ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။
ထို့နောက် သူတို့က တောင်အောက်သို့ အရင်ဆင်းသွားကြသည်။
ဤနေရာက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တားမြစ်နေရာဖြစ်သော ဓားပျိုးထောင်ခြင်းတဲအိမ် ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာသည် သူတို့အတွက် မလုံခြုံပေ။
ဟန်မူယဲ့နှင့် စုကြွယ်ရှန့်က ခဏနေလျှင် စိတ်မပြောင်းသွားဘူးဟု မည်သူက သေချာပြောနိုင်မည်နည်း။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အရှေ့ဆုံးမှ ဟဲကျိယန်က ရုတ်တရက် ရပ်လိုက်သည်။
“ အဲ့ဒါ ကျောက်စိမ်းပန်းခက်ဓားသိုင်းမဟုတ်လား ”
သူ့အနောက်မှ ဟဲကျန်းယန်က ခန္ဓာကိုယ်တုန်ယင်သွားပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဟုတ်တယ်… အဲ့ဒါ ကျောက်စိမ်းပန်းခက်ဓားသိုင်း… ”
“ အဲ့ဒါက ပျောက်ဆုံးနေတဲ့ ဓားသိုင်းပဲ ”
သူတို့သုံးယောက်က ခြေလှမ်းကို ရပ်တန့်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။
အစောနက ဟန်မူယဲ့ထုတ်ဖော်ပြခဲ့သော ဓားအလင်းကို သူတို့၏ စိတ်ထဲမှာ စွဲမြဲစွာ မှတ်သားလိုက်ကြသည်။ သူတို့က နည်းနည်းလေးမှ သတိမမေ့ဝံ့ချေ။
ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ ဓားနည်းစနစ်က သူတို့၏ စိတ်ထဲမှာ ရှင်းလင်းထင်ရှားလာသည်။
အစောနက ဟန်မူယဲ့ပြောခဲ့တဲ့ ဓားနိယာမကို ပြန်ဖြည့်စွက်ပေးမယ်ဆိုတာ အဲ့ဒါလား… ။
အဝေးမှာ မတ်တတ်ရပ်နေသော စုကြွယ်ရှန့်က သူ၏ လက်ထဲမှ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။
“ တကယ်လို့ အဲ့ဒီဓားနိယာမကို အခုချက်ချင်း ခင်ဗျားတို့ ဆင်ခြင်မသုံးသပ်ဘူးဆိုရင် ခင်ဗျားတို့တစ်ဘဝလုံး နောင်တရနေလိမ့်မယ် ”
သူ့စကားက မင်တန်ဓားဂိုဏ်းမှ အကြီးအကဲသုံးယောက်ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည်။ သူတို့က အမြန်အာရုံစုစည်းလိုက်ကြပြီး အစောနက ဟန်မူယဲ့ထုတ်ဖော်ပြခဲ့သော ဓားအလင်းကို ဆင်ခြင်သုံးသပ်လိုက်ကြသည်။
ဒီတော့ ဓားနိယာမကို ဂိုဏ်းဆီ ပြန်သယ်ဆောင်သွားလို့ ဟန်မူယဲ့ပြောခဲ့တာက ဒီဟာကို… ။
စုကြွယ်ရှန့်၏ စကားက မမှားပေ။
အကယ်၍ သူတို့သာ ထိုဓားနည်းစနစ်ကို ယနေ့ မေ့သွားမည်ဆိုလျှင် သူတို့တစ်ဘဝလုံး နောင်တရနေလိမ့်မည်။
…..
တစ်ရက်ကြာပြီးနောက် ကျယ်လောင်သော အော်သံက ကောင်းကင်အသင်္ချေတောင်ထွတ်ထံမှ ပဲ့တင်ထပ်လာသည်။
“ မင်တန်ဓားဂိုဏ်းရဲ့ ဟဲကျိယန်က ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့ရဲ့ ဓားသိုင်းလက်ဆောင်အတွက် ဂိုဏ်းကိုယ်စား အထူးကျေးဇူးတင်ပါတယ်… ကျုပ်တို့ရဲ့ ဂိုဏ်းက အဲ့ဒီအတွက် သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ် ”
နောက်အခိုက်အတန့်မှာ ထွန်းလင်းတောက်ပသော ဓားအလင်းတန်းသုံးခုက ကောင်းကင်အသင်္ချေတောင်ထွတ်မှ ပျံသန်းထွက်လာကြသည်။
ထိုမြင်ကွင်းက မရေမတွက်နိုင်သော လူများကို အံ့ဩသွားစေသည်။
မင်တန်ဓားဂိုဏ်းမှ အကြီးအကဲသုံးယောက်က ကောင်းကင်အသင်္ချေတောင်ထွတ်မှ မည်သည့်အကျိုးအမြတ်ကို ရရှိသွားသောကြောင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းအား ကျေးဇူးပြန်ဆပ်မည်ဟု လူအများရှေ့မှာ ကြေညာသွားရသနည်း။
ကောင်းကင်အသင်္ချေဓားဂိုဏ်းက အမှန်တကယ် သန်မာခြင်းလော။ သို့မဟုတ် သူတို့က လှည့်ကွက်တချို့ကို အသုံးပြုခဲ့ခြင်းလော။
လူအများအပြားက သံသယဖြစ်သွားကြသည်။ သို့သော်လည်း ပိုမိုများပြားသော လူများက စိတ်အေးသွားကြသည်။
သုံးရက်ကြာပြီးနောက် ကောင်းကင်အသင်္ချေဓားဂိုဏ်းက နောက်ထပ် တာအိုဓားရှည်တစ်လက်ကို ရောင်းချလိုက်သည်။
သို့သော်လည်း ထိုဓားအား ဝယ်ယူလိုက်သူကို ကောင်းကင်အသင်္ချေတောင်ထွတ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုလူ ပေးကမ်းသော တန်ကြေးကို တခြားမည်သူမှ မယှဉ်ပြိုင်နိုင်သောကြောင့် ဖြစ်သည်။
“ အရူးကောင် ”
“ တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဓားတစ်လက်အတွက် ကိုယ့်ကိုယ်ကိုယ် အလဲအလှယ်လုပ်လိုက်တယ်လား… အဲ့ဒီကောင်က ရူးနေတာမဟုတ်ရင် ဘာလဲ ”
“ အဲ့ဒီယုချန်းယွဲ့က တကယ်ငတုံးပဲ… ဓားကောင်းတစ်လက်ရဖို့အတွက် ကိုယ့်အသက်ကို တခြားလူလက်ထဲ ပေးပစ်တယ်… အသက်မရှိတော့ရင် အဲ့ဒီဓားကို ဘယ်နေရာမှာ အသုံးပြုနိုင်မှာလဲ ”
ဂိတ်တံခါးအပြင်ဘက်တွင် ဓားကျင့်ကြံသူများက ခေါင်းယမ်းလိုက်ကြသည်။
ယုကြွယ်အမည်ရသော ဓားကျင့်ကြံသူက ထိုဓားအတွက် မဟာပန်သွန်ကျောက်တုံးနှစ်ထောင်အထိ တိုးမြှင့်ပေးလိုက်သည့်အချိန် ယုချန်းယွဲ့အမည်ရသော တာအိုချိုးဖြတ်ခြင်းအဆင့် ဓားကျင့်ကြံသူက ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် အနှစ်တစ်ရာအမှုထမ်းရန် ကမ်းလှမ်းလိုက်သည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းက မကြာခင်မှာ ကောင်းကင်ဘုံစစ်ပွဲ၌ ပါဝင်တော့မည်ဖြစ်ကြောင်း လူတိုင်းက သိရှိထားကြသည်။ သို့ဖြစ်လေရာ ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် အမှုထမ်းခြင်းက ကောင်းကင်ဘုံစစ်ပွဲထဲမှာ ပါဝင်ခြင်းနှင့် မခြားပေ။
တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံစစ်ပွဲအတွင်းမှာ အသက်ရှင်လျက် ပြန်ရောက်လာနိုင်မည်လော။
အကယ်၍ သူက အသက်ရှင်လျက် ပြန်ရောက်မလာလျှင် သူ့ကိုယ်သူ အလဲအလှယ်လုပ်ခဲ့သော ထိုဓားက မည်သို့အသုံးဝင်တော့မည်နည်း။
ဓားပျိုးထောင်ခြင်းတဲအိမ်၏ အပြင်ဘက်တွင် ဟန်မူယဲ့က သူ၏ လက်နှစ်ဖက်ကို အနောက်ပို့ထားလျက် မတ်တတ်ရပ်နေသည်။ သူ၏ အကြည့်က သူ့အရှေ့မှာ ဒူးထောက်နေသော လူထွားကြီးပေါ်သို့ ကျရောက်သွားသည်။
“ ယုချန်းယွဲ့ ”
ဟန်မူယဲ့၏ စကားကို ကြားသောအခါ လူထွားကြီးက လေးနက်စွာ အရိုအသေပေးလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ယုချန်းယွဲ့က ဂိုဏ်းခေါင်းဆောင်ဟန်မူယဲ့ကို အရိုအသေပေးပါတယ်… တကယ်လို့ ဂိုဏ်းခေါင်းဆောင်က ကျုပ်ကို အဲ့ဒီဓားနဲ့ ဓားတာအိုအမွေအနှစ်ကို လွှဲပေးမယ်ဆိုရင် ဂိုဏ်းခေါင်းဆောင်အတွက် သစ္စာရှိရှိ အမှုထမ်းပေးဖို့ ကျုပ်ဆန္ဒရှိပါတယ် ”
လူထွားကြီးက စကားဆုံးသည်နှင့် ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။
ဘေးမှ တုချန်းသည်လည်း ဟန်မူယဲ့ထံ လှည့်ကြည့်လိုက်သည်။
ဤအလဲအလှယ်သည် မသေချာသောအရာ ဖြစ်သည်။
ယင်းက တာအိုလက်နက်တစ်ခုကို ပညာရှင်တစ်ယောက်နှင့် လဲလှယ်ခြင်း ဖြစ်သည်။
“ အဲ့ဒီဓားက လွန်ခဲ့တဲ့ အနှစ်နှစ်ထောင်တုန်းက စုကြွယ်ဓားဂိုဏ်းရဲ့ အကြီးအကဲယုတိုင်ရှန့်ရဲ့ လက်သုံးတော်ဓားဖြစ်တယ် ”
“ ဒီတော့… မင်းက ယုတိုင်ရှန့်ရဲ့ မျိုးဆက်လား ”
ဟန်မူယဲ့က မထူးမခြားနား စကားပြောလိုက်သည့်အခါ စူးရှသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ယန်ကျူးဓားထံမှ သူမြင်တွေ့ခဲ့သော မှတ်ဉာဏ်များထဲတွင် အဖိုးအိုတစ်ယောက်၏ ပုံရိပ် ပါရှိသည်။ ထိုအဖိုးအို၏ မျက်နှာအသွင်သဏ္ဍာန်သည် သူ့အရှေ့မှ လူထွားကြီးနှင့် အနည်းငယ် ဆင်တူသည်။
သူက ယန်ကျူးဓား၏ ယခင်ပိုင်ရှင်၏ မျိုးဆက်တစ်ယောက်ဖြစ်နိုင်သည်။
ထိုသို့ဆိုလျှင် ယုချန်းယွဲ့၏ အလဲအလှယ်လုပ်မှုက အံ့ဩစရာမဟုတ်တော့ပေ။
တုချန်းနှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထိုယုချန်းယွဲ့က ယန်ကျူးဓားကို လိုချင်နေရုံသာမက ဓားနှင့်သက်ဆိုင်သော အမွေအနှစ်များကိုလည်း လိုချင်နေသည်။
ဘိုးဘေး၏ လက်သုံးတော်ဓားနှင့် ဓားတာအိုအမွေအနှစ်အတွက် ကိုယ်ပိုင်လွတ်လပ်မှုကို စတေးခြင်းက ယုတ္တိမရှိသောအရာ မဟုတ်ပေ။ ယင်းက အကျိုးအကြောင်းသင့်၏။
“ ဂိုဏ်းခေါင်းဆောင်ပြောတာ မှန်ပါတယ်… ယုတိုင်ရှန့်က ကျုပ်ရဲ့ ဘိုးဘေးပါ ”
“ ဘိုးဘေးတိုင်ရှန့် သေဆုံးသွားပြီးနောက် ကျုပ်တို့မိသားစုရဲ့ အမွေအနှစ်က ပျောက်ဆုံးသွားခဲ့ပါတယ်… တကယ်လို့ ဂိုဏ်းခေါင်းဆောင်ဟန်က ဘိုးဘေးရဲ့ ဓားနဲ့ အမွေအနှစ်ကို ယုမိသားစုဆီ ပြန်ပေးမယ်ဆိုရင် ကျုပ်မိသားစုရဲ့ တာအိုကျင့်ကြံသူဆယ်ယောက်က ဂိုဏ်းခေါင်းဆောင်ဟန်အတွက် အမှုထမ်းပေးကြပါလိမ့်မယ် ”