အပြည့်စုံဆုံး ငါ
Vol. 25 Ch. 362
“နာရီသံတွေကို နင်တို့အလွယ်တကူ အရှုံးမပေးကြနဲ့! ဒီနေရာက ဘယ်လိုအသံမျိုးမဆို နင်တို့မှတ်ဉာဏ်ဆုံးရှုံးသွားမယ့်အရှိန်ကို ပိုမြန်စေနိုင်တယ်!”
အဖွဲ့နှစ်မှ ခေါင်းဆောင်ဖြစ်သူက လက်ခုပ်တီးလိုက်သည်။
“ဝမ်ကျားကို ရှာကြ! သူ့မျက်လုံးတွေက ငါတို့ထွက်ပေါက်ရှာဖို့ ကူညီပေးနိုင်လိမ့်မယ်!”
ရှင်းလုမှ လုံခြုံရေးအဖွဲ့ဝင်များ လှုပ်ရှားလာကြသည်။ ကျိုးကျွင်းသည် ပန်းချီဆရာကောင်းမင်နောက်သို့ ဆက်လက်လိုက်ပါနေဆဲဖြစ်သည်။ အခြားတိုက်ခန်းမှ နေထိုင်သူများသည်လည်း လျှို့ဝှက်ကြံစည်နေကြ၏။
...
အခန်း ၀၇၁၅ တွင် ကောင်းမင်သည် တံခါးဝတွင် ရပ်၍ အခန်းထဲမှ နံရံကပ်နာရီကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ နာရီမှထူးဆန်းသော အသံမှာ ရပ်တန့်သွားခဲ့ချေပြီ။ သူ့စိတ်ထဲမှ တစ်စုံတစ်ခုသည် အတင်းအဓမ္မ တူးထုတ်ပစ်ခံလိုက်ရသကဲ့သို့ တစ်ခုခုအား မေ့သွားခဲ့သည်ဟု ခံစားလိုက်ရသည်။
“ငါ့အိမ်မှာ ဒီနာရီရှိခဲ့တာလား ၊ ငါ့ကို ဘယ်သူပေးခဲ့တာပါလိမ့်”
ကောင်းမင်၏ဗိုက်မှာ တဂွီဂွီအသံမြည်လာ၏။ ကောင်းမင် ထမင်းစားပွဲတွင် ထိုင်ချလိုက်သည်။ အပြင်ဘက်မှ ဆူညံသံများ၊ သူ့အဘွား၏ နှလုံးကွဲမတတ် အော်ဟစ်သံများနှင့် ပြေးလွှားနေသည့် ခြေသံများစွာကို ကြားလိုက်ရသည်။
“ဒီနေရာက တကယ်ပဲ သရဲခြောက်နေတာလား”
မှတ်စုစာရွက်ပေါ်က စာသားများက သူ့စိတ်ထဲတွင် ထင်ရှားလာလေသည်။ ထိုစာသားများကို ကြည့်ရှုရုံဖြင့်ပင် ကောင်းမင်ကြောက်ရွံ့လာ၏။
“ငါ့အိမ်နီးချင်းအခန်းတွေက တကယ်ပဲ သရဲခြောက်နေတယ်ဆိုရင် ဒီတစ်ထပ်လုံးက မလုံခြုံတော့ဘူး ၊ ငါ တတ်နိုင်တုန်း ထွက်ပြေးမှရမယ်”
ကောင်းမင်သည် သူ့မိဘများကို ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သည်။ သို့သော်လည်း လိုင်းမအားသေးပါဟုသာ ကြားနေရသည်။
“ဒီနေ့ကျမှ ဘာလို့ ဖုန်းမကိုင်ကြတာပါလိမ့်”
ခဏစဉ်းစားပြီးနောက် ကောင်းမင်က အိမ်ရှိအခြေအနေကို မိဘများထံ စာတိုပေးပို့လိုက်သည်။ မိဘများကို စိုးရိမ်သောကြောင့် ထိုညတွင် အိမ်ပြန်မလာရန် သတိပေးပြီး သူတိုက်ခန်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း စာထဲတွင် ပြောပြလိုက်သည်။ ဉာဏ်ကြီးရှင်ဆန်သော အကြံအစည်မျိုး မဟုတ်သော်လည်း ပုံမှန်ကောင်းမင်တစ်ဦး၏ စိတ်ကူးသည် ရိုးရှင်းပါသည်။ မိဘများကို သူအန္တရာယ် မဖြစ်စေလိုပါ။
“ဘယ်ဖုန်းမှ အဆက်အသွယ်မရဘူး ၊ အပြင်ကနေ အကူအညီလည်း တောင်းလို့မရဘူး ၊ ဒီမှာ ဆက်နေရင် ငါဟာ နေရာကမထဘဲဆက်နေနေတဲ့ ဘဲတစ်ကောင်လို ဖြစ်သွားလိမ့်မယ်”
ပြေးလွှားနေသည့်အသံများကြောင့် ကောင်းမင် စိုးရိမ်လာတော့သည်။
“တချို့တွေက ထွက်သွားနှင့်ကြပြီ ၊ လူတွေ လှုပ်ရှားနေတုန်း ငါလည်းသွားသင့်တယ် ၊ ငါသာ နောက်ဆုံးကျန်ခဲ့တဲ့သူ ဖြစ်သွားရင်…”
ကောင်းမင်သည် ထိုအခြေအနေ မည်မျှကြောက်မက်ဖွယ်ကောင်းမည်ကို တွေးပင်မတွေးရဲတော့ပေ။ယင်းသည် စိတ်ပျက်အားငယ်ဖွယ်ရာ ဖြစ်လာပေလိမ့်မည်။
ကောင်းမင်သည် ထမင်းကို အမြန်ဆုံးစားသောက်လိုက်သည်။ အစားအစာများနှင့် ရေအချို့ကို ကျောင်းကျောပိုးအိတ်ထဲ ထိုးထည့်လိုက်ပြီးနောက် သူ့အမေ၏လက်ဝတ်ရတနာများနှင့် ဘဏ်ကတ်ကိုလည်း ပစ်ထည့်လိုက်သည်။ အားလုံး အဆင်သင့်ဖြစ်သောအခါ ကောင်းမင်သည် ထမင်းစားပွဲကို ဖြတ်ကျော်လိုက်ပြီး သူ့အကြည့်တို့က ကြီးမားသောအနီရောင်သေတ္တာတစ်လုံးဆီသို့ တစ်ဖန်ရောက်ရှိသွားပြန်သည်။
“ဒါကို ဘယ်သူပေးလိုက်တာလဲဆိုတာ ငါခုထိ မသိသေးဘူး ၊ ကြောက်ဖို့ကောင်းလိုက်တာ ၊ သရဲဆီကများ ဖြစ်နေမလား”
ခဏတာ တုံ့ဆိုင်းနေပြီးနောက် ကောင်းမင် ဖဲကြိုးများကိုဖြေလိုက်သည်။ သေတ္တာအလယ်တွင် ထူးဆန်းသော ဓာတ်ပုံတစ်ပုံ ထည့်ထား၏။ ကောင်းမင် ဓာတ်ပုံကို ကောက်ယူလိုက်သည်။ သေချာကြည့်လိုက်သောအခါ သူ့လည်ပင်းနောက်ဘက်တွင် ကြက်သီးမွေးညင်းများ ထလာလေသည်။ ဓာတ်ပုံအား ယခုထမင်းစားပွဲတွင် ရိုက်ထားခြင်းဖြစ်သည်။ သူသည် မွေးနေ့ကိတ်ရှေ့တွင် ထိုင်၍ ဆုတစ်ခု တောင်းနေသည်။ သူ့ပတ်ပတ်လည်တွင် သူ့မိဘများ၏ ပုံစံအမျိုးမျိုးဖြင့် ဝန်းရံနေသည်!။ သူ့မိဘများသည် ရှုထောင့်အမျိုးမျိုးမှ ထူးဆန်းသောအမူအရာများဖြင့် သူ့ကို ကြည့်ရှုနေကြလေသည်။ သူ့လက်များ တုန်ယင်သွားပြီး ဓာတ်ပုံမှာ ကြမ်းပြင်ပေါ်သို့ လွင့်ကျသွား၏။ ဓာတ်ပုံ၏ နေရာအများစုမှာ အဖြူအမည်းဖြစ်နေပြီး ကောင်းမင်တစ်ဦးတည်းသာ အရောင်အသွေးရှိနေလေသည်။
“ဒါက ဘယ်လို နောက်ပြောင်မှုမျိုးလဲဟ”
သူသည် ဓာတ်ပုံကို ကြောက်ရွံ့သွားသဖြင့် ထိုနေရာမှ အဝေးသို့ထွက်သွားချင်သည်။ သို့သော်လည်း သူထွက်သွားရန် ပြင်လိုက်စဉ်တွင် သူ့အကြည့်များက ဓာတ်ပုံဆီသို့ ထပ်မံပြန်ရောက်သွားသည်။ ဓာတ်ပုံထဲရှိ သူ့ဖခင်များ၊ မိခင်များအားလုံးက သူ့ကို တစ်ခုခုပြောပြချင်နေသည့်အလား စိုက်ကြည့်နေကြသည်။
“ဒါက ကြောက်ဖို့ကောင်းပေမယ့် သူတို့က ငါ့မိဘတွေပဲလေ ၊ သူတို့က ငါ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး ၊ သူတို့က ငါ့ကို မွေးပေးခဲ့တာပဲ…”
ကောင်းမင်သည် အံကြိတ်လိုက်ပြီး အဆိုပါ လူသေဓာတ်ပုံကို ကောက်ယူ၍ သူ၏ ယူနီဖောင်းအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။
“အပြင်ဘက်က တော်တော်တိတ်ဆိတ်သွားတာပဲ”
သူ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ အေးစက်စက်လေပြေက သူ့အင်္ကျီလက်ထဲသို့ တိုးဝင်လာ၏။ အစောပိုင်းက အရိပ်ထဲတွင် ပုန်းအောင်းနေသည့် မကောာင်းဆိုးဝါးကို သူ မတွေ့ရတော့ပေ။ သူအခန်းထဲမှ ထွက်ခွာရန် ကြိုးစားလိုက်ချိန်တွင် ကော်ရစ်ဒါလမ်းမှ မီးသီးများ ရုတ်တရက် ပွင့်လာ၏။ ကောင်းမင်သည် လန့်ဖျပ်သွားပြီး သူ့အခန်းထဲသို့ ပြန်တွားဝင်ရန်ပင် ကြိုးစားလိုက်မိသည်။
“ဒါက ဘာအသံလဲ”
ကောင်းမင်သည် သူ့ဘေးနားရှိ အခန်းတံခါးမှာ ပွင့်နေကြောင်း သတိပြုမိလိုက်သည်။ သူ သတ္တိမွေး၍ အိမ်နီးချင်း၏အခန်းတွင်းသို့ ချောင်းကြည့်ရန် ခြေတစ်လှမ်းလှမ်းလိုက်သည်။ ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော အခြားကောင်းမင်တစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အသက်ကို အမောတကောရှူနေသည်။ သူ့ဘေးတွင်မူ ကောင်းမင်၏ အလောင်းရှိနေသည်။ ထိုအလောင်း၏ မျက်နှာသည် ခရမ်းရောင်သမ်းနေပြီး လည်ပင်းပတ်လည်တွင် လည်ပင်းညှစ်ထားသည့် နက်ရှိုင်းသော အမှတ်အသားတစ်ခုရှိနေ၏။ သူ့ခြေလက်များမှာ တောင့်တင်းမာကျောနေခဲ့သည်။ သူသည် အချိန်အတော်ကြာကတည်းက သေဆုံးနေခဲ့ပြီးဖြစ်သည်။
ကောင်းမင်သည် မရည်ရွယ်ဘဲ လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ သူသည် အလောင်းတစ်လောင်းကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် သူ့ကိုယ်ပိုင် အလောင်းကိုဆိုလျှင် ပိုဆိုးတော့သည်။
သူ့ဦးနှောက်မှာ ရပ်တန့်သွား၏။ သူ့ခန္ဓာကိုယ်က မသိစိတ်ဖြင့် နောက်ဆုတ်သွားသည်။ သူသည် အလွန်ပင် ပုံမှန်ဖြစ်သည်။ သူသည် 'လူတစ်ယောက် အသတ်ခံလိုက်ရပြီ!' ဟူသည့် စကားလုံး မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့ပေ။
“ဒါက မင်းထင်ထားသလို မဟုတ်ဘူးနော်!”
ကြမ်းပြင်ပေါ်တွင် အနားယူနေသည့် ကောင်းမင်က တံခါးဝမှ အခြားကောင်းမင်တစ်ဦးကို မြင်သောအခါ လန့်ဖျတ်သွားသည်။ သူ အမြန်ထလိုက်သည်။
“ငါ သူ့ကို မသတ်ခဲ့ဘူးနော်! သူ အေးစက်နေတဲ့ကော်ရစ်ဒါလမ်းမကြီးပေါ် လဲနေတာကို ငါတွေ့ခဲ့တာ ၊ သူသေသွားရင်တောင် အနည်းဆုံးတော့ လေးစားမှုနဲ့ ထိုက်တန်တယ်လေ ၊ ဒါကြောင့် သူ့ကို ငါ့အခန်းထဲ ဆွဲခေါ်လာခဲ့တာပဲ”
အလောင်းဘေးရှိ ကောင်းမင်က နူးညံ့သောအသံဖြင့် ပြောသည်။ သူ့လက်တွင် ပတ်တီးတစ်ခု စည်းထားသည်။ အလောင်းကို ဆွဲလာရသောကြောင့် သူ့အဝတ်အစားများမှာ ညစ်ပတ်နေသည်။
“အခန်းတိုင်းမှာ ကောင်းမင်တစ်ယောက်စီ ရှိနေတာလား! မှတ်စုစာရွက်က လိမ်နေတာ မဟုတ်ဘူးလား!”
ပုံမှန်ကောင်းမင်သည် ထိတ်လန့်သွားသည်။ အကယ်၍ မှတ်စုစာရွက်က မလိမ်ခဲ့လျှင် ထိုနေရာက တကယ်ပင် သရဲခြောက်နေသည်ကို ဆိုလိုသည်။
“မင်းလည်း မှတ်စုစာရွက် ရခဲ့တာလား”
အလောင်းဘေးရှိ ကောင်းမင်က သူ့ကျောင်းပိုးအိတ်ထဲမှ မှတ်စုစာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။
“ဒီနေရာက မလုံခြုံဘူး ၊ ငါ ထွက်ပြေးဖို့ ကြိုးစားနေတုန်း ဒီအလောင်းကို တွေ့ခဲ့တာ ၊ ငါတို့က ရုပ်တူနေတာမို့ သူ့ကို အပြင်မှာဒီအတိုင်း ပစ်မထားရက်ခဲ့ဘူးလေ”
“ဒါပေမဲ့ သူက သေနေပြီလေ ၊ မင်း မကြောက်ဘူးလား”
ပုံမှန်ကောင်းမင်သည် အခန်းတွင်းသို့ ကြည့်လိုက်သည်။ အခန်းသည် သူ့အခန်းကဲ့သို့ အလှဆင်ထားသော်လည်း ဆုများ၊ ဂုဏ်ပြုမှတ်တမ်းများ ပိုများနေသည်။ နံရံတွင် သူ့မိဘများ၏ မင်္ဂလာဓာတ်ပုံ ချိတ်ဆွဲထားသည်။ ပြတင်းပေါက်ဘေးတွင် လတ်ဆတ်သော ပန်းများကို စိုက်ထားသည်။
“ငါ ကြောက်ပေမယ့် သူ့ကို ပစ်မထားချင်ခဲ့ဘူး”
ကောင်းမင်က သူ့ဒိုင်ယာရီကို ထုတ်ရန် အိတ်ထဲမွှေနှောက်လိုက်သည်။
“မှတ်စုစာရွက်အရ ငါတို့အားလုံးက ကောင်းမင်တွေပဲ၊ ဒါပေမဲ့ ငါတို့က မတူညီတဲ့ ရွေးချယ်မှုတွေ လုပ်ခဲ့ကြတယ်၊ ငါတို့ရဲ့ ဒိုင်ယာရီချင်း လဲဖတ်ကြည့်မလား ၊ ဒါဆို ငါတို့ အချင်းချင်း ပိုသိလာနိုင်မယ်လေ”
“ကောင်းပြီ”
အခြားကောင်းမင်၏ ဒိုင်ယာရီကို ကြည့်ရင်း ပုံမှန်ကောင်းမင်၏ မျက်လုံးများထဲတွင် မနာလိုမှုအရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ ဤကောင်းမင်၏ မိဘများသည် အလွန်ချစ်ခင်ကြသည်။ သူသည် ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများ ပြည့်နှက်နေသော အိမ်တွင် နေထိုင်ရခြင်းသည်။ သူသည်လည်းပဲ အလွန်ကြင်တတ်နာပြီး မကြာခဏဆိုသလို အခြားသူများကို ကူညီတတ်သည်။ အခြားကောင်းမင်များနှင့် နှိုင်းယှဉ်လျှင် ဤကောင်းမင်သည် သူ့ဘဝတွင် မည်သည့်စိန်ခေါ်မှုမျှ မကြုံခဲ့ရပေ။ သူသည် ဉာဏ်ကောင်းသည်၊ ကြံ့ခိုင်သည်၊ ချောမောပြီး အလုပ်ကြိုးစားသူဖြစ်သည်။ သူသည် အကောင်းဆုံးရုပ်ပိုင်းရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အကောင်းဆုံး စာမေးပွဲရလဒ်များရှိနေသော ကောင်းမင် ဖြစ်သည်။
ထိုလူငယ်၏ ကြည်လင်နေသော မျက်လုံးများကို ကြည့်လိုက်သောအခါ ပုံမှန်ကောင်းမင်သည် ညစ်ပတ်နေသော ရေကန်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သူ့ပုံတူလူထက် အများကြီး ပိုဆိုးလေသည်။
“ငါသာ ငါ့ဘဝဇာတ်ညွှန်းကို ရွေးချယ်နိုင်မယ်ဆိုရင် မင်းရဲ့ ဇာတ်ညွှန်းကိုပဲ ရွေးချယ်မှာ သေချာတယ်”
ပုံမှန်ကောင်းမင်က မနာလိုစွာဖြင့် ပြောလိုက်သည်၊
“မင်း လုပ်ခဲ့တဲ့ ရွေးချယ်မှုတိုင်းက အကောင်းဆုံးပဲနော်”
ကြင်နာတတ်သော ကောင်းမင်သည် သေဆုံးနေသည့် ကောင်းမင်ကို သယ်ဆောင်ရင်း သူ့အိတ်ကို ပုံမှန်ကောင်းမင်အား ပေးလိုက်သည်။
“မင်းရဲ့ ကိုယ်ပိုင်ဘဝဇာတ်ညွှန်းက ဘယ်လိုအဆုံးသတ်မလဲဆိုတာ မင်းမသိဘဲနဲ့ ဒါကို ဘယ်လိုသိနိုင်မှာလဲ ၊ မင်းက အကောင်းဆုံး ကောင်းမင် ဖြစ်ချင်ဖြစ်နေမှာပေါ့”