ဖန်စီဒီယန်တိုက်ပွဲ
Vol. 80 Ch. 1229
လူသား မဟာမိတ်စစ်တပ် ရောက်ရှိ လာခြင်းက ကျက်သရေပြာ မြို့တော် အတွက် အချိန်ကိုက် အကူအညီတစ်ခု ဖြစ်သည်။
ထိုလူအယောက် သုံးသိန်း မှာ ကျက်သရေပြာ အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ် ဆန်ဒရိုမှ ဦးဆောင်သော ယခင် မဟာမိတ်စစ်တပ် ဖြစ်၏။ ဆန်ဒရိုက ကျက်သရေပြာ မြို့တော်မှာ အန္တရာယ် ရှိနေသည်ဟု ကြားသိပြီးနောက် သူသည် ချီတက်မှုကို အရှိန်မြှင့်ခဲ့ပြီး နောက်ဆုံး အရေးအကြီးဆုံးသော အခိုက်အတန့်၌ ဖန်စီဒီယန်သို့ ရောက်ရှိလာခဲ့သည်။
ယခင် စစ်တပ်၏ အဓိကအင်အားစုမှာ မှန်ပေသည်၊ လူသားများ ဖြစ်ကြသည်။ လျင်မြန်သော ချီတက်မှုကြောင့် သူတို့ အများစုမှာ လက်နက် အပေါ့စားများသာ တပ်ဆင်ထားသည်။ စစ်ကူများများအနက် လန်ဘိစ်က သူ၏အရင်းနှီးဆုံး မဟာမိတ်၊ နတ်သူငယ် မျိုးနွယ်စုမှ မင်းသမီး ဖီလီနှင့် တွေ့ဆုံခဲ့ရသည်။
ဖီလီသည် နတ်သူငယ် ဗိုလ်ခြေ နှစ်ခု၊ မှော်ရိုင်ဖယ်နှင့် မှော်လေးသမားတို့ကို ခေါ်ဆောင် လာခဲ့သည်။ နတ်သူငယ် မှော်ပညာရှင် ဗိုလ်ခြေအတွက်မူ သူတို့က နောက်ဆက်တွဲ စစ်ကူမှုများတွင် တာဝန် ပေးခြင်းခံခဲ့ရသည်။ ငွေလကောင်းကင် မြို့တော် ပျက်စီးခြင်း၊ နတ်သူငယ် ဧကရီ အရှင်မနှင့် နတ်သူငယ် ရှေ့ဖြစ်ဟောတို့ ကျဆုံးသွားခြင်းက နတ်သူငယ်များထံသို့ ကြီးမားသော ဝမ်းနည်းပူဆွေးမှု ယူဆောင် လာပေးခဲ့ရာ ထိုတစ်ကြိမ်တွင် သူတို့က လက်စားချေရန် ဆုံးဖြတ်ချက်များလည်း ရှိနေကြသည်။
သို့သော် နတ်သူငယ် အားလုံးက ထိုသို့ အန္တရာယ်ရှိသော တိုက်ပွဲတွင် မပါဝင် ခဲ့ကြပေ။ နတ်သူငယ် ဓားအစောင့် ဗိုလ်ခြေက မင်းသမီးလေး မီရှယ်ကို ကာကွယ်ရန် ရွှေရောင်နယ်မြေတွင် နေထိုင်ခဲ့သည်။ ၎င်းမှာ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့ပါက နတ်သူငယ်အတွက် သွေးမျိုးဆက်တစ်ခု ချန်ထားခဲ့ရန်လည်း ဖြစ်ပေသည်။
ရှေ့ဖြစ်ဟော အသစ် ခီလန်ယာသည် မီရှဲလ်၏ ဘေးနားတွင် ရှိနေ၏။ ၎င်းမှာ ခီလန်ယာ ကြောက်တတ်၍ မဟုတ်ဘဲ သူက နတ်သူငယ် ရှေ့ဖြစ်ဟော၏ အမွေဆက်ခံခြင်းကို လက်ခံရရှိထားခဲ့ပြီး ၎င်းကို ပိုမိုနားလည်သဘောပေါက်ရန်နှင့် ချေဖျက်ရန် လိုအပ်၍ ဖြစ်ပေသည်။ တစ်ချိန်တည်းပင် နတ်သူငယ် မျိုးနွယ်စု မျိုးဆက်သစ် လမ်းညွှန်သူ တစ်ဦး အနေဖြင့် သူက နတ်သူငယ် မျိုးနွယ်စု တစ်ခုလုံး၏ ဘေးကင်း လုံခြုံမှုနှင့် သက်ဆိုင်ပြီး အန္တရာယ်တွင် အလွယ်တကူ မပါဝင်သင့်ပေ။ အော့ခ်များသည်လည်း ရွှေရောင်နယ်မြေတွင် နေထိုင်ခဲ့ကြသည်။ ထူးဆန်းသည်မှာ အော့ခ်များတွင် နတ်သူငယ် ရှေ့ဖြစ်ဟော အသစ် ခီလန်ယာ အပေါ်တွင် ကြောက်ရွံ့ရိုသေမှု တစ်မျိုးမျိုး ရှိနေသည်။ သူတို့က သူအား အကြွင်းမဲ့ နာခံခဲ့ကြသည်။
ယခုထိုတစ်ကြိမ်တွင် မှော်ပညာရှင်မြို့ ဂျာဒါမှ နတ်သူငယ် မှော်ပညာရှင်များ အဖွဲ့တစ်ဖွဲ့သည်လည်း ကျက်သရေပြာ မြို့တော်မှ ကာကွယ်ရေး စစ်တပ်သို့ ပူးပေါင်းခဲ့သည်။ မှော်ပညာရှင် မျှော်စင် အဖွဲ့သည်လည်း လက်ရွေးစင် လူသား မှော်ပညာရှင် ဗိုလ်ခြေ နှစ်ခုကို စေလွှတ် ခဲ့သည်။ မှော်ပညာရှင်နှင့် ပတ်သက်သ၍ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ ဒုတိယမရှိဟု သတ်မှတ်နိုင်၏။
မှော်ပညာရှင် ဗိုလ်ခြေ တစ်ခုသည် မှော်ပညာရှင် အရေအတွက် တစ်ခု မဟုတ်ဘဲ ကောင်းမွန်စွာ လေ့ကျင့်၍ ထားသော စစ်မြေပြင် မှော်ပညာရှင်များ ဖြစ်သည်။ ထိုသို့ မှော်ပညာရှင်များသည် မှော်စွမ်းအား အားလုံးနှင့် စိတ်စွမ်းအား အားလုံးကို အတူတကွ ချိတ်ဆက်၍ တူညီသော မှော်ပညာကို ထုတ်လွှတ်ရန် အထူး မှော်အစီအရင် သို့မဟုတ် အခြား နည်းလမ်းများကို အသုံးပြုနိုင်ကြသည်။ မှော်ပညာ၏ စွမ်းအားမှာ သာမန်လူများ၏ အပေါ်ယံစုစည်းမှုထက် များစွာ ကျော်လွန် နေသည်။
နတ်သူငယ် မျိုးနွယ်စု အပြင် လူပု မျိုးနွယ်စု၏ စစ်တပ်လည်း အတူတကွ ရောက်ရှိလာခဲ့၏။ အစောပိုင်းနှစ်များတွင် လူပု မျိုးနွယ်စု၏ အဓိကအုပ်စုကြီး သုံးခုဖြစ်သော သစ်တောနေ၊ တောင်နေနှင့် လိုဏ်ဂူနေ လူပုများ ပေါင်းစည်းပြီး နောက်တွင် ယန်ရှောင် အင်ပါယာမှရှိ ကျောက်နက်တောင်မှ မြေူထူရဲတိုက်က လူပုများ၏ အခြေစိုက် စခန်းအသစ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် နေရာပြောင်းရွှေ့ခဲ့သော လူပုများသည် ထိုတစ်ကြိမ် ငွေလကောင်းကင် မြို့တော် ပျက်စီးသွားစဉ်က ပါဝင် ပတ်သက်ခြင်း မရှိခဲ့ပေ။ စစ်တပ် ရှေ့တန်း၌ ယခုတွင် လူပုဘုရင်အိုဗ်ဂီကိုယ်တိုင် ဦးဆောင်သော ဒိုင်းစစ်သည် ဗိုလ်ခြေ ရှိနေ၏။
နဂါးများက ယခုတစ်ကြိမ် မည်သည့် စစ်မှုကိုမျှ မစေလွှတ်ခဲ့ပေ။ ရွှေရောင် နယ်မြေရှိ ခေတ္တ အဆုံးအဖြတ်တိုက်ပွဲ အပြီးတွင် တိုက်ပွဲတွင် ပါဝင်ခဲ့သော နဂါးများက နဂါးဧကရာဇ် ပါဂရစ်ဇ်ထံမှ အမိန့်တစ်ခုကို လက်ခံရရှိခဲ့ပုံရသည်။ သူတို့က ရွှေရောင်နယ်မြေမှ ချက်ချင်း ထွက်ခွာသွားကြပြီး နဂါးတောင်ကြားသို့ ပြန်သွားခဲ့သည်။
နောက်ဆုံး သတင်းအရ ဆူးခံတပ်ကို ဖျက်ဆီးပစ်ပြီး နောက်တွင် အသူရာ ချောက်နက် စစ်တပ်သည် မြို့တော်ဘက် စတင်၍ ရွေ့လျားလာခဲ့သည်။ ၎င်းတို့က ၅နာရီအတွင်း ဖန်စီဒီယန်၏ အရှေ့ဘက် ဆင်ခြေဖုံးသို့ ရောက်ရှိလာလိမ့်မည်ဟု မျှော်လင့်ထားပေသည်။
လန်ဘိစ်က ထိုနေရာသို့ ပြေးဝင် လာခဲ့သော စစ်ကူများအား သူတို့၏ အင်အားများ ပြန်ရရှိရန် အနားယူစေပြီး အစားအစာ စားစေကာ ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့သည်။ သူက စစ်ကူများအား လက်နက်တိုက်မှ အရည်အသွေးမြင့် ပစ္စည်းအများအပြားကို ပံ့ပိုးပေးခဲ့သည်။ တစ်ချိန်တည်းပင် သူက အဆင့်မြင့် ဗိုလ်ချုပ်များနှင့် မဟာဗျူဟာမြောက် အစည်းအဝေး တစ်ခုကို အလျင်အမြန် ကျင်းပခဲ့သည်။ ပါဝင်သူများတွင် ဆန်ဒရို၊ အယ်လ်တိုစ်၊ ဖီလီနှင့် အခြားသူများပင်။
မြင့်မားသော မြို့ရိုးပေါ်တွင် စစ်သည် အားလုံးက တိုက်ပွဲကို စောင့်ဆိုင်းနေ၏။ မြို့တွင်းနှင့် မြို့ပြင်မှ မှော်အကာအကွယ် အမျိုးမျိုးလည်း အပြည့်အဝ အသက်ဝင် နေလေပြီ။ အကြောင်းမှာ အကြမ်းဆုံး စမ်းသပ်ချက် ရောက်ရှိ လာတော့မည် ဖြစ်၍ပင်။
လေထုက ထူးဆန်းသော တိတ်ဆိတ်မှုဖြင့် ပြည့်နှက်နေ၏။ အထူးသဖြင့် ထိုကဲ့သို့ တိုင်းပြည်များနှင့် မြို့ကြီးများ ချေမှုန်းခြင်း ခံလိုက်ရကြောင်း သိရှိလိုက်ပြီးနောက် လေထုက ပို၍ပင် စိတ်ဓာတ်ကျစရာ ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် အဝေးမှ ပြေးလွှား နေသော အသံကို မသဲမကွဲ ကြားနိုင်ခဲ့ပြီး မြေပြင် အနည်းငယ် တုန်ခါသွားခဲ့သည်။ အသူရာချောက်နက် မကောင်းဆိုးဝါး စစ်တပ် ချဉ်းကပ်လာနေပြီ ဖြစ်သည်မှာ အသေအချာပင်။
စစ်သည်များသည် လက်နက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြ၏။ သူတို့၏ အကြည့်တွင် ပြတ်သားမှု၊ စိတ်ပိုင်းဖြတ်မှု၊ တင်းမာမှုနှင့် ကြောက်ရွံ့မှုတို့ ရှိနေကြသည်။ သူတို့ မည်မျှပင် ကောင်းမွန်စွာ လေ့ကျင့်ထား စေကာမူ နောက်ဆုံးတွင် သူတို့က စစ်မှန်သော လူများသာ ဖြစ်သည်။
လူသားများက ကြောက်ရွံ့ပေလိမ့်မည်။ သို့သော် အချိန်အခါ တစ်ခု၌ သူတို့တွင် ကြောက်ရွံ့မှုထက်ကို ကျော်လွန်သော စိတ်ခံစားချက်များနှင့် စွမ်းအားများလည်း ရှိနေတတ်သည်။
အရှေ့တံခါး၏ တပ်မှူးမှာ ဆန်ဒရို၊ နံပါတ်တစ် ဗိုလ်ချုပ်အဖြစ် လူသိများသော ကျက်သရေပြာ အင်ပါယာ၏ လူငယ် စစ်တပ် ကိုယ်စားလှယ်ပင်။
ဆန်ဒရိုက စစ်သည်များ တင်းမာမှုကို ခံစားမိရာ သူသည် စိတ်ဓာတ်မြှင့်တင်ရန် မိန့်ခွန်း အရှည်များကို အသုံးမပြုခဲ့ပေ။ ထိုအစား သူက ဘေးမှ လူယုံထံမှ လှံတံကို ယူပြီး မြေပေါ် ထောက်လိုက်၏။
အေးအေးဆေးဆေးပင်...
ထိုထောက်လိုက်သံက အထူးသဖြင့် ထင်ရှားလှသည်။ တဖြည်းဖြည်း ပို၍ပို၍ များသော အသံများက ထိုစည်းချက်တွင် ပါဝင်လာခဲ့သည်။ အမြဲတမ်း မောက်မာပြီး တည်ငြိမ်သော ထိုနတ်သူငယ်များပင် လေထုကြောင့် ကူးစက်ခြင်း ခံလိုက်ရပြီး စည်းချက်နှင့်အတူ လိုက်ပါလာခဲ့သည်။
အသံက ပို၍ပို၍ စည်းစနစ်ကျလာပြီး အားကောင်းလာစဉ် အရှိန်အဝါက ပို၍ပို၍ ကြီးမားလာခဲ့၏။ မူလ စိတ်ဓာတ်ကျမှုက ဖယ်ရှားခံလိုက်ရပြီး စိတ်လှုပ်ရှားမှု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လူတိုင်း မရှုံးနိမ့်နိုင်သည့် အလားပင် ရေစီးကြောင်း တစ်ခုအဖြစ် စုစည်းနေကြသည်။
“တိုက်...တိုက်...တိုက်...” စစ်သည်များ ကျယ်လောင်စွာ ဟိန်းလိုက်ကြသည်။
နတ်သူငယ် မင်းသမီးတော် ဖီလီနှင့် လူပုဘုရင် အိုဗ်ဂီတို့သည် ဆန်ဒရိုအား လေးစားစွာဖြင့် ကြည့်လိုက်ကြသည်။ သူက နာမည်ကျော် လူသားဗိုလ်ချုပ် တစ်ဦး ဖြစ်ထိုက်တယ်။ ဒီလို ရိုးရှင်းတဲ့ နည်းလမ်းနဲ့ နဂိုက စိတ်ဓာတ်ကျနေတဲ့ စိတ်က စိတ်လှုပ်ရှားတဲ့ အခြေအနေတစ်ခု အဖြစ်ကို ပြောင်းလဲလိုက်တာ။
“စစ်တပ်တွေ အားလုံး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားကြ..” ဆန်ဒရိုက လှံတံကို ချလိုက်ပြီး ဓားရှည်ကို မြှောက်လိုက်ရာ လက်နက် တီးခတ်သံ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ထိုအချိန် မြေပြင်ပေါ်မှ တုန်ခါမှုများ ပို၍ပို၍ ထင်ရှား၍ လာခဲ့သော်လည်း ထိုအခိုက်အတန့်တွင် စစ်သည်များ၏ တိုက်ခိုက်လိုစိတ် လောင်ကျွမ်းနေလေပြီ။ ယခင် တင်းမာမှုနှင့် ကြောက်ရွံ့မှုတို့ ပျောက်ကွယ် သွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
နန်းတော်တွင် လန်ဘိစ်က အဓိက ခန်းမရှိ ပလ္လင်ပေါ်တွင် တစ်ဦးတည်း ထိုင်နေခဲ့ပြီး လက်ထဲတွင် ဝိုင်တစ်ခွက်ကို ကိုင်ထား၏။
စစ်သည်များ အဝေးတွင် အော်ဟစ် နေကြသည်။ သူက ဝိုင် အနည်းငယ် တုန်ခါနေသည်ကို ကြည့်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။ “စနေပြီပဲ။”
မြို့အရှေ့ဘက်တွင် အနီရောင်ပင်လယ် တစ်ခု ကာကွယ်နေသော စစ်သည်များ၏ အမြင်တွင် ပေါ်လာခဲ့သည်။ ကောင်းကင်မှ တိမ်များပင် သွေးနီရောင် ဆိုးခြင်းကို ခံလိုက်ရပုံ ရသည်။
အသူရာ ချောက်နက် စစ်တပ်က နောက်ဆုံးတွင် ရောက်ရှိလာခဲ့လေပြီ။
ဆန်ဒရို၏ အမိန့်ကို လိုက်နာလျက် လောက်လေးနှင့် မှော်သလင်းကျောက် အမြောက်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ပြီး နှစ်မျိုးစလုံးမှာ သမားရိုးကျ အဝေးပစ် လက်နက်များ ဖြစ်သည်။ အအေးခံ ပြဿနာများကြောင့် မှော်သလင်းကျောက် အမြောက်များက တစ်ကျော့ ပစ်ခတ်မှု အပြီးတွင် ရပ်တန့်သွားခဲ့သည်။ လောက်လေးများမှ ပစ်လွှတ်လိုက်သော မီးဥက္ကာခဲများသာ ပျံသန်းနေဆဲ ဖြစ်သည်။ ကျက်သရေပြာ မြို့တော်၏ အရှေ့ဘက်သို့ မူမမှန်သော ပွင့်လင်းသော မြေမျက်နှာသွင်ပြင်ကြောင့် အသူရာချောက်နက် မကောင်းဆိုးဝါးများ ဖြန့်ကျက်မှုမှာ အတော် ပြန့်ကျဲနေသည်။ လောက်လေး၏ သေစေနိုင်စွမ်းမှာ ဆူးခံတပ်ကဲ့သို့ မကောင်းခဲ့ပေ။
ဆန်ဒရိုက မှော်ရိုင်ဖယ် ဗိုလ်ခြေအား ပစ်မိန့် မပေးခဲ့ပေ။ အကြောင်းမှာ ယခင် သတင်းများအပေါ်တွင် သုံးသပ်ချက်အရ အသူရာချောက်နက် မကောင်းဆိုးဝါးများ၏ ခုခံကာကွယ်မှုများမှာ အတော်လေး အားကောင်းသောကြောင့်ပင်။ အကယ်၍ အကွာအဝေး အလွန် ဝေးကွာျမခဲ့ပါက မှော်ရိုင်ဖယ်၏ သေစေနိုင်စွမ်းမှာ များစွာ လျော့ကျသွားမည်ဖြစ်ပြီး ကျည်ဆန်များ အလဟဿ ဖြုန်းတီးရာ ကျပေလိမ့်မည်။
သွေးရောင် လှိုင်းလုံးက အလျင်အမြန် ချဉ်းကပ်လာသည်ကို မြင်ရာ ဆန်ဒရိုက မမျှော်လင့်ထားသော အမိန့် တစ်ခုကို ရုတ်တရက် ထုတ်ပြန်လိုက်၏။ “ပထမ မဟာမိတ် မှော်ပညာရှင် ဗိုလ်ခြေ။ အသင့်...”
ပထမ မဟာမိတ် မှော်ပညာရှင် ဗိုလ်ခြေမှာ မှော်ပညာရှင်မြို့မှ နတ်သူငယ် ဗိုလ်ခြေ ဖြစ်သည်။ နတ်သူငယ်များက မြို့ထိပ်၌ ရပ်လိုက်ပြီး ပူးတွဲမှော်ပညာကို အလျင်အမြန် ရွတ်ဆို လိုက်ကြသည်။ ၎င်းမှာ [ဥက္ကာပျံမိုး] ကဲ့သို့သော နေရာပြန့် မှော်ပညာ မဟုတ်ဘဲ အတော်လေး အဆင့်နိမ့်သော မြေဒြပ် စင်မှော်ပညာ [မြေတံတိုင်း] ပင်။
နတ်သူငယ်များတွင် ဒြပ်စင်များကို အာရုံခံစားနိုင်စွမ်း အလွန် အားကောင်း၏။ အထူးသဖြင့် ထိုသို့သော ပူးတွဲမန္တာန် ရွတ်ဆိုခြင်းတွင် ဖြစ်သည်။ ထို့ကြောင့် စွမ်းအားမှာ သာမန် တစ်ဦးချင်း မန္တာန်များထက် များစွာ ပိုကြီးမားသည်။ တောင်ကုန်းများ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာခဲ့ပြီး ၎င်းတို့က ပို၍ပို၍ မြင့်လာကာ တစ်ဆက်တည်း အဖြစ် ဖွဲ့စည်းသွားသည်။ လွင်ပြင် တစ်ခုလုံး၏ မြေမျက်နှာ သွင်ပြင်က တောင်ကုန်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ထိုတောင်ကုန်း မြေမျက်နှာသွင်ပြင်မှာ အတော်လေး ထူးခြား လှပေသည်။ မြေမျက်နှာသွင်ပြင်အကုန် မတ်စောက်၍ သွားသည် မဟုတ်ဘဲ ထွက်ပေါက် အနည်းငယ်ကို တမင် ချန်ထားခဲ့သည်။ ယခင်က တွန်းလှန်မှု အနည်းငယ်ကြောင့် အသူရာချောက်နက် စစ်တပ်၏ ရှေ့သို့ တိုက်စစ်ဆင်မှု အရှိန်အဝါမှာ အလွန်ပင် လျင်မြန်သည်။ ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုတွင် သူတို့ တုံ့ပြန်ချင်လျှင်ပင် အလွန် နောက်ကျသွားပြီ ဖြစ်ရာ သူတို့က ထိုထွက်ပေါက်များဆီ ပြေးဝင်သွားကြ၏။
ပြန့်ကျဲနေခြင်းက စုစည်းသွားခဲ့သည်။
ထိုအခိုက် အတန့်တွင် ဆန်ဒရိုက ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ “ပထမ မှော်ပညာရှင် မဟာမိတ် ဗိုလ်ခြေ နောက်ဆုတ်။ မှော်ရိုင်ဖယ်... ပစ်တော့..”
မှော်ရိုင်ဖယ် အားလုံး တစ်ချိန်တည်း နီးပါး မီးတောက်များ ပေါက်ကွဲထွက် သွားခဲ့လေသည်။ မြေမျက်နှာသွင်ပြင် ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ထွက်ပေါက်မှ ထွက်လာသော အသူရာ ချောက်နက် မကောင်းဆိုးဝါးများက အတော်လေး ထူထပ်နေခဲ့ရာ ၎င်းမှာ မှော်ရိုင်ဖယ်များ သူတို့၏ ပစ်ခတ်အားကို အာရုံစိုက်ရန် အဆင်ပြေစေခဲ့သည်။ ရှေ့မှ ပါးစပ်ကြီး နတ်ဆိုးများက လုံးဝကိုပင် လဲကျသွားခဲ့သည်။ ထိုနေရာ ပစ်ခတ်မှု၌ ကွာခြားချက် တစ်ခု ရှိနေသေးသည်။ နတ်သူငယ် သေနတ်သမားများ၏ တိကျမှုမှာ အလွန်မြင့်မားသည်။ သူတို့က ပါးစပ်ကြီး နတ်ဆိုးများ၏ နဖူးများကို တစ်ချက်တည်း မကြာခဏ ထိမှန်ပြီး ပါးစပ်ကြီး နတ်ဆိုးများကို အပြင်းအထန် ဒဏ်ရာရစေသည်၊ သို့မဟုတ် တိုက်ရိုက် သတ်ပစ်ခဲ့သည်။ သို့သော် သာမန်လူသား သေနတ်သမားများမှာ အသေအချာပင် နိမ့်ကျနေသည်။ သို့တိုင် မြေမျက်နှာ သွင်ပြင်ကြောင့် အသူရာ ချောက်နက် မကောင်းဆိုးဝါးများ၏ အရေအတွက် အများအပြားက မျက်စိတစ်မှိတ်အတွင်း ရှင်းပစ်ခံလိုက်ရသည်။
ဆန်ဒရို၏ ကွပ်ကဲမှု စွမ်းရည်က နတ်သူငယ် တော်ဝင်မင်းသမီး ဖီလီအား တိတ်တဆိတ် လေးစားသွားစေခဲ့သည်။ သူက ကြယ်ကောလိပ်မှ ထိပ်တန်း ကျောင်းသူ တစ်ဦး ဖြစ်သည်။ သဘာဝ အတိုင်းပင် သူက ထိုနည်းဗျူဟာကို အတော်လေး အောင်မြင်စွာ အသုံးပြု ခဲ့သည်ကို အသိအမှတ် ပြုနိုင်သည်။ မှော်ပညာရှင် ဗိုလ်ခြေမှ ပြုလုပ်ခဲ့သော တောင်ကုန်း၏ အချိန်နှင့် အကွာအဝေးမှာ ကောင်းမွန်စွာ ညှိနှိုင်းခဲ့သည်။ သူတို့က အသူရာချောက်နက် မကောင်းဆိုးဝါးများ၏ တိုက်စစ် ပုံစံကို ကြားဖြတ် နှောင့်ယှက်ခဲ့ရုံ သာမက ပြိုင်ဘက်အား သူတို့၏ မှော်ရိုင်ဖယ်များ ထိရောက်သော နေရာသို့ ဝင်ရောက် စေခဲ့သည်။ ၎င်းမှာ အသူရာချောက်နက် မကောင်းဆိုးဝါးများက ၎င်းကို ပြီးမြောက် စေရန်အတွက် ဦးဆောင်၍ ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အလား ထင်ရ၏။
အသူရာချောက်နက် စစ်တပ်သည် ရှေ့မှ သေဆုံးမှုများမှာ သူတို့နှင့် ဘာမှ မပတ်သက်သည့်အလား ရူးသွပ်စွာဖြင့် ရှေ့တိုးလာနေဆဲ ဖြစ်သည်။ ပို၍ပို၍ များလာနေသော မကောင်းဆိုးဝါးများ ထွက်ပေါက်မှ ထွက်လာနေခဲ့သည်။ မှော်ရိုင်ဖယ်များ၏ ထိုးနှက်မှုများလည်း ပြန့်ကျဲစ ပြုလာခဲ့သည်။ သေစေနိုင်စွမ်းမှာ သိသိသာသာ လျော့ကျ၍ သွားခဲ့သည်။ နောက်မှ ဒေါသအိုး နတ်ဆိုးများလည်း ပေါ်ထွက်လာနေပြီ ဖြစ်သည်။ သူတို့က မြို့ရိုး၏ လားရာဘက်သို့ အရိုးဆူးများကို ပစ်လွှတ်ခဲ့ကြသည်။ အကွာအဝေးကြောင့် ပျက်စီးမှု များစွာကို မဖြစ်ပေါ်စေခဲ့ပေ။ သို့သော် ထိုအကွာအဝေးကလည်း အလျင်အမြန် နီးကပ်လာနေခဲ့သည်။
“ဒုတိယ မဟာမိတ် မှော်ပညာရှင် ဗိုလ်ခြေ၊ အသင့်...” ဆန်ဒရို၏ အသံက နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာပြီး မှော်ပညာရှင်များ နောက်ထပ် အတန်းလိုက်က မြို့ရိုးပေါ်သို့ စနစ်တကျ လျှောက်တက်လာခဲ့သည်။ ဒိုင်းက အရိုးဆူးများကို အချိန်မီ ကာကွယ်ခဲ့သည်။
၎င်းမှာ ကာကွယ်ရာတွင် အကောင်းဆုံး ဖြစ်သော လူပုမျိုးနွယ်စု ဒိုင်းစစ်သည်များ ဖြစ်သည်။ သူတို့က မှော်ပညာရှင်များနှင့် သေနတ်သမားများကို အချိန်ပြည့် ကာကွယ်ပေးရန် ဆန်ဒရိုမှ မြို့ထိပ်တွင် နေရာချထားခြင်း ခံခဲ့ရသည်။
ခဏအကြာတွင် ဒုတိယ မဟာမိတ် မှော်ပညာရှင် ဗိုလ်ခြေသည် မှော်ပညာကို ပြင်ဆင်ပြီး ဖြစ်၏။ ၎င်းလည်း မြေဒြပ်စင် မှော်ပညာ ဖြစ်သည်။ ယခင် [မြေတံတိုင်း] နှင့်ယှဉ်လျှင် ထိုမှော်ပညာမှာ အဆင့် နိမ့်သည်။ ချောကျိကျိမန္တာန်ပင်...
ချောကျိကျိမန္တာက ဧရိယာ တစ်ခုမှ မြေကြီးကို အလွန် ချောကျိကျိ ဖြစ်စေပြီး ရပ်နေရန် ခက်ခဲစေသည်။ ထိုကဲ့သို့ များပြားလှသော မှော်ပညာရှင်များ ပူးတွဲ အသက် သွင်းလိုက်ရာ မြို့အောက်မှ ဧရိယာ တစ်ခုလုံး ရုတ်တရက် ချောကျိကျိ ကျင်းတစ်ခု ဖြစ်သွားခဲ့သည်။
သာမန် တိုက်ပွဲများတွင် ချောကျိကျိ မန္တာန်တွင် လုံးဝ သေစေနိုင်စွမ်း မရှိဘဲ ရန်သူကို ထောင်ချောက် ဆင်နိုင်သော နွံမန္တာန်ထက် များစွာ နိမ့်ကျသော်လည်း ထိုပတ်ဝန်းကျင်တွင် ချောကျိကျိအစွမ်းက အံ့သြဖွယ် အကျိုးသက်ရောက်မှု တစ်ခုကို ဖြစ်စေခဲ့သည်။ အသူရာချောက်နက် မကောင်းဆိုးဝါးများ၏ အရှိန်မှာ အလွန် လျင်မြန်နေပြီ ဖြစ်ရာ သူတို့က ချောကျိကျိ အစွမ်းကြောင့် ဟန်ချက်ကို မထိန်းချုပ်နိုင် ကြတော့ပေ။ အနောက်မှ အဖော်များ၏ တိုးဝှေ့ခြင်းကို ခံရပြီးနောက်တွင် သူတို့က ယိမ်းထိုးသွားပြီး အတူ လဲကျသွားခဲ့သည်။ ဒေါသအိုး နတ်ဆိုးများပင် အရိုးဆူးများကို ပုံမှန်အတိုင်း မပစ်ခတ်နိုင်တော့ပေ။
မှော်သေနတ်သမားများနှင့် လေးသမားများက အခွင့်အရေးကို မြင်လိုက်ရပြီး ထပ်ခါတလဲလဲ ပစ်ခတ် လိုက်ကြသည်။ ရှေ့မှ အသူရာချောက်နက် မကောင်းဆိုးဝါးများအားလုံးက ပြင်းထန်သော ပစ်ခတ်အား အောက်တွင် ပျက်စီးသွားခဲ့သည်။ စစ်သည်များ၏ စိတ်ဓာတ်က ပို၍ပင် အားကောင်း လာခဲ့သည်။ ထိုအချိန် နတ်သူငယ်များ ဖန်တီးခဲ့သော တောင်ကုန်းများစွာတွင် အက်ကွဲကြောင်းများ ရှိနေ၏။
မီးတောက်များ လွှမ်းခြုံထားနေသော အမျိုးသမီး ပုံရိပ်များက လေထဲတွင် ပေါ်လာခဲ့သည်။
မီးလောင်နေသော ကြာပွတ် ဝှေ့ယမ်း နေစဉ်မှာပင် တောင်ကုန်းများ တစ်ခုပြီး တစ်ခု ပြိုလဲသွားခဲ့ပြီး နောက်ကွယ်မှ အသူရာ ချောက်နက် ပင်လယ်ကို ဖော်ပြလိုက်သည်။
သူတို့ ခုနက ပါးနပ်သော ဗျူဟာများကို အသုံးချခဲ့ပြီး မကောင်းဆိုးဝါးများကို ရှင်းလင်းပစ်ခဲ့သော်လည်း အသူရာချောက်နက် စစ်တပ် တစ်ခုလုံး အတွက်မူ ရေပုံးထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။
တကယ့် စမ်းသပ်ချက်က အခုမှသာ စတင်ခြင်း ဖြစ်၏။