အခန်း (၁၅၈၅)
Vol. 114 Ch. 1585
စုကြွယ်ရှန့်… ။
အကြီးအကဲရှောက်လင်း၏ စကားက သူ၏ ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
ထို့နောက် လူတိုင်း၏ မျက်စိအရှေ့တွင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုသူက မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး သူ၏ နောက်ကျောတွင် ဓားရှည်တစ်လက်ကို သယ်ဆောင်ထားသည်။
ထိုသူက စုကြွယ်ရှန့်ဖြစ်ပြီး ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။
သူ၏ တိုက်ပွဲစွမ်းအားက ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များနှင့် အကြီးအကဲများ၏ အရှေ့တွင် သာမန်သာဖြစ်၏။ သို့သော်လည်း သူ၏ အားသာချက်က ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ပေ။ ယင်းအစား လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက သူ့ကို အဝေးမှ ရိုသေလေးစားကြခြင်း ဖြစ်သည်။
ဤသို့အခြေအနေမျိုးမှာ ထိုသို့ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို တာဝန်ပေးခြင်းက အသင့်တော့်ဆုံး ဖြစ်သည်။
“ အကြီးအကဲရှောက်လင်း စိတ်ချပါ… ကျုပ် စုကြွယ်ရှန့်က ဝင်္ကပါကို အသက်သွင်းနေတဲ့ အဲ့ဒီလူရဲ့ ဦးခေါင်းကို ပြန်သယ်ဆောင်လာပါ့မယ် ”
စုကြွယ်ရှန့်က ယုံကြည်ချက်ရှိစွာ ပြောသည်။
သူ၏ အက်ရှရှအသံ ပဲ့တင်ထပ်သွားသည်နှင့် စုကြွယ်ရှန့်၏ ပုံရိပ်က လူတိုင်း၏ မြင်ကွင်းအရှေ့မှ ပျောက်ကွယ်သွားသည်။
သို့မှသာ စိတ်သက်သာရာရသော အမူအရာက လူတိုင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အကြီးအကဲရှောက်လင်း၏ ဘေးမှ လူတချို့က မျက်လုံးဝင်းလက်သွားကြသည်။
အကယ်၍ သူတို့သာ ထျန်းလေတောင်တန်းကို သိမ်းပိုက်နိုင်မည်ဆိုလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးဆီသို့ တိုက်ရိုက် ချီတတ်နိုင်သွားလိမ့်မည်။
အကယ်၍ လစန္ဒာတောင်ထွတ်သည်ပင် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်ဆိုလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ ကျန်ရှိသော တပည့်များက သူတို့ကို ဆန့်ကျင်ရန် သတ္တိရှိပါဦးမည်လော။
“ ကိုယ့်လူတို့… ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ ဓားကောင်းတချို့ရှိတယ်လို့ ကျုပ်ကြားဖူးတယ်… အချိန်ကျလာတဲ့အခါ အဲ့ဒီဓားတွေကို ကျုပ်တို့တွေ ခွဲဝေယူကြမယ် ”
တစ်စုံတစ်ယောက်က ပြောသည်။
“ ဟား ဟား… ဓားပျိုးထောင်ခြင်းတဲအိမ်ကို မဆိုထားနဲ့ဦး… လစန္ဒာတောင်ထွတ်က ဓားတာအိုအမွေအနှစ်တွေကတောင် အရမ်းတန်ဖိုးကြီးမားတယ် ”
အခြားတစ်ယောက်က မှတ်ချက်ပေးသည်။
အကြီးအကဲတချို့က စိတ်ပျော်ရွှင်သွားကြပြီး ပေါ့ပါးစွာ ရယ်လိုက်ကြသည်။
အကြီးအကဲရှောက်လင်းက ဘေးဘီကို ကြည့်လိုက်လေရာ နက်နဲသိမ်မွေ့သော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညင်သာစွာ လက်မြှောက်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။
သူ၏ လက်ဝါးကို ကျောက်စိမ်းပြားပေါ်သို့ ဖိချလိုက်သည့်အခါ ကျောက်စိမ်းပြားက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လေပေါ်သို့ ပျံတတ်သွားသည်။ ထို့နောက် ယင်းက လေထဲမှာ အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အလင်းလွှာပေါ်တွင် အနက်ရောင်ဓားကို ကျောပေါ်မှာ သယ်ထားသော စုကြွယ်ရှန့်က မြန်ဆန်စွာ ရွေ့လျားနေကြောင်း ဖော်ပြနေသည်။
“ စုကြွယ်ရှန့်က တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူဆိုပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေက လုံးဝ အားမနည်းဘူး ”
တစ်စုံတစ်ယောက်က အလင်းလွှာပေါ်မှ ပုံရိပ်ကို ကြည့်နေရင်း တီးတိုးမှတ်ချက်ပေးလိုက်သည်။
“ ဟွန့်… သူက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူဆိုတော့ ခွန်အားက ဘယ်လောက်အရေးကြီးကြောင်း နားမလည်ဘူး… အဲ့ဒါကြောင့် သူက ဘာမဟုတ်တဲ့ ကိုယ်ဖော့လှုပ်ရှားမှုတွေကို အာရုံစိုက်နေတာပဲ ”
တခြားတစ်ယောက်က စုကြွယ်ရှန့်၏ လျှင်မြန်သွက်လက်သော ရွေ့လျားမှုနှင့်ပတ်သက်၍ အထင်သေးရှုံ့ချစွာ မှတ်ချက်ပေးသည်။
ဤအခိုက်အတန့်မှာ လူအများအပြားက အလင်းလွှာကို အာရုံစိုက်နေကြသည်။ စုကြွယ်ရှန့်က ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါအား အသက်သွင်းနေသော ထိုပုဂ္ဂိုလ်ကို လုပ်ကြံသတ်ဖြတ်နိုင်လိမ့်မည်လော သူတို့စူးစမ်းသိချင်ကြသည်။
…..
ထျန်းလေတောင်တန်းပေါ်တွင်… ။
ဟန်မူယဲ့က အစိမ်းရောင်ကျောက်တုံးခန်းဆောင်ထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။
သူ၏ ဘေးပတ်ဝန်းကျင်တွင် အပြာရောင်အလင်းစီးကြောင်းများက စီးဆင်းနေသည်။ ယင်းတို့က ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါ၏ အမြူတေများ ဖြစ်ကြသည်။
သို့သော်လည်း ဤဝင်္ကပါက အတိတ်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း ခင်းကျင်းထားခဲ့သော ဝင်္ကပါမဟုတ်တော့ပေ။ ယင်းအစား ယခုဝင်္ကပါက ဟန်မူယဲ့ အသစ်ပြုပြင်မွမ်းမံထားသော အကာအကွယ်ဝင်္ကပါ ဖြစ်သည်။ ယင်းက ယခင်အကာအကွယ်ဝင်္ကပါထက် ဆယ်ဆပိုအားကောင်းသည်။
ထို့ပြင် အကာအကွယ်ဝင်္ကပါအသစ်ကို သေခြင်းရှင်ခြင်းမဟာပန်သွန်ကျောက်တုံးဖြင့် အားဖြည့်ပေးထားလေရာ ယင်းက ယခင်ကထက် အဆပေါင်းတစ်ရာ ပိုပြီးအားကောင်းသွားသည်။
ယခုအချိန်မှာ ဟန်မူယဲ့က အကာအကွယ်ဝင်္ကပါ၏ စွမ်းအားနှစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ဖော်ထားသည်။ သို့သော်လည်း ယင်းက တုချန်းနှင့် တခြားလူများကို တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ရန်သူများနှင့် ပြင်ပဂိုဏ်းသားများ၏ ကျူးကျော်လာမှုအား တားဆီးနိုင်စေရန် လုံလောက်ပေသည်။
အကယ်၍ အကာအကွယ်ဝင်္ကပါ၏ စွမ်းအားကို ငါးဆယ်ရာခိုင်နှုန်းအထိ လှုံ့ဆော်မည်ဆိုလျှင် အချင်းမိုင်သုံးရာအတွင်းမှ မည်သည့်ရန်သူမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ ဟန်မူယဲ့က အကာအကွယ်ဝင်္ကပါ၏ စွမ်းအားကို ငါးဆယ်ရာခိုင်နှုန်းအထိ လှုံ့ဆော်ရန် မစဉ်းစားထားပေ။
သူ၏ ရည်ရွယ်ချက်က လစန္ဒာတောင်ထွတ်မှ တပည့်များကို လေ့ကျင့်ပေးရန် ဖြစ်သည်။ သူက တခြားဂိုဏ်းများမှ တပည့်များကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် မစဉ်းစားထားပေ။
သူ၏ လက်ရှိကျင့်ကြံခြင်းအရ ကနဦးမူလအဆင့်အောက်မှ ကျင့်ကြံသူများသည် သူ၏ အာရုံစိုက်မှုရရန် မထိုက်တန်ချေ။
“ စိတ်ဝင်စားစရာပဲ… သူက ထျန်းလေတောင်တန်းဆီ တစ်ယောက်တည်း ချဉ်းကပ်လာရဲတယ် ”
ဟန်မူယဲ့၏ အကြည့်က သူ့အရှေ့မှ ဧရာမအလင်းလွှာပေါ်သို့ ကျရောက်သွားသည့်အခါ သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
အလင်းလွှာပေါ်တွင် အနက်ရောင်ဓားကို သယ်ဆောင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက တောအုပ်ထဲမှာ မြန်ဆန်သွက်လက်စွာ ရွေ့လျားနေသည်။
မဟာပန်သွန်ဘုံသည် သွေးချီအနှစ်သာရနှင့် ခွန်အားကို အဓိကအလေးထားသည်။ ဤနေရာမှာ အရေအတွက်က အရည်အသွေးထက် သာလွန်ပေသည်။ သို့ဖြစ်၍ မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများသည် စွမ်းအားထိန်းချုပ်ရာတွင် အလွန်နိမ့်ကျကြသည်။
ဥပမာအနေဖြင့် လစန္ဒာတောင်ထွတ်၏ ဓားတာအိုအမွေအနှစ်များက မဟာပန်သွန်ဘုံမှ ကျင့်ကြံသူများ၏ အမြင်တွင် သိမ်မွေ့နက်နဲသော်လည်း ဟန်မူယဲ့၏ အမြင်တွင် ယင်းက သာမန်ဖြစ်လွန်းသည်။
ယခု သစ်တောထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသော ထိုဓားကျင့်ကြံသူက လျှင်မြန်မှုကို အထူးအလေးထားဟန် ရ၏။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ အလင်းစီးကြောင်းတစ်ခုက အလင်းလွှာပေါ်သို့ ကျရောက်သွားသည်။
ထိုအလင်းစီးကြောင်းက အလင်းလွှာထဲသို့ ဝင်ရောက်သွားသည့်အခါ သစ်တောထဲမှာ ပြေးလွှားနေသော ပုံရိပ်က ရုတ်တရက် အပြင်းအထန် တုန်ယင်သွားသည်။ ထို့နောက် သူက သစ်ပင်ပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်မှာ လှိမ့်သွားသည်။
ထိုအခိုက်အတန့်မှာ စုကြွယ်ရှန့်က မြေကြီးပေါ်မှ ပြန်ထလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အရှေ့သို့ အနည်းငယ် ကိုင်းလိုက်သည်။ သူ၏ မျက်လုံးက သိမ်းငှက်သဖွယ် ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။
အစောနက ကြီးမားသော အင်အားတစ်ခုက သူ့အပေါ်သို့ ကျဆင်းလာပြီး သူ့အား သစ်ပင်ပေါ်မှ ပြုတ်ကျသွားစေသည်။
တစ်ဖက်လူက သူ့ကို ရှာတွေ့သွားပြီ ဖြစ်၏။
အမြဲတမ်း သူဂုဏ်ယူဝင့်ကြွားခဲ့သော ကိုယ်ဖော့လှုပ်ရှားမှုက ယခု အချည်းနှီးဖြစ်သွားသည်။
ထျန်းလေတောင်ခြေဆီသို့ မရောက်ခင်အထိ မည်သူမှ သူ့အား ရှာဖွေနိုင်လိမ့်မည်မဟုတ်ဟု အစက သူတွေးထင်ခဲ့သည်။
“ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အကာအကွယ်ဝင်္ကပါလဲ ”
စုကြွယ်ရှန့်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ဓားရိုးပေါ် လက်တင်လိုက်ပြီး တင်းကျပ်စွာ ဆုပ်လိုက်သည်။
သူက နောက်ထပ် မပုန်းကွယ်တော့ပေ။ သူက ထျန်းလေတောင်တန်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
သို့သော်လည်း မီတာသုံးဆယ် သူလမ်းလျှောက်ပြီးနောက် နောက်တစ်ကြိမ် ရပ်တန့်သွားသည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ အရှေ့တွင် ဝေဝါးသော ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသောကြောင့် ဖြစ်သည်။
“ အဲ့ဒါ လစန္ဒာတောင်ထွတ်အရှင်သခင် ဟန်မူယဲ ”
“ ပြောကြတာတော့ သူ့ရဲ့ ပါရမီက ကော့ဟွားထက်တောင် သာလွန်တယ်တဲ့ ”
“ သူက ကော့ဟွားရဲ့ ဓားအရိုးကို ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ပြန်သယ်ဆောင်လာပေးခဲ့တဲ့ လူပဲ ”
ဟန်မူယဲ့၏ ပုံရိပ်လွှာ ထွက်ပေါ်လာသည့်အခိုက် မဟာမိတ်အဖွဲ့ဘက်တွင် အကြီးအကဲရှောက်လင်း၏ ဘေးမှ တခြားလူများက အံ့ဩစွာ တီးတိုးရေရွတ်လိုက်ကြသည်။
အလင်းလွှာပေါ်မှ ထိုပုံရိပ်သည် လစန္ဒာတောင်ထွတ်မှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
“ အကာအကွယ်ဝင်္ကပါစွမ်းအားကို အသုံးပြုပြီး ပုံရိပ်တစ်ခုကို ဖွဲ့စည်းတယ်… အများဆုံး အဲ့ဒီပုံရိပ်က တာအိုဝင်ရောက်ခြင်းအဆင့် တိုက်ပွဲစွမ်းအားကိုပဲ ထုတ်လွှတ်နိုင်လိမ့်မယ်… တကယ်ပဲ အဲ့ဒီလူက မောက်မာလွန်းတယ် ”
အကြီးအကဲရှောက်လင်း၏ ဘေးမှာ မတ်တတ်ရပ်နေသော သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ရှုထန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
စုကြွယ်ရှန့်က တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူက ထိပ်တိုက် ရင်ဆိုင်ခြင်းမှာ အားနည်းပြီး လုပ်ကြံသတ်ဖြတ်ခြင်းမှာသာ ကျွမ်းကျင်သည်ဆိုလျှင်ပင် ပုံရိပ်တစ်ခုက မည်သို့ကြောင့် စုကြွယ်ရှန့်ကို အနိုင်ယူနိုင်မည်နည်း။
အကယ်၍ ဟန်မူယဲ့က စုကြွယ်ရှန့်ထက် ပိုပြီးသန်မာမည်ဆိုလျှင်ပင် ယင်းက မဖြစ်နိုင်ပေ။
“ သူက အချိန်ဆွဲချင်နေတာ ဖြစ်မယ်… လစန္ဒာတောင်ထွတ်ရဲ့ စွမ်းအားက ဒါအကုန်ပဲ… သူတို့က နောက်ဆုံးအကန့်အသတ်ကို ရောက်နေပြီ ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
လူတိုင်းက အလင်းလွှာပေါ်မှ မြင်ကွင်းကို အာရုံစိုက်လိုက်ကြသည်။ ထိုစဉ် စုကြွယ်ရှန့်က ဓားဆွဲထုတ်လိုက်ပြီး ဟန်မူယဲ့၏ ပုံရိပ်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားသည်။
သူ၏ ဓားအလင်းက မှေးမှိန်သော်လည်း သူ၏ လှုပ်ရှားမှုများက မြန်ဆန်သွက်လက်သည်။
“ အဲ့ဒီလူရဲ့ ဓားကွက်က တကယ် သေသပ်တာပဲ… အဲ့ဒါကို သူ့ရဲ့ တမူထူးခြားတဲ့ အလျင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ လူအနည်းစုပဲ အဲ့ဒီဓားကွက်ကို တိမ်းရှောင်နိုင်ကြလိမ့်မယ် ”
“ သေသပ်ရုံပဲ မဟုတ်ဘူး… တကယ်လို့ သူသာ ရန်သူနဲ့ နီးနီးကပ်ကပ်ရှိနေပြီး ရုတ်တရက် တိုက်ခိုက်လိုက်မယ်ဆိုရင် တာအိုချိုးဖြတ်ခြင်းအဆင့်က ကျင့်ကြံသူတွေတောင် အချိန်မီ တိမ်းရှောင်နိုင်မှာ မဟုတ်ဘူး ”
စုကြွယ်ရှန့် လှုပ်ရှားလိုက်သည့်အခါ တိုးညင်းသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
လူအုပ်ကြီးထံမှ အကြည့်များက အကြီးအကဲရှောက်လင်းထံသို့ ရွှေ့ပြောင်းသွားကြသည်။ သူတို့က ခပ်ရေးရေး ပြုံးလိုက်ကြသည်။
လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သော စုကြွယ်ရှန့်၏ ဓားကွက်များနှင့် လှုပ်ရှားမှုနည်းစနစ်များကို အကြီးအကဲရှောက်လင်း၏ အလင်းလွှာမှတဆင့် သူတို့မြင်နေကြရသည်။
သို့ဖြစ်၍ အနာဂတ်မှာ သူတို့က စုကြွယ်ရှန့်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် ကြောက်စရာလိုတော့မည် မဟုတ်ချေ။
ဤအခိုက်အတန့််မှာ သူ၏ တိုက်ခိုက်မှုနည်းလမ်းများကို အလင်းလွှာမှတဆင့် လူတိုင်းက စောင့်ကြည့်နေကြောင်း စုကြွယ်ရှန့် မသိပေ။
နောက်ဆုံးမှာတော့ သူက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတစ်ယောက်သာလျှင် ဖြစ်သည်။
စုကြွယ်ရှန့်က မည်သည်ကိုမှ ထိန်ချန်မထားပေ။
သူကျင့်ကြံသော ဓားတာအိုမှာ ခွန်အားထိန်ချန်ခြင်း မရှိပေ။
သူက လျှင်မြန်မှုနှင့် အမြင်စူးရှမှုကြောင့် နာမည်ကျော်ကြားပြီး သူ၏ ဓားကွက်များက အားနည်းချက်မရှိလုနီးပါး သေသပ်သည်။ သူ့အတွက် တစ်ခုတည်းသော အားနည်းချက်မှာ ခွန်အားမလုံလောက်ခြင်း ဖြစ်သည်။ သူက ရန်သူနှင့် ထိပ်တိုက် မတိုက်ခိုက်နိုင်ပေ။
သို့ဖြစ်၍ သူက ရန်သူကို အစကတည်းက တစ်ချက်တည်းဖြင့် သတ်ပစ်ရန် အစွမ်းကုန် ထုတ်သုံးလိမ့်မည်။
“ သေစမ်း ”
ဓားအလင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း တိုးညင်းသော ကြုံးဝါးသံက ပျံ့လွင့်သွားသည်။ တစ်ချိန်တည်းမှာ စုကြွယ်ရှန့်၏ ပုံရိပ်က ဝေဝါးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ဓားသွားက အကာအကွယ်ဝင်္ကပါစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဟန်မူယဲ့ပုံရိပ်၏ အရှေ့သို့ ရောက်ရှိလာသည်။
သို့သော်လည်း ဓားသွားက ဟန်မူယဲ့ထံသို့ မရောက်မီ သုံးပေအကွာမှာ ရပ်တန့်သွားသည်။
ထွန်းလင်းတောက်ပသော ဓားရှည်တစ်လက်က ထွက်ပေါ်လာပြီး စုကြွယ်ရှန့်၏ ရင်ဘက်ကို ချိန်ရွယ်ထားလေရာ တစ်ဖက်လူက နောက်ထပ် အရှေ့မတိုးနိုင်တော့ပေ။
ဟန်မူယဲ့က ဓားကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ကို ကျောနောက်သို့ ပို့ထားလေရာ သူက ပုံရိပ်တစ်ခုဖြစ်သည့်တိုင်အောင် ဆရာသခင်တစ်ပါး၏ ဟန်အမူအရာကို ပိုင်ဆိုင်ထားဆဲပင်။
ဟန်မူယဲ့က ရိုးရှင်းသော ဓားလှုပ်ရှားမှုဖြင့် အနိုင်ရရှိသွားသည်။
ယင်းမှာ သူက စွမ်းအားကြောင့် အနိုင်ရသွားခြင်း မဟုတ်ပေ။ သူ၏ အမြင်စူးရှမှုနှင့် သေသပ်လှသော ဓားကွက်ကြောင့် ဖြစ်သည်။
သူက တစ်ဖက်လူ ဂုဏ်ယူရသော ဓားကွက်နှင့် အလျင်ကို အသုံးပြု၍ စုကြွယ်ရှန့်ကို အနိုင်ယူလိုက်သည်။
ထိုဓားကွက်က စုကြွယ်ရှန့်၏ မျက်နှာကို အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်သွားစေသည်။
ထိုအခိုက်အတန့်မှာ မဟာမိတ်အဖွဲ့ဘက်မှ အစွမ်းထက်ပုဂ္ဂိုလ်များက အံ့ဩသွားကြသည်။
အဘယ့်ကြောင့်ဆိုသော် ဟန်မူယဲ့၏ ဓားက စုကြွယ်ရှန့်၏ ရင်ဘက်ပေါ်သို့ မည်သို့ကျရောက်သွားကြောင်း သူတို့မမြင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ဤသည်မှာ စုကြွယ်ရှန့်က ဟန်မူယဲ့၏ ဓားဆီသို့ တန်းမတ်စွာ ပြေးသွားသည့်အလားပင်။
“ မင်းရဲ့ ဓားက မြန်ဆန်တယ်… ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ချက်ချင်း လှုပ်ခါပစ်နိုင်တဲ့ အရှိန်အဟုန်က ဓားထဲမှာ မရှိနေဘူး ”
ဟန်မူယဲ့က သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး စုကြွယ်ရှန့်ကို အနောက်သို့ တွန်းထုတ်လိုက်သည်။
“ လာ ငါ့ကို ထပ်တိုက်ခိုက်စမ်း ”
ထပ်တိုက်ခိုက်ရမယ်… ။
စုကြွယ်ရှန့်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက အံကြိတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
သူ၏ ဓားအလင်းက ကောင်းကင်ပေါ်မှ ကြွေကျလာသော ဥက္ကာပျံအသွင် ပြောင်းလဲသွားသည်။