ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်
Vol. 80 Ch. 1226
ရွှေရောင်နယ်မြေတွင် တပ်စွဲထားသော လူသား မဟာမိတ် စစ်တပ်က ကျက်သရေပြာ အင်ပါယာသို့ စစ်ကူများ အတွက် အသုတ်လိုက် အရှေ့ဘက်သို့ ရွေ့လျားရင်း အရေးပေါ် စေလွှတ်မှုများ စတင်ခဲ့သည်။ ကျက်သရေပြာ အင်ပါယာ အနီးမှ အိမ်နီးချင်း အင်ပါယာများစွာက တိုင်းသူပြည်သားများ အနောက်ဘက်သို့ ပြောင်းရွှေ့နေကြစဉ် အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။
လူများ၏ အာရုံများမှာ နတ်ဆိုးဘုံနှင့် တိုက်ပွဲကြောင့် တင်းမာနေပြီး ဖြစ်သည်။ မှော်ဂိမ်းနှင့် မှော်ဖုန်းမှ ကြေညာချက်ကို တွေ့မြင်ရပြီးနောက်တွင် နတ်ဆိုးဘုံထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦး ပေါ်ပေါက်လာသောကြောင့် အာရုံများ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့သည်။ ထိုရန်သူမှာ အလွန်ပင် အစွမ်းထက်ပြီး သံတံခါး အင်ပါယာနှင့် နတ်သူငယ် မျိုးနွယ်စု ငွေလကောင်းကင် မြို့တော်ကို ဖျက်ဆီးပစ်ခဲ့သည်။ အစွမ်းအထက်ဆုံး သိဒ္ဓိကျောင်းတော်မှ ကောင်းကင်တမန် သုံးပါးသည်ပင်လျှင် အနိုင်မယူနိုင်ခဲ့ပေ။ ထိုသို့ အရေးကြီးသော အခြေအနေတွင် လူသားများက ယခင် ရန်သူများ ဖြစ်ခဲ့သော နတ်ဆိုးများနှင့် အတင်း ပူးပေါင်းခဲ့ရသည်။
လူသား မဟာမိတ် စစ်တပ်များက အလျင်အမြန် ရွှေ့ပြောင်းခဲ့သော်လည်း နတ်ဆိုးများထံမှ ယာယီ စစ်ကူများ လုံးဝ ပေါ်မလာခဲ့ပေ။ ၎င်းမှာ လူများစွာကို သံသယ ဖြစ်သွားစေ၏။ နတ်ဆိုးများက မကောင်းဆိုးဝါးနှင့်အတူ နှစ်ဖက်စလုံးမှ တိုက်ခိုက်ရန်နှင့် လူသားများ လုံးဝ မျိုးသုဉ်းရန်အတွက် အခွင့်ကောင်းယူရန် ကြိုးစားနေသည်လား။
အမှန်တွင် ထိုအရာမှာ အခြေအမြစ် မရှိသော လှည့်စားမှု တစ်ခုထက် မပိုပေ။ တကယ့် အကြောင်းရင်းမှာ နတ်ဆိုးဘုံက လက်ရှိတွင် အပြင်းအထန် ဆူပူအုံကြွမှု တစ်ခု ဖြစ်နေသောကြောင့်ပင်။
ထိုသို့ အခြေအနေ၏ အကြောင်းရင်းမှာ လူသား လောကတွင် ပေါ်လာခဲ့သော မကောင်းဆိုးဝါးများကြောင့် သာမကဘဲ နတ်ဆိုး မဟာမိတ် စစ်တပ်ထံမှ စိတ်ကို လွင့်ပါးစေသော သတင်းကြောင့်လည်း ဖြစ်သည်။ ၎င်းမှာ အင်ပါယာ သုံးခု၏ ကြင်ရာတော်မင်းသား အက်ဂ်ယော၏ သရုပ်ပင်။
အက်ဂ်ယောက လူသား ဖြစ်နေ၏။
နတ်ဆိုးဘုံ ဧကရီအရှင်မ သုံးပါး၏ တစ်ဦးတည်းသော ခင်ပွန်း၊ နတ်ဆိုးဘုံ၏ သရဖူမဲ့ ဘုရင်မှာ အမှန်တကယ်တွင် လူသားတစ်ဦး ဖြစ်နေခဲ့သည်။
ထိုတုန်လှုပ်မှုသည် နတ်ဆိုးဘုံ၏ အစိတ်အပိုင်း အားလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး နေရာတိုင်း ဆန္ဒပြမှုများ ပေါက်ကွဲလာခဲ့သည်။ စစ်သည်များစွာက လူသားလောကကို အကူအညီပေးမည့် စစ်တပ်သို့ ဝင်ရောက်ရန်ပင် ငြင်းဆန် ခဲ့ကြသည်။ အကယ်၍ ဧကရီအရှင်မ သုံးပါး၏ သေချာ စေ့စပ်သော အုပ်ချုပ်မှု မရှိခဲ့ပါက သောင်းကျန်းမှုများ ဖြစ်နေပြီ ဖြစ်သည်။
အက်ဂ်ယောက နတ်ဆိုးဘုံအတွက် မည်သည့် ပံ့ပိုးကူညီမှု ပြုလုပ်ခဲ့ပါစေ၊ နတ်ဆိုးဘုံကို ကြိုးကိုင် ခြယ်လှယ်သည် ဖြစ်စေ၊ မခြယ်လှယ်သည် ဖြစ်စေ သူက နောက်ဆုံးတွင် လူသားတစ်ဦးသာ ဖြစ်၏။
အင်ပါယာ သုံးခု၏ ဧကရီအရှင်မက ဝန်ကြီးများ၏ ပူးတွဲအကြံဉာဏ်ကို လက်ခံ ရရှိခဲ့ပြီး ဧကရီအရှင်မအား ကြင်ရာတော် မင်းသားနှင့် ကွာရှင်းပေးရန်နှင့် ၎င်းကို တလောကလုံးသို့ ကြေညာပေးရန် တောင်းဆိုခဲ့သည်။ သို့သော် တော်ဝင် ဧကရီအရှင်မ သုံးပါးမှာမူ တိတ်ဆိတ် နေခဲ့ကြသည်။ သူတို့က ထိုအရာကို ရှင်းပြရန် မည်သည့် ထုတ်ပြန်ချက်ကိုမျှ မထုတ်ပြန်ခဲ့ပေ။ တစ်နေ့တွင် မှော်ရုပ်မြင်သံကြားက ရုပ်ရှင်တစ်ကားကို ဖွင့်ပြခဲ့သည်။
ထိုရုပ်ရှင်က နတ်ဆိုးဘုံ၏ ချန်နယ် အားလုံးတွင် တပြိုင်နက်တည်း ပြသခဲ့ပြီး မှော်ဂိမ်းတွင် တိုက်ရိုက် ထုတ်လွှင့်မှု တစ်ခုလည်း ရှိနေခဲ့သည်။
တိတိကျကျ ပြောရလျှင် ထိုအရာမှာ တတိယလူ ရှုထောင့်မှ ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင် တစ်ခုပင်။
မှတ်တမ်းရုပ်ရှင်၏ အကြောင်းအရာမှာ ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်ခုဟု ဆိုနိုင်၏။ ပထမဆုံး မြင်ကွင်းမှာ လူသူ ကင်းမဲ့ပြီး ခေါင်ပါးသော နယ်မြေတစ်ခု ဖြစ်သည်။ အကယ်၍ နယ်မြေ၏ ကျောက်တိုင်ကို မမြင်ခဲ့ပါက ၎င်းမှာ နတ်ဆိုးဘုံမှ သာယာ အဝပြောဆုံးနှင့် အကြီးမားဆုံး နယ်မြေ ဖြစ်သည့် အမှောင်လ နယ်မြေဖြစ်ကြောင်း စိတ်ကူးပင် ယဉ်နိုင်မည် မဟုတ်ပေ။ မှတ်တမ်း ရုပ်ရှင်၏ ဇာတ်ဆောင်မှာ လူသိများသော ဧကရီအရှင်မ ရှီရာ မဟုတ်ဘဲ ဆံပင် ရွှေရောင်နှင့် ရွှေရောင် မျက်လုံးများရှိသော လူသား၊ နာမည်ကြီး လူသား ဘဏ္ဍာရေးအရာရှိ ချန်လွေ့ပင်။
ဆံပင်ရွှေရောင်နှင့်လူသားက မျက်နှာဖုံး တစ်ခုကို တဖြည်းဖြည်းနှင့် ဝတ်ဆင်လိုက်သည်။
ထို့နောက် ကိုယ်စားပြု ဇာတ်ကောင် များစွာက ကင်မရာ အရှေ့တွင် ခဏတာ ဖြတ်သန်းသွားခဲ့သည်။ ကြယ်ကြွေတမန် အင်ပါယာ ထိပ်တန်း ပါရမီရှင်ဟောင်း ဆေးဖော်စပ်သူ ဆန်ဒရို၊ အမှောင်လ၏ ဘဏ္ဍာရေးအရာရှိဟောင်း ဂျိုးဆက်၊ ထိပ်တန်း ဓားသမား အသီနာ၊ အမှောင်လ မင်းသမီး ရှီရာ၊ မင်းသမီးလေး အဲလစ်...
မလိုအပ်သော နောက်ခံ စကားပြော အသံများ မရှိဘဲ ပေါ့ပါးသော ဂီတသာရှိပြီး ၎င်းမှာ လူများကို ဇာတ်လမ်းထဲတွင် အလိုလို နှစ်မြှုပ်သွားစေခဲ့သည်။
အမှောင်လ နယ်မြေမှ ဇာတ်ကောင်များနှင့် အဆောက်အအုံများ တိုးပွားလာခြင်းက အမှောင်လ နယ်မြေ တစ်ခုလုံး ယိုယွင်း ပျက်စီးလာခြင်းမှ တဖြည်းဖြည်း သာယာဝပြောလာသည် အထိ ပြောင်းလဲမှုကို ရောင်ပြန်ဟပ် နေခဲ့လေသည်။
ပုံမှန် ဂီတက တဖြည်းဖြည်း ပြင်းထန် လာခဲ့သည်။ ထို့နောက် အမှောင်ထုထဲတွင် ပုန်းကွယ်နေသော မှော်ပညာရှင်တစ်ဦး ပေါ်လာခဲ့ပြီး မျက်နှာဖုံး တပ်ထားသော လူသားအား ဦးညွှတ်လိုက်သည်။ စစ်ပွဲ မြင်ကွင်း ချက်ချင်း ပေါ်ထွက်လာခဲ့သည်။ လိပ်ပြာနီနယ်မြေ သခင်ဖြစ်သူ ဂျို့ရှ်၏ မဟာမိတ်စစ်တပ်၊ ကြယ်ကြွေတမန် အင်ပါယာ၏ ဘုရင်ခံဟောင်း အိုဆိုင်ဒန်...
စစ်ပွဲမြင်ကွင်းမှာ စက္ကန့်ဒါဇင်ခန့်သာ ကြာမြင့်ခဲ့သော်လည်း မြင်ကွင်းမှာ အတော်လေး ခမ်းနားထည်ဝါလှသည်။ ရိုက်ကွင်း ရှုထောင့်များက အဆက်မပြတ် ပြောင်းလဲနေ။ တိုက်ပွဲပုံစံမှ နှစ်ယောက် တိုက်ပွဲ၊ အနီးကပ် တိုက်ခိုက်မှုများ...နှင့် အထင်ရှားဆုံးမှာ အမှောင်လ၏ မသေမျိုး စစ်တပ်ပင်။ ၎င်း၏ တပ်မှူးမှာ မှော်ပညာရှင် ဖြစ်၏။
လှုပ်ရှားနေသော ပုံရိပ် တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် ရှီရာက ကြယ်ကြွေတမန်ဓားကို မြှောက်လိုက်ပြီး တပ်ဖွဲ့ အားလုံးက လက်နက်ချသည့် မြင်ကွင်း တစ်ခု ရှိနေခဲ့သည်။ ရှီရာ ဘေးနားတွင် လက်ထဲတွင် ခေါင်းတစ်လုံး နှင့်အတူ သွေးစွန်းနေသော ဝတ်ရုံကို ခြုံထားသည့် ယောက်ျား ရှိနေသည်။ ၎င်းက ဘုရင်ခံ အိုဆိုင်ဒန်၏ ခေါင်းပင်။
၎င်းမှာ ကြယ်ကြွေတမန် အင်ပါယာ ဧကရီ ရှီရာက ဘုရင်ခံ အိုဆိုင်ဒန်ကို တန်ပြန် တိုက်ခိုက်ပြီး ကြယ်ကြွေတမန် အင်ပါယာကို ငြိမ်းချမ်းသွားစေခဲ့သည့် ဖြစ်စဉ်ပင်။ ဧကရီ အရှင်မနှင့် အမြဲပင် အတူရှိနေခဲ့သော ဝတ်ရုံနှင့် ယောက်ျားမှာ အက်ဂ်ယော ဖြစ်သည်။ ၎င်းမှာ သေဆုံး သွားပြီဟု ကောလာဟလ ထွက်ခဲ့သော ချန်လွေ့ပင်။
လူတိုင်း သိသည့်အတိုင်း ပထမဆုံး နာမည်ကျော် အတွင်းရေး ဝန်ကြီးအဖြစ် လူသိများခဲ့သော လူသား ချန်လွေ့သည် အမှောင်လ နယ်မြေနှင့် ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံး သာယာဝပြောရေး အတွက် အရေးအကြီးဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။ သို့သော် လက်ရှိရှုထောင့်မှ ကြည့်လျှင် ပြည်တွင်းရေးရာ သာမကဘဲ ထိုကဲ့သို့ မထင်မရှားသော လူသားက စစ်ပွဲ တစ်ခုလုံးကိုလည်း လွှမ်းမိုးချုပ်ကိုင် ခဲ့လေသည်။
ဂီတက ပြင်းထန်နေရာမှ ရိုးရှင်းပြီး လေးနက်မှုသို့ တဖြည်းဖြည်း ကူးပြောင်း သွားခဲ့သည်။ မြင်ကွင်းတွင် မျက်နှာဖုံး တပ်ထားသော ယောက်ျားက ရှီရာ အပေါ်တွင် သရဖူတစ်ခု တင်ပေးလိုက်ပြီး ရှီရာ ပလ္လင်အပေါ်တွင် ထိုင်လိုက်ကာ ထိုမင်းသမီးက ဧကရီ တစ်ပါး အဖြစ် ပလ္လင်သို့ အမှန်တကယ် တက်လှမ်းသွားပြီ ဖြစ်ကြောင်း ကြေညာလိုက်လေသည်။ တစ်ချိန်တည်းမှာပင် မြင်ကွင်းများက ကြယ်ကြွေတမန် မြို့တော်၊ နယ်မြေ အမျိုးမျိုး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာ ဝပြောမှု၊ အရိပ်နက် အင်ပါယာနှင့် မဟာမိတ်ဖွဲ့ခြင်းသို့ ပြောင်းသွားခဲ့သည်။
ထို့နောက် စွဲမက်ဖွယ် ကောင်းသော ဂီတက လေးလံသွားခဲ့ပြီး ကြီးမားသော မြေပုံတစ်ခု ပေါ်လာခဲ့သည်။ မြေပုံတွင် ရေတွက်၍ မရနိုင်အောင် ထူထပ်စွာ စုစည်းထားသော တပ်ဖွဲ့များ အခြေစိုက် စခန်းတစ်ခုဆီသို့ စုဝေးနေကြလေသည်။ ထိုနေရာ၏ အမည်မှာ မှော်ဆရာခံတပ် ဖြစ်၏။
အခြေစိုက်စခန်းကို ချဲ့ကားပြီးနောက် ပြင်းထန်သော ခံတပ် ကာကွယ်ရေး တိုက်ပွဲ မြင်ကွင်းတစ်ခု ပေါ်လာသည်။ ထို့နောက် ယခင် သွေးရောင် အင်ပါယာ ဧကရာဇ် ရိုင်ဇန်က ပေါ်လာခဲ့သည်။ မျက်နှာဖုံး တပ်ထားသော ယောက်ျားက ရှီရာကို ကာကွယ်ရန် သေသည်အထိ တိုက်ခိုက်ခဲ့လေသည်။ ကံကောင်းစွာပင် အရိပ်နက် အင်ပါယာမှ ကတ်သရင်း ရောက်ရှိလာပြီး နောက်ဆုံးတွင် ရိုင်ဇန်ကို တွန်းလှန်နိုင်ခဲ့သည်။
ထို့နောက် သုံးယောက်လုံးက စတင်၍ ညှိနှိုင်းလာခဲ့သည်။ မျက်နှာဖုံးနှင့် ယောက်ျားက အင်ပါယာ သုံးခု၏ မြေပုံကို ညွှန်ပြလိုက်ပြီး ပူးပေါင်းရန် အမူအရာ တစ်ခုကို ပြုလုပ်ခဲ့သော်လည်း ရိုင်ဇန်က ပြတ်ပြတ်သားသားနှင့် ခေါင်းခါလိုက်ကာ လက်သီးကို မြှောက်ပြီး သွေးရောင် အင်ပါယာ၏ သံလက်သီးနယ်မြေသို့ လက်ညှိုးထိုးပြလိုက်သည်။
ပရိသတ်အားလုံး နားလည်သည်မှာ မှော်ဆရာခံတပ် တိုက်ပွဲ အပြီးတွင် ချန်လွေ့က အင်ပါယာ သုံးခု မဟာမိတ် ဖွဲ့ခြင်း စိတ်ကူးကို အဆိုပြုခဲ့သော်လည်း ရိုင်ဇန်၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ရိုင်ဇန်၏ အဆိုပြုချက်မှာ ၂နှစ်ပြီးနောက် သံလက်သီး နယ်မြေ၌ နတ်ဆိုးဘုံ၏ ပထမဆုံးသော သိုင်းပြိုင်ပွဲ ကျင်းပရန် ဖြစ်သည်။
ညင်သာပြီး လှပသော ဂီတကြားတွင် ကြယ်ကြွေတမန် အင်ပါယာ ဧကရီ၏ မင်္ဂလာဆောင် မြင်ကွင်း ပေါ်လာခဲ့သည်။ အဖြူရောင်လက်အိတ်များ ဝတ်ထားသော သွယ်လျသည့် လက်များက ဝတ်ရုံမှ ထွက်လာသော လက်ထဲ ရောက်သွားပြီး အင်ပါယာတစ်ခုလုံး ဂုဏ်ပြုနေခဲ့သည်။ မြင်ကွင်းက ရှီရာ၏ အနီးကပ်ပုံရိပ် တစ်ခုကို ပြသခဲ့သည်။ ဧကရီအရှင်မ၏ ရေခဲသဖွယ် ခရမ်းရောင် မျက်လုံးများတွင် ရှားပါးသော နူးညံ့မှုကို ပြသနေခဲ့သည်။ ထိုအခိုက်တွင် ပြသခဲ့သော အလှတရားက လူတိုင်းနီးပါး သူ့အပေါ် ကြွေလုနီးပါး ဖြစ်ခဲ့သည်။
ထိုကာလအတွင်း အမျိုးမျိုးသော မြင်ကွင်းများ ကြားဖြတ် ဝင်လာခဲ့သည်။ လူများက သတင်းစာများ ဖတ်ရှုကြသည်။ မှော်ရုပ်မြင်သံကြားကို နှစ်သက်ကြသည်။ ရနံ့မွှေး ပြောင်းဝိုင်ကို သောက်ကြသည်။ တိုက်ပွဲဘောလုံးပြိုင်ပွဲများ ကြည့်ကြ၏။ မှော်ဂိမ်းခေါင်းစွပ်ကို ဝတ်ဆင်ကြသည်... စသည်ဖြင့်။ ယနေ့ခေတ်တွင် အလွန်ပင် ရေပန်းစားလာခဲ့ကြသော ထိုအရာများ အားလုံးကို ချန်လွေ့က တီထွင်ခဲ့သည်။
ပုံရိပ်နှင့် ဂီတက နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး ပွဲတော်မှ ထိတ်လန့်မှုသို့ ပြောင်းသွားကာ လူအများ မှော်ဘဏ်၏ ဝင်ပေါက်တွင် စုဝေးနေကြသည်။ သူတို့၏ မျက်နှာ အမူအရာများ စိုးရိမ်ပူပန်နေပုံ ရသည်။ စတိုးဆိုင်မှ ကုန်ပစ္စည်းများ လုယက်ခြင်းခံခဲ့ရပြီး လမ်းများပေါ်တွင် ကင်းလှည့်နေသော စစ်သည်များဖြင့် ပြည့်နှက် နေခဲ့သည်။ ၎င်းက လူအများ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင်။ ၎င်းမှာ ထိုအချိန်က ရုတ်တရက် ပေါက်ကွဲ ထွက်ခဲ့သော စီးပွားရေး အကျပ်အတည်း ဖြစ်သည်။
စီးပွားရေး အကျပ်အတည်း၏ ပုံက မှေးမှိန်သွားပြီး စစ်ရေးပြ အခမ်းအနား ကျင်းပနေသည့် ကြယ်ကြွေတမန် အင်ပါယာသို့ ပြောင်းလဲသွားခဲ့သည်။
စစ်ရေးပြ အခမ်းအနားတွင် လူများက မှော်သေနတ်များကဲ့သို့သော လက်နက် အသစ်များကို တွေ့မြင်ခဲ့ရရုံ သာမက ယခင်က လုံးဝမကြားဖူးသော အစွမ်းထက် ရှေးအစောင့်အရှောက်များကိုလည်း တွေ့မြင်ခဲ့ရသည်။ ၎င်းတို့၏ နောက်တွင် ဝတ်ရုံခြုံထားပြီး မျက်နှာဖုံးတပ်ထားသော ပုံရိပ် ရှိနေသည်။
ပုံရိပ်က နောက်တစ်ကြိမ် ပြောင်းလဲ သွားခဲ့သည်။ မြင်ကွင်းမှာ သွေးရောင် အင်ပါယာ၏ ပထမဆုံးသော သိုင်းပြိုင်ပွဲ ဖြစ်သည်။
ဝတ်ရုံနှင့် ယောက်ျား အရှေ့တွင် ပြိုင်ဘက်များ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားခဲ့ကြသည်။ အပြင်းထန်ဆုံးသော တိုက်ပွဲမှာ ရိုင်ဇန်ကို အလွယ်တကူပင် အနိုင်ယူခဲ့သော လာလာရီယာနှင့် အကြိုဗိုလ်လုပွဲတွင် ဖြစ်သည်။ နောက်ဆုံးတွင် ဝတ်ရုံနှင့် ယောက်ျားက အနိုင်ရသွားခဲ့သည်။
ဗိုလ်လုပွဲမှ ပြိုင်ဘက်မှာ အရိပ်နက် အင်ပါယာ ဧကရီ ကတ်သရင်း ဖြစ်သည်။ သူတို့နှစ်ဦး ရင်ဆိုင် တိုက်ခိုက်ခဲ့ကြရာ တေးသွားက ဝမ်းနည်းဖွယ် ဖြစ်လာသည်။ ဝတ်ရုံနှင့် ယောက်ျားက စကားပြောနေပုံ ရသော်လည်း ကတ်သရင်းသည် သူ့ကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် စကား တစ်ခွန်းကို ပြောလိုက်သည်။
အသံများ မရှိခဲ့သော်လည်း ၎င်းကို ကတ်သရင်း၏ ပါးစပ်ပုံစံမှ ခွဲခြား၍ သိမြင်နိုင်သည်။ ထိုက်တန်တယ်။
အရိပ်နက် အင်ပါယာမှ ပြည်သူများက ထိုစကားကို မှတ်မိနေဆဲ ဖြစ်သည်။
ဝတ်ရုံနှင့် ယောက်ျားက မျက်နှာဖုံးကို တဖြည်းဖြည်း ချွတ်လိုက်ရာ ၎င်းမှာ အခြား ထူးဆန်းသော မျက်နှာတစ်ခု ဖြစ်သွားခဲ့လေသည်။ ယခု လူတိုင်း နားလည်သွားသည်မှာ ထိုမျက်နှာက စစ်မှန်သော မျက်နှာ မဟုတ်သောကြောင့် ၎င်းမှာ အက်ဂ်ယောက ကတ်သရင်းကို ပေးခဲ့သော အဖြေပင်။
ထို့နောက် ကတ်သရင်းနှင့် ချန်လွေ့တို့ လက်ချင်းတွဲလိုက်ကြပြီး သူတို့ကြားတွင် ချစ်စရာ ကလေးမလေး တစ်ယောက် ရှိနေသည်။ လျင်မြန်ပြီး နူးညံ့သော ဂီတပ ပရိသတ်အား နွေးထွေးပြီး ပျော်ရွှင်မှုကို ခံစားသွားရစေသည်။
နွေးထွေးမှုနှင့် ပျော်ရွှင်မှု အနောက်တွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု လိုက်လာသည်။ အင်ပါယာ သုံးခုက တရားဝင်မဟာမိတ် စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း မမျှော်လင့်ထားခဲ့သော မြင်ကွင်းတစ်ခု ရှိနေသောကြောင့် ၎င်းမှာ မပြီးဆုံးသေးပေ။ နေသာသော နေရာ တစ်ခုတွင် အမျိုးသမီး တစ်ဦး အကျဉ်းချခံ ထားရသည်။ သူ၏ ဘေးနားတွင် ကောင်းကင်တမန် နှစ်ပါး ရှိနေသည်။ တစ်ယောက်က တောင်ပံ ၈ခုနှင့် ဖြစ်ပြီး အခြား တစ်ဦးမှာ တောင်ပံ ၁၂ခုနှင့် ဖြစ်သည်။ ဝတ်ရုံနှင့် ယောက်ျားက တောင်ပံ ၁၂ခုနှင့် ကောင်းကင်တမန်ကို အာရုံလွှဲလိုက်ပြီး တောင်ပံ ၈ခုနှင့် ကောင်းကင် တမန်ကို အနိုင်ယူကာ အမျိုးသမီးကို ကယ်တင်ခဲ့သည်။ ကင်မရာ ချဲ့လိုက်သည်နှင့် သွေးရောင် အင်ပါယာမှ ပြည်သူများက ထိုအမျိုးသမီး၊ လက်ရှိ သွေးရောင် အင်ပါယာ အုပ်စိုးရှင် တစ်ဖနီကို ချက်ချင်း မှတ်မိလိုက်ကြ၏။
ယောက်ျားက လက်ကို ဆန့်လိုက်ရာ တစ်ဖနီ ခဏတာ တွန့်ဆုတ်သွားပြီး သူ နောက်ဆုံးတွင် လက်ကို ယောက်ျား၏ လက်ထဲ တဖြည်းဖြည်း ထည့်လိုက်သည်။ ၎င်းမှာ အထူး ဇာတ်လမ်းတစ်ပုဒ် ဖြစ်၏။ တစ်ဖနီ သာမကဘဲ ခုနက ဧကရီအရှင်မ နှစ်ပါးတွင်လည်း အလားတူ အထူး ဇာတ်လမ်းများ ရှိခဲ့သည်။ ထိုမြင်ကွင်းက တိုတောင်းလှသော်လည်း ဧကရီအရှင်မ တစ်ဖနီနှင့် ချန်လွေ့တို့ အကြား ဇာတ်လမ်းကို မြင်တွေ့နိုင်ပေသည်။ တစ်ချိန်တည်းမှာပင် ဒဏ္ဍာရီလာ ကောင်းကင်တမန်ကို အနိုင်ယူခြင်းက ချန်လွေ့၏ နှိုင်းယှဉ်မရသော စွမ်းအားကိုလည်း ပြသခဲ့သည်။
ရွှေရောင်နယ်မြေ စစ်မြေပြင်မှ ပြန်လာခဲ့သော နတ်ဆိုး မဟာမိတ် စစ်တပ်က ပြောခဲ့သည်မှာ အက်ဂ်ယောက ကိုယ်ပိုင် စွမ်းအားဖြင့် တောင်ပံ ၁၂ခုနှင့် ကောင်းကင်တမန် သုံးပါးကို တိုက်ခိုက် ခဲ့သည်ဟုကို ကိုယ်တိုင် မြင်ခဲ့ရသည် ဟူ၍ပင်။ ကောလာဟလများအရဆိုလျှင် ထိုတောင်ပံ ၁၂ခုနှင့် ကောင်းကင်တမန် သုံးပါးမှာ လူသားလောကတွင် စွမ်းအား အကြီးဆုံး နတ်ဘုရားနှင့် အနီးစပ်ဆုံး ကောင်းကင်တမန် သုံးပါး ဖြစ်သည်။
ဒါဆိုရင် ချန်လွေ့က လောကနှစ်ခုရဲ့ တကယ် စစ်မှန်တဲ့ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်ပေါ့။
နောက်ဆုံး အဆုံးသတ်သို့ ရောက်ရှိ လာခဲ့ပြီး ဧကရီ အရှင်မ နှစ်ပါးနှင့် ချန်လွေ့၏ လက်ထပ်ထိမ်းမြားခြင်းက နတ်ဆိုးဘုံအား အမှန်တကယ် သာယာ ဝပြောပြီး ငြိမ်းချမ်းသော ခေတ်တစ်ခုသို့ ယူဆောင်လာပေးခဲ့သည်။
ရုပ်ရှင်၏ နောက်ဆုံး မြင်ကွင်းတွင် ချန်လွေ့က စင်မြင့်တစ်ခု အပေါ်တွင် ရပ်နေခဲ့ပြီး အဝေးသို့ စိုက်ကြည့်၍ နေခဲ့သည်။ အောက်တွင် ရှေးဟောင်း အစောင့်အရှောက်များ၏ အဆုံးမဲ့ စစ်တပ် တစ်ခု ရှိနေခဲ့လေသည်။ ထို့နောက် ထိုမြင်ကွင်းက တဖြည်းဖြည်း မှေးမှိန်၍ သွားခဲ့၏။ နောက်ဆုံးတွင် နက်ရှိုင်းသော မျက်လုံးများ ရပ်တန့်သွားပြီး ပုံရိပ်အားလုံး ပျောက်သွားခဲ့သည်။ မှတ်တမ်းရုပ်ရှင် တစ်ခုလုံး ပြီးဆုံးသွားခဲ့၏။
မှေးမှိန်သွားသော ခန္ဓာကိုယ်နှင့် နက်ရှိုင်းသော အကြည့်တို့ အပါအဝင် အဆုံးမှ မြင်ကွင်းတို့သည် ရေတွက်၍ မရနိုင်သော လူများအား ပြင်းထန်သော ရင်းနှီးမှုအာရုံကို ပေးနေ၏။ ထိုအရာမှာ အဆုံးမဲ့စစ်သည်တော်အွန်လိုင်း၏ အဖွင့် ခေါင်းစဉ် ဖြစ်သည်။ ၎င်းတွင် လူများ မသိခဲ့သော ကြော်ငြာတစ်ခု ပါဝင်နေခဲ့ လေသည်။
စစ်မှန်သော သတ္တိက အောင်နိုင်ခြင်း မဟုတ်ဘဲ ကာကွယ်ခြင်းသာ ဖြစ်သည်။
မှတ်တမ်း ရုပ်ရှင် တစ်ခုလုံးတွင် နောက်ခံ စကားပြော တစ်ခုတည်းမျှ မရှိခဲ့သော်လည်း နောက်ဆုံး မြင်ကွင်း ကာကွယ်ခြင်း၏ နောက်ခံ အဓိပ္ပာယ်က အရာများစွာကို ရှင်းပြခဲ့ပြီး ဖြစ်သည်။
မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်ပြီးနောက် နတ်ဆိုးဘုံ၏ သဘောထား ကွဲလွဲသော အသံများ ရုတ်တရက် ငြိမ်သက်သွား၏။ လူများက ထိုခရီးစဉ်ကို တုန်လှုပ်မှုမှ ငြိမ်းချမ်းမှုအထိ ကိုယ်တိုင် ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးကြသည်။ မှတ်တမ်းရုပ်ရှင်က ပုံကြီးချဲ့ခြင်း မရှိဘဲ စစ်မှန်သော အဖြစ်မှန်များကို ဖွင့်ပြနေခဲ့သည်။
နတ်ဆိုးဘုံ ယနေ့လို ရှိနေသည့်အတွက် အက်ဂ်ယော အမည်ရှိသော လူသား ချန်လွေ့က အစားထိုး မရနိုင်သော အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို မည်သူမျှ မငြင်းပယ်နိုင်ပေ။ သူ တစ်ဦးတည်းက မကြုံစဖူး ငြိမ်းချမ်းပြီး သာယာသော လောကတစ်ခု ဖန်တီးခဲ့သည်။ လူအားလုံး အကျိုးခံစားခွင့် ရခဲ့ကြသည်။
သူနှင့် ဧကရီ အရှင်မ သုံးပါးအကြား စိတ်ခံစားမှု ဇာတ်လမ်း အများစုမှာ အကျဉ်းချုံးမျှသာ ဖွင့်ပြခဲ့သော်လည်း ဧကရီ သုံးပါးနှင့် သူက အကျိုးစီးပွား ဆက်ဆံရေးတစ်ခုသာမကဘဲ အခက်အခဲ ကြုံသည့် အချိန်များတွင် တစ်ယောက်ကို တစ်ယောက် ကူညီခဲ့သော မိတ်ဖက် များလည်းဖြစ်ကြောင်း ရှင်းလင်းနေ၏။
ပိုအရေးကြီးသည်မှာ စွမ်းအားပင်။
ချန်လွေ့ ကိုယ်တိုင်က ဘုံနှစ်ခုမှ အစွမ်းအထက်ဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။ သူ့တွင် ရေတွက်၍ မရနိုင်လောက်သော အစွမ်းထက် ရှေးဟောင်း အစောင့်အရှောက်များလည်း လက်ဝယ် ရှိနေပြီး မည်သည့်အင်အားစု သို့မဟုတ် တစ်ဦးတစ်ယောက်ကမျှ သူ့ကို လုံးဝ မယှဉ်နိုင်ပေ။
“သူ့မှာ စိတ်ကူးထက် ကျော်လွန်တဲ့ စွမ်းအားနဲ့ ဉာဏ်ပညာ ရှိတယ်။ တကယ်လို့ သူသာ လုပ်ချင်ရင် နတ်ဆိုးဘုံ တစ်ခုလုံးကို အလွယ်လေး ဖျက်ဆီး ပစ်နိုင်တယ်။ ဒါက သံသယ ဖြစ်စရာ မရှိဘူး။ လူတိုင်း အဲဒီတုန်းက ငွေကြေး အကျပ်အတည်းကို သတိရသင့်တယ်။” ၎င်းမှာ အင်ပါယာ ချန်နယ်နှင့် အင်တာဗျူး တစ်ခုတွင် ဧကရီ အရှင်မ ရှီရာထံမှ ကိုးကားထားခြင်း ဖြစ်သည်။
မဟာကတ်သရင်းက ပြောလိုက်သည်။ “သူက မဟာမိတ်ကို ပံ့ပိုးကူညီခဲ့ပေမယ့် အဲဒါကို ဘယ်တုန်းကမှ တကယ်တမ်း ကြိုးကိုင်ခြယ်လှယ်ခဲ့တာ မဟုတ်ဘူး။ သူ နတ်ဆိုးဘုံရဲ့ စစ်ပွဲကို ဖယ်ရှားခဲ့ပြီးတော့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ယူဆောင်လာပေးခဲ့တယ်။ ပြီးတော့ ဒီလို သာယာဝပြောမှုက ထာဝရ ဆက်လက် တည်ရှိနေလိမ့်မယ်။ ဒါက သူ ကျွန်မကို ပေးခဲ့တဲ့ ကတိပဲ။ ပြီးတော့ သူ ဒီကတိကို လုပ်ရပ်တွေနဲ့ ဖွင့်ဆိုခဲ့ပြီးပြီ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က မပြောင်းလဲဘဲ ရှိနေဦးမှာပဲ။”
“နတ်ဆိုးဘုံက သူ့ရဲ့အိမ်ပဲ။” ဧကရီ တစ်ဖနီ၏ စကားများမှာ အကျဉ်းချုပ် အဖြစ်ဆုံးပင်။
ချန်လွေ့၏ စကားသုံးခွန်းကို နောက်တစ်နေ့တွင် သတင်းစာ အားလုံး၌ ထုတ်ဝေခဲ့သည်။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ အဲဒါက ဒီမြေပေါ်က ပြည်သူတွေကို ခေါင်ပါးမှုနဲ့ စစ်ပွဲတွေရဲ့ အဝေးမှာ နေစေနိုင်ဖို့ပဲ။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ အဲဒါက ဒီအိမ်ကို ထာဝရ ကာကွယ်ဖို့၊ ကျုပ် ချစ်မြတ်နိုးတဲ့ သူတွေကို ထာဝရ ကာကွယ်ဖို့ပဲ။
ကျုပ်မှာ အိပ်မက်တစ်ခု ရှိတယ်။ အဲဒါက ကျုပ်တို့ အချင်းချင်း မုန်းစရာ မလိုဘူး၊ အချင်းချင်း အောင်နိုင်စရာ မလိုဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့ ပိုင်ဆိုင်ထားတဲ့ အရာနဲ့ ကာကွယ်နေတဲ့ အရာက အောင်နိုင်ခြင်းက ရနိုင်တာထက် ကျော်လွန်နေလို့ပဲ...