အခန်း (၁၅၈၇)
Vol. 114 Ch. 1587
အလင်းလွှာက ပျောက်ကွယ်သွားသည်။
အကြီးအကဲရှောက်လင်းက မျက်နှာမည်းမှောင်သွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ထွက်သွားသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ မပျော်ရွှင်သော အမူအရာက ထင်ရှားစွာ ပေါ်လွင်နေသည်။
စုကြွယ်ရှန့် အနိုင်ရလိမ့်မည်ဟု သူတို့တွေးထင်ခဲ့ကြသည်။ အကယ်၍ သူက အနိုင်မရခဲ့လျှင်ပင် အနည်းဆုံးတော့ ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားကို စမ်းသပ်နိုင်လိမ့်မည်ဟု သူတို့မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးရလဒ်က သူတို့၏ မျှော်လင့်ချက်နှင့် လုံးဝ ကွာခြားနေသည်။
သူတို့က ဟန်မူယဲ့၏ စစ်မှန်သော တိုက်ပွဲစွမ်းအားကို မစမ်းသပ်နိုင်ခဲ့သည့်အပြင် စုကြွယ်ရှန့်က ဘက်ပြောင်းသွားခဲ့သည်။
စုကြွယ်ရှန့်ကဲ့သို့ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ဦးက လစန္ဒာတောင်ထွတ်ဆီ ဝင်ရောက်သွားပြီး ဟန်မူယဲ့၏ သင်ကြားပြသမှုကို ရရှိသွားမည်ဆိုလျှင် သူက မည်မျှကြောက်စရာကောင်းသွားမည်နည်း။
ထိုသို့လူက သူတို့ကို ပြန်တိုက်ခိုက်လာမည်ဆိုလျှင် ယင်းက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာလိမ့်မည်။
“ ဒီတစ်ကြိမ်တော့ ကိစ္စတွေက လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး… ”
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အင်အားက တကယ်အံ့ဩစရာပဲ ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်နေကြသော မဟာမိတ်အဖွဲ့ထဲတွင် အများစုက အကျိုးအမြတ်တစ်စုံတစ်ရာရရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ သူတို့က အသက်စတေး၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို တိုက်ခိုက်ရန် ဆန္ဒမရှိကြပေ။
အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အမှန်တကယ် သန်မာသည်ဆိုလျှင် မဟာမိတ်အဖွဲ့ထဲမှ နုတ်ထွက်ခြင်းက မဖြစ်နိုင်သောအရာ မဟုတ်ပေ။ မည်သို့ဖြစ်ပါစေ သူတို့က ဤအတောအတွင်းမှာ အကျိုးအမြတ်တချို့ကို ရသင့်သလောက် ရရှိပြီးပြီ မဟုတ်ပါလော။
ပုံရိပ်တစ်ခုပြီးတစ်ခု ထွက်ခွာသွားကြသည့်အခါ ကျန်ရှိသော ပုံရိပ်များ၏ မျက်နှာက ပိုပြီးအရုပ်ဆိုးသွားသည်။
သူတို့ထဲတွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ရှုထန်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ့ဘေးမှ လူအနည်းစုကို ကြည့်လိုက်သည်။
“ ငကြောက်တွေက ဘယ်တော့မှ အောင်မြင်ကြီးပွားမှာ မဟုတ်ဘူး ”
ရှုထန်းက ဒေါသတကြီး ပြောသည်။
“ တကယ်လို့ အဆိုးဆုံးအခြေအနေ ဖြစ်လာမယ်ဆိုရင်တောင် ငါတို့ဘာသာ ထျန်းလေတောင်တန်းဆီ တတ်သွားပြီး လစန္ဒာတောင်ထွတ်က လူအားလုံးကို သတ်ပစ်မယ် ”
ရှုထန်းက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ မောက်မာထောင်လွှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒီဟန်မူယဲ့ရဲ့ ဓားသိုင်းက ငါ့ထက် သာတယ်လို့ ငါတော့ မယုံဘူး ”
သူက ခြေလှမ်းဝက် တာအိုချိုးဖြတ်ခြင်းအဆင့်မှာဖြစ်ပြီး သူ၏ တိုက်ပွဲစွမ်းအားက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရှမင်တန်နှင့် ယှဉ်ပြိုင်နိုင်သည်။
ဟန်မူယဲ့က သူ့ကို စုကြွယ်ရှန့်ကဲ့သို့ အညံ့ခံစေနိုင်မည်လော။
“ အကြီးအကဲရှောက်လင်း ဘာပြောမလဲ စောင့်ကြည့်ကြတာပေါ့… ဘာပဲဖြစ်ဖြစ် သံမဏိဂိုဏ်းနဲ့ ထျန်မင်ဂိုဏ်းက သေချာပေါက် အနောက်ဆုတ်မှာ မဟုတ်ဘူး ”
တစ်စုံတစ်ယောက်က ပြောသည်။ ထို့နောက် သူက ခေါင်းယမ်းရင်း အဝေးသို့ လျှောက်သွားသည်။
သံမဏိဂိုဏ်းသည် ဤတစ်ကြိမ်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားသည်။
ထျန်မင်ဂိုဏ်းက ဤအတောအတွင်းမှာ ကြီးကြီးမားမား အင်အားဆုံးရှုံးထားသည်။ သို့ဖြစ်၍ သူတို့က အင်အားပြန်ဖြည့်တင်းရန် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အရင်းအမြစ်များကို သေချာပေါက် ဝါးမျိုရလိမ့်မည်။
ထိုအင်အားစုနှစ်ခုက အရှေ့မှ ဦးဆောင်မည်ဆိုလျှင် တခြားလူများက အတင်းဖိအားပေး၍ ကြိုးစားနေရန် လိုအပ်တော့မည် မဟုတ်ချေ။
ရှုထန်းက နှာခေါင်းရှုံ့လိုက်ပြီး အနောက်လှည့်ကာ ထွက်သွားသည်။
သူက ရဲတင်းစွာ စကားပြောဝံ့သော်လည်း ကိစ္စကြီးများကို ဆုံးဖြတ်ချက်မချမီ နှစ်ကြိမ်ပြန်စဉ်းစားသင့်ကြောင်း နားလည်ပေသည်။
…..
သုံးရက်ကြာပြီးနောက် ထျန်းလေတောင်တန်းဆီသို့ ချီတတ်သွားခဲ့သော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများက ပြန်ရောက်လာကြသည်။
အစတွင် သူတို့က စုစုပေါင်း လူသုံးရာရှိခဲ့သည်။ သို့သော်လည်း ယခု ပြန်ရောက်လာသည့်အခါ နှစ်ရာပင် မပြည့်တော့ချေ။
လစန္ဒာတောင်ထွတ်မှ တပည့်များသည် အကာအကွယ်ဝင်္ကပါ၏ အစွမ်းတိုးမြှင့်ပေးမှုနှင့် ဆုလာဘ်များ၏ သွေးဆောင်မှုအောက်မှာ တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်နေကြသည်။ သို့ဖြစ်၍ လူတိုင်းက အစွမ်းကုန်သုံး၍ တိုက်ခိုက်ကြသည်။
လစန္ဒာတောင်ထွတ်မှ တပည့်များ၏ မျက်လုံးထဲတွင် ထျန်းလေတောင်တန်းပေါ်သို့ တတ်လာကြသော ဂိုဏ်းအသီးသီးမှ တပည့်များက တိုက်ပွဲအကျိုးပြုမှုတုံကင်များ ဖြစ်ကြသည်။
အသက်ရှင်လျက် ပြန်ရောက်လာသော ထိုတပည့်တစ်ရာကျော်က အလွန်ကံကောင်းသွားခြင်းသာ ဖြစ်သည်။
“ လစန္ဒာတောင်ထွတ်က လူတွေက အရူးတွေ ”
“ လစန္ဒာတောင်ထွတ်က တပည့်တွေက အံ့ဖွယ်ကောင်းတဲ့ ဓားစွမ်းရည်ကို ပိုင်ဆိုင်ထားကြတယ်… အနာဂတ်မှာ သူတို့က ငါတို့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ် ”
“ လစန္ဒာတောင်ထွတ်မှာ ဒီလောက်အံ့ဖွယ်ကောင်းတဲ့ အမွေအနှစ်ရှိနေမှတော့ သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ တခြားတောင်ထွတ်တွေရဲ့ ပစ်မှတ်ထားတာ သေချာပေါက်ခံရလိမ့်မယ်… ငါတို့တွေ ဘေးကနေ စောင့်ကြည့်ရမယ် ”
ပြန်ရောက်လာကြသော တပည့်များက အတွေးအမျိုးမျိုး တွေးလိုက်ကြသည်။ မဟာမိတ်အဖွဲ့ထဲတွင် အကြံဉာဏ်အမျိုးမျိုး ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ မဟာမိတ်အဖွဲ့ထဲမှ မည်သူမှ ဆုံးဖြတ်ချက် မချနိုင်ကြပေ။
ထျန်းလေတောင်တန်းကို တိုက်ရိုက် ဝင်တိုက်ခိုက်မည်လော သို့မဟုတ် တခြားကိစ္စများကို အာရုံစိုက်မည်လော။
ယခု မဟာမိတ်အဖွဲ့ထဲတွင် ရပ်တည်မှုနှစ်ခု ကွဲသွားသည်။
…..
ထျန်းလေတောင်တန်း… ။
တိုက်ပွဲအပြီး ဆယ်ရက်ကြာပြီးနောက်… ။
အကာအကွယ်ဝင်္ကပါ၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခုက အလွန်မြန်ဆန်သော အလျင်ဖြင့် ရွေ့လျားနေသည်။ ထိုပုံရိပ်၏ ဘေးပတ်ဝန်းကျင်တွင် မှိန်ဖျော့သော ဓားအလင်းက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။
ကျောက်မင်ယွင်နှင့် တခြားလူများက အခြားတစ်ဖက်မှာ ရပ်နေကြသည်။ သူတို့၏ အမူအရာက တည်ကြည်လေးနက်နေသည်။
ထိုဓားအလင်းက စုကြွယ်ရှန့် ဖြစ်သည်။
တောင်ထွတ်အရှင်သခင်ဟန်က ထိုလူကို လစန္ဒာတောင်ထွတ်ဆီသို့ ဆွဲသွင်းရန် စီစဉ်နေသည်။
စုကြွယ်ရှန့်က တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သည်။ ထို့ပြင် သူ၏ ဓားတာအိုက အလွန်သန်မာသည်။ လစန္ဒာတောင်ထွတ်၏ အကြီးအကဲနှစ်ယောက်ဖြစ်သော တုချန်းနှင့် မိန်ယုချန်သည်ပင် ထိုဓားအလင်းကို စိုးရိမ်ကြောင့်ကြနေကြသည်။
အကြီးအကဲနှစ်ယောက်သည် စုကြွယ်ရှန့်၏ ပြိုင်ဘက်မဟုတ်ကြပေ။
အဓိကသော့ချက်မှာ လွန်ခဲ့သော ဆယ်ရက်မှစ၍ စုကြွယ်ရှန့်က ဟန်မူယဲ့၏ သင်ကြားပြသမှုကို ရရှိခဲ့ပြီး သူ၏ တိုက်ပွဲစွမ်းအားက အဆပေါင်းများစွာ တိုးတတ်သွားခဲ့သည်။
သူ၏ ဓားကွက်များနှင့် လှုပ်ရှားမှုများက လျှင်မြန်သွက်လက်ပြီး သေသပ်သည်။ ယင်းကို မျက်မြင်တွေ့လိုက်ရသော မည်သူမဆို အရိုးခိုက်ခိုက်တုန်အောင် အေးစိမ့်သွားလိမ့်မည်။
“ ဝှီး ”
ဓားဖျားက တုန်ယင်သွားသည့်အခါ စုကြွယ်ရှန့်က ဆယ်ပေအကွာသို့ လှမ်းခုန်လိုက်ပြီး မြေပေါ်သို့ ညင်သာစွာ ဆင်းသက်လိုက်သည်။ သူက နေရာမှာ ရိုသေလေးစားသော အမူအရာဖြင့် မတ်တတ်ရပ်လိုက်သည်။
“ မင်းရဲ့ အလျင်က နှေးကွေးနေတုန်းပဲ… မင်းရဲ့ ကျင့်ကြံခြင်းက ဆံခြည်မျှင်တစ်မျှင်စာ လိုအပ်နေသေးတယ်… မင်းရဲ့ ဓားသွားက အလုံအလောက် မပြတ်သားသေးဘူး… မင်းရဲ့ အခြေခံဓားထိန်းချုပ်မှုက အားနည်းနေသေးတယ် ”
ဟန်မူယဲ့၏ တည်ငြိမ်သော အသံက တလိပ်လိပ် မြှောက်တတ်နေသော တိမ်မြူကြားထဲမှ ထွက်ပေါ်လာသည်။
စုကြွယ်ရှန့်က ရိုသေလေးစားစွာ နားထောင်နေသည်။ သူက စိတ်မရှည်သော အမူအရာကို နည်းနည်းမှ မဖော်ပြချေ။
ဤရက်များမှာ သူက ဟန်မူယဲ့အပေါ် အကြွင်းမဲ့ ယုံကြည်လေးစားသွားသည်။
ဟန်မူယဲ့၏ အရှေ့မှာ သူက ဓားတစ်ကွက်ကိုပင် မထုတ်ဖော်နိုင်ပေ။
“ အဲ့ဒါကို မင်းဆင်ခြင်နားလည်နိုင်အောင် နောက်တစ်ခါ ငါသင်ပြပေးမယ်… တကယ်လို့ အဲ့ဒါကို မင်းမဖမ်းဆုပ်နိုင်သေးဘူးဆိုရင် နောင်ဘယ်တော့မှ ဓားသိုင်းမကျင့်နဲ့တော့ ”
သူ၏ အသံ ပျံ့လွင့်သွားသည်နှင့် စိမ်းပြာရောင်ဓားအလင်းတစ်ခုက လေထဲမှာ ဖြတ်သန်းသွားသည်။
ယင်းမှာ ဟန်မူယဲ့က အကာအကွယ်ဝင်္ကပါ၏ စွမ်းအားမှတဆင့် ဓားသိုင်းထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်မှာ ထျန်းလေတောင်တန်းပေါ်မှ လူတိုင်းက စတင်ဆင်ခြင်သုံးသပ်လိုက်ကြသည်။
ဟန်မူယဲ့က စုကြွယ်ရှန့် တစ်ယောက်တည်းကို သင်ကြားပေးနေခြင်း မဟုတ်ပေ။
သို့သော်လည်း လျှင်မြန်သွက်လက်သော ဓားတာအိုတွင် စုကြွယ်ရှန့်က တခြားလူများထက် အများကြီး ပိုသာလွန်သည်။
စုကြွယ်ရှန့်၏ ဓားတာအိုပါရမီက နိမ့်ကျပြီး သူ၏ ဆင်ခြင်နားလည်မှုက ဆိုးဝါးသည်ဟု ဟန်မူယဲ့က ပြောခဲ့သည်။ သို့သော်လည်း စုကြွယ်ရှန့်နှင့် နှိုင်းယှဉ်လျှင် လစန္ဒာတောင်ထွတ်မှ တပည့်များက အများကြီး ပိုဆိုးဝါးကြသည်။
“ ဘန်း ”
ဓားကွက်များ ပျောက်ကွယ်သွားသည့်အခါ မြူခိုးက ဗလာနတ္ထိအဖြစ် လွင့်ပြယ်သွားသည်။ စုကြွယ်ရှန့်က အလွန်စိတ်လှုပ်ရှားသွားပြီး ဟန်မူယဲ့၏ ဦးတည်ရာထံသို့ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ဟန်မူယဲ့ ထုတ်ဖော်သွားသော ဓားကွက်များကို ဆင်ခြင်သုံးသပ်လိုက်သည်။
တချို့က ခေါင်းယမ်းလိုက်ကြပြီး ထွက်သွားကြသည်။ လူအနည်းစုသည်တော့ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အလား တိတ်တဆိတ် စတင်လေ့ကျင့်လိုက်ကြသည်။
တစ်ရက်ကြာပြီးနောက်… ။
အကာအကွယ်ဝင်္ကပါ၏ အနက်ပိုင်းထဲတွင် ဟန်မူယဲ့က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ စူးရှတောက်ပသော အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ လက်ဖဝါးပေါ်တွင် သေးငယ်သော တိမ်မြူအစိုင်အခဲတစ်ခုက လှည့်ပတ်နေသည်။
အကယ်၍ မဟာပန်သွန်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူတို့က သေချာပေါက် အံ့ဩသွားကြလိမ့်မည်။
လက်ဖဝါးပြင်ထက်မှ စကြာဝဠာ… ။
ယင်းက ကနဦးမူလအဆင့်မှ ဆင်းသက်လာသော စကြာဝဠာကြေးမုံဖြစ်ပြီး ယင်းထဲမှာ ကိုယ်ပိုင်မိုးမြေစကြာဝဠာ ရှိသည်။
တာအိုအဆင့်မှ ကနဦးမူလအဆင့်သို့ ဝင်ရောက်ခြင်းကို မိုးမြေပထမအလွှာဟု သတ်မှတ်နိုင်သည်။ ယင်းက သေမျိုးများနှင့် အင်မော်တယ်များကြားမှ ခြားနားမှုလည်း ဖြစ်၏။ ကနဦးမူလအဆင့်မှ စကြာဝဠာအဆင့်သို့ ဝင်ရောက်ခြင်းကို ကောင်းကင်ဘုံကိုးခုဟု သတ်မှတ်သည်။
ကနဦးမူလအဆင့်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မိုးမြေစကြာဝဠာ၏ အပြင်ဘက်မှာ ပိတ်မိနေကြသည်။ သူတို့က တစ်ဘဝလုံး ကြိုးစားလျှင်ပင် စကြာဝဠာကို ထိန်းချုပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ တစ်စုံတစ်ယောက်က ကိုယ်ပိုင်စကြာဝဠာကို ပိုင်ဆိုင်နိုင်သွားမည်ဆိုလျှင် သူ၏ နောက်ဆက်တွဲကျင့်ကြံခြင်းက သေခြင်းရှင်ခြင်းအဆင့်သို့ မရောက်ခင်အထိ လွယ်ကူချောမွေ့သွားလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ မည်သည့်အတားအဆီးမှ ရှိတော့မည် မဟုတ်ချေ။
မည်သူမှမသိလိုက်ခင်မှာ ဟန်မူယဲ့က စကြာဝဠာအဆင့်သို့ တတ်လှမ်းသွားသည်။ သူက ယင်ယန်ကို ကျော်လွှားပြီး သေခြင်းရှင်ခြင်းကို ဖြတ်တောက်ကာ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖမ်းဆုပ်နိုင်ရန် သိပ်မလိုတော့ပေ။
သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တတ်သွားသည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အချုပ်အနှောင်စွမ်းအားက တဖြည်းဖြည်း အားနည်းသွားသည်။
အကယ်၍ ထိုအချုပ်အနှောင်အားလုံး အက်ကွဲသွားမည်ဆိုလျှင် သူက မဟာပန်သွန်ဘုံမှ ဒေသခံကျင့်ကြံသူတစ်ယောက်ကဲ့သို့ လွတ်လပ်စွာ ကျင့်ကြံနိုင်သွားလိမ့်မည်။
ထိုအခါကျလျှင် သူက နောက်ထပ် ပုန်းအောင်းနေရန် လိုအပ်တော့မည် မဟုတ်ချေ။
“ ဝီး ”
အဝေးတွင် အလင်းစီးကြောင်းတစ်ခုက ပျံသန်းလာနေသည်။
“ တောင်ထွတ်အရှင်သခင်ဟန်… ဂိုဏ်းရဲ့ ဆုလာဘ်တွေ ရောက်လာပါပြီ ”
အော်သံက အကာအကွယ်ဝင်္ကပါ၏ အပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။
ယင်းမှာ ဂိုဏ်း၏ ဆုလာဘ်က ထျန်းလေတောင်တန်းဆီသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်သည်။
လစန္ဒာတောင်ထွတ်မှ တပည့်အားလုံး၏ မျက်နှာပေါ်မှာ မျှော်လင့်သော အမူအရာ ထွက်ပေါ်လာသည်။
ထျန်းလေတောင်တန်း၏ အပြင်ဘက်တွင် ကင်းထောက်စောင့်ကြည့်နေကြသော ပြင်ပဂိုဏ်းသားများက မျက်နှာတည်ကြည်သွားကြသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဆုလာဘ်များဖြင့်ဆိုလျှင် လစန္ဒာတောင်ထွတ်၏ တိုက်ပွဲစွမ်းအားက ပိုပြီးသန်မာသွားလိမ့်မည် မဟုတ်ပါလော။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ ကျောက်စိမ်းသေတ္တာတစ်လုံးက သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။
သေတ္တာထဲတွင် မဟာပန်သွန်ကျောက်တုံးနှစ်ဆယ်နှင့် တာအိုအဆင့်ဆေးလုံး(၁၀)လုံး ပါရှိသည်။
ထို့ပြင် ကျောက်စိမ်းပြားတစ်ခုလည်း ပါရှိသည်။
ကျောက်စိမ်းပြားထဲတွင် ဂိုဏ်းခေါင်းဆောင်ရှမင်တန်၏ အမှာစကားရှိသည်။
စာထဲမှ အဓိကအကြောင်းအရာမှာ ဂိုဏ်းက လောလောဆယ်တွင် ခက်ခဲကျပ်တည်းနေသောကြောင့် ဆုလာဘ်တစ်ဝက်ကိုသာ ပေးနိုင်လိမ့်မည်။
ထို့ပြင် လစန္ဒာတောင်ထွတ်မှ တပည့်များကို ခုခံကာကွယ်ခြင်းမှာသာ အာရုံမစိုက်ရန် မှာကြားသည်။ သူက လစန္ဒာတောင်ထွတ်မှ တပည့်များကို ထျန်းလေတောင်တန်းအပြင်သို့ထွက်၍ တိုက်ခိုက်ရန် မျှော်လင့်နေသည်။
“ လစန္ဒာတောင်ထွတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်… လစန္ဒာတောင်ထွတ်က တပည့်အားလုံး စည်းလုံးညီညွတ်ပြီး ရန်သူတွေကို အကြောက်အရွံ့မဲ့စွာ တိုက်ခိုက်နိုင်ဖို့ ဂိုဏ်းက မျှော်လင့်နေတယ်… အဲ့ဒါမှပဲ ဂိုဏ်းက ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်လိမ့်မယ်… ”
ကျောက်စိမ်းပြားကို ဖတ်လိုက်သည်။
ကျောက်စိမ်းပြားထဲမှ အမှာစကားကို ဖတ်ရှုပြီးသောအခါ ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်သည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းက အမှန်တကယ် အမြင်ကျဉ်းလှ၏။
သူတို့က ဆုလာဘ်ချီးမြှင့်ရန် ကပ်စေးနှဲသည့်အပြင် လစန္ဒာတောင်ထွတ်မှ တပည့်များကိုလည်း အသက်စတေး၍ တိုက်ခိုက်စေချင်သည်။
“ စုကြွယ်ရှန့် ”
ဟန်မူယဲ့၏ အသံက အပြင်သို့ ပျံ့လွင့်သွားသည်နှင့် ပုံရိပ်တစ်ခုက ဖျတ်ခနဲ ရောက်ရှိလာသည်။
ဤတစ်ကြိမ်တွင် စုကြွယ်ရှန့်၏ နောက်ကျောမှ ဓားက မှိန်ဖျော့သော ဓားအလင်းကို ထုတ်လွှတ်နေပြီး သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားထဲမှာ ဝေဝါးနေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်က ဤအခိုက်အတန့်မှာ တာအိုချိုးဖြတ်ခြင်းနှင့် တာအိုငြိမ်းသတ်ခြင်းကြားမှာ ဖြစ်သည်။
လွန်ခဲ့သော ဆယ်ရက်အတွင်းမှာ စုကြွယ်ရှန့်က သေခြင်းရှင်ခြင်းအကာအကွယ်ဝင်္ကပါထဲမှာ နေ့စဉ်မပြတ် ကျင့်ကြံခဲ့လေရာ သူ၏ ကျင့်ကြံခြင်းစွမ်းအားက သိသိသာသာ တိုးမြှင့်သွားသည်။
ထိုသို့တိုးတတ်မှုက အတိတ်မှာ တစ်ခါမှ သူစိတ်ကူးမယဉ်ဖူးသောအရာ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားသာ တိုးတတ်သွားခြင်း မဟုတ်ပေ။ ဓားတာအိုအပေါ် သူ၏ ဆင်ခြင်နားလည်မှုသည်လည်း တိုးတတ်သွားသည်။
ယခု သူက လွန်ခဲ့သောဆယ်ရက်မှ သူ့ကိုယ်သူကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည်အထိ သန်မာသွားသည်။
လွန်ခဲ့သော ဆယ်ရက်တွင် သူက တာအိုချိုးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်နိုင်သည်။
ယခု သူက တာအိုငြိမ်းသတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြင့် ရင်ဆိုင်ရလျှင်ပင် သူ၏ ဓားက တစ်ဖက်လူ၏ အသက်ကို နုတ်ယူပစ်နိုင်သည်။
သူ၏ လုပ်နိုင်စွမ်းအကန့်အသတ်ကိုပင် သူမသိတော့ပေ။
ထိုတိုးတတ်မှုအားလုံးက ဤဆယ်ရက်အတွင်းမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သူ၏ မျက်လုံးထဲမှာတော့ ယင်းက အိမ်မက်တစ်ခုအလားပင်။
ဓားတာအိုကျင့်ကြံခြင်းက ထိုမျှသာလွန်ထူးခြားသော စွမ်းအားကို ပိုင်ဆိုင်နိုင်ကြောင်း ယခင်က တစ်ခါမှ သူမစဉ်းစားဖူးပေ။
ကြည့်ရသည်မှာ သူက လွန်ခဲ့သော အနှစ်တစ်ရာလုံးလုံး အလဟဿ အချိန်ဖြုန်းနေခဲ့ဟန် ရ၏။
“ ဒီသေတ္တာကို ယူပြီးတော့ ဂိုဏ်းရဲ့ အဓိကခန်းဆောင်အရှေ့မှာ သွားထားလိုက်ပါ ”
ဟန်မူယဲ့က မထူးမခြားနား ပြောပြီး သေတ္တာကို စုကြွယ်ရှန့်၏ အရှေ့သို့ ပစ်ပေးလိုက်သည်။
စုကြွယ်ရှန့်က ဟန်မူယဲ့ကို အရိုအသေပေးလိုက်ပြီး သေတ္တာကို သိမ်းယူလိုက်သည်။ ထို့နောက် သူက နေရာမှ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။