ငါကျန်းရီက သူမနဲ့ မထိုက်တန်ဘူး
Vol. 1 Ch. 165
ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် ဤရက်များ အတွင်း အတော်လေး အသက်ဝင် နေခဲ့သည်။ ကျန်းရီသည် ကျင့်ကြံရာ အခန်းများနှင့် နေထိုင်ရာ အဆောင်ကြား သွားလာရာ လမ်းတွင် လာတော့မည့် နိုင်ငံ့ပြိုင်ပွဲများ အကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေး နေကြသည်အား အတိုင်းသား ကြားနေရသည်။
တကယ်တမ်းတွင် သင်တန်းကျောင်း သာမက တစ်နိုင်ငံလုံးကပါ နိုင်ငံအဆင့် ပြိုင်ပွဲများ အကြောင်း ပြောဆိုနေကြခြင်း ဖြစ်လေသည်။ နိုင်ငံအဆင့် ပြိုင်ပွဲဟူသော စကားလုံးအား မြို့ကြီးများ၏ နေရာတိုင်းတွင် ကြားနေရ လေသည်။
နိုင်ငံအဆင့် စစ်ပွဲများကြောင့် သာမန် လူများမှသည် စစ်သူကြီးများ ဖြစ်သွား နိုင်ပေသည်။ နိုင်ငံပြိုင်ပွဲကြောင့် သိုင်းပညာရှင် များမှသည် မြို့စားများ ဖြစ်သွား နိုင်ပေသည်။ ကျီထျန်းသည် လွန်ခဲ့သော ဆယ့်ငါးနှစ်က နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပါဝင် တိုက်ခိုက်ရာမှ မြှောက်စား ခံရကာ ကောင်းကင် တောင်ပံမြို့စား ဖြစ်သွားခဲ့ခြင်း ဖြစ်လေသည်။
ဤလောကတွင် အင်အားကသာ အရာရာကို ဆုံးဖြတ် လေသည်။ စာပေသမားများ အတွက်မူ စာပေနှင့် ပတ်သက်သော စာမေးပွဲများ စစ်ဆေးပေး လေသည်။ စာမေးပွဲကို ထူးထူးချွန်ချွန် အောင်မြင်ကြသူ များသည် နန်းတွင်း အမှုထမ်းများ ဖြစ်လာ ကြလေသည်။ သိုင်းသမားများ အတွက်မူ စာမေးပွဲများ မရှိဘဲ နိုင်ငံအဆင့် ပြိုင်ပွဲသာ ရှိလေသည်။
နိုင်ငံအဆင့် ပြိုင်ပွဲသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော် တည်းက ကျင်းပခဲ့ခြင်း ဖြစ်လေသည်။ မိုးပြာနဂါး အင်ပါယာ ကောင်းစားခဲ့စဉ် အခါက ထူးဆန်းသည့် အရာများ ဖြစ်ပွားခဲ့သည်။ ဧကရာဇ်၊ မင်းသားများ၊ မင်းသမီးများနှင့် အင်ပါယာ မြို့တော် ဖြစ်သော ကြယ်ကောင်းကင် မြို့ရှိ သိုင်းပညာရှင်များ အားလုံးတို့သည် ညတွင်းချင်း သေဆုံးသွား ခဲ့ကြပြီး နယ်မြေတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အင်ပါယာ တရားရုံးက အုပ်ချုပ်နေသော စစ်တပ်ကြီး ခြောက်ခုသည် ကိုယ်ပိုင် အလံများကို ကိုင်မြှောက်ကာ အင်ပါယာ အဖွဲ့အစည်းအား ကာကွယ်ရန် ကြယ်ကောင်းကင် မြို့အတွင်း ပြေးဝင်သွား ခဲ့ကြသည်။ သို့သော် အမှောင်ထဲတွင် သူတို့ အားလုံးသည် ကြယ်ကောင်းကင်မြို့ကို သိမ်းပိုက်၍ အင်ပါယာ အဖွဲ့အစည်းကို ဖြုတ်ချ လိုက်ကြရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်လေသည်။
ပို၍ ထူးဆန်းသော အရာများ ဖြစ်ပွားလာခဲ့သည်။ စစ်တပ် ခြောက်ခုသည် ကြယ်ကောင်းကင် မြို့၏ နယ်နိမိတ်အတွင်း အမြန်ဆုံးနှုန်းနှင့် ရောက်ရှိလာခဲ့ ကြသော်လည်း စစ်သား တစ်ဦးတစ်လေမှ မြို့တွင်းသို့ ဝင်ရဲခြင်း မရှိခဲ့ပါချေ။ သို့နှင့် စစ်တပ်များသည် ပြန်ဆုတ်ခွာ ကြကာ နေရာအသီးသီး ယူကြ၍ ကိုယ်ပိုင်နိုင်ငံများ ထူထောင် လိုက်ကြရာ လက်ရှိ နိုင်ငံခြောက်ခု ဖြစ်တည် လာခဲ့သည်။ ထိုအချိန်သည် မိုးပြာနဂါး အင်ပါယာ အာဏာကျဆင်း သွားသော အချိန်လည်း ဖြစ်လေသည်။
အင်ပါယာ မျိုးနွယ်၏ အဖွဲ့အစည်းသည် အသက်ရှင်သော မင်းသားငယ် တစ်ပါးကို ကူညီ၍ ထီးနန်းရအောင် လုပ်ပေးကာ သူတို့သည် နိုင်ငံခြောက်ခုကို ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်သည်။ သူတို့သည် နိုင်ငံခြောက်ခု၏ ဘုရင်များကို စစ်သေနာပတိချုပ် ရာထူးပေးကာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည်း ပေးလိုက်သည်။ သို့သော် သူတို့သည် အင်ပါယာ အဖွဲ့အစည်းကို နှစ်စဉ် လက်ဆောင် ပဏ္ဏာများ ဆက်သရ လေသည်။
အင်ပါယာ တရားရုံးသည် နိုင်ငံခြောက်ခုသည် ဆယ်စုနှစ် တစ်ခုကြာတိုင်း ကြယ်ကောင်းကင်မြို့၏ အစွန် ရွှေကျင်းရှီ လွင်ပြင်တွင် နိုင်ငံအဆင့် ပြိုင်ပွဲတစ်ခု ကျင်းပရန် သဘောတူညီချက် ပြုလုပ်စေသည်။ နိုင်ငံအဆင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတစ်ခုစီမှ စစ်သည် တစ်သန်း စေလွှတ်ရပြီး တိုက်ခိုက် ရလေသည်။ အနိုင်အရှုံးကို အလောင်း အရေအတွက်နှင့် ဆုံးဖြတ်ကာ စစ်ရှုံးသော နိုင်ငံသုံးခုက အနိုင်ရသော သုံးနိုင်ငံအား လက်ဆောင် ပဏ္ဏာများ ဆက်သရ လေသည်။
သဘောတူညီချက် ထွက်လာသော အခါက ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည်။ တစ်စုံ တစ်ယောက်သည် ရူးမနေသရွေ့ သဘောတူညီချက် နောက်ကွယ်မှ ရည်ရွယ်ချက်အား မြင်နိုင်ပေသည်။ အင်ပါယာ အဖွဲ့အစည်းသည် နိုင်ငံခြောက်ခုအား သတ်ဖြတ် စေခြင်းဖြင့် နိုင်ငံ တစ်ခုချင်း၏ အင်အားအား လျှော့ချပြီး ဖြစ်သည်။ သို့နှင့် သူတို့သည် အင်အားကို ဖြည်းဖြည်းချင်း စုဆောင်း နိုင်လေသည်။
တစ်လောကလုံးအား ဆွံ့အ သွားစေသည်မှာ နိုင်ငံခြောက်ခု၏ ဘုရင်များသည် အရူး ဟုတ်မဟုတ် မသိရသော်လည်း တစ်ယောက်မှ သဘော တူညီချက်အား မငြင်းပယ်ကြပေ။ သူတို့သည် နိုင်ငံသားများ ပါဝင်ဆင်နွှဲ၍ ရန်သူများကို အညှာအတာမဲ့ သတ်စေရန် အားပေးသည့် အနေဖြင့် ဆုလာဘ်များ ချီးမြှင့်ပေးရန်ပါ တောင်းဆို လိုက်ကြသေးသည်။
မိုးပြာနဂါး အင်ပါယာမှ လူများအားလုံး အဘယ်ကြောင့် အသတ်ခံ ရသနည်း ... အဘယ်ကြောင့် ခြောက်ခုသော စစ်တပ်တို့သည် ကြယ်ကောင်းကင်မြို့ကို မကျူးကျော်ဝံ့ ကြသနည်း... မိုးပြာနဂါး အင်ပါယာသည် အဘယ်ကြောင့် နိုင်ငံ ခြောက်ခုအား ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးသည်ဟု လောကအား ကြေညာခဲ့သနည်း ... မည်သူမှ နောက်ကွယ်ရှိ အကြောင်း အရာများကို မသိနိုင်ပေ။ မိုးပြာနဂါး အင်ပါယာ၊ နိုင်ငံခြောက်ခု၏ တော်ဝင်မိသားစု များကသာ ထိုအကြောင်းကို သိပေလိမ့်မည်။
***
သို့နှင့် နိုင်ငံအဆင့် ပြိုင်ပွဲသည် ဆယ်စုနှစ်တိုင်း ကျင်းပခဲ့ရ လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ခန့်က နိုင်ငံအဆင့် ပြိုင်ပွဲပြီးနောက် ငါးနှစ်အကြာတွင် ပြိုင်ပွဲငယ်တစ်ခု ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲငယ်သည် ထူးချွန်သော လူငယ်များ အတွက်သာ ဖြစ်လေသည်။ အသက် နှစ်ဆယ့်ငါးနှစ် ဝန်းကျင်ခန့် လူငယ်သိုင်းသမား များသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိလေသည်။ ဆုလာဘ်များသည် နိုင်ငံအဆင့် ပြိုင်ပွဲကြီးတစ်ခု ကဲ့သို့ပင် မြင့်မားလေသည်။
ဤတစ်ကြိမ် ကဲ့သို့ပင် အင်ပါယာ အဖွဲ့အစည်းသည် သူတော်စင် အဆင့် ရှားပါးလက်နက် တစ်ခု ချီးမြှင့်ခဲ့လေသည်။
ပုံမှန် သိုင်းသမား တစ်ယောက်သည် သူတော်စင် အဆင့် လက်နက်နှင့် ပေါင်းစည်း လိုက်နိုင်လျှင် သူ့အင်အားသည် အဆများစွာ တိုးတက်သွားမည် ဖြစ်လေသည်။ သူမပေါင်းစပ် နိုင်လျှင်တောင် လက်နက်အား လေလံတင် ရောင်းချနိုင် လေသည်။ ရရှိမည့် ငွေကြေး ပမာဏသည် မြို့တစ်မြို့အား ဝယ်နိုင်လောက် ပေသည်။ သူတို့သည် လက်နက်အား ဂိုဏ်းကြီး တစ်ခုထံ ပေးအပ်လိုက်မည် ဆိုလျှင် မြို့ငယ်တစ်ခု၏ မြို့စားနေရာအား ရရှိနိုင်ပေသည်။
ထို့ကြောင့်ပင် နိုင်ငံအဆင့် ပြိုင်ပွဲသည် သင်တန်းကျောင်းရှိ ကျောင်းသား များအား ဤမျှ ရုတ်ရုတ်သဲသဲ ဖြစ်သည်အထိ စိတ်လှုပ်ရှားစေခြင်း ဖြစ်လေသည်။ ကျန်းရီသည် ထိုကိစ္စများကို လုံးဝ စိတ်မဝင်စားရာ ဘာကိုမှပင် မမေးပေ။ သူ့တွင် မေးချင်စိတ်လည်း ရှိမနေပါချေ။
သူငယ်စဉ်က 'နိုင်ငံအဆင့် ပြိုင်ပွဲ' ဟူသော စကားလုံးများကို ကြားခဲ့ဖူးသည်။ လွန်ခဲ့သော ငါးနှစ်က ကောင်းကင် တောင်ပံမြို့မှ လူတစ်စုသည် နိုင်ငံအဆင့် ပြိုင်ပွဲတွင် ပါဝင်ရန် မြို့မှ ထွက်ခွာသွား ခဲ့ကြသည်။ သို့သော် တစ်ယောက်မှ ပြန်ရောက် မလာခဲ့ပေ။ သူသည် ထိုနိုင်ငံအဆင့် ပြိုင်ပွဲ မည်မျှ ကြမ်းတမ်း ခက်ခဲကြောင်း မေးကြည့်စရာပင် မလိုတော့ချေ။ သူ့တွင် ရန်သူများစွာ ပတ်လည်ဝိုင်း နေလေရာ ဝင်ပြိုင်သည်နှင့် သေရမည်မှာ မလွဲမသွေပေ။
သူသည် ကျင့်ကြံခြင်း ဆေးဖော်စပ်ခြင်းဖြင့် နေ့စဉ်နေ့တိုင်း အလုပ်ရှုပ် နေလေသည်။ သူ့ ကျင့်ကြံနှုန်းသည် ကောင်းကင်နဂါး ဆေးလုံးများ၏ အကူအညီနှင့် အံ့မခန်း မြန်ဆန် နေတော့သည်။ သူသည် စိတ်ထဲတွင် သူ့ ကျင့်ကြံနှုန်းသည် ရှန်ဝူ နိုင်ငံတော်၏ အမြင့်ဆုံး ပါရမီရှင် များအောက် မလျော့မှန်း သိထားပါသည်။ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်ခြင်း အဆင့် အတွင်းအား အမြောက်အမြား မလိုအပ်သော်လည်း ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင်မူ အတွင်းအား မြောက်မြားစွာ လိုအပ်၍ အလွယ်တကူ အဆင့်တက်ရန် မဖြစ်နိုင် မှန်းလည်း သူသိထား သေးသည်။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နှစ်လကျော် သွားခဲ့သည်။
လွန်ခဲ့သော တစ်လက ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမ အဆင့်အား ရောက်ရှိခဲ့၍ ခရမ်းရောင် နန်းတော်ရှင် အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစား နေလေသည်။
ထိုအချိန်များ အတောအတွင်း ကျန်းရီသည် ဆေးလုံးပမာဏ အမြောက်အ်မြားကို ဖော်စပ်ခဲ့သည်။ နိုင်ငံအဆင့် ပြိုင်ပွဲသည် နီးကပ်လာခဲ့ပြီ ဖြစ်ရာ သခင်လေး၊ မမလေး တစ်သိုက်သည် အသည်းအသန် ကျင့်ကြံနေကြပြီး ဆေး၏ တန်ဖိုးသည်လည်း မြင့်တက်၍သာ လာလေသည်။ ကျန်းရီသည် ချမ်ဂိုဏ်း အပေါ်တွင် တင်နေသော အကြွေးများ အားလုံး ပြန်ဆပ်ပြီး ရုံသာမက သူ့တွင် ခရမ်းရောင်ရွှေ သန်းနည်းနည်း ရှိလာခဲ့ပြီ ဖြစ်လေသည်။ သူ၏ အရည်အချင်းနှင့် ဆိုလျှင် ခရမ်းရောင်ရွှေသည် သူ့အတွက် ပြဿနာ မဟုတ်တော့ပေ။
ကျန်းရီအား ရင်နာစေသော တစ်စုံတစ်ခုလည်း ရှိနေသေးသည်။ ကျန်းယွင်ဟိုင်၏ သတင်းအား လုံးဝ မကြားရခြင်း ဖြစ်လေသည်။ ချမ်ဝမ်ကွမ်သည် ကျင်းရှန် နိုင်ငံတော်သို့ ကင်းထောက် တစ်ယောက် စေလွှတ်လိုက် ပါသော်လည်း အခြေအနေ ထူးမလာခဲ့ပေ။ ကျန်းယွင်ဟိုင်သည် ဒဏ်ရာများ ပြင်းသောကြောင့် သေသွားသည်လည်း ဖြစ်နိုင်သည်။ အမှောင် တောအုပ်ရှိ နတ်ဆိုး သားရဲများ၏ အစာ ဖြစ်သွား သည်လည်း ဖြစ်နိုင်ပေသည်။
နောက်ဆုံးတွင် ရွှေချမ်လော့၊ တတိယမင်းသား ရှားထျန်းနှင့် ကျန်းစွန်းဝူကျိ တို့သည် ရှန်ဝူနိုင်ငံတော်၏ တော်ဝင်မြို့တော်ထံ ထွက်ခွာ သွားကြလေသည်။ ကျန်းရီ ထိုသတင်းအား ရသောအခါ ပျော်ရွှင် သွားဟန်လည်း မရှိသလို သင်တန်းကျောင်းမှ ထွက်ခွာခြင်းလည်း မပြုခဲ့ပေ။ သူတို့ ဝိညာဉ်သားရဲ မြို့မှာရှိရှိ တော်ဝင်မြို့တော်မှာ ရှိရှိ ဘာများ ကွာခြားသွားလို့လဲ။
သင်တန်းကျောင်းမှ လူငယ် များစွာသည် နိုင်ငံအဆင့် ပြိုင်ပွဲအတွက် စာရင်းများ ပေးကြလေသည်။ ထိုကဲ့သို့သော ပွဲမျိုးသည် ရံဖန်ရံခါမှသာ ကျင်းပကြရာ လူငယ်များ အတွက် သူတို့ အစွမ်းအစကို သက်သေပြရန် အခွင့်အရေးသာ ဖြစ်လေသည်။ သူတို့သည် တိုက်ပွဲအတွင်း နာမည်ကောင်းများ ရလျှင် သင်တန်းကျောင်းနှင့် အင်ပါယာ အဖွဲ့အစည်းမှ ဆုလာဘ်များကို သာမက နိုင်ငံကြီး ခြောက်ခုမှ ဆုလာဘ်များကိုပါ ရမည် ဖြစ်လေသည်။
အချိန်နှစ်လသာ ကျန်တော့သည်။ ရွှေကျင်းရှီ လွင်ပြင်သည် ရှန်ဝူ နိုင်ငံတော်၏ အနောက်မြောက် ဘက်တွင်ရှိ၍ အတော်အလှမ်း ဝေးလေသည်။ သင်တန်းကျောင်းမှ လူငယ်များသည် ခရီးအတွက် ပြင်ဆင်နေကြပြီ ဖြစ်လေသည်။ သူတို့ အားလုံးသည် သုံးရက်ကြာလျှင် ထွက်ခွာကြမည် ဖြစ်ပြီး တော်ဝင် မြို့တော်ထံ အရင်ဦးတည် သွားကြမည် ဖြစ်သည်။ သူတို့သည် တော်ဝင် မြို့တော်ရှိ တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်မှ တစ်ဆင့် ကြယ်ကောင်းကင်မြို့သို့ သွားရောက်ကာ ကြမ်းတမ်းလှသော နိုင်ငံအဆင့် ပြိုင်ပွဲကို စတင်ကြမည် ဖြစ်လေသည်။
ကျန်းရီသည် နိုငိငံအဆင့် ပြိုင်ပွဲတွင် ဝင်မပြိုင်ဟု ဆုံးဖြတ် ထားခြင်းသည် ကျူးကော့ချမ်ယွမ်နှင့် ဒုကျောင်းအုပ် များအား စိတ်ပျက် စေလေသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် အခြားကျောင်း နှစ်ကျောင်း၏ ဖိနှိပ်ခြင်း ခံနေရသည်မှာ နှစ်ပေါင်း ရာချီနေပြီ ဖြစ်လေသည်။ ဤတစ်ကြိမ်တွင် သူတို့၌ ကျန့်ဝူရွှမ်း၊ ယွင်ဖေး၊ ရှန်းယင်နှင့် အန်းနီတို့နှင့် ဆန်းကြယ်သော ကျင့်စဉ်များ ပိုင်ဆိုင်ကြသည့် ပါရမီရှင် အမြောက်အမြား ရှိပေသည်။ သို့သော် ကျူးကော့ချမ်ယွမ်၏ မျက်လုံးထဲတွင် သူတို့သည် ပထမ နေရာမပြောနှင့် ... ထိပ်ဆုံး ဆယ်ယောက် အတွင်းသို့ ဝင်နိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။
သုံးရက် ကြာပြီးနောက် သင်တန်းကျောင်းမှ လူစုသည် ထွက်ခွာ ကြသည်။ ကျန်းရီနှင့် ချမ်ဝမ်ကွမ်သည် ကျန့်ဝူရွှမ်း၊ စုလောရွှယ်နှင့် ကျန်လူများအား လိုက်ပို့ရန် ရောက်ရှိ လာကြသည်။ စုလောရွှယ်သည် အသက် နှစ်ဆယ့်ငါးနှစ် မကျော်သေးပါ သော်လည်း ပြိုင်ပွဲဝင်ရန် ရောက်လာခြင်း မဟုတ်ပါပေ။ သူမသည် ကျောင်းအုပ်ချီနှင့် ဒုကျောင်းအုပ်များကို အဖော်ပြု၍ ကျောင်းသား များအား လိုက်ပါ ပို့ဆောင်ပေးခြင်း ဖြစ်လေသည်။
“မင်းတို့ကောင်တွေ ကြိုးကြိုးစားစား လုပ်လာခဲ့ပြီး မင်းတို့ ဂိုဏ်းအတွက် ဂုဏ်ဆောင် ပေးကြ”
ချမ်ဝမ်ကွမ် သည်လည်း လိုက်မသွားခဲ့ပေ။ သူ့အင်အားနှင့် ဆိုလျှင် အစောဆုံး သေမည်မှာ သူသာ ဖြစ်လိမ့်မည်။ သူသည် သူ့အသက်အား သွားမစွန့်ပစ် ချင်သေးပေ။ သူသည် ယင်းရှာ၊ လုံရှန်းနှင့် ကျန်လူများကို နှုတ်ဆက်ရန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် သူသည် ကျန်းရီထံ လျှောက်လာခဲ့ပြီး သက်ပြင်း အသာချ လိုက်သည်။
“ဘာလို့ စုလောရွှယ်ကို စကားနည်းနည်း သွားမပြောတာလဲ ... မင်းတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက်ရှိရှိ ရှောင်နေကြတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်”
ကျန်းရီသည် အလွန် လှပနေသော မိန်းကလေးအား လှမ်းကြည့်ကာ မချိပြုံး ပြုံးလိုက်သည်။
“မင်းလည်း မြင်မှာပါ ... သူမက ငါ့ကို တမင် ရှောင်နေတာ ... အဲဒီတည်းက ငါတို့က မသင့်တော်ဘူး ဆိုတာ ရှင်းနေတယ် မဟုတ်လား ... ငါသူမကို အခက် တွေ့အောင် မလုပ်ချင်ပါဘူး... ဘဝမှာ အတင်းအကျပ် လုပ်ယူလို့ မရတဲ့အရာတွေ ရှိတယ် ... ငါကျန်းရီက သူမနဲ့ မထိုက်တန်ပါဘူး”
***