အခန်း (၁၅၈၆)
Vol. 114 Ch. 1586
မဟာမိတ်အဖွဲ့ဘက်တွင် အလင်းလွှာကို အာရုံစိုက်နေကြသော ရှောက်လင်းနှင့် တခြားလူများက မျက်နှာပျက်ယွင်းသွားကြသည်။
စုကြွယ်ရှန့် ထုတ်ဖော်ပြခဲ့သော လုပ်ကြံသတ်ဖြတ်ခြင်းနည်းလမ်းများနှင့် ခွန်အားက သူတို့ကို အံ့ဩစေခဲ့သည်။ သို့သော်လည်း ဟန်မူယဲ့ပုံရိပ်မှ ထုတ်ဖော်လိုက်သော ဓားကွက်က သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။
သူတို့ထဲမှာ မည်သူက ထိုဓားကွက်ကို ခုခံနိုင်လိမ့်မည်နည်း။
အလင်းလွှာပေါ်တွင် စုကြွယ်ရှန့်က နောက်ထပ် ဓားချက်ကို ထုတ်ဖော်လိုက်ကြောင်း သူတို့မြင်သွားသောအခါ လူအများစုက တင်းကျပ်စွာ လက်သီးဆုပ်လိုက်ကြသည်။
ဟန်မူယဲ့ပုံရိပ်မှ ထုတ်လွှတ်လိုက်သော ဖိအားက သူတို့အပေါ်ကိုပင် သက်ရောက်နေသည်။
ဤတစ်ကြိမ်တွင် စုကြွယ်ရှန့်၏ ဓားချက်က အစောနကထက် ပိုပြီးမြန်ဆန်သည်။
ယင်းက မြန်ဆန်ရုံတင် မဟုတ်ပေ။ ထိုဓားချက်ထဲမှာ ကြက်ခြေခတ်ဓားအလင်းတစ်ခုလည်း ပါဝင်နေသည်။ ဓားအလင်းက ဟန်မူယဲ့နားသို့ ရောက်တော့မည့်အချိန် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
လူတိုင်း၏ မျက်လုံးထဲတွင် စုကြွယ်ရှန့်၏ ဓားချက်တစ်ချက်တိုင်းက ဟန်မူယဲ့၏ အရှေ့မှ ထွန်းလင်းတောက်ပသော ဓားအလင်းကို ငြိမ်းသတ်နေသည်။
“ မင်းက စုစုပေါင်း ဓားချက်(၈၇)ချက်ကို ထုတ်လွှတ်ခဲ့တယ်… အဲ့ဒီထဲမှာ ဓားအလင်းငါးခုက အစစ်အမှန်ဖြစ်ပြီး ကျန်အားလုံးက အတုအယောင်တွေ ဖြစ်တယ် ”
“ ငါက ခြောက်ကြိမ် ဓားချက်ထုတ်ဖော်လိုက်တယ်… ငါးချက်က မင်းရဲ့ အစစ်အမှန်ဓားအလင်းငါးခုကို ဖျက်ဆီးလိုက်ပြီး ကျန်ဓားချက်က မင်းဆီကို ကျရောက်သွားတယ်… အဲ့ဒါက မင်းကို တိမ်းရှောင်ဖို့ ခက်ခဲစေတယ် ”
နောက်အခိုက်အတန့်မှာ ဓားသွားက စုကြွယ်ရှန့်၏ လည်မျိုပေါ်သို့ ကျဆင်းလာစဉ် ဟန်မူယဲ့၏ မထူးမခြားနားအသံက ပျံ့လွင့်သွားသည်။
စုကြွယ်ရှန့်၏ မျက်နှာက ဖြူဖျော့သွားပြီး ဓားကိုင်ထားသော သူ၏ လက်က အဆက်မပြတ် တုန်ယင်သွားသည်။
ဟန်မူယဲ့က စုကြွယ်ရှန့်ကို ထပ်မံ ပြောသည်။
“ တကယ်လို့ မင်းရဲ့ နှလုံးသားထဲမှာ တိုက်ပွဲစိတ်ဆန္ဒရှိပြီး အဲ့ဒီဓားအလင်းငါးခုထဲက တစ်ခုမှာ မင်းရဲ့ အစွမ်းအကုန် ပါဝင်နေမယ်ဆိုရင် ငါ့ရဲ့ ပုံရိပ်က အဲ့ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး ”
“ စိတ်မကောင်းစရာပဲ… မင်းရဲ့ နှလုံးသားထဲမှာ အကြောက်တရားနဲ့ တုံ့ဆိုင်းမှု ရှိနေတယ်… မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ပျောက်ဆုံးနေတယ် ”
စုကြွယ်ရှန့်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မဲ့နေလေရာ ဓားချက်များကို အစွမ်းကုန်သုံး၍ မထုတ်ဖော်ဝံ့ချေ။ သို့ဖြစ်၍ ဟန်မူယဲ့က တစ်ဖက်လူကို နောက်တစ်ကြိမ် အနိုင်ရသွားသည်။
စုကြွယ်ရှန့်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။ ဆန္ဒမရှိမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
မဟာမိတ်အဖွဲ့ဘက်တွင် အစွမ်းထက်ပညာရှင်များက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ကြသည်။
သူတို့၏ အမြင်တွင် အကယ်၍ စုကြွယ်ရှန့်သာ အနည်းငယ် သတ္တိပိုရှိမည်ဆိုလျှင် သူ၏ ဓားက ဟန်မူယဲ့၏ ပုံရိပ်ကို တစ်ချက်တည်းဖြင့် ဖောက်ထွင်းသွားလိမ့်မည်။
ဤအခိုက်အတန့်မှာ တာအိုချိုးဖြတ်ခြင်းနှင့် တာအိုငြိမ်းသတ်ခြင်းအဆင့်မှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော ရှောက်လင်းနှင့် တခြားလူများ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သော အလင်းက ထွက်ပေါ်လာသည်။
“ ငါမင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ် ”
ဟန်မူယဲ့က သူ၏ ဓားကို ပြန်ရုပ်လိုက်သည်။
စုကြွယ်ရှန့်က တဒင်္ဂ အံ့ဩသွားပြီးနောက် ဖြည်းဖြည်းချင်း အနောက်ဆုတ်သွားသည်။
သူက သုံးပေအကွာအဝေးသို့ အနောက်ဆုတ်ပြီးလျှင် နောက်တစ်ကြိမ် ဓားမြှောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ချိန်ရွယ်လိုက်သည်။
သူက မည်သည့်စကားမှ မပြောပေ။ အစွမ်းထက် သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်နှင့် သုံးပေရှည်လျားသော အလင်းတန်းတစ်ခုက သူ၏ ဓားသွားပေါ်မှာ ထွက်ပေါ်သည်။
“ သေစမ်း ”
သူက တိုးညင်းစွာ ကြုံးဝါးလိုက်လေရာ ဓားအလင်းက လင်းထိန်သွားသည်။ ဤသည်မှာ ကောင်းကင်ပေါ်မှ ကြယ်များက တစ်ပြိုင်နက် ပေါက်ကွဲသွားသည့်အလားပင်။
ဘေးပတ်ဝန်းကျင်တွင် စူးရှတောက်ပသော ဓားအလင်းက ပေါ်လျှိုးလာသည်။ ဓားအလင်းက လွန်စွာ တောက်ပလေရာ ကျင့်ကြံသူများ မျက်စိဖွင့်ရန် အလွန်ခဲယဉ်းပေသည်။
ထိုအန္တိမတိုက်ကွက်က အလင်းလွှာမှတဆင့် စောင့်ကြည့်နေကြသော လူများကို အသက်ရှူရန် မေ့လျော့သွားစေသည်။
“ အောင်မြင်ပြီ ”
နောက်အခိုက်အတန့်မှာ စုကြွယ်ရှန့်၏ ပုံရိပ်က ဟန်မူယဲ့၏ အနောက်မှာ တိတ်တဆိတ် ထွက်ပေါ်လာကြောင်း သူတို့မြင်လိုက်ရသောအခါ တစ်စုံတစ်ယောက်က ဝမ်းသာအားရ အော်ပြောလိုက်သည်။
အစောနက စုကြွယ်ရှန့်သည် မျက်စိကျိန်းစပ်စေသော ဓားအလင်းတိုက်ကွက်ကို ထုတ်ဖော်၍ ဟန်မူယဲ့၏ အနောက်သို့ တိတ်တဆိတ် ရွေ့လျားသွားခဲ့သည်။ ထို့နောက် သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ဓားဖြင့် ထိုးသွင်းလိုက်သည်။
ယင်းက ဓားကွက်တစ်ကွက် မဟုတ်ပေ။ နှစ်ကွက်ဖြစ်သည်။
ယင်းက ဓားတိုက်ခိုက်မှုချည်းသာ မဟုတ်ပေ။ ထိုထဲမှာ စိတ်ပိုင်းဆိုင်ရာကစားပွဲလည်း ပါဝင်နေသည်။
ဟန်မူယဲ့က စုကြွယ်ရှန့်ကို နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့လေရာ တစ်ဖက်လူကို သေချာပေါက် အထင်သေးလိမ့်မည်။
ထို့ပြင် အစောနက စူးရှတောက်ပသော ဓားအလင်းက အံ့ဖွယ်ကောင်းသော်လည်း အမှန်မှာ ယင်းက ဟန်ပြသက်သက်သာ ဖြစ်၏။
ဤတစ်ကြိမ်တွင် စုကြွယ်ရှန့်က အရာအားလုံးကို ထုတ်သုံးလိုက်သည်။ ထိုထဲမှာ အစောနက သူကျရှုံးသွားခဲ့သော ဓားကွက်နှစ်ကွက်လည်း ပါဝင်ပေသည်။
ဓားကို ထိုးသွင်းလိုက်သည်နှင့် ဓားသွားထဲမှာ စုကြွယ်ရှန့်၏ ဓားတာအိုအားလုံး ပါဝင်သွားသည်။
ထိုဓားချက်က အလွန်မြန်ဆန်ပြီး သေသပ်သည်။ ဓားက လေကို ဖြတ်သန်းသွားသော အသံကိုပင် မကြားရချေ။
ယင်းက စုကြွယ်ရှန့်၏ အထွတ်အထိပ် လုပ်ကြံသတ်ဖြတ်ခြင်းဓားသိုင်း ဖြစ်သည်။
“ ဝီး ”
ဓားဟိန်းသံ ထွက်ပေါ်လာသည်။
စုကြွယ်ရှန့်၏ ဓားက ဟန်မူယဲ့နားသို့ ရောက်ရန် တစ်ပေအလိုတွင် ဟန်မူယဲ့၏ ဓားက ရုတ်တရက် တုန်ယင်သွားသည်။ ထို့နောက် ဓားသွားက ဝှစ်ခနဲ ရွေ့လျားသွားပြီး အပေါ်သို့ ပင့်မြှောက်သွားသည်။
“ ထန် ”
စုကြွယ်ရှန့်၏ ဓားက လေပေါ်သို့ မြှောက်တတ်သွားသည်။
လုပ်ကြံသတ်ဖြတ်သူဓားသမားတစ်ယောက်၏ ဓားက လေပေါ်သို့ လွင့်စင်သွားသည်။
ဓားကျင့်ကြံသူတစ်ယောက်အတွက် ဓားကို ဆုံးရှုံးသွားခြင်းသည် ရန်သူ၏ အသတ်ခံလိုက်ရခြင်းနှင့် မခြားပေ။
“ မင်းရဲ့ ဓားသိုင်းက လျှင်မြန်မှုတစ်ခုတည်းပေါ်မှာပဲ မှီခိုတယ်… မင်းမှာ အခြေခံဓားနည်းစနစ်တွေ မရှိဘူး ”
“ ဓားတာအိုအပေါ် မင်းရဲ့ နားလည်သဘောပေါက်မှုက အရမ်းနိမ့်ကျတယ် ”
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။ သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး စုကြွယ်ရှန့်၏ ဓားကို ခပ်ထုတ်လိုက်သည်။ ထို့နောက် ဓားက စုကြွယ်ရှန့်၏ အရှေ့သို့ ပြုတ်ကျသွားသည်။
စုကြွယ်ရှန့်၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ဆန္ဒမရှိသော အမူအရာနှင့်အတူ သူ၏ မျက်နှာက သုန်မှုန်သွားသည်။ သူ၏ လက်နှစ်ဖက်က ထိန်းချုပ်မရအောင် တုန်ယင်သွားသည်။
သူ့တစ်ဘဝလုံး အသုံးပြုခဲ့သော ဓားသိုင်းက တစ်ဖက်လူ၏ အရှေ့မှာ သုံးကြိမ်စလုံး ရှုံးနိမ့်သွားခဲ့သည်။ ထို့ပြင် တစ်ဖက်လူက သူ့ကို အနိုင်ယူရန် ကြီးကြီးမားမား အားစိုက်မထုတ်ခဲ့ရပေ။
“ လာ နောက်တစ်ကြိမ် တိုက်ခိုက်ကြည့် ”
ဟန်မူယဲ့က ထပ်မံ ပြောသည်။
ထိုစကားကို ကြားသောအခါ စုကြွယ်ရှန့်၏ မျက်နှာပေါ်မှာ စိတ်ပျက်အားလျော့မှုဖြင့် ပြည့်နှက်သွားသည်။
သူက တစ်ဖက်လူ အလေးအနက်ထား၍ တိုက်ခိုက်ရန်ပင် အရည်အချင်းမရှိပေ။
တစ်ဖက်လူ၏ မျက်လုံးထဲမှာ သူက အမှိုက်တစ်ခုထက် မပိုပေ။
“ သေစမ်း ”
သူက ဓားကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အရှေ့သို့ ပြေးသွားကာ ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
ကျယ်လောင်သော အော်သံနှင့်အတူ ကြီးမားသော ခွန်အားက ဒီရေလှိုင်းသဖွယ် ပေါ်လျှိုးလာသည်။
ထိုဓားချက်က မြန်ဆန်ရုံသာမက ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားကိုလည်း သယ်ဆောင်ထားသည်။
သူက နောက်ထပ် ခိုးကြောင်ခိုးဝှက် မလှုပ်ရှားတော့ဘဲ အစွမ်းကုန်သုံး၍ ထိပ်တိုက် တိုက်ခိုက်လိုက်သည်။
သူ၏ ဓားနည်းစနစ်များက သူ့ကို အနိုင်ရစေရန် မကူညီပေးနိုင်မှတော့ စုကြွယ်ရှန့်က တခြားဘာတတ်နိုင်ဦးမည်နည်း။
ထိပ်တိုက် တိုက်ခိုက်ခြင်းသည် သူ၏ နောက်ဆုံးကြိုးစားမှု ဖြစ်သည်။
“ ထန် ”
ဓားချင်း ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ စုကြွယ်ရှန့်၏ ဓားက အဝေးသို့ လွင့်စင်သွားသည်။
ဟန်မူယဲ့က သူ၏ ဓားကို ပြန်ရုပ်လိုက်သည်။
“ မင်းကျင့်ကြံတဲ့ ဓားတာအိုက ရန်သူကို လျင်မြန်မှုနဲ့ အနိုင်ယူဖို့ပဲ… ဒါပေမဲ့ အခု မင်းရဲ့ လျှင်မြန်မှုကို ရန်သူက ထိုးဖောက်မြင်နိုင်တဲ့အခါ မင်းမှာ ထိပ်တိုက် ရင်ဆိုင်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး… အဲ့ဒီလိုဆိုရင် မင်းမှာ တိုက်ပွဲစွမ်းအား ဘယ်လောက်ပဲ ကျန်တော့မလဲ ”
စိတ်ပျက်မှုက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
စုကြွယ်ရှန့်က စိတ်ပျက်အားလျော့မှုကြောင့် မျက်နှာညှိုးငယ်သွားသည်။
ထိုစိတ်ပျက်မှုက သူ၏ ရှုံးနိမ့်မှုကြောင့် မဟုတ်ပေ။ သူက ရန်သူကို ထိခိုက်ဒဏ်ရာရအောင် မတိုက်ခိုက်နိုင်ခဲ့သောကြောင့် စိတ်ပျက်နေခြင်းလည်း မဟုတ်ပေ။ ယင်းအစား နှစ်ပေါင်းများစွာကြာအောင် သူလေ့လာခဲ့သော ဓားတာအိုက တစ်ဖက်လူ၏ အရှေ့မှာ အချည်းနှီးဖြစ်သွားသောကြောင့် ဖြစ်သည်။
သူက အမှန်တကယ်ပဲ လမ်းမှားလျှောက်နေခြင်းလော။
လျှင်မြန်သွက်လက်သော ဓားနည်းစနစ်များကြောင့် သူက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများကြားတွင် အတော်အသင့် နာမည်ကျော်ကြားသည်။ သို့သော်လည်း ယခု သူ၏ ဓားနည်းစနစ်များက တစ်ဖက်လူ၏ အရှေ့မှာ အလွယ်တကူ ချေဖျက်ခံလိုက်ရလေရာ ဓားတာအိုအပေါ် သူ၏ ယုံကြည်မှုက ယိမ်းယိုင်သွားသည်။
မဟာမိတ်အဖွဲ့ဘက်တွင် အလင်းလွှာမှတဆင့် စောင့်ကြည့်နေကြသော ရှောက်လင်းနှင့် တခြားလူများသည်လည်း နှုတ်ဆိတ်သွားကြသည်။
ဟန်မူယဲ့က ထိုမျှသန်မာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။
အကာအကွယ်ဝင်္ကပါစွမ်းအားမှ ဖွဲ့စည်းထားသော သူ၏ ပုံရိပ်တစ်ခုကပင် စုကြွယ်ရှန့်ကို အကူအညီမဲ့သွားစေသည်။
ထိုမျှအစွမ်းထက်သော ဓားတာအိုကို ယခင်က တစ်ခါမှ သူတို့မမြင်ဖူးချေ။
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှာ ထိုမျှကြောက်စရာကောင်းသော ဓားသမားတစ်ယောက် အမှန်တကယ် ရှိနေသည်လော။
“ သူ့ကို ထိပ်တိုက် ရင်ဆိုင်ပြီး သတ်ပစ်ဖို့ကလွဲလို့ ငါတို့မှာ တခြားရွေးချယ်စရာမရှိဘူး ”
အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူထွားကြီးတစ်ယောက်က တည်ကြည်လေးနက်စွာ ပြောသည်။
လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သော စုကြွယ်ရှန့်သည်ပင် ဓားတာအိုမှာ ဟန်မူယဲ့ကို မယှဉ်နိုင်ခဲ့ပေ။ သို့ဖြစ်လေရာ သူတို့ထဲမှ မည်သူမှ ဟန်မူယဲ့ကို အနိုင်ယူနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိကြပေ။
သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ပိုပြီးမြင့်မားသော ကျင့်ကြံခြင်းစွမ်းအားနှင့် တိုက်ပွဲစွမ်းအားကို အသုံးပြု၍ ဟန်မူယဲ့ကို အစွမ်းကုန် တိုက်ခိုက်ရန် ဖြစ်သည်။
မည်သို့ဖြစ်ပါစေ လစန္ဒာတောင်ထွတ်၏ တပည့်များက အရေအတွက်မများပေ။
ထို့ပြင် ဟန်မူယဲ့၏ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်မားလောက်ချေ။
ထျန်းလေတောင်တန်းပေါ်မှ အကာအကွယ်ဝင်္ကပါအတွက်တော့ အမှန်အတိုင်းဆိုရလျှင် ယင်းက ဤနေရာမှာ ရှိနေကြသော လူအများစုအတွက် အရေးကြီးကိစ္စ မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ ထိုသို့အကာအကွယ်ဝင်္ကပါကို အချိန်ကြာကြာ အသုံးပြုရန် မည်သို့မှ မဖြစ်နိုင်ပေ။
အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးက သူတို့၏ အရင်းအမြစ်အားလုံးကို ထုတ်သုံးမည်ဆိုလျှင်ပင် အကာအကွယ်ဝင်္ကပါက အချိန်ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ရှောက်လင်းက အလင်းလွှာကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
တခြားလူများသည်လည်း အလင်းလွှာကို လှည့်ကြည့်လိုက်ကြသည်။
ထိုစဉ် စုကြွယ်ရှန့်ကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်နေသော ဟန်မူယဲ့က ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က အလင်းလွှာ၏ အပြင်ဘက်မှာရှိသော လူများ၏ အကြည့်နှင့် တွေ့ဆုံသွားဟန် ရသည်။
ထိုအဖြစ်အပျက်က မဟာမိတ်အဖွဲ့မှ လူများကို အံ့ဩသွားစေသည်။
ဟန်မူယဲ့က ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သော ရှောက်လင်း၏ နည်းလမ်းကို ထွင်းဖောက်မြင်နိုင်သည်လော။
“ စုကြွယ်ရှန့်… မင်းရဲ့ ဓားတာအိုပါရမီက မဆိုးဘူး ”
ဟန်မူယဲ့က ပြောသည်။
“ ငါ့ရဲ့ လစန္ဒာတောင်ထွတ်ဆီ မင်းဝင်ချင်လား ”
သူ၏ အသံက ပီသစွာ ပျံ့လွင့်သွားသည်။
ထိုစကားက အလင်းလွှာ၏ အပြင်ဘက်မှ လူတိုင်းကို ထိတ်လန့်သွားစေသည်။
ဟန်မူယဲ့က စုကြွယ်ရှန့်ကို လစန္ဒာတောင်ထွတ်ဆီ ဝင်ရောက်ရန် ဖိတ်ခေါ်နေသည်လော။
အလင်းလွှာထဲတွင် စိတ်ရှုပ်ထွေးမှုက စုကြွယ်ရှန့်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာပေါ်မှာ မယုံကြည်နိုင်သော အမူအရာ ထွက်ပေါ်လာသည်။
“ မင်း… မင်း… ငါ့ကို မသတ်ဘူးလား ”
စုကြွယ်ရှန့်က ဤတစ်ကြိမ်မှာ သူ့ဘဝ အဆုံးသတ်သွားပြီဟု တွေးထင်နေခဲ့သည်။
ဟန်မူယဲ့က ခေါင်းခါလိုက်သည်။
သူက စုကြွယ်ရှန့်ကို စိုက်ကြည့်လိုက်လေရာ မှိန်ဖျော့သော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ယင်းက စုကြွယ်ရှန့်ကို ခေါင်းငုံ့သွားစေသည်။
“ ငါမင်းကို ဓားတာအို သင်ကြားပေးမယ်… တကယ်လို့ မင်းက တစ်လအတွင်းမှာ ထျန်းလေတောင်တန်းဆီ ကျူးကျော်ဝင်လာတဲ့ ရန်သူအားလုံးကို သတ်ပစ်နိုင်မယ်ဆိုရင် လစန္ဒာတောင်ထွတ်ဆီ ငါမင်းကို ခေါ်သွားမယ်… အဲ့လိုမဟုတ်ရင်တော့ ငါမင်းကို သတ်ပစ်မယ် ”
ဟန်မူယဲ့က ပြောသည်။
“ မင်းလုပ်ရဲလား ”
လုပ်ရဲလား… ။
အပြုံးက စုကြွယ်ရှန့်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုအပြုံးကို အလင်းလွှာ၏ အပြင်ဘက်မှ ရှောက်လင်းနှင့် တခြားလူများက မြင်သွားသောအခါ သူတို့က မွန်းကြပ်မှုကို ခံစားမိသွားကြသည်။ ထိုအပြုံးထဲမှာ ကိန်းဝပ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူတို့ကို အရိုးထဲမှ ခိုက်ခိုက်တုန်သွားစေသည်။