အထူးအဆင့်(သုံး)
Vol. 80 Ch. 1222
အနက်ရောင် မီးခိုးများ တဖြည်းဖြည်း အစိုင်အခဲ ဖြစ်လာပြီး ရွှေရောင်ရင့်ရင့် ကြာပွတ်ရှည် တစ်ချောင်းကို ခပ်ရေးရေး မြင်တွေ့နိုင်သည်။
ခီလီယာနာ၏ ညာဘက် မျက်လုံးမှ သွေးများ ပို၍ပင် ပူပြင်းလာပြီး သူက အေးစက်သော အပြုံးတစ်ခုကို ထုတ်ဖော် ပြသခဲ့သည်။ ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ အနက်ရောင် အငွေ့များ ရုတ်တရက် ပြောင်းလဲသွားကာ ကုသပြီး ဖြစ်သော မျက်နှာပေါ်မှ ဒဏ်ရာများ နောက်တစ်ကြိမ် ပေါ်လာခဲ့သည်။ ၎င်းမှာ အမှန်တကယ်တွင် အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ပြောင်းလဲနေသော မန္တာန် တစ်မျိုးမျိုးကဲ့သို့ တက်ကြွနေဆဲ ဖြစ်သည်။
ခီလီယာနာက အသံတိုးတိုးနှင့် ညည်းလိုက်ပြီး ခြေလှမ်း အနည်းငယ်ကို နောက်ဆုတ်ကာ ညာဘက် မျက်လုံးကို ဖုံးအုပ်လိုက်သည်။ သွေးများက သူ၏ လက်ချောင်းများမှ ယိုစီးလာသည်။ ၎င်းမှာ အစိမ်းရောင် သွေးများပင်။
ဧကရီအရှင်မ လစ်ဗ်၏ ယခင်မြှားက သာမန် ထိခိုက်မှုကိုသာ ဖြစ်စေခဲ့သည် မဟုတ်ဘဲ ထိုသုသာန်မှ အချို့သော အငွေ့အသက် တစ်ခု၏ လှုံ့ဆော်ခြင်းကို ခံရပြီးနောက် ၎င်းက စစ်မှန်သော အဆုံးသတ် အကွက်ကို ထုတ်ဖော်ခဲ့သည်။
ထိုထိုးနှက်မှုက အလွန်ပင် ရုတ်တရက် ဖြစ်ခဲ့သည်။ အသူရာချောက်နက် အရှင်သခင် သုံးပါး၏ ခေါင်းဆောင်ဖြစ်သော သူသည်ပင် လျို့ဝှက် ဒဏ်ရာများစွာကို ခံစားခဲ့ရသည်။
ဒါက သေချာပေါက် မတော်တဆ အဖြစ်အပျက် တစ်ခု မဟုတ်ဘူး။ အချိန် အကြာကြီး ကြိုတင် ကြံစည်ထားခဲ့တဲ့ အစီအစဉ်တစ်ခုပဲ။
ဒီလို ကြိုမြင်နိုင်စွမ်းမျိုး ရှိနိုင်တဲ့သူက အဲဒီကောင်ပဲ ဖြစ်ရမယ်။ ငါ့ကို မပြည့်စုံတဲ့ ပုံစံနဲ့ အချိန်မတိုင်ခင် ရောက်လာစေခဲ့တဲ့ အကောင်....
အဲဒီကောင်က သေဆုံးသွားတဲ့နောက် ငါ့ကို တကယ်ပဲ နောက်တစ်ခါ ထပ်ပြီး ကျောသွားပြန်ပြီ...
နတ်သူငယ် ဧကရီအရှင်မ အဲဒီမြှားကို လရောင်တိမ်ပင်လယ်နဲ့ အသည်းအသန် ပစ်ခတ်ခဲ့တာက ဒီရည်ရွယ်ချက်အတွက် အတိအကျပဲ...
“ချီးပဲ...” ဟိန်းသံက ကောင်းကင်ကို ဖြတ်သန်းပြီး ပဲ့တင်ထပ်သွားခဲ့လေသည်။ ခီလီယာနာ၏ ညာလက်က ရွှေရောင်ရင့် ကြာပွတ်ရှည်ကို ဆုပ်ကိုင်ထားပြီး ဖြစ်ကာ ကြောက်မက်ဖွယ်ရာ ကြမ်းတမ်းသည့် စိတ်ဆန္ဒက နေရာလွတ် တစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားခဲ့လေသည်။ လွှဲရမ်းလိုက်သည်နှင့် ကြာပွတ်ရှည်က မြေပြင်ကို ထိမှန်သွားခဲ့၏။
ငွေလကောင်းကင်မြို့တော်၏ မြေပြင် တစ်ခုလုံး တုန်ခါသွားပြီး နေရာတိုင်းတွင် အက်ကြောင်းများ ဖြစ်သွားခဲ့လေသည်။ ထိုသို့ အဆုံးမရှိသော အက်ကွဲကြောင်းမှ ချော်ရည်များ အမှန်တကယ် ပေါက်ကွဲ ထွက်လာခဲ့သည်။ ထွက်ပြေးရန် အချိန် မမီခဲ့သော ထိုနတ်သူငယ်များက ကြောက်မက်ဖွယ် တုန်ခါမှုများကြောင့် ပျက်စီးသွားခဲ့ရသည်။
ကောင်းကင်မှ သွေးရောင်တိမ်များက လောင်ကျွမ်းနေသောမြေပြင်ကို ရောင်ပြန် ဟပ်နေ၏။ အခမ်းနားဆုံး အစိမ်းရောင် မြို့တော်နှင့် အနုပညာ ရတနာတို့က မီးလောင်မြေအဖြစ် ပြောင်းသွားခဲ့သည်။
ခီလီယာနာ လက်ကို လွှတ်လိုက်ပြီး အနည်းငယ် အသက်ရှူမဝ ဖြစ်နေသည်။ သူ၏ မျက်နှာပေါ်မှ ဒဏ်ရာက လုံးဝ ပျောက်ကွယ်သွားလေပြီ။ အစိမ်းရောင် စွမ်းအားက အငွေ့ပျံ သွားသော်လည်း ညာမျက်လုံးမှ သွေးနီရောင် မျက်ဆံတွင် ဖျော့တော့သော အက်ကွဲကြောင်း တစ်ခု ရှိနေဆဲ ဖြစ်သည်။
ထိုလျို့ဝှက် ဒဏ်ရာကို ယာယီသာ ဖိနှိပ်ထားခဲ့သည်။ ၎င်းမှာ အချိန်တို အတွင်း ပြန်လည်၍ ကောင်းမွန်လာရန် ခက်ခဲနိုင်သည်။
ခီလီယာနာက ကျန်ရှိနေသေးသော နတ်သူငယ်များကို လုံးဝ ဖျက်ဆီးပစ် တော့မည့်အချိန် မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားခဲ့သည်။ မော့လိုက်ရာ အဝေးမှ ကောင်းကင်တွင် သူ့ထံသို့ ပြေးဝင်လာနေသော အလင်းစီးကြောင်း အများအပြားကို တွေ့လိုက်ရ၏။
မျက်စိတစ်မှိတ် အတွင်းတွင် သူ၏ အရှေ့၌ ပုံရိပ် ၅ခု ရောက်လာခဲ့သည်။
ထိုလူ ၅ဦးက ယခု အဓိကကုန်းမြေ၏ အထွတ်အထိပ် စွမ်းအားရှင်များကို ကိုယ်စားပြု၏။ မိုက်ကယ်၊ ဂေဘရီရယ်၊ ရာဖယ်ရယ်၊ ချန်လွေ့နှင့် ဇိုလာတို့ပင်။
အသူရာ ချောက်နက်၏ ကြီးမားသော ရန်သူ ရောက်လာရာ မူလ ရန်လိုနေသော နှစ်ဖက်က နောက်ဆုံး သဘောတူညီမှု ရရှိသွားခဲ့သည်။ နတ်ဆိုးဘုံနှင့် လူသား လောကအကြား စစ်ပွဲမှာ ယာယီ အဆုံးသတ်သွားခဲ့သော်လည်း သူတို့သည် တပ်များကို မရုပ်သိမ်းခဲ့ကြပေ။ ထိုအစား သူတို့က ရွှေရောင်နယ်မြေ၌ အချိန်မရွေး အသင့်အနေအထား ဖြစ်နေကြသည်။
ချန်လွေ့က စေတန်နှင့် အခြား သူများကိုရှာရန် နတ်ဆိုးဘုံသို့ ပြန်သွားရန် စီစဉ်နေစဉ်မှာပင် ကောင်းကင်တမန်တော် သုံးပါးသည် ကျောင်းတော်ထံမှ အရေးပေါ် ဆင့်ခေါ်ခြင်းကို ရရှိခဲ့ပြီး အိပ်မက်ဆိုး မီးတောင် ပေါက်ကွဲထွက်မှုနှင့် သံတံခါး အင်ပါယာ ပျက်စီးခြင်း မူမမှန်ခြင်းကို သိရှိသွားခဲ့သည်။ အသူရာချောက်နက် ဆင်းလာခဲ့သည့် နေရာက အိပ်မက်ဆိုး မီးတောင် ဖြစ်နေ၏။
၅ယောက်လုံးက လျင်မြန်သော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး အရှေ့ဘက်သို့ အတူတကွ ဦးတည် သွားခဲ့ကြသည်။ သူတို့က ပျက်စီးသွားပြီ ဖြစ်သော သံတံခါး အင်ပါယာသို့ သွားခဲ့ကြသည်။ သို့သော်လည်း လမ်းတွင် သူတို့ ကျောက်စိမ်းသစ်တော ပင်လယ်မှ ထူးဆန်းသော အခြေအနေကို တွေ့ရှိ ခဲ့ကြသည်။ ဧရာမ သစ်တောပင်လယ်၏ သုံးပုံ တစ်ပုံမှာ လောင်ကျွမ်းသွားခဲ့လေပြီ။
၎င်းက ၅ယောက်လုံးအား လားရာကို ပြောင်းလဲစေခဲ့ပြီး ထိုနေရာသို့ ချက်ချင်း သွားရောက်ခဲ့သည်။ သို့သော် သူတို့က ခြေတစ်လှမ်း နောက်ကျ သွားခဲ့သည်။ ငွေလကောင်းကင် မြို့တော်တစ်ခုလုံးနှင့် နတ်သူငယ် မျိုးနွယ်စုက သုတ်သင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
“မင်းလား။ ဘလန့်ချ်...” နတ်သူငယ် တစ်ပိုင်း၏ ရင်းနှီးသော မျက်နှာကို ကြည့်ရင်း သူက အခြား ရင်းနှီးသော မုန်းတီးမှု အကြည့်ကို ခံစားမိလိုက်ရ၏။ ချန်လွေ့က အသက် ပြင်းပြင်းရှူလိုက်ပြီး အခြား အမည်တစ်ခုကို ပြောလိုက်သည်။ “မဟုတ်ဘူး။ ငါ မင်းကို ခီလီယာနာလို့ ခေါ်ရမယ်...”
“မကြာခင် နောက်ထပ် တွေ့ဦးမယ်လို့ မင်းကို ပြောခဲ့တယ်လေ။” ဘလန့်ချ် ဟူသော အမည်ကို ကြားရာ ခီလီယာနာ၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက် သွားခဲ့သည်။ ထိုအပြုံးက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ပြည့်နေသည်။
ဒီလူက အရင်ဆုံး ငါ့ကို သဘာဝ သစ်ပင်မှာ အနိုင်ယူခဲ့တယ်။ နှစ် နှစ်၀၀၀၀ ဆောက်ခဲ့ရတဲ့ အသူရာ ချောက်နက်ရဲ့ တံခါးကို ဖျက်ဆီးပစ်ခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ အဓိကယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့ပြီး ငါ့ရဲ့ စိတ်ပုံရိပ်ကို ချေမှုန်းခဲ့တယ်။
ငါ သူ့ကို မကြာခင် တွေ့ဦးမယ်လို့ ပြောခဲ့တယ်။ ဘာလို့လဲဆို နှစ် ၁၀၀ကျော် အတွင်းမှာ ငါက အခွင့်အာဏာ စွမ်းအား အစီအရင်ကို တကယ် ဖောက်ထွက်နိုင်ပြီး ပြီးပြည့်စုံတဲ့ ပုံစံနဲ့ အဓိကကုန်းမြေဆီကို ဆင်းသက်နိုင်မှာ မို့လို့ပဲလေ။ အခု အလူစီယာက ကြိုတင် မွေးဖွားဖို့အတွက် လှည့်ကွက်တွေ သုံးခဲ့တယ်။ အဲဒါကြောင့် ဆုံတာလည်း စောသွားတယ်။
“အနည်းဆုံးတော့ ထင်ထားတာထက် ပိုမြန်တာပဲ။” ချန်လွေ့က အသာလေး ပြုံးလိုက်သည်။ သူက ရေငြိမ်ကဲ့သို့ တည်ငြိမ်နေသော်လည်း အလွန်အာရုံစိုက် နေခဲ့ပြီး ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်နေခဲ့၏။
၎င်းမှာ စိတ်ပုံရိပ်တစ်ခု မဟုတ်တော့ဘဲ ခီလီယာနာ၏ စစ်မှန်သော မူလ ခန္ဓာကိုယ်ပင်...
မျိုးနွယ်စု - နတ်သူငယ်တစ်ပိုင်း (ကျိန်စာသင့် ခန္ဓာ)
စွမ်းအားအကဲဖြတ်မှု - SSSS+++
ခန္ဓာအမျိုးအစား - SSSS+++
ခွန်အား - SSSS+++
စိတ်ဝိညာဉ်စွမ်းအား - SSSS+++
အမြန်နှုန်း - SSSS+++
[စိစစ်ချက်] - အမုန်းတရား
အန္တရာယ်အဆင့် - အလွန်မြင့်မား
နတ်ဆိုးအရှင်သခင် အထွတ်အထိပ်နှင့် တိုင်းပြည်အကြား S++ နှင့် မတူဘဲ နတ်ဘုရား-ယောင် အထွတ်အထိပ်နှင့် နတ်ဘုရားအကြား အဆင့်တွင် SSSS+++ ပိုမိုရှိနေပြီး ၎င်းမှာ အဆင့် တစ်ဆင့် ပိုမြင့်သည်ဟု ဆိုလိုကြောင်း ချန်လွေ့က ယခုမှသာ သိရှိသွားခဲ့သည်။
ထိုသို့ စွမ်းအားအဆင့် နှိုင်းယှဉ်မှုက သူ ယခင်က ဖတ်ခဲ့ဖူးသော ဒရာဂွန်ဘော ရုပ်ပြစာအုပ်မှ စူပါဆိုင်ယန်နှင့် တူသည်။ စူပါဆိုင်ယန်ကိုလည်း အဆင့် သုံးဆင့် ခွဲခြားထားသည်။ စူပါဆိုင်ယန် (အထူး (တစ်))၊ စူပါစူပါဆိုင်ယန် (အထူး(နှစ်))၊ စူပါစူပါစူပါဆိုင်ယန် (အထူး(သုံး))။ အဆင့် တစ်ခုချင်းစီမှာ အလွန် ကွဲပြား၏။
ဒြပ်စင်လောကတွင် သူသည် အဓိက ဒြပ်စင်သံတမန်များ၏ အထူးအဆင့်(နှစ်) နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် စွမ်းအားကို ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ အမှန်မှာ သူတို့က အိမ်ကွင်း ဖြစ်သော ဒြပ်စင်လောက၌ ရှိနေလျှင်ပင် အချို့သော တားမြစ်ထားသော စွမ်းအားတစ်မျိုးမျိုး၏ ချိပ်ပိတ်မှုကြောင့် အဓိက ဒြပ်စင် သံတမန်များ ပြသခဲ့သော စွမ်းအားမှာ အနည်းငယ် နိမ့်ကျ၍ နေခဲ့လေသည်။ မှန်ပေသည်။ ဒြပ်စင်လောက၌ အဆုံးမဲ့ ပြန်လည်မွေး ဖွားခြင်းက ထပ်ဆောင်း ကလိမ်ကကျစ် ကျခြင်းပင်။
အဆောင်ပစ္စည်း ၇ခု အကူအညီမရှိဘဲ ချန်လွေ့၏ စွမ်းအားက ဒြပ်စင်လောကသို့ ပထမဆုံး ဝင်ရောက်စဉ် အထူး(၁) နှင့် အထူး(နှစ်) အကြားတွင်သာ ရှိခဲ့သည်။ သူ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]ကို နားလည်သဘောပေါက်ခဲ့ပြီးမှသာ အထူးအဆင့်(နှစ်)သို့ ဝင်ရောက်ခဲ့သည်။
မိုက်ကယ်နှင့် စေတန်တို့သည် မူလက အထူး(နှစ်)နှင့် ပါးလွှာသော မျဉ်းကြောင်း တစ်ခုသာ ကွာဝေးသည်။ ချန်လွေ့၏ စွမ်းအား လှုံ့ဆော်မှုအောက်တွင် သူတို့က အထူးအဆင့်(နှစ်)သို့ တစ်ယောက်ပြီး တစ်ယောက် တက်လှမ်း သွားခဲ့ကြသည်။ ဒြပ်စင်နတ်ဘုရားမ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ရရှိထားသော ဇိုလာအပါအဝင် ဂေဘရီရယ်၊ ဖိုက်သွန်၊ ရာဖယ်ရယ်တို့သည် အထူးအဆင့် (နှစ်)နှင့် အဆုံးမရှိ နီးကပ်၍ နေကြသောကြောင့် အချိန်မရွေး ဖောက်ထွက်နိုင်လေသည်။
ချန်လွေ့က ယခုအခါ [ကြယ်စုံ နတ်ဘုရားမြင်ကွင်း]၏ မပြည့်စုံသော ပေါင်းစပ်စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကာ ၎င်းမှာ အထူး အဆင့်(နှစ်)၏ အမြင့်ဆုံး စွမ်းအားကို ကျွမ်းကျင် ပိုင်နိုင်စွာ ထိန်းချုပ်ခြင်းနှင့် ညီမျှကာ မိုက်ကယ်နှင့် စေတန်ကို ကျော်လွန်သွားခဲ့ပြီး လောက နှစ်ခု၏ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။
သို့တိုင် သူ၏ အရှေ့မှ ခီလီယာနာ၏ ခွန်အားမှာ ပို၍ပင် မြင့်မားနေသေးသည်၊ SSSS+++ ပင်။ ၎င်းမှာ အထူးအဆင့်(သုံး)နှင့် ညီမျှပြီး ၎င်းမှာ အထူးအဆင့်(သုံး)မှ အထွတ်အထိပ်ဆုံးသော တည်ရှိမှုလည်း ဖြစ်သည်။ ချန်လွေ့က [ကြယ်စုံနတ်ဘုရား မြင်ကွင်း]ကို အပြည့်အဝ ပေါင်းစပ် နိုင်မှသာ သူနှင့် ယှဉ်နိုင်ပေလိမ့်မည်။
အုပ်စိုးသူ သုံးပါးရဲ့ စွမ်းအားက အထူးအဆင့်(သုံး)မှာ ရှိနေနိုင်တယ်။ ခီလီယာနာက အစွမ်းအထက်ဆုံးပဲ။ ဆိုစဘတ်က ဒုတိယ၊ ဒီလော့စ်ရိုက နောက်ဆုံးပဲ။
ပင်လယ်သေတွင် အထူးအဆင့်(၁)သို့ ရောက်ရှိခဲ့သော ဒီလော့စ်ရို၏ ပုံရိပ်က စေတန်နှင့် ယှဉ်နိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိပေ။ စေတန် ထိုအချိန်က စွမ်းအား ထိမ်ချန်ထားသော်လည်း ဒီလော့စ်ရို၏ စွမ်းအားမှာ နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့်တွင် ရှိသည်မှာ အသေအချာပင်။ ရေဒြပ်စင်ဘုရင် ပြောခဲ့ဖူးသည်မှာ အသူရာချောက်နက်၏ အုပ်စိုးသူ သုံးပါးသည် စွမ်းအားအရ အလွန်ကြောက်စရာ ကောင်းသော်လည်း သူတို့က နတ်ဘုရားများ မဟုတ်သေးပေ။ ဒါဆို SSSS+++က နတ်ဘုရားအဆင့်ကို ဦးတည်နေတဲ့ နောက်ဆုံးအဆင့် ဖြစ်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှာ ခီလီယာနာကို ရင်ဆိုင်ဖို့က အကြီးမားဆုံး စမ်းသပ်မှု ဖြစ်လိမ့်မယ်။
ချန်လွေ့က ဇိုလာကို ကြယ်အပ်နှင်း စင်မြင့်တွင် သိမ်းတော့မည် ပြင်လိုက်စဉ် မစ်-နတ်မိမယ်နဂါး၏ ခိုင်မာသော အသံက သူ၏စိတ်ထဲ ထွက်ပေါ်လာပြီး ဖြစ်သည်။ ချန်လွေ့ ခဏ တွန့်ဆုတ် သွားခဲ့ပြီး ဇိုလာကို ချက်ချင်း ပြန်မသိမ်းခဲ့။
ဇိုလာ၏ အကြီးမားဆုံးသော ဆန္ဒမှာ သူနှင့်အတူ ဘေးချင်းယှဉ် တိုက်ခိုက်ရန် ဖြစ်၏။ ထိုအကြောင်းကြောင့် နတ်မိမယ် နဂါးသည် ကြီးမားသော စွန့်စားမှုများကို ယူဆောင်ရန်နှင့် ဒြပ်စင်လောက၏ အမွေ ဆက်ခံခြင်းကို လက်ခံရန် ဆန္ဒရှိခဲ့သည်။ အကယ်၍ ချန်လွေ့ သူ့ကို ကြယ်အပ်နှင်း စင်မြင့်တွင် သိမ်းဆည်းခဲ့ပါက ချန်လွေ့၏ ရှုထောင့်မှ ကြည့်လျှင် သူ၏ချစ်သူ ထိခိုက်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ဇိုလာ၏ ရှုထောင့်မှ ကြည့်လျှင် ၎င်းမှာ ငြင်းပယ်ခြင်း တစ်မျိုး ဖြစ်ပြီး သူ၏ အသက်ကို စွန့်ထားခဲ့သော ကြိုးပမ်း အားထုတ်မှုကို လျစ်လျူရှုခြင်းပင်။
ဒါဆိုရင် အကျပ်အတည်းကို အတူတူ ရင်ဆိုင်ကြရတာပေါ့။
ချန်လွေ့ ခေါင်းကို လှည့်လိုက်ပြီး ဇိုလာ၏ မျက်လုံးများနှင့် တိုက်ဆိုင်စွာ ဆုံသွားခဲ့သည်။ ဝိညာဉ် ဘာသာစကား မလိုအပ်ပေ။ နားလည်မှုတစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ စကားလုံးပေါင်း ထောင်နှင့်ချီ တိတ်တဆိတ် ပြောဆိုခဲ့ကြသည်။
ဇိုလာရဲ့ [ဒြပ်စင်၆ခုအမျက်]မှာ အဆင့်ကို ကျော်လွန်နိုင်တဲ့ ကြီးမားတဲ့ သေစေနိုင်စွမ်း ရှိပြီးတော့ လျစ်လျူရှု မရနိုင်တဲ့ တိုက်ခိုက်ရေး စွမ်းအားတစ်ခု ဟုတ်တယ်။ ပြီးတော့လည်း ခီလီယာနာ ခုနက အထူးစွမ်းအား တစ်မျိုးမျိုးကို ခံစားခဲ့ရတဲ့ပုံပဲ။ ထိခိုက်မှုက မပေါ့ဘူး။ ပြီးတော့ သူ့ရဲ့ စွမ်းအားလည်း အများကြီး အားနည်းသွားတယ်။ ဇိုလာနဲ့ ကောင်းကင် တမန် သုံးပါးနဲ့ဆိုရင် ဒါက ခီလီယာနာကို အနိုင်ယူဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်လောက်တယ်။
မုန်းတီးရသော ရန်သူက မိမိကဲ့သို့သော ရန်သူတစ်ဦးကို ရင်ဆိုင်စဉ် အာရုံပျံ့လွင့် ရဲသည်ကို မြင်ရာတွင် ခီလီယာနာ၏ မျက်လုံးများ ပို၍ သတ်ဖြတ်ချင်စိတ်များ ပြင်းထန်လာပြီး ချန်လွေ့ အပေါ်တွင် အသေမှတ် ထားလိုက်၏။ တစ်ချိန်တည်းမှာပင် မိုက်ကယ်၏ အသံ ထွက်ပေါ်လာသည်။ “ခီလီယာနာ။ မင်းရဲ့ ပြိုင်ဘက်တွေက ငါတို့တွေပဲ...”
မိုက်ကယ်က မောက်မာပြီး တစ်ချိန်က သူ့ကိုယ်သူ နတ်ဘုရားနှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ကောင်းကင်တမန် သုံးပါးသည် လူသား လောက၏ သခင်များလည်း ဖြစ်ကြသည်။ ယခု အသူရာချောက်နက်က လူသား လောကသို့ ရောက်ရှိလာခဲ့ရာ ၎င်းမှာ သူ၏ နယ်မြေကို ချိုးဖောက်ခြင်းနှင့် တူညီသည်။ ယခု ခီလီယာနာ ချန်လွေ့ကို အရင် တိုက်ခိုက်ခဲ့သည်။ ၎င်းမှာ သူတို့ သုံးဦးကို လျစ်လျူရှုနေသည်ဟု ဆိုလိုရာ သူ စော်ကားခံလိုက်သလို ဖြစ်သွားသည်။
ထိုစကားထွက်ပေါ်လာသည်နှင့် ခီလီယာနာက အကြည့်ကို ချန်လွေ့ထံမှ မိုက်ကယ်ထံသို့ လွှဲလိုက်သည်။ သူ၏ ချွန်ထက်သော အပြုံးက ရုတ်တရက် မထီမဲ့မြင်အဖြစ်သို့ ပြောင်းသွားခဲ့သည်။
“မင်းက အလင်းရောင် နတ်ဘုရားရဲ့ နိမ့်ကျတဲ့ အစေခံ တစ်ယောက်ပါပဲ။ အကယ်၍ မင်းမှာ အဲဒီတုန်းက နတ်ဘုရား ချီးမြှင့်ခဲ့တဲ့ ကောင်းချီးစွမ်းအား ရှိခဲ့ရင် အခု ငါနဲ့ ယှဉ်နိုင်ရုံပဲ ယှဉ်နိုင်မယ်။ ကံဆိုးတာက မင်း သခင်ရဲ့ ကောင်းချီးကို ဆုံးရှုံးခဲ့ပြီးပြီ။ မင်းက လုံးဝကို ထိခိုက် လွယ်နေပြီ။” ခီလီယာနာ၏ လေသံက ဖုံးကွယ်မထားသော မထီမဲ့မြင်ပြုခြင်းဖြင့် ပြည့်နှက်နေခဲ့သည်။ “ဒါပေမဲ့ မင်းမှာ နတ်ဘုရားရဲ့ ကောင်းချီးရှိခဲ့တုန်းက ငါက ဘယ်လို တည်ရှိမှုမျိုးလဲ။ ငါ့ရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒရှေ့ မင်းတို့ ပုရွက်ဆိတ်တွေကို ကြည့်ဖို့တောင် စိတ်မဝင်စားဘူး...”
ချန်လွေ့၏စိတ် လှုပ်ရှားသွားခဲ့သည်။ ထိုစကားလုံးများ ဖော်ထုတ်ပြသသော သတင်း အချက်အလက်မှာ သူ အရင်က မသိခဲ့သောအရာ ဖြစ်ပြီး အရေးကြီးသော လျှို့ဝှက်ချက်အချို့ကို ဖော်ပြနေ၏။
ခီလီယာနာက သူတို့ သုံးယောက်ကို နတ်ဘုရား အစေခံလို့ ခေါ်ခဲ့တယ်။ အစပိုင်းမှာ ဖိုက်သွန်လည်း မိုက်ကယ်ကို နတ်ဘုရားတွေကို လှည့်စားတဲ့ အစေခံလို့ ခေါ်ခဲ့တယ်။ စူပါစနစ်ရဲ့ နတ်ဘုရား အသင်းအဖွဲ့နှင့် ပေါင်းလိုက်မယ်ဆိုရင် ကောင်းကင်တမန် သုံးပါးက နတ်ဘုရား တစ်ပါးရဲ့ နတ်ဝင်သည်တွေ ဖြစ်နိုင်တယ်။ ဟုတ်တယ်။ အလင်းရောင်နတ်ဘုရား...
နတ်ဘုရားက ချီးမြှင့်တဲ့ ကောင်းချီး စွမ်းအားဆိုတာကတော့ နတ်ဘုရားတွေ နတ်ဝင်သည်ကို ပေးအပ်တဲ့ နတ်ဘုရား စွမ်းအား ဖြစ်မယ်။ ကြယ်အပ်နှင်းခြင်းနဲ့ [ကြယ်အဆင့်တိုးမြှင့်ခြင်း] တို့လိုမျိုး တိုးမြှင့်မှုတွေနဲ့ တူတယ်။ ခီလီယာနာရဲ့ စကားတွေအရ တကယ်လို့ ကောင်းကင် တမန် သုံးပါးမှာ နတ်ဘုရားရဲ့ ကောင်းချီး ရှိနေသေးတယ်ဆိုရင် သူတို့က SSSS+++ စွမ်းအားနဲ့ ညီမျှတဲ့သူ့ကို ယှဉ်နိုင်တယ်။
ဒီလိုဆိုရင် မိုက်ကယ်နဲ့ အခြား နှစ်ယောက်၊ စေတန်နဲ့ ဖိုက်သွန်နဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ အားလုံးက နတ်ဘုရားတွေရဲ့ဆည်းဆာချိန်ကနေ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ သူတွေလို့ ပြောလို့ရတယ်။ သူတို့ ကိုးကွယ်ခဲ့တဲ့ နတ်ဘုရားတွေ ကျဆုံးခဲ့လို့ သူတို့က နတ်ဘုရား ကောင်းချီးကို ဆုံးရှုံးခဲ့ပြီး စွမ်းအားတွေ သိသိသာသာ ကျဆင်း သွားခဲ့သည်။ သူတို့က နှစ်ပေါင်းများစွာ ကိုယ်တိုင် လေ့ကျင့်ပြီးမှ နည်းနည်းပဲ ပြန်လည်ကောင်းမွန်လာခဲ့တယ်။
ခီလီယာနာရဲ့ နောက်ဆုံး စကားက ပိုပြီးတော့ တုန်လှုပ်စရာ ကောင်းတယ်။ မိုက်ကယ်နဲ့ အခြား နှစ် ဦးမှာ နတ်ဘုရားရဲ့ ကောင်းချီးရှိခဲ့တဲ့ အစွမ်းအထက်ဆုံး ခေတ်မှာတောင် သူ့ရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒ က ဒီပုရွက်ဆိတ်တွေကို ဂရုမစိုက်ခဲ့ဘူး။ ဒါဆိုရင် ခီလီယာနာရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒ လို့ခေါ်တဲ့အရာက နတ်ဘုရား အဆင့် ဖြစ်နိုင်လောက်တယ်။
ဒါဆို သူက အခု ဘယ်လို တည်ရှိမှုလဲ။ အသူရာချောက်နက်နဲ့ နတ်ဘုရားတွေ အကြားက ဆက်ဆံရေးက ဘာတွေလဲ။ ဘာလို့ အရာအားလုံးကို ဖျက်ဆီးပစ် ရတာလဲ။ ခဏလေး အတွင်းမှာပင် ချန်လွေ့၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်သွားခဲ့သည်။
“တကယ်လို့ ငါ သတ်ဖို့ ပထမဆုံးလူကို ရွေးချယ်ရမယ်ဆိုရင် သူပဲ ဖြစ်လိမ့်မယ်။ မင်းတို့ မဟုတ်ဘူး။” ခီလီယာနာ၏ မျက်လုံးများက ချန်လွေ့ထံသို့ ပြန်လည် ရောက်ရှိသွားသည်။
ထိုသို့ မထီမဲ့မြင်ပြုခြင်းက မိုက်ကယ်၏ မျက်နှာကို ပြာနှမ်းသွားစေသည်။ သူက ချန်လွေ့ကို တစ်ချက် ကြည့်ပြီးနောက် ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့နှင့် အတူ တြိဂံပုံစံတစ်ခုကို အမြန် ဖွဲ့စည်းလိုက်ပြီး ခီလီယာနာကို ဝန်းရံလိုက်ကြ၏။