← Chapters

မိမိကိုယ်တိုင်အပေါ် ရက်စက်သူ

Vol. 25 Ch. 364

မိမိကိုယ်တိုင်အပေါ် ရက်စက်သူ

Vol. 25 Ch. 364

“ငါ ရူးနေတာ၊ ဒါပေမဲ့ ဘာလို့လဲဆိုတာတော့ မင်း မသိဘူးမို့လား”

ယွမ်ဟွေ့၏ မျက်နှာသည် ပုံပျက်နေခဲ့သည်။

ကြင်နာတတ်သော ကောင်းမင်သည် ယွမ်ဟွေ့ ဘာတွေပြောနေသည်ကို မသိခဲ့ပေ။

“ငါ ကိစ္စအများကြီးကို မေ့နေခဲ့ပြီ... တကယ်လို့ မင်းဒီလိုဖြစ်လာတာ ငါ့ကြောင့်ဆိုရင် ငါ မင်းကို တောင်းပန်ဖို့ ဆန္ဒရှိပါတယ် ၊ ပြီးတော့ မင်းအတွက် ပြန်လည်ဖြေရှင်းဖို့ ငါ ဘာမဆိုလုပ်ပေးပါ့မယ်!”

“ပြန်လည်ဖြေရှင်းမယ် ဟုတ်လား”

ယွမ်ဟွေ့၏အကြည့်များ မည်းမှောင်သွားသည်။

“အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ ! မင်းအသက်ကို ငါ့ကို ပေးလိုက်လေ!”

ယွမ်ဟွေ့သည် သူ့နောက်တွင် ဖွက်ထားသော ဓားကို ဆွဲထုတ်၍ကောင်းမင်ထံ ခုန်အုပ်လိုက်တော့သည်။

“ငါတို့ စကားပြောလို့ရတယ်လေ! ဒါက အထင်လွဲမှုတစ်ခု ဖြစ်မယ်ဆိုတာ သေချာတယ်!”

ကြင်နာတတ်သော ကောင်းမင်က အော်ဟစ်လိုက်သော်လည်း ယွမ်ဟွေ့က နားမထောင်ပေ။ သူသည် စူပါလူသားအမြန်နူန်းဖြင့် ကောင်းမင်နောက်သို့ ပြေးလိုက်သည်။

“သေစမ်း! သေစမ်း! အမှားတိုင်းက မင်းကြောင့် စတင်ခဲ့တာကွ! မင်းအသက်ကို သုံးပြီး အပြစ်ဖြေလိုက်!”

ယွမ်ဟွေ့၏ အော်ဟစ်သံများက အဆောက်အအုံအတွင်း ဝေးလံစွာ ပျံ့နှံ့သွားသည်။

“တိတ်တိတ်နေစမ်း ၊ တခြားအရာတွေကို ဆွဲဆောင်မိလိမ့်မယ်!”

ယွမ်ဟွေ့၏ အခန်းထဲတွင် အခြားလုံခြုံရေးအဖွဲ့ဝင်များ ရှိနေ၏။ သူတို့အားလုံး၏ လက်မောင်းများတွင် ဒဏ်ရာများ ရှိနေကြသည်။ ကြင်နာတတ်သော ကောင်းမင် နောက်သို့လှည့်ကြည့်လိုက်သည်။ ယွမ်ဟွေ့သည် သူထက် နှစ်ဆ ပိုမြန်ပေသည်။ သူသည် ဖြည်းဖြည်းချင်း သူ့နောက်သို့ လိုက်မီလာပြီး အခြားလူများကလည်း သူ့ကို ကူညီနေကြလေသည်။

“မကောင်းတော့ဘူး!”

ကြင်နာတတ်သော ကောင်းမင်က သူ၏ခြေလှမ်းများကို ပြန်လည်ခြေရာခံလိုက်သည်။ ပုန်းအောင်းနေသော ပုံမှန်ကောင်းမင်က သူ့ကို လက်ပြသည်။ ထိုနှစ်ဦးသည် အခန်းတစ်ခုတည်းတွင် ပုန်းအောင်းလိုက်ကြသည်။

“သူ့ခြေသံတွေ ဘယ်ရောက်သွားတာလဲ”

ယွမ်ဟွေ့သည် လှေကားပေါ်သို့ အပြေးအလွှား တက်လာပြီး တိတ်ဆိတ်နေသော ကော်ရစ်ဒါလမ်းကို ကြည့်လိုက်သည်။

“ပုန်းနေတယ်ပေါ့ ဟုတ်လား”

မျက်နှာပေါ်ရှိဆိုးယုတ်သော အပြုံးတစ်ခုဖြင့် ယွမ်ဟွေ့သည် ဘေးနှစ်ဖက်ရှိ တံခါးများကို သူ၏ သွေးထွက်နေသော လက်ချောင်းများဖြင့် ပွတ်သပ်လိုက်သည်။

“မင်းက ဘာလို့ ပြေးတာရပ်ပြီး ကြွက်တစ်ကောင်လို ပုန်းဖို့ ဆုံးဖြတ်လိုက်တာလဲ ၊ မင်းငါ့ကိုပေးခဲ့တဲ့ နာကျင်မှုထက် ဆယ်ဆ ပြန်ပေးဆပ်စေရမယ်”

ဓားသည် ဘယ်ဘက်ခြမ်းရှိ သစ်သားတံခါးပေါ်သို့ ကျဆင်းသွားသည်။ ယွမ်ဟွေ့သည် ခွေးရူးတစ်ကောင်သကဲ့သို့ တံခါးကို ဖျက်ဆီးပစ်လိုက်သည်။ မှောင်မဲနေသော အခန်းထဲသို့ သူကြည့်လိုက်သည်။

“ဒီမှာ မရှိဘူးလား”

ဘယ်ဘက်ခြမ်းရှိ ပထမဆုံး အခန်းသည် ဗလာဖြစ်နေ၏။ ယွမ်ဟွေ့ ဒုတိယအခန်းဘက်သို့ လှည့်လိုက်သည်။ သူသည် အသာစီးရနေသောကြောင့် အလျင်စလိုဖြစ်မနေချေ။

“ကောင်းမင်၊ မင်းသိလား ၊ ငါက ဝမ်ကျားနဲ့ စီဆန်းကိုတောင် မမုန်းဘူး ၊ ငါ့ကို အများဆုံး လှောင်ပြောင်တဲ့ ချင်ကျွင်းရန်ကိုတောင် ငါဂရုမစိုက်ဘူး ၊ ငါက မင်းကို မုန်းတာ ၊ မင်းက ငါ့ထက်ကို အားလုံးပိုဆိုးဝါးတယ် ၊ အပယ်ခံဖြစ်ရတာနဲ့ အနိုင်ကျင့်ခံရသူဖြစ်ရတာက ဘာလို့ မင်းမဖြစ်ခဲ့ရတာလဲ”

ဓားက တံခါးကို ခုတ်ပိုင်းလိုက်သည်။ ယွမ်ဟွေ့သည် ပွင့်နေသော သူ့ဒဏ်ရာဆီသို့ လက်လှမ်းလိုက်သည်။

“စီတုအန်းနဲ့ ကျိုးကျွင်းက ငါ့မိန်းမနဲ့ ငါ့ချစ်သူကို ထောင်ချောက်ဆင်ဖမ်းဆီးထားခဲ့တယ် ၊ ငါသာ အခန်း၁၃ က ကျောင်းသားအားလုံးကို ဟန်သဲ့ကိုယ်ပိုင်ကျောင်းဆီ လှည့်စားပြီး ဝတ်ပြုဓလေ့ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ရင် သူတို့ကို ပြန်ပေးမယ်လို့ ပြောခဲ့တယ် ၊ ပြီးတော့ သူတို့က ငါ့ကိုအဆုံးမဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ စွမ်းအားကိုလည်း ပေးဦးမှာ!”

ယွမ်ဟွေ့၏ အသံက မုန်းတီးမှုများဖြင့် စိမ့်ထွက်လာ၏။

“အစီအစဉ်က အောင်မြင်လုနီးပါးပဲ! ဒါပေမဲ့ မင်းက အဲဒါကို ဖျက်ဆီးပစ်တယ်!”

ယွမ်ဟွေ့က နောက်ထပ်တံခါးတစ်ချပ်ကို ကန်ချလိုက်သည်။

“ဟုတ်ပြီ! ဆက်ပုန်းနေလိုက်!”

ကော်ရစ်ဒါလမ်း၏ တစ်ဖက်စွန်းတွင် ယွမ်ဟွေ့၏အဖွဲ့သားများ ပေါ်လာကြသည်။ သူတို့ နက်နက်နဲနဲ မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့က ယွမ်ဟွေ့သည် အသံအလွန်ကျယ်လွန်းသည်ဟု ထင်ကြသည်။

“တိတ်တိတ်နေပါ!”

အမျိုးသမီးအဖွဲ့ဝင်က သူ့ကို သတိပေးသည် ။

“နင် သူ့ကို အရမ်းမုန်းတယ်ဆိုရင် နောက်ဆုံးတွေ့တုန်းက ဘာလို့ သူ့ကို မသတ်ပစ်ခဲ့တာလဲ ၊ သူ့ခန္ဓာကိုယ်ထဲက သရဲကို နင်ကြောက်လို့ မဟုတ်ဘူးလား”

“ပါးစပ်ပိတ်ထား!”

ယွမ်ဟွေ့၏ မျက်နှာတစ်ဝက်မှာ ပျက်စီးနေလေသည်။ သူသည် ရုပ်ဆိုးသော မကောင်းဆိုးဝါးကောင်လို ဖြစ်နေ၏။

အရပ်ရှည်ရှည်အဖွဲ့ဝင်က သူ့ဓားကို ထုတ်လိုက်သည်။

“ဓာတ်ပုံအပိုင်းအစက သူ့နှလုံးထဲကို ရောက်သွားပြီ ၊ သူဟာ အပိုင်းအစပေါ်က အမုန်းတရားတွေရဲ့ အပြည့်အဝ လွှမ်းမိုးခံလိုက်ရပြီ”

အမျိုးသမီးအဖွဲ့ဝင်က သက်ပြင်းချလိုက်သည်။ ကျင်းထောင်ရှန်းသည် သူ့လူများအား မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ မစ်ရှင်ကို ပြီးမြောက်သေချာစေရန် ဓာတ်ပုံအပိုင်းအစများအပေါ် ဖော်မပြနိုင်သော အရာများကို ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။

“ငါ ဘာတွေဖြတ်သန်းခဲ့ရလဲ မင်းမသိပါဘူး ၊ အထက်တန်းကျောင်းတုန်းက မင်းက ကောင်းမင်နဲ့ အတူတူပဲ! မင်း ဘာမှမလုပ်ခဲ့ဘူး၊ ဒါကြောင့် မင်းကိုလည်း အပေါင်းပါလို့ သတ်မှတ်တယ်!”

ဓားက တံခါးကို လှီးဖြတ်သွား၏။ ယွမ်ဟွေ့သည် ပိုကျယ်လောင်သောအသံကို ဖြစ်ပေါ်စေလိုက်သည်။ သူသည် တံခါးသုံးချပ်တိတိကို ဖျက်ဆီးပစ်ခဲ့သည်။ သူ စတုတ္ထတံခါးသို့ ရောက်သောအခါ သူ၏အဖွဲ့သားများက မခံမရပ်နိုင်ဖြစ်လာတော့သည်။ သူအား တားဆီးရန် လှုပ်ရှားလိုက်ကြသည်။

“ဖယ်စမ်း!”

ယွမ်ဟွေ့သည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေသည်။ သူသည် ဓားကို တံခါးထဲသို့ ထိုးသွင်းလိုက်သည်။

“ကောင်းမင်၊ မင်းရဲ့ အမှားအတွက် ပြန်မဖြေရှင်းချင်ဘူးလား ၊ မင်းက ဟန်ဆောင်တတ်တဲ့ ခွေးမသားပဲ၊ မင်းရဲ့စကားအတိုင်း ဘာလို့ မနေနိုင်ရတာလဲ”

ယွမ်ဟွေ့က စတုတ္ထတံခါးကို ဖျက်ဆီးပစ်လိုက်သည်။ သူသည် အော်ဟစ်ဆဲဆိုရင်း အခန်းထဲသို့ အတင်းဝင်သွားလေသည်။ မီးများ ပွင့်လာသောအခါ သူ၏ရုပ်ဆိုးသော အမူအရာသည် အေးခဲသွားပြီး ကျိန်ဆဲနေခြင်း ရပ်သွားသည်။

အရိပ်သည် သူ့မျက်နှာပေါ်တွင် ယိမ်းထိုးနေ၏။ ယွမ်ဟွေ့နှင့် သူ၏အဖွဲ့သားနှစ်ဦးသည် ကောင်းမင်အား ဧည့်ခန်းရှိ မီးလုံးချိတ်ဆွဲထားသည့်နေရာမှ ဆွဲကြိုးချထားသည်ကို တွေ့လိုက်ရသည်။ ဝါယာကြိုးများသည် သူ့လည်ပင်းပတ်လည်တွင် ရစ်ပတ်နေ၏။ သူ့မျက်နှာမှာ ခရမ်းရောင်သန်းနေပြီး မျက်လုံးများ ပြူးထွက်နေလေသည်။

“သူက သူ့ဘာသာ သတ်သေသွားတာလား”

အမျိုးသမီးအဖွဲ့ဝင်၏ မျက်လုံးများက တုန်ယင်သွား၏။ အရပ်ရှည်ရှည်အဖွဲ့ဝင်သည်လည်း ထိတ်လန့်သွားသည်။ ကြိုးဆွဲချထားသောအလောင်းသည် ချိန်သီးတစ်ခုကဲ့သို့ ယိမ်းထိုးနေလေသည်။ ဓားကိုင်ထားသော ယွမ်ဟွေ့၏လက်သည် လျော့ရဲသွား၏။ သူ အခန်းထဲသို့ ဝင်သွားလိုက်ပြီး ဝါယာကြိုးများကို လှီးဖြတ်ကာ ကောင်းမင်၏အလောင်းကို ကော်ရစ်ဒါသို့ ပစ်ထုတ်လိုက်သည်။

“သူ တကယ်သေသွားပြီပဲ ၊ သူက အပြစ်ရှိတယ်လို့ ခံစားရလို့ ကိုယ့်ကိုယ်ကို သတ်သေသွားတာလား”

အရပ်ရှည်ရှည်အဖွဲ့ဝင်က သူ့ကိုသူ မယုံနိုင်သေးပေ။

“ကိုယ့်ကိုယ်ကိုတောင် ဘယ်လောက်ရက်စက်လိုက်လဲ ၊ မင်းက မင်းရဲ့စကားတွေနဲ့ ငါတို့ပစ်မှတ်ကို သတ်ပစ်လိုက်တာပဲ”

“ဒါပေမဲ့ သူ့ခန္ဓာကိုယ်အပူချိန်က အရမ်းနိမ့်နေပြီး သူ့လည်ပင်းပတ်လည်က လည်ပင်းညှစ်ထားတဲ့အမှတ်အသားကလည်း မကိုက်ညီဘူး”

အမျိုးသမီးအဖွဲ့ဝင်သည် ယွမ်ဟွေ့ကို လျစ်လျူရှု၍ ကောင်းမင်၏ ရင်ဘတ်ကို လှီးဖြတ်လိုက်သည်။ ထို့နောက် သူမသည် သူမ၏လက်မောင်းဒဏ်ရာအား ကောင်းမင်၏ ရင်ဘတ်ဘေးတွင် ကပ်လိုက်သည်။

“ကျင်းထောင်ရှန်းက ငါတို့ခန္ဓာကိုယ်ထဲက လူသေဓာတ်ပုံဟာ ကောင်းမင်နဲ့ သက်ဆိုင်တယ်လို့ ပြောတယ် ၊ ဒီအလောင်းက တကယ်သူသာဆိုရင် ဓာတ်ပုံနဲ့ ပဲ့တင်ထပ်လာလိမ့်မယ်…”

သူမ စကားမဆုံးမီ ဓာတ်ပုံအပိုင်းအစသည် သွေးနံ့ခံလိုက်ရသော ပီရာနာငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။ ၎င်းသည် သူမ၏ဒဏ်ရာမှတစ်ဆင့် စီးထွက်သွားပြီး အလောင်း၏ ရင်ဘတ်ထဲသို့ ဝင်ရောက်သွားသည်။

“ဒါ အလုပ်ဖြစ်တယ်! ဒါ တကယ်ပဲ ကောင်းမင်ပဲ! ငါတို့ရဲ့ ပစ်မှတ်သုံးခုထဲက ပထမဆုံးတစ်ခုကို ဖယ်ရှားနိုင်ခဲ့ပြီ!”

ဓာတ်ပုံအပိုင်းအစက သူမ၏ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးနောက် သူမသည် အဆက်မပြတ် နာကျင်မှုများမရှိတော့ဘဲ ပိုမိုသက်သာသွားသည်ဟု ခံစားလိုက်ရသည်။

“ဒါက တော်တော်လွယ်တာပဲ ၊ ငါတို့သာ အပြင်မှာဆိုရင် ကောင်းမင်ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ၊ ကျေးဇူးတင်ရမှာက ကျင်းထောင်ရှန်းက ဌာနချုပ်နောက်ကွယ်က ဒီက နတ်ဘုရားတွေနဲ့ သဘောတူညီချက်ရထားလို့…”

အမျိုးသမီးအဖွဲ့ဝင်က သူ့ကိုယ်သူ သတိထားမိပြီး ပါးစပ်ပိတ်လိုက်သည်။

“ဆက်မပြောနဲ့တော့”

အရပ်ရှည်ရှည်အဖွဲ့ဝင်သည်လည်း သူ့ခန္ဓာကိုယ်ထဲမှ ဓာတ်ပုံအပိုင်းအစကို ဆွဲထုတ်လိုက်သည်။ သူသည် အလောင်းကိုပင် စိုးရိမ်သောကြောင့် ဓားဖြင့် ကောင်းမင်၏ ခြေလက်များကို ချိတ်ဆက်ထားသည့် အဆစ်များကို ဖြတ်တောက်ပစ်လိုက်သည်။

“ငါတို့ရဲ့ နောက်ထပ်ပစ်မှတ်က ဝမ်ကျားပဲ”

ယွမ်ဟွေ့တွင် စိုးရိမ်မှုများ ရှိနေသေးသော်လည်း ကော်ရစ်ဒါမှ ထူးဆန်းသော ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ရွှံ့ရုပ်တုကို ရရှိထားသော ဝမ်ကျားက အပေါ်ထပ်သို့ ပြေးတက်လာနေခြင်းဖြစ်သည်။ အဘွားအိုက သူ့နောက်သို့ ပြေးလိုက်နေလေသည်။ ဝမ်ကျားသည် လွတ်မြောက်ရန်အတွက် ရှိသမျှအကုန် ကြိုးစားခဲ့သော်လည်း အဆောက်အအုံအတွင်းတွင် သူ့စွမ်းအားများကိုလည်း ကန့်သတ်ခံထားရသည်။ မှတ်ဉာဏ်ဆုံးရှုံးခြင်းကို တားဆီးရန်အတွက်ပင် သူ မောပန်းနေပြီဖြစ်သည်။

“အရပ်ရှည်တဲ့တစ်ယောက်၊ ကောင်းမင်ရဲ့ အလောင်းကို သယ်လာခဲ့ ၊ ငါတို့ သွားကြည့်ကြမယ်”

ယွမ်ဟွေ့သည် ဓာတ်ပုံအပိုင်းအစအား ကောင်းမင်၏ရင်ဘတ်ထဲသို့ ထည့်သွင်းပြီးနောက် ဖြည်းညင်းစွာ တည်ငြိမ်လာခဲ့သည်။ သူသည် တစ်ခုခု မှားနေသည်ဟု ခံစားနေရဆဲဖြစ်သော်လည်း သူ့တွင် ပိုအရေးကြီးသည့် လုပ်ဆောင်စရာတစ်ခု ရှိနေသေးသည်။

All Chapters