အဲဒီမြှား
Vol. 80 Ch. 1224
“ငါ မင်းကို မှတ်မိတယ်။ ဘာလို့လဲ ဆိုတော့ မင်းကို ပထမဆုံးတွေ့တုန်းက မင်းက နတ်ဘုရားတိုင်းပြည်နဲ့ ဆင်တူတဲ့ စွမ်းအား တစ်ခုနဲ့ ငါ့ရဲ့ ကိုယ်ပွားကို ချိပ်ပိတ်ခဲ့လို့ပဲ။ အဲဒီလိုမျိုး ကျယ်ပြန့်တဲ့ ယုံကြည်မှုနဲ့ အသက် စွမ်အားတွေက ဒီပုရွက်ဆိတ်တွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။” ခီလီယာနာ ဒီလိုပြောရင်း သူ၏ အကြည့်က ကောင်းကင်တမန် သုံးပါးကို မထီမဲ့မြင်နဲ့ လှမ်းကြည့်လိုက်၏။
“မင်းရဲ့ တိုင်းပြည်က တော်တော် ထူးခြားတယ်။ အမှန်တကယ် စစ်မှန်တဲ့ အခွင့်အာဏာရဲ့ အစောပိုင်းပုံစံ တစ်ခု တကယ်ရှိနေတယ်... မဟုတ်ဘူး။ အဲဒါက အခွင့်အာဏာ သက်သက် မဟုတ်ဘူးတာ ဖြစ်နိုင်တယ်။ ခုနက ထုတ်လွှတ်လိုက်တဲ့ စွမ်းအားက ငါ့ရဲ့ ဇစ်မြစ်ကို တိုက်ရိုက် ထိခိုက်စေခဲ့တယ်။ ထူးဆန်းတာက မင်းက နတ်ဘုရားတစ်ပါး မဟုတ်ဘူး။ ပြီးတော့ ဘယ်နတ်ဘုရားရဲ့ မျိုးဆက်မှ မခံစားရဘူး။ ဒီလိုမျိုး သေနေတဲ့ အဓိကုန်းမြေမှာ မင်းလိုမျိုး အထူးခြားဆုံး တည်ရှိမှု ရှိနေလိမ့်မယ် မထင်ထားခဲ့ဘူး။ မင်းရဲ့ စွမ်းအားသာ တိုးပွားလာခဲ့ရင် ငါ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မင်း သေကို သေရမယ်...”
ခီလီယာနာ၏ အသံမှာ ပို၍ပို၍ အေးစက်လာခဲ့လေသည်။ သွေးရောင် အသားအရေပေါ်တွင် ရွှေရောင်ရင့်ရင့် ပုံစံကွက်များက နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ရာ တောက်ပမှုကို ထုတ်လွှတ်နေခဲ့သည်။
ထိုအချိန်တွင် ချန်လွေ့၏ ပုံရိပ်က ဖန်လွှာများစွာဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ ဝေဝါးသွားခဲ့သည်။ ဖန်၏ ဖွဲ့စည်းပုံမှာ အလွန်ပင် လျှို့ဝှက် ဆန်းကြယ်လှပြီး အမျိုးမျိုးသော တိုက်ခိုက်မှုများကို ရောင်ပြန်ဟပ်ကာ အလင်းယိုင်နိုင်စွမ်း ရှိသည်။ ထိုဖန်များက လောကတစ်ခုလုံး ဆီသို့ အလျင်အမြန် ပျံ့နှံ့သွားကာ ဧရာမ ဝင်္ကပါ တစ်ခု ဖြစ်သွား၏။
“ဒြပ်စင်ရဲ့ ဇစ်မြစ် စွမ်းအားက အရမ်း လက်ရာမြောက်ပေတယ်။ ဒြပ်စင်တွေရဲ့ အခွင့်အာဏာ စွမ်းအား အစအနကိုတောင် မြင်ရတယ်။ ဒါပေမဲ့ အကြွင်းမဲ့စွမ်းအား အောက်မှာတော့ ထိခိုက်လွယ်နေတုန်းပဲ ဆိုတာ ဝမ်းနည်းစရာပဲ။ ဒီလိုဝင်္ကပါမျိုးကို ဖျက်ဆီးဖို့ အနှောင့်အယှက် ဖြစ်နေစရာ မလိုဘူး။ ကြာပွတ် တစ်ချက်တည်းနဲ့ပဲ...” ခီလီယာနာက လက်ထဲမှ ကြာပွတ်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဖန်ဝင်္ကပါ ချက်ချင်းပင် ကြေမွသွားခဲ့သည်။ ဇိုလာက ကြီးမားသော တန်ပြန်တွန်းကန်မှုကြောင့် လွင့်စင်ထွက်သွားပြီး လမ်းတလျှောက်လုံး သွေးများ ပြည့်နှက်သွားခဲ့သည်။
“ရင်ဆိုင် တိုက်ခိုက်ဖို့ ထိုက်တန်တဲ့ တစ်ဦးတည်းသော ရန်သူကို ခမ်းနားတဲ့ သေခြင်းတရား ပေးအပ်လိုက်မယ်။” ခီလီယာနာ၏ လက်သည်းချွန်များက မတ်တပ်ရပ်ရန် ကြိုးစားနေသော ချန်လွေ့ ဆီသို့ တဖြည်းဖြည်း ဆန့်ထုတ် လာခဲ့သည်။ လေထဲမှ ထိုလှုပ်ရှားမှုလေး တစ်ခုတည်းနဲ့ပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်က လူတိုင်းကို အပြင်းအထန် မွန်းကြပ်သွားစေခဲ့သည်။
ချန်လွေ့က သေခြင်းတရား နီးကပ် လာနေသည်ကို အသေအချာ ခံစားမိပြီး ရှောင်ရှား၍မရနိုင်ပေ။ သူ ထွက်ပြေးဖို့ပင် မတွေးနိုင်ခဲ့ပေ။ သူ၏ တိုးတက်လာချိန် အတွင်း အကြွင်းမဲ့ ဖိနှိပ်ခြင်း ခံစားချက်ကို ပထမဆုံး ခံစားရခြင်း မဟုတ်သော်လည်း နောက်ဆုံးအကြိမ် ဖြစ်နိုင်သည်။
စွမ်းအား ကွာဟချက် ကြီးမားလွန်း၏။ ချန်လွေ့၊ ဇိုလာနှင့် ကောင်းကင်တမန် သုံးပါးတို့ အတူတကွ ပေါင်းစည်း၍ပင် သူ့ကို မလှုပ်နိုင်ခဲ့ကြပေ။ နတ်ဘုရားများ အိပ်ပျော်နေသော ထိုခေတ်ကာလတွင် ခီလီယာနာက ထိုက်တန်သော ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၊ အမှန်တကယ် မရှုံးနိမ့်နိုင်သော တည်ရှိမှု တစ်ခုပင်။
ချန်လွေ့၏ လက်ထဲတွင် ပစ္စည်းတစ်ခု ရှိနေသည်။ ဖဲချပ်တစ်ခု၊ အမှောင်ထု ဘုရင် ဖဲချပ်ပင်။
သော့က အဆောင်ပစ္စည်း ၇ခုဖြင့် ဖွဲ့စည်းထား၏။
ထိုသော့က နတ်ဘုရားများကို ကျဆုံးစေခဲ့သော မျက်လုံးကို ဆင့်ခေါ် နိုင်သည်။ သို့သော်လည်း ချန်လွေ့သည် အလူစီယာ ကျဆုံးသွားသည့် အခိုက်တွင် စိန်ပုံစံ မျက်လုံး တစ်လုံး ကောင်းကင်တွင် ပွင့်လာသည်ကိုလည်း သတိထားမိသည်။ ထိုနှစ်ခု ဆက်စပ်နေသည်လား။
ဒီဖဲချပ်ကို ခီလီယာနာ အတွက် သုံးလိုက်ရင် ကြိုတင် ခန့်မှန်းလို့မရတဲ့ တစ်ခုခု ဖြစ်လာမလား။
လူစီဖာက အမှောင်ထု ဘုရင်ထဲကို မဝင်ခင်က ပြောခဲ့တယ်။ အန္တိမသော့ကို အသုံးချဖို့ အခွင့်အရေး တစ်ခါပဲ ရှိတယ်။ “ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာ အပြင် အရာအားလုံး ပျက်စီးမှာကို ခံနိုင်တဲ့ သတ္တိလည်း ရှိရမယ်။”
မိမိကိုယ်ကို ဖျက်ဆီးခြင်းက အသက် ကြားခံအဖြစ် အသုံးပြုခြင်းဟု နားလည်၍ နိုင်ပြီး အရာအားလုံး၏ ပျက်စီးခြင်းမှာ လောကတစ်ခုလုံး၏ ပျက်စီးခြင်းပေလား။
ချန်လွေ့ တွေဝေနေစဉ် ဂေဘရီရယ်၏ အသံ ထွက်ပေါ်လာ၏။ “အဲဒါကို မသုံးနဲ့။”
လူစီဖာ မပျောက်ကွယ်ခင်တွင် ဂေဘရီရယ်လည်း ရှိနေခဲ့သည်။ အခြား သူများက ထိုဖဲချပ်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို နားမလည်နိုင်သော်လည်း ဂေဘရီရယ်က အရာအားလုံးကို သိသည်။ ချန်လွေ့ထက်ပင် ထိုဖဲချပ် သို့မဟုတ် အန္တိမသော့အကြောင်း ပိုနားလည်ကောင်း နားလည်ပေလိမ့်မည်။
သို့သော် ချန်လွေ့က လူစီဖာအပေါ် ဂေဘရီရယ်၏ ခံစားချက်များကို သိနှင့်ပြီး ဖြစ်၏။ သူက ကိုယ်ပိုင်ခံစားချက်ကြောင့် ဒါမှမဟုတ် ဖဲချပ်ကြောင့် ငါ့ကို တားဆီး နေတာလား။
ခီလီယာနာ မျက်မှောင်ကြုတ်လိုက်၏။ ရှေ့သို့ ပြေးလာနေသော ဂေဘရီရယ်က နောက်တစ်ကြိမ် လွင့်သွားပြီး မြေပြင် အပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ခီလီယာနာ ဂေဘရီရယ်ကို လျစ်လျူရှု လိုက်သည်။ သူ၏ မျက်လုံးများက ချန်လွေ့ လက်ထဲမှ အမှောင်ထုဘုရင် ကို လှမ်းကြည့်လိုက်၏။ သူ၏ သွေးရောင် မျက်လုံးများတွင် သံသယ အနည်းငယ် ရှိနေသော်လည်း သူ၏ လက်သည်းများကို ဆုပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ နေရာလွတ်က ကြောက်မက်ဖွယ် ဖိညှစ်မှု အောက်တွင် တုန်ခါနေခဲ့သည်။ ချန်လွေ့၏ကို ယ်ပေါ်မှ ကြယ်ချပ်ကာက ထိုသို့ ကြီးမားသော ဖိအားကို မခံနိုင်တော့ဘဲ ဖဲချပ်များကို ကိုင်ထားသော သူ၏လက်လည်း တင်းမာ သွားခဲ့သည်။
ရွှေရောင်နယ်မြေ၌ ဖြစ်သည်။
မူလ စစ်မြေပြင်ကို ရှင်းလင်းပြီး ဖြစ်သည်။ နတ်ဆိုး မဟာမိတ် စစ်တပ်က နတ်ဆိုးဘုံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး နတ်ဆိုးဘုံရှိ ယခင်တိုက်ပွဲမှ ဖမ်းဆီး ရသူများနှင့် လူသား မဟာမိတ် စစ်တပ်၏ အလောင်းများကို ပြန်ပေးအပ်ခဲ့သည်။
ထိုအလောင်းများက ဝမ်းနည်းမှုနှင့် မုန်းတီးမှုကို မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်သော်လည်း နတ်ဆိုးဘုံနှင့် ထိုစစ်ပွဲကို ဆက်လက်လုပ်ဆောင်၍ မရနိုင်တော့။
လွင်ပြင်ရှိ ပထမဆုံး တိုက်ပွဲမှ နှစ်ဖက်လုံးက စမ်းသပ်မှု တစ်ခုမျှသာ ဖြစ်သော်လည်း နတ်ဆိုးများက မျှော်လင့် ထားသည်ထက် သာလွန်သော ခွန်အားကို ပြသခဲ့ပြီး ဖြစ်သည်။ မညသည့်ဘက်က နိုင်သည်ဖြစ်စေ ထိခိုက် သေဆုံးမှုများ ပိုများလာမည် ဖြစ်ရာ ဝမ်းနည်းဖွယ် အောင်ပွဲသာ ဖြစ်ပေလိမ့်မည်။
အံ့အားသင့်စရာ အကောင်းဆုံးမှာ နတ်ဆိုးဘုံ အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ်၏ စွမ်းအားပင်။ နတ်ဆိုးဘုံ ဧကရီ သုံးပါး၏ ကြင်ရာတော် အက်ဂ်ယောက အစွမ်းအထက်ဆုံး ကောင်းကင်တမန် သုံးပါးကို ကိုယ်တိုင်ပင် တိုက်ခိုက်နိုင်ခဲ့၏။ ထို့ပြင် ဒီဒဏ္ဍာရီလာ ကြင်ရာတော် မင်းသားမှာ နဂါးလင်းလက် အင်ပါယာရဲ့ တတိယမင်းသား အာသာ ဆိုသည့် ထိတ်လန့်ဖွယ် သရုပ်လည်း ရှိနေခဲ့သည်။
ထိုအရာများက အရေးအကြီးဆုံး မဟုတ်ဘဲ လူသား မဟာမိတ် စစ်တပ်က ထိတ်လန့်ဖွယ်သတင်းကို လက်ခံရရှိခဲ့၏။
အိပ်မက်ဆိုး တောနက်ထဲတွင် မကောင်းဆိုးဝါးကောင်များ အများအပြား ပေါ်လာခဲ့သည်။ သံတံခါး အင်ပါယာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ဘုရင်မှသည် အရပ်သားများအထိ မည်သူမျှ မချန်ခဲ့။
၎င်းမှာ ရိုးရိုးရှင်းရှင်း သိမ်းပိုက်ခြင်း မဟုတ်ဘဲ လုံးဝ ဖျက်ဆီးပစ်ခြင်းပင်။
ထိုဘုံရန်သူ ပေါ်ပေါက်လာခြင်းကြောင့် ကောင်းကင်တမန် သုံးပါးနှင့် အက်ဂ်ယော တို့က ရန်သူမှ မိတ်ဆွေများအဖြစ် ပြောင်လဲသွားပြီး စစ်ပွဲကို ရပ်စဲရန် အမိန့်ပေးကာ အိပ်မက်ဆိုး တောနက်သို့ ပူးပေါင်းသွားခဲ့ပုံရသည်။
လူသား မဟာမိတ် စစ်တပ်သည် ရွှေရောင်နယ်မြေတွင် သတိအနေအထား ရှိနေခဲ့ပြီး နတ်ဆိုး မဟာမိတ် တပ်လည်း ဖျက်သိမ်းခြင်း မရှိသေးပေ။ သူတို့က သွေးစွယ် နယ်မြေထဲတွင် အသင့် အနေအထား ရှိနေခဲ့သည်။ နှစ်ဖက်စလုံး အိပ်မက်ဆိုး တောနက်ရှိ တိုက်ပွဲ ရလဒ်ကို စောင့်မျှော်နေကြ၏။
သို့သော် အဆုံးအဖြတ် တိုက်ပွဲသည် အိပ်မက်ဆိုး တောနက်တွင် မဟုတ်ဘဲ ငွေလကောင်းကင် မြို့တော်တွင် ဖြစ်နေကြောင်း မည်သူမှ မသိခဲ့ကြပေ။
ခီလီယာနာ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားက တစ်စုံတစ်ရာကြောင့် ပိတ်ဆို့ ခံထားရသကဲ့သို့ပင် ရုတ်တရက် ရပ်တန့် သွားခဲ့သည်။
၎င်းမှာ မမြင်နိုင်သော အားစက်ကွင်း တစ်ခု ဖြစ်သည်။ ၎င်း၏ အကွာအဝေးမှာ မီတာ အနည်းငယ်မျှသာ ရှိသော်လည်း ၎င်းက ချန်လွေ့ကို ဝန်းရံထားခဲ့သည်။ ခီလီယာနာက ထိုအားစက်ကွင်းကို မဖောက်ထွက်နိုင်ခဲ့ပေ။
၎င်းမှာ သိဒ္ဓိအလင်းဝတ်ရုံ၏ [အကြွင်းမဲ့ အတားအဆီး] ဖြစ်သည်။ အချင်း ၅မီတာ ရှိသော အကာအကွယ် အားစက်ကွင်းကို ဖန်တီးနိုင်ပြီး မည်သည့်ပုံစံ မည်သည့် ပြင်းအား ရှိသော တိုက်ခိုက်မှုတိုင်းကို မလှုပ်ရှားနိုင်ဘဲ ကာကွယ်နိုင်ပေသည်။ ၁၀စက္ကန့်ကြာ သုံးနိုင်ပြီး ၂၄နာရီလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်၏။
မလှုပ်ရှားနိုင်သော်လည်း ထိုအခြေအနေတွင် ၁၀စက္ကန့်မှာ အထူး တန်ဖိုးရှိသည်။ ချန်လွေ့က [ကြယ်စုံနတ်ဘုရားမြင်ကွင်း] အတွက် စွမ်းအား စုစည်းရန် အဖိုးတန်အချိန်ကို ရရှိခဲ့သည်။
ချန်လွေ့ လက်ထဲ အမှောင်ထုဘုရင် ပျောက်ကွယ်သွားခဲ့ပြီး တောက်ပသော ကြယ်အလင်းရောင်သာ ကျန်ရှိခဲ့သည်။ [ကြယ်စုံနတ်ဘုရားမြင်ကွင်း] အလင်းက ယခင်ကထက် ပို၍ မျက်စိကျိန်းစရာ ဖြစ်နေကာ ထပ်မံ ထွန်းလင်းလာခဲ့သည်။
ယခင် ထိုးနှက်ချက်က သူ၏ အကန့်အသတ်သို့သာ ပေါင်းစပ်ထားခြင်း ဖြစ်ပြီး [ကြယ်စုံနတ်ဘုရားမြင်ကွင်း] ၏ စွမ်းအား ၈၀%ခန့်သာ ရှိခဲ့သည်။ သူ ယခု စမ်းသပ်လိုသည်မှာ ၁၀၀% ဖြစ်ပြီး ၎င်းမှာ အလွန်အမင်း အန္တရာယ် များလှသော ကြိုးပမ်းမှုပင်။
ဒြပ်စင်လောက တိုက်ပွဲတွင် သူက [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို ပေါင်းစပ်ရန် ကန့်သတ်ချက်ကို တစ်ကြိမ် ကျော်လွန်ခဲ့ပြီး လုံးဝနီးပါး ဖျက်ဆီးခြင်း ခံရလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်း ထောက်မစွာပင် လူစီဖာ၏ လျှို့ဝှက် ပညာရပ်က အချိန်မီ အသက်ဝင်လာခဲ့ပြီး သူ၏ ကြယ်စွမ်းအားကို စုပ်ယူကာ ဒြပ်စင်နတ်ဘုရားမကို ရင်ဆိုင်ခဲ့သည်။
ယခု ချိပ်ပိတ်ခံထားရသော လူစီဖာက နောက်တစ်ကြိမ် ထပ်ပေါ်လာတော့မည် မဟုတ်ပေ။ သူ ပေါ်လာခဲ့လျှင်ပင် ထိုသို့ ကြီးမားသော စွမ်းအားကို စုပ်ယူနိုင်မည် မဟုတ်ပေ။
၁၀စက္ကန့် ချက်ချင်း ကုန်ဆုံးသွားခဲ့ပြီး ချန်လွေ့၏ကိုယ်မှ ဆုတ်ဖြဲသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ ကြယ်ချပ်ကာထဲသို့ ပေါင်းစပ်ထားသော သိဒ္ဓိအလင်း ဝတ်ရုံက တာဝန် ပြီးမြောက်ပြီး နောက်တွင် ခီလီယာနာ၏ စွမ်းအားအောက် ဆုတ်ဖြဲခြင်း ခံလိုက်ရ၏။
ဖန်တီးခြင်း ကိုယ်ထည်မှ ဖန်တီးထားသော သိဒ္ဓိအမွေအနှစ် သုံးခုထဲက တစ်ခုဖြစ်သော သိဒ္ဓိအလင်း ဝတ်ရုံ ပျက်စီးသွားလေပြီ။
ချန်လွေ့က ၎င်းကို ဂရုမစိုက်နိုင်တော့။ သူက ပေါင်းစပ်မှုကို မပြီးသေးသော်လည်း နောက်မဆုတ်ခဲ့ပေ။
[ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအား ပါဝင်သော လက်သီးက ချွန်ထက်သော လက်သည်းဆီသို့ ရောက်ရှိသွားခဲ့သည်။ သူ [ကြယ်လမ်း] သို့မဟုတ် [ကြေးမုံခန္ဓာ] ကို အသက် မသွင်းခဲ့ပေ။ ထိုသို့သော ရေတို ရှောင်တိမ်းခြင်းနှင့် ခုခံခြင်းမျိုးက စိတ်ထဲမှ ဆုံးဖြတ်ချက်ကိုသာ လျော့နည်း စေရုံသာ ဖြစ်ပေလိမ့်မည်။
သူ့ရည်ရွယ်ချက်က တစ်ခုတည်းသာ ဖြစ်သည်။ ခီလီယာနာ၏ စွမ်းအားကို အသုံးချပြီး [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို ဖိသိပ်ရန်ပင်။ အောင်မြင်မည် သို့မဟုတ် ပျက်စီးမည်သာ ဖြစ်၏။
သူက အရာအားလုံးနှင့် သတ္တဝါတိုင်းကို ဖျက်ဆီးရန် ဆုံးဖြတ်ချက်ကို အမှန်ပင် မချရသေးပေ။
သို့သော် မိမိကိုယ်ကို ဖျက်ဆီးရန် ပြင်ဆင်ထားခဲ့၏။
တန်ဖိုးထားသည့်အရာကို ကာကွယ်ရန် အသက်ကို စတေးခြင်းပင်။
ချန်လွေ့ လက်သီးက ထိုလက်သည်းကို ထိမှန်သွားခဲ့လေပြီ။ ကြောက်မက်ဖွယ်ရာ ဖိအားအောက်တွင် သူ၏ လက်အရိုးများ၊ ခန္ဓာကိုယ် တစ်ခုလုံး၏ အရိုးများ၊ သူ၏ အသားနှင့် ဝိညာဉ်ပင် ကြေမွလုနီးပါး ဖြစ်နေသည်ဟု ခံစားနေခဲ့ရသော်လည်း မျက်လုံးများမှ ဆုံးဖြတ်ချက်က ပို၍ပို၍ ခိုင်မာလာခဲ့သည်။ ခုနက ခီလီယာနာ ကိုယ်တိုင် [ကြယ်စုံနတ်ဘုရားမြင်ကွင်း] က သူ့ဇစ်မြစ်ကို ထိခိုက်စေနိုင်သည်ဟု ပြောခဲ့သည်။ ထိုထိုးနှက်မှုက အနိုင်ရရန် ၀.၀၀၀၁% အခွင့်အရေး ရှိခဲ့လျှင်ပင် သူ လုံးဝ နောက်ပြန်ဆုတ်မည် မဟုတ်ပေ။
ချန်လွေ့၏ ရွှေရောင်မျက်ဆံများသည် တောက်ပသော ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ သူက ကြယ်တစ်လုံးကဲ့သို့ ပို၍ မျက်စိကျိန်းစရာ ဖြစ်လာခဲ့သည်။ ခီလီယာနာသည်ပင်လျှင် ထိုတောက်ပမှုအောက် မျက်လုံးများကို မှိတ်ထားရသည်။ ထိုအရာမှာ အသက်၏ နောက်ဆုံး တောက်ပမှု ဖြစ်နိုင်၏။
ဂွတ်...
ခီလီယာနာ၏ ခြေထောက်အောက်ရှိ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ၎င်းက [အပြစ်ဆေးကြောအလင်း]နှင့် [ဒြပ်စင်အမျက်]တို့ကို ရင်ဆိုင်ရချိန်၌ပင် မကွဲခဲ့သော မြေပြင်ပင်။
ချန်လွေ့က မိမိ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ အပြင်းအထန် စတင်၍ လောင်ကျွမ်းနေသည်ကို အသေအချာပင် ခံစားမိသည်။ သူ၏ အသက်က မည်သည့် အချိန်မဆို ကုန်ဆုံး၍ သွားနိုင်သော်လည်း စိတ်ထဲတွင် ရှေ့သို့ ဆက်လက်သွားရန် ထိုယုံကြည်ချက် တစ်ခုသာ ရှိနေ၏။
ထိုအခိုက်အတန့်တွင် ခီလီယာနာကို အသက်စွန့် တိုက်ခိုက်ရန် ကြံနေသော ဇိုလာက ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သည်။ နက္ခတ်တာရာ ဖြစ်သည့် နက်ဗြူလာက သူ၏ကိုယ်မှ ထွန်းလင်းလာခဲ့သည်။
နတ်မိမယ်နဂါးက နေကဲ့သို့ တောက်ပ နေသော ချန်လွေ့ကို ကြည့်လိုက်ပြီး မစဉ်းစားတော့ဘဲ သူ၏ ကိုယ်ခန္ဓာကို လှစ်ခနဲ လှုပ်ရှားကာ [ကြယ်စုံနတ်ဘုရားမြင်ကွင်း]၏ ကြယ်အလင်းထဲသို့ အမှန်တကယ်ပင် ပေါင်းစပ် ဝင်ရောက်သွားခဲ့၏။ ချန်လွေ့၏ ဝေဝါးနေသော စိတ်အာရုံ ရုတ်တရက် ပြန်လည် ကြည်လင်လာခဲ့ပြီး စွမ်းအား မှာလည်း နှစ်ဆနီးပါး တိုးလာခဲ့ကြောင်း ခံစားမိလိုက်သည်။
နောက်ဆုံးတွင် ခီလီယာနာက သူ၏ ခြေထောက်များကို လှုပ်ရှားလိုက်သည်။ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်ပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာကို ချက်ချင်း ကျန်ရစ်စေခဲ့သည်။ ထို့နောက် ဒုတိယ တစ်လှမ်း...
ကောင်းကင်တမန်တော် သုံးပါးသည် ခီလီယာနာက တောက်ပနေသော အလင်းအောက်တွင် တစ်လှမ်းချင်းစီ တဖြည်းဖြည်း ဆုတ်ခွာသွားသည်ကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။
“ချီးပဲ...” ထိုကဲ့သို့ သေလုမြောပါး အကောင်က ထိုကဲ့သို့ အံ့အားသင့်ဖွယ် စွမ်းအားကို ထုတ်ဖော် နိုင်လိမ့်မည်ဟု ခီလီယာနာ ထင်မထားခဲ့ပေ။ သူက ဒေါသတကြီး ဟစ်အော်လိုက်ပြီး သူ၏ ညာမျက်လုံး လောင်ကျွမ်း သွားခဲ့သည်။ သူ၏ ပုံရိပ် ထပ်မံ ပြောင်းလဲသွားပြန်၏။ ချွန်ထက်သော အရိုးဆူးများက သူ၏ ပခုံးနှင့် လက်မောင်းများမှ ထွက်လာပြီး သူ၏နောက် အမြီးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ သွေးရောင်ဝတ်ရုံ ချက်ချင်းဆိုသလို ရွှေရောင်ရင့်ရင့် ချပ်ကာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူက အသွင်ပြောင်း ပြီးသည်နှင့် ဆုတ်ခွာခြင်းကို ရပ်လိုက်နိုင်သည်။ ကြယ်အလင်းသည်လည်း အလျင်အမြန် မှိန်ဖျော့လာခဲ့သည်။
သို့သော် ထိုအချိန်တွင် ခီလီယာနာ၏ မျက်နှာပေါ်မှ အစိမ်းရောင် ချိပ်ပိတ်က ပြန်ပေါ်လာခဲ့သည်။ သူ၏ ညာမျက်လုံးရှိ သွေးနီရောင်မျက်ဆံမှ အက်ကြောင်းသည် ပို၍ ပျံ့နှံ့လာ၏။
ခီလီယာနာက သူ၏ ညာမျက်လုံးကို ဖုံးအုပ်ကာ အော်ဟစ်လိုက်လေသည်။ အနည်းငယ်မျှပင် တွေဝေခြင်း မရှိဘဲ သူက သွေးရောင် အလင်းစီးကြောင်း အဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ ထိုရန်သူကို မသတ်ချင်၍ မဟုတ်ဘဲ လရောင် တိမ်ပင်လယ်ကြောင့် ဖြစ်ပေါ်လာသော အတွင်း ဒဏ်ရာက သူ၏အထင်ကို များစွာ ကျော်လွန်သွားခဲ့သောကြောင့်ပင်။ သူသာ ထိုပုံစံဖြင့် ဆက်လက် တိုက်ခိုက်ခဲ့ပါက ညာမျက်လုံး ပျက်စီးသွားမည့် အန္တရာယ် ကျရောက်နိုင်ပေသည်။
ဒါက လရောင်တိမ်ပင်လယ်ရဲ့ စွမ်းအား သက်သက် မဟုတ်တော့ဘူး။
နေဦး။ အဲဒီမြှား...
အစိမ်းရောင် အကိုင်းအခက် အဖြစ်ကို ပြောင်းသွားခဲ့တဲ့ အဲဒီမြှား...
အဲဒါက ငါ့ကို စောစော ဆင်းသက်ဖို့ နှိုးဆွပေးခဲ့တဲ့ စွမ်းအားနှင့် လုံးဝကို တူညီနေတယ်။
ကြိုတင်မွေးဖွားခြင်းမှာ ထင်ထားသလို မရိုးရှင်းဘဲ သူ့အပေါ် အမှတ်အသား ပြုထားသော အထူး တည်ရှိမှု တစ်ခု ဖြစ်ကြောင်း အဖြေပေါ်ထွက် လာခဲ့သည်။ ထိုအချိန်အတွင်း ထိုမြှားက အမှတ်ကို လုံးဝပေါက်ကွဲစေပြီး မထင်ထားသော လျို့ဝှက် ဒဏ်ရာတစ်ခု ဖြစ်စေခဲ့ခြင်းပင်။
နတ်သူငယ်မစုတ်။ အလူစီယာစုတ်...
ငါ ဒီလျို့ဝှက်ဒဏ်ရာကို အမြန်ဆုံး ဖယ်ရှားရမယ်။ ပြီးရင် အရာအားလုံးကို ထပ်ဖျက်ဆီးပစ်မယ်...
အထူးသဖြင့် ခုနက ကြယ်စွမ်းအားရှိတဲ့ ရန်သူကိုပဲ...