စိတ်ပိုင်းဖြတ်မှု
Vol. 80 Ch. 1228
နတ်ဆိုးဘုံ အမှောင်လနယ်မြေ၌-
ဇိုလာက တဖြည်းဖြည်း မျက်လုံးများ ဖွင့်လိုက်ပြီး အမြင်အာရုံ ဖြည်းဖြည်းချင်း ပြန်လည် ရရှိလာခဲ့သည်။
“ရင်းနီ...” နတ်မိမယ်နဂါးက လှပသော မျက်လုံးများကို မိတ်လိုက်ဖွင့်လိုက်လုပ်ပြီး အစ်ဇဘယ်လာထံမှ မျက်မှန်ကို ယူကာ ကုတင်မှ ထလိုက်သည်။ “ငါဘယ်လောက် အိပ်ပျော်သွားတာလဲ။”
“၁၀ရက် ကျော်ပြီ။” အစ်ဇဘယ်လာ ရေတစ်ခွက် ငှဲ့ပေးလိုက်ပြီး ဇိုလာထံသို့ ကမ်းပေးလိုက်၏။
“သူ အဆင်ပြေရဲ့လား။” ဇိုလာက သတိမလစ်ခင်တွင် ခီလီယာနာကို အသည်းအသန် တိုက်ခိုက်ခဲ့ကြောင်းကို မှတ်မိနေသေးသည်။
“သူ့ရဲ့ညာလက် အရိုးတွေ အကုန်လုံး ကျိုးသွားတယ်။ ပြီးတော့ သူ့ရဲ့ ဘယ်ဘက် ခြေထောက်လည်း ကျိုးသွားတယ်...” အစ်ဇဘယ်လာက ဇိုလာ၏ တင်းမာသော အသွင်ကို ကြည့်လိုက်ပြီး အနည်းငယ် ပြုံးပြသည်။ “ဒါပေမဲ့ နင် သိပါတယ်။ အဲဒီကောင်က မရှုံးနိမ့်နိုင်တဲ့ ပိုးဟပ် တစ်ကောင်ပဲ။ အခု သူ့ရဲ့ ဒဏ်ရာတွေ အများစုက ပြန်ကောင်းလာပြီ။ ပြီးတော့ သူ နေ့တိုင်း နင့်ကို လာတွေ့တယ်။”
“အိုး...” ဇိုလာက နှလုံးသားထဲတွင် ချိုမြိန်သော တုန်ခါမှုတစ်ခုကို ခံစားရင်း ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။ အမှန်တွင် သူက ချန်လွေ့ အဆင်ပြေ နေကြောင်း ကြားရ၍ စိတ်သက်သာရာ ရသွားခဲ့သည်။
“အဲဒီကောင် အခုတလော အာရုံစိုက် ခံနေရတယ်။ ပြီးတော့ မှတ်တမ်းရုပ်ရှင် တစ်ခုကို ရုပ်မြင်သံကြားမှာ ထုတ်လွှင့် ခဲ့တယ်...” အစ်ဇဘယ်လာက ဇိုလာအား မကြာသေးခင်က ဖြစ်ပျက်ခဲ့သည်များကို ပြောပြနေစဉ် အခန်းတံခါး ပွင့်လာခဲ့၏။ ခေါင်းလေးတစ်လုံး ထွက်ပေါ်လာသည်၊ ၎င်းမှာ သော်သော်ပင်။
“ဒေါ်လေး ဇိုလာ နိုးလာပြီ...” ကလေးမလေးက ပျော်ရွှင်စွာဖြင့် ခုန်ဝင်လာပြီး နတ်မိမယ်နဂါး၏ လက်မောင်းထဲသို့ ဝင်ရောက်သွားသည်။
ဇိုလာက သော်သော်ကို ပွေ့လိုက်ပြီး နောက်မှ ဝင်ရောက်လာသော ကလေး၏ ဖခင်ကို ကြည့်ကာ ပြုံးလိုက်၏။
“ဒေါ်လေး ဇိုလာ။ ဘာလို့ ဒီလောက် အကြာကြီး အိပ်ပျော် နေရတာလဲ။” သော်သော်က ဇိုလာ၏ လည်ပင်း တဝိုက်တွင် ယိမ်းယိုးနေ၏။ “သော်သော် ဒေါ်လေးကို အရမ်း စိုးရိမ်နေခဲ့တာ။”
“အချစ်တော် သော်သော်လေးက အရမ်း ဂရုစိုက်တတ်တာပဲ။” ဇိုလာက ကလေးမလေးကို မြတ်နိုးစွာဖြင့် နမ်းလိုက်သည်။
“ဒေါ်လေး ဇိုလာ။ အရင်တစ်ခေါက် သော်သော်နဲ့ အဲဒီစမ်းသပ်မှုလုပ်ဖို့ ကတိ ပေးထားတယ်နော်...”
အစ်ဇဘယ်လာက ပြောလိုက်သည်။ “သော်သော်။ ဒေါ်လေးဇိုလာရဲ့ ခန္ဓာက လုံးဝ မကောင်းသေးဘူး။ စမ်းသပ်မှုကို နောက်တစ်ခါမှ လုပ်လိုက်ကြရအောင်။ ဒေါ်လေး ရင်းနီက သမီးကို ပန်းကုံးတစ်ခု သွားထိုးဖို့ အရင်ဆုံး ခေါ်သွားမယ်။ သမီးက သို့သို့လေးအတွက် ဦးထုပ် တစ်လုံး လုပ်ပေးချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။”
“ဟုတ်ကဲ့…”
အစ်ဇဘယ်လာက သော်သော်ကို အပြင်သို့ ခေါ်ဆောင် သွားခဲ့သည်။ တစ်စုံတစ်ယောက်ကို ဖြတ်သန်းသွားစဉ် ထိုသူ၏ ခါးကို လိမ်ဆွဲရန် မမေ့ခဲ့ပေ။ ချန်လွေ့က ရင်းနီသည် သူ့အား ဇိုလာနှင့် နှစ်ယောက်တည်း ရှိနေရန် အခွင့်အရေး တစ်ခု ပေးခဲ့သည်ကို သိနေရာ သူက ကျုပ် မဒမ် ဒေါ်လေး ညှဉ်းပန်းနှိပ်စက်တာကို ခံရတာ အရမ်းကြိုက်တယ် ဟူသော အမူအရာဖြင့်သာ ကျေးဇူးတင်သော ပုံစံ အဖြစ် ပြသနိုင်ခဲ့သည်။
“အဆင်ပြေရဲ့လား။”
“ပြေပါတယ်။”
အသံ နှစ်ခုနှင့် စကား နှစ်ခွန်းတို့က တစ်ချိန်တည်းတွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ အတိအကျ တူညီနေ၏။ သူတို့က အချင်းချင်း ကြည့်လိုက်ပြီး နားလည်မှုဖြင့် ပြုံးလိုက်ကြသည်။
“လက်က လုံးဝကို ပြန်မကောင်း သေးဘူးလား။”
ချန်လွေ့က နတ်မိမယ်နဂါး၏ ခရမ်းရောင် ဆံပင်ကို ပွတ်သပ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။ “လုံးဝနီးပါး ကောင်းသွားပါပြီ။ ဒါပေမဲ့ အခုအချိန် ကိုယ် တကယ် မတိုက်ခိုက်နိုင်သေးဘူး။ မှတ်မိသေးလား... ကိုယ်တို့ ခီလီယာနာကို တိုက်ခိုက်ခဲ့တုန်းက...”
“ကျွန်မ အတိအကျ မမှတ်မိတော့ဘူး။” ဇိုလာ ခေါင်းခါလိုက်၏။ “ခီလီယာနာက စွမ်းအားကြီးလွန်းတယ်။ ရှင် သူ့ကို ဘယ်လို အနိုင်ယူခဲ့တာလဲ။”
“ကိုယ် သူ့ကို မနိုင်ယူခဲ့ပါဘူး။ သူက သူ့ရဲ့ ပြဿနာ တချို့ကြောင့် ထွက်ပြေး သွားခဲ့တာ။” ချန်လွေ့ ထိုအချိန်က အခြေအနေကို ပြန်၍ ပြောပြလိုက်သည်။ “ဒါပေမဲ့ ဒီလိုမတော်တဆ ဖြစ်လာတာကို အားကိုးလို့ မရနိုင်ဘူး။ ခီလီယာနာက သေချာပေါက် ပြန်ကောင်းလာပြီး အဲဒီ ဒဏ်ရာကို အမြန်ဆုံး ဖိနှိပ်လိမ့်မယ်။ နောက်တစ်ခါ ကိုယ်တို့ တွေ့တဲ့အခါ ဒီလို ကံကောင်းမှုမျိုး ရှိမှာ မဟုတ်လောက်ဘူး။ မင်း သိပါတယ်။ ကိုယ်တို့ တွေ့ခဲ့ရတာက အမုန်းတရား အရှင်သခင် တစ်ပါးတည်း။ ပြီးတော့ အကြောက်တရား အရှင်သခင်နဲ့ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်တို့က အခုအထိကို မပေါ်ထွက် လာသေးဘူး။ သူတို့ရဲ့ စွမ်းအားက ခီလီယာနာထက် နိမ့်ကျခဲ့ရင်တောင်မှ ကိုယ်တို့ထက်ကို အများကြီး ပိုအစွမ်းထက် နေရမယ်။ ဒါကြောင့် ကိုယ်တို့ရဲ့ ကိုယ်ပိုင်စွမ်းအားကို အမြန်ဆုံး မြှင့်တင်ရမယ်...”
ဇိုလာ သက်ပြင်းချလိုက်၏။ “ကျွန်မရဲ့ လက်ရှိ စွမ်းအားက တစ်ဆို့မှု တစ်ခုကို ရောက်နေပြီ။ အချိန် ဥပဒေသ လေ့ကျင့်ရေးကွင်းနဲ့ ဆိုရင်တောင်မှ တိုးတက်ဖို့က တော်တော် ခက်ခဲတယ်။ တကယ်လို့ ဖိုက်သွန်သာ ဒီမှာရှိသေးရင် သူမှာ နည်းလမ်းတစ်ခု ရှိနိုင်လိမ့်မယ်...”
ချန်လွေ့က တစ်စုံတစ်ယောက် ဖိုက်သွန်အကြောင်း ပြောသည်ကို ပထမဆုံး ကြားဖူးခြင်း မဟုတ်ပေ။ သူ ခဏတာ တိတ်ဆိတ်သွားပြီး စကား လမ်းကြောင်းကို ပြောင်းလိုက်သည်။ “တကယ်တော့ ကိုယ် မေးချင်တာက အဆုံးမှာ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ကို ကိုယ် အသက်သွင်း လိုက်တုန်းက မင်း ဘယ်လိုလုပ် ကိုယ့်စွမ်းအားထဲ ပေါင်းစပ် ဝင်သွားတာလဲ ဆိုတာပဲ။ အဲဒီတုန်းက မင်း ပျောက်ကွယ်သွားသလိုပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ စွမ်းအားက နှစ်ဆနီးပါး တိုးလာတယ်လို့ ခံစားမိခဲ့တယ်။”
“နှစ်ဆတောင်လား...” ဇိုလာ၏ မျက်လုံးများ လင်းလက် သွားပြီးနောက် စဉ်းစားတွေးတောနေသော အမူအရာကို ပြသခဲ့သည်။ “ကျွန်မ အဲဒီအချိန်မှာ အတွေးတစ်ခုပဲ ရှိနေခဲ့တယ်။ အဲဒါက ခီလီယာနာကို အာရုံလွှဲပြီးတော့ အလစ် တိုက်ခိုက်ဖို့ပဲ။ ဒါပေမဲ့ ရှင်က [ကြယ်စုံနတ်ဘုရားမြင်ကွင်း]နဲ့ အသည်းအသန် ပေါင်းစပ်နေတုန်းမှာ ကျွန်မ ရုတ်တရက် အထူးခံစားချက် တစ်ခု ရခဲ့တယ်။ ဆင့်ခေါ်မှု တစ်ခုလို ဒါမှမဟုတ် ဝိညာဉ်ဆွဲငင်မှု တစ်မျိုးကြောင့် ဖြစ်လာတဲ့ ပဲ့တင်ထပ်မှုလိုပဲ။ အဲဒါကြောင့် ပိုပြီးတော့ အားကောင်းတဲ့ ဒြပ်စင်တို င်းပြည် စွမ်းအားကို အသုံးပြုမယ့်အစား ကျွန်မက သက်တန့် နက္ခတ်တာရာရဲ့ တိုင်းပြည် စွမ်းအားကို အသက် သွင်းလိုက်တာ။ ရလဒ်အနေနဲ့ ပဲ့တင်ထပ်မှုက ပိုပြီးတော့ အားကောင်းလာတယ်လို့ ခံစားမိခဲ့တယ်။ အဲဒါကြောင့် ကျွန်မ... တကယ်တော့ အဲဒီလိုလုပ်တာရဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတာ မသိဘူး။ အဲဒါကို မသိစိတ်နဲ့ လုပ်ချင်ခဲ့ရုံပါ။ ... ပင်ကို အသိစိတ် တစ်မျိုးမျိုးလိုပဲ...”
“ပင်ကိုအသိစိတ် ဟုတ်လား။” ချန်လွေ့ အတွေးနက်ထဲသို့ ကျရောက်သွား၏။ ကွင်းဆက်နှင့် ကြယ်အပ်နှင်းစင်မြင့်ကြောင့် ချိတ်ဆက်ထားသူများ အတူတူ တိုက်ခိုက်ရာတွင် သူတို့က အချင်းချင်း၏ စွမ်းအားကို တိုးစေနိုင်သည်။ သို့သော် ဇိုလာ၏ အခြေအနေတွင် သူက [ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ အဆုံးစွန် တိုက်ကွက်ထဲသို့ တိုက်ရိုက် ပေါင်းစပ် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ပထမဆုံး အကြိမ်ပင်။
ဇိုလာက ချန်လွေ့၏ စိတ်ထဲမှ ခန့်မှန်းချက်ကို ပြောလိုက်သည်။ “တကယ်လို့ ရင်းနီ၊ အသီနာ၊ ခီရာနဲ့ တခြားသူတွေ... အဲဒီလောကမှာ နတ်ဘုရား အပ်နှင်းခြင်း ခံထားရတဲ့ လူအားလုံး ပေါင်းစပ်သွားခဲ့ရင် ရှင့်ရဲ့ တိုက်ကွက် စွမ်းအားက...”
ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ဒီလို ဖြစ်နိုင်ခြေ ရှိလောက်တယ်။ ဒါပေမဲ့ အန္တရာယ်လည်း များမှာ သေချာတယ်။ မင်း ၁၀ရက်လောက် သတိမေ့နေခဲ့တာကို ထားလိုက်ဦး။ တကယ်လို့ ကိုယ်တို့က တိုက်ပွဲကို ရှုံးခဲ့ရင် လူတိုင်း ကိုယ်နဲ့အတူ အဆုံးသတ်သွားကြမှာ။”
“ဒါ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ကြိုးစားရမယ်။ နောက်ကျရင် ကျွန်မ အသီနာနဲ့ တခြားသူတွေကို ပြောပြ လိုက်မယ်။ သာမန်လေ့ကျင့်မှု အတွင်းမှာ အတူ လေ့ကျင့်ကြည့်လို့ရတယ်။”
ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။ “စိတ်မပူပါနဲ့။ ကိုယ့်က ဒါနဲ့ ပတ်သက်ပြီး စဉ်းစားလိုက်ဦးမယ်။”
“ရှင် ဘာတွေ စိုးရိမ်နေလဲဆိုတာကို ကျွန်မ သိပါတယ်။ ကျွန်မတို့က အတူတူ အသက်ရှင်ပြီး အတူတူ သေဆုံးဖို့ ကတိ ပေးခဲ့တယ် မဟုတ်လား။” ဇိုလာက ချန်လွေ့ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ “ရင်းနီ၊ အသီနာ၊ ခီရာ၊ ကတ်သရင်းနဲ့ လူတိုင်းက အတူတူပဲ။ ပါ့ဂ်လီအိုနဲ့ ရိုမန်လို ကောင်တွေတောင်မှ ရှင့်ကို သူတို့ရဲ့ အသက် ယုံကြည်အပ်နှံထားတဲ့ မိတ်တွေ တစ်ယောက်အဖြစ် မှတ်ယူထားကြတယ်။ ဘယ်သူမှ ကြောက်ပြီးတော့ နောက်ကို ပြန်ဆုတ်ကြမှာ မဟုတ်ဘူး။ ပြီးတော့ ဘယ်သူမှ ရှင့်ကို တစ်ယောက်တည်း တိုက်ခိုက်ခွင့် မပြုဘူး။ တကယ်လို့ တစ်နေ့နေ့မှာ ရှင် တကယ်ပဲ မရှိတော့ရင် ကျွန်မလည်း ဒီလောမှာ ရှိနေတော့မှာ မဟုတ်ဘူး...”
ချန်လွေ့က ဇိုလာ စကားဆုံးသည်အထိ မစောင့်ဘဲ သူ၏လက်ကို တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။
“အတူတူ တိုက်ခိုက်ကြရအောင်နော်။” နတ်မိမယ်နဂါး၏ အကြည့်မှာ အလွန် ပြတ်သားနေသည်။ “ဒီတစ်ခေါက်တော့ လူတိုင်းနဲ့အတူတူ...”
ဇိုလာ၏ ဆုံးဖြတ်ချက်ကို အာရုံခံမိရင်း ချန်လွေ့ ပင့်သက်ရှိုက်ကာ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ကျက်သရေ ပြာအင်ပါယာ၏ မြို့တော် ဖန်စီဒီယန်၌ -
တော်ဝင်နန်းတော်ဝယ်-
“ဆူးခံတပ် ဖောက်ခံလိုက်ရပြီလား...” ကျက်သရေပြာ ဧကရီအရှင်မ လန်ဘိစ်က အမြင့်ဆုံး တပ်မှူး အယ်လ်တိုစ်၏ အစီရင်ခံစာကို နားထောင်ပြီးနောက် ပင့်သက်ရှိုက်လိုက်သည်။ “ဒီအသူရာ ချောက်နက် မကောင်းဆိုးဝါးတွေရဲ့ အရှိန်က ထင်ထားတာထက် အများကြီး ပိုမြန်နေတယ်။”
ကြောက်မက်ဖွယ် အသုံးအနှုန်းတစ်ခု ဖြစ်သော “အသူရာချောက်နက်”ကို မှော်ဂိမ်းတွင် အသစ် ကြေညာခဲ့သည်။ ဒေါသအိုးနတ်ဆိုး၊ ပါးစပ်ကြီး နတ်ဆိုးနှင့် မီးလျှံ စုန်းမကဲ့သို့ မကောင်းဆိုးဝါးများ၏ အမည်နှင့် သတင်းအချက်အလက်များ အပါအဝင် ဖြစ်သည်။
“ဒါက အရှိန်ထက် စွမ်းအားအကြောင်း ပိုများတယ်။” အယ်လ်တိုစ်က သက်ပြင်း ချလိုက်သည်။ “အစပိုင်းမှာ ဆူးခံတပ်က စစ်သည်တွေ အားလုံး အသက်ရှင် ကျန်ရစ်ခဲ့တယ်။ သိဒ္ဓိခိုလှုံရာက အစွမ်းထက် ပုဂ္ဂိုလ် ၄၂ယောက်နဲ့ တိုင်းပြည်အဆင့် အစွမ်းထက် သုံးယောက် အပါအဝင်ပေါ့။ စစ်ပွဲက သရေအခြေအနေမှာ ရှိနေခဲ့သေးတယ်။ သိဒ္ဓိခိုလှုံရာနဲ့ တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေက အသူရာ ချောက်နက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိခဲ့တယ်။ ဒါပေမဲ့ အသူရာချောက်နက် သခင် နှစ်ပါးက အသူရာချောက်နက် စစ်တပ်ထဲမှာ ပေါ်လာပြီးတော့ တိုင်းပြည် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် သုံးယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ပြီးတော့ အသူရာ ချောက်နက်ကို မရပ်တန့် နိုင်တော့ဘူး။ ဆူးခံတပ် တစ်ခုလုံးက မြေလှန် ခံလိုက်ရတယ်။ ဒီတစ်ခေါက် တိုက်ပွဲက... နှစ်နာရီပဲ ကြာခဲ့တယ်။”
“နှစ်နာရီတည်းလား...” လန်ဘိစ်က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “အစက အရင်မြို့တွေ ကျဆုံးသွားတာ မရဏနက် နောက်လိုက်တွေရဲ့ အတွင်းရေး ပြဿနာလို့ သတ်မှတ်ခဲ့တုန်းပဲ။ ဒီတစ်ခါ ဆူးခံတပ် ရှုံးနိမ့်မှုအတွက် ဘာဆင်ခြေမှ မရှိတော့ဘူး။ ကျွန်မတို့ရဲ့ ပြင်ဆင်မှုတွေ လုံလောက်တယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒါက အခုအချိန်ထိ ထိခိုက်လွယ် နေတုန်းပဲဆိုတာကို မသိခဲ့ဘူး...”
“ထောက်လှမ်းရေး သတင်းအရဆိုရင် ဆူးခံတပ်ကို ဖျက်ဆီးပစ်ပြီးတဲ့နောက်မှာ အသူရာချောက်နက် မကောင်းဆိုးဝါးတွေ ခဏတာ အနားယူခဲ့ပြီး မြို့တော်ရဲ့ လားရာဘက်ကို စတင် ရွေ့လာခဲ့တယ်။ သူတို့တွေက အလွန်ဆုံး ၆နာရီအတွင်း အရှေ့ဘက် ဆင်ခြေဖုံးကို ရောက်ရှိ လာပါလိမ့်မယ်။”
“အလွန်ဆုံး ၆နာရီ ဟုတ်လား။ ကျွန်မတို့ရဲ့ စစ်ကူတွေ ဘယ်လောက် အမြန်ဆုံး ရောက်လာမှာလဲ။”
အယ်လ်တိုစ် သက်ပြင်းချလိုက်သည်။ “ဗိုလ်ချုပ် ဆန်ဒရိုက မဟာမိတ်စစ်တပ်ရဲ့ ရှေ့စစ်တပ်ကို နေ့ရောညပါ ဦးဆောင် ခဲ့ပြီးပြီ။ ဒါပေမဲ့ တယ်လီပို့ လမ်းကြောင်းရဲ့ ကန့်သတ် အရေအတွက်ကြောင့် ဒီလိုမျိုး ဖြတ်သန်းသွားဖို့ မဖြစ်နိုင်ဘူး။ ပုံမှန် တွေးခေါ်မှုတွေ အရဆိုရင် ရောက်လာဖို့ ၂ရက်လောက်တော့ ကြာနိုင်တယ်။ သိဒ္ဓိ အလင်းတောင်က နတ်ဘုရားကျောင်း စစ်သည်တော် ဗိုလ်ခြေ တစ်ခုကိုလည်း စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ကျောင်းတော်က ဖန်စီဒီယန်မှာ တယ်လီပို့ လမ်းကြောင်း တစ်ခုကို မဆောက်ခဲ့တဲ့အတွက် သူတို့ကို ဂျာဒါကနေ အသုတ်လိုက်ပဲ ပို့ဆောင် နိုင်ခဲ့တယ်။ ပို့ဆောင်မှု မပြီးမချင်း သူတို့ စုစည်းနိုင်မှာမဟုတ်ဘူး။ အချိန်မမီမှာကို စိုးရိမ်မိပါတယ်...”
“မြို့တော် ကျောင်းတော်ကို ကမ်းပါးဖြူ တယ်လီပို့ လမ်းကြောင်း တည်ဆောက်ခွင့် တားမြစ်ခဲ့တာက စိတ်ကူးကောင်း တစ်ခု မဟုတ်ခဲ့တဲ့ပုံပဲ။” လန်ဘိစ် အနေရခက်စွာ ပြုံးလိုက်သည်။ အမှန်မှာ နှစ်ပေါင်းများစွာ သိဒ္ဓိအင်ပါယာနှစ်ခု၏ မြို့တော်သည် ကျောင်းတော်အား တယ်လီပို့ လမ်းကြောင်းတစ်ခု တည်ဆောက်ခွင့် မပြုခဲ့ပေ။ ၎င်းမှာ သိဒ္ဓိကျောင်းတော်၏ ထိန်းချုပ်မှု အားနည်းသွားစေရန်အတွက် အင်ပါယာနှစ်ခု၏ အပြုအမူနှင့် ဗျူဟာ ဖြစ်သည်။ ယခု ၎င်းမှာ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်စေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အယ်လ်တိုစ် ခေါင်းညိတ်လိုက်သည်။ “အခု အခြေအနေက အတော်လေးကို အရေးကြီးနေပါပြီ။ ကာကွယ်ရေးတပ်ဖွဲ့ အားလုံးကို အသက်သွင်းပြီးတော့ တပ်ဖွဲ့ အားလုံး နေရာယူထားပေမယ့် ကျုပ် လုပ်နိုင်တာက အရှင်မရဲ့ ရွှေ့ပြောင်းဖို့ကို တတ်နိုင်သမျှ မနှောင့်နှေးစေအောင် ကြိုးစားဖို့ပါပဲ။”
“ရွှေ့ပြောင်းမယ် ဟုတ်လား။” လန်ဘိစ် တဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “ကျွန်မ မသွားနိုင်ဘူး။”
အယ်လ်တိုစ်က နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။ “ဒီရက်တွေ အထဲမှာ မရေမတွက်နိုင်သော တော်ဝင်မျိုးနွယ် မိသားစုတွေနဲ့ ပြည်သူတွေ မြို့တော်ကနေ ရွှေ့ပြောင်းခဲ့ကြပြီး ဂျာဒါကို ဒါမှမဟုတ် ဂျာဒါကနေ အနောက်ဘက်ကို သင်္ဘောနဲ့ ထွက်ပြေးခဲ့ကြပါပြီ။ ပြောရေးဆိုခွင့်ရှိသူ မက်ဂနမ်နဲ့ ကိုယ်စားလှယ် အိမ်တော် တောင်မှ ဆုတ်ခွာသွားခဲ့ပါပြီ။ အရှင်မ။ အရှင်မှာ ဒီအင်ပါယာကို ကာကွယ်ဖို့ သတ္တိနဲ့ ယုံကြည်ချက် ရှိတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီမှာ နေနေတာက အလဟဿ စတေးခြင်းပါ။ ကျေးဇူးပြုပြီး မြို့တော်ကနေ အမြန်ဆုံး ထွက်ခွာပါ။ ကျုပ် နေခဲ့ပြီးတော့ စစ်သည်အားလုံးကို မြို့တော်နဲ့အတူ ဦးဆောင်သွားပါ့မယ်...”
“ကျွန်မ ထွက်သွားမှာ မဟုတ်ဘူး။” လန်ဘိစ်က ပလ္လင်မှ ထရပ်လိုက်ပြီး သူ၏ အကြည့်မှာ အလွန်ပင် ခိုင်မာနေခဲ့သည်။ “တကယ်လို့ အင်ပါယာတစ်ခုလုံး ပျက်စီး သွားခဲ့ရင် အုပ်စိုးသူ တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တည်ရှိမှုက ဘာများ အဓိပ္ပာယ် ရှိတော့မှာလဲ။ သရဖူကို ဆောင်းခဲ့တဲ့ အချိန်ကစပြီး ကျွန်မက အင်ပါယာနဲ့ အတူ သေဆုံးဖို့ စိတ်ရှိနှင့်ပြီးသားပဲ။”
“မဟုတ်ဘူး။ အရှင်မ။” အယ်လ်တိုစ်က လန်ဘိစ်ကို တည့်တည့် ကြည့်လိုက်သည်။ “အရှင်မက ကျက်သရေပြာ အင်ပါယာရဲ့ မျှော်လင့်ချက်နဲ့ လက်အောက်ခံ အားလုံးရဲ့ စိတ်ဝိညာဉ် မဏ္ဍိုင်တစ်ခုပါ။ အရှင်မ ရှင်သန်နေသ၍ ကျက်သရေပြာ အင်ပါယာ ဘယ်တော့မှ ပျက်စီးသွားမှာ မဟုတ်တာကို ကျုပ် ယုံကြည်တယ်...”
လန်ဘိစ် အယ်လ်တိုစ်ကို ခပ်ပေါ့ပေါ့ ကြည့်လိုက်၏။ “ယုံကြည်တယ် ဟုတ်လား။ ဒီစကားလုံးက ရှင်နဲ့ ကျွန်မ အတွက် အကျုံးမဝင်ဘူး မဟုတ်လား။ အုပ်စိုးသူဟောင်းရဲ့ သစ္စာရှိ တရားရုံး အမတ်ဟောင်းတစ်ယောက်အနေနဲ့ ရှင်က ကျွန်မ ဧကရာဇ် ခလွန်တာကို လုပ်ကြံဖို့ တစ်ယောက်ယောက် စေလွှတ်ခဲ့တယ်လို့ အမြဲတမ်း သံသယရှိခဲ့တယ် မဟုတ်လား။ ပြီးတော့ ရှင် တိတ်တဆိတ် စုံစမ်းစစ်ဆေး နေတုန်းပဲ မဟုတ်လား...”
ခလွန်တာက ယခင် ကျက်သရေပြာ အုပ်စိုးရှင်သူ လန်ဘိစ်၏ ခမည်းတော် ဖြစ်သည်။ လုပ်ကြံခံရ၍ သူ သတိလစ် မေ့မြောသွားပြီး နောက်ဆုံးတွင် သေဆုံး သွားခဲ့ရာ လန်ဘိစ် ပလ္လင်ကို အောင်မြင်စွာ ဆက်ခံခဲ့ရသည်။
“စုံစမ်းစစ်ဆေးမှုတွေ ဆိုင်းငံ့ထားတာ ကြာခဲ့ပါပြီ...” အယ်လ်တိုစ်က သက်ပြင်း ချလိုက်သည်။ “ကျုပ်က တကယ်ပဲ အသက်ကြီးနေပါပြီ။ အဲဒါကြောင့်ပဲ ကျုပ်မှာ ငယ်ငယ်တုန်းကထက် ကိစ္စတွေ အပေါ်မှာ မတူညီတဲ့ နားလည်မှုတစ်ခု ရှိနေတယ်။ အရှင်မ ပလ္လင်တက် ကတည်းက အာဏာကို ဗဟိုပြုတဲ့ ဖယ်ထုတ်ခြင်း နည်းလမ်းတွေ ရှိခဲ့ပေမယ့် ခင်ဗျားက အင်ပါယာကို အုပ်ချုပ်ရာမှာ ပိုပြီးတော့ ဇွဲလုံ့လရှိပြီး ဂရုစိုက်ခဲ့တယ်။ အရှင်မရဲ့ ကွပ်ကဲမှုနဲ့ ကျက်သရေပြာ အင်ပါယာက နှစ်၃၀၀အတွင်း ထူးထူး ခြားခြား ကြီးပွားတိုးတက်တဲ့ နေ့ရက် တစ်နေ့ကို ရောက်လာခဲ့တယ်။ အရှင်မကို လုံလောက်တဲ့ အချိန်သာ ပေးခဲ့မယ်ဆိုရင် ကျက်သရေပြာအင်ပါယာက နဂါးလင်းလက်အင်ပါယာကို သေချာပေါက် ကျော်လွန် သွားပြီးတော့ လူသားတွေရဲ့ ထိပ်တန်းအင်ပါယာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တခြားအရာတွေကတော့ ဒီမတိုင်ခင်မှာ အရေးမကြီးပါဘူး။ အရှင်မက အမြဲတမ်း ခေါင်းရှင်းလင်းပြီးတော့ အခုလက်ရှိမှာ အရေးကြီးတဲ့ အခြေအနေကို နားလည် လောက်မှာပါ။ ကျက်သရေပြာ အင်ပါယာ အများစု ပျက်စီးသွားခဲ့ပြီး ဖြစ်ပေမယ့် အရှင်မ အသက်ရှင်နေတုန်းပဲ။ ပြီးတော့ ဆန်ဒရို ဦးဆောင်တဲ့ အင်ပါယာတွေရဲ့ လက်ရွေးစင်တွေလည်း ရှိနေသေးတယ်။ အရှင်မနဲ့ နတ်သူငယ် မျိုးနွယ်စု မင်းသမီး ဖီလီကြားက ရင်းနှီးမှုကလည်း ရှိတယ်။ ပြီးတော့ အရှင်မအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုကလည်း ရှိနေ သေးတယ်။ အဲဒါကြောင့် ကျက်သရေပြာ အင်ပါယာက ပျက်စီးတာ မဟုတ်ပါဘူး။ ပြီးတော့ ပျက်စီးမှာလည်း မဟုတ်ဘူး။”
“ကျေးဇူးတင်ပါတယ်။ အယ်လ်တိုစ်။” လန်ဘိစ်က ထိုမီးခိုးရောင် အဘိုးအိုကို ပထမဆုံး အကြိမ် တွေ့ဆုံသည့်အလား နက်ရှိုင်းစွာ စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးထဲ ဝဲလာသော မျက်ရည်များကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ “ရှင် ကျွန်မရဲ့ ဘေးနားမှာ ရပ်တည်နေတာက ကျွန်မအတွက် ဂုဏ်ယူစရာ တစ်ခုပါပဲ။”
အယ်လ်တိုစ်က နက်နက်ရှိုင်းရှိုင်းနှင့် ဦးညွှတ်လိုက်သည်။ “ဒါက ကျုပ်အတွက်လည်း ဂုဏ်ယူစရာ တစ်ခုပါပဲ။ အရှင်မ...”
ထိုအခိုက်အတန့်တွင် အစောင့်တစ်ဦး အဓိခန်းမ ဝင်ပေါက်သို့ အလျင်စလို ရောက်ရှိလာသည်။ “အရှင်မ။ အရေးပေါ် အစီရင်ခံစာပါ...”
လန်ဘိစ် ထိတ်လန့်သွားခဲ့လေသည်။ “အသူရာချောက်နက် စစ်တပ် ရောက်လာ ပြီလား။ မြန်လိုက်တာ။”
“မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ စစ်ကူတွေ။ ဗိုလ်ချုပ် ဆန်ဒရိုက မဟာမိတ် စစ်တပ်ရဲ့ တပ်ဖွဲ့ဝင် သုံးသိန်းနဲ့အတူ မြို့တော်ရဲ့ အနောက် ဆင်ခြေဖုံးကို ရောက်လာပါပြီ။”
လန်ဘိစ်က ထိုသို့မမျှော်လင့်ထားသော သတင်းကောင်းကြောင့် အလွန်ပင် ဝမ်းမြောက်သွားခဲ့သည်။ အယ်လ်တိုစ်နှင့် သူ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အမိန့်ပေးခဲ့သည်။ “အနောက်ဘက် တံခါးကို ချက်ချင်းဖွင့်။ စစ်ကူတွေကို မြို့ထဲ အမြန်ဆုံး ဝင်ခွင့်ပေးလိုက်...”