← Chapters

ညီညွတ်မှု

Vol. 25 Ch. 366

ညီညွတ်မှု

Vol. 25 Ch. 366

အဖွဲ့တစ်၏ ခေါင်းဆောင်သည် သာမန်လုပ်ငန်းခွင်မှ နိုင်ငံသားတစ်ဦးကဲ့သို့ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထား၏။ သူ့အနီးရှိ လူများသာလျှင် သူမည်မျှ ကြောက်စရာကောင်းသည်ကို သိကြသည်။ ထိုအချိန်တွင် ကြင်နာတတ်သောကောင်းမင်နှင့် ပုံမှန်ကောင်းမင်တို့သည် သူ မည်မျှ ထူးခြားကြောင်းကို မသိခဲ့ကြပေ။ သူတို့သည် သူ့အား သန့်သန့်ရှင်းရှင်း ကူညီလိုခဲ့ကြခြင်းသာ ဖြစ်သည်။

ဒဏ်ရာရနေသော အဖွဲ့ဝင်နှစ်ဦးမှာ ကူညီခံခဲ့ရသည်။ သူတို့သည် ထိုကောင်းမင်နှစ်ဦးကို မြင်သောအခါ သူတို့ခေါင်းဆောင်ထက်ပင် ပိုမိုပြင်းထန်စွာ တုံ့ပြန်ခဲ့ကြသည်။ သူတို့၏ ပစ်မှတ်များမှာ ထိုအတိုင်း ရုတ်တရက် ပေါ်လာခဲ့ကြခြင်းပင်။ သူတို့တွင် ထိုသူများကို သတ်ဖြတ်ရန် စွမ်းရည်မရှိတော့ဘဲ ထိုသူများ၏ အကူအညီကိုသာ ခံယူခဲ့ရသည်။

သူတို့တွင် ရှုပ်ထွေးသော အတွေးများစွာ ရှိနေခဲ့သည်။ သူတို့ စိတ်ရှုပ်ထွေးမှုကို ခံစားခဲ့ကြရသည်။ သူတို့ လှုပ်ရှားချင်ကြသော်လည်း ယင်းမှာ ယုတ်ညံ့သည်ဟု ခံစားခဲ့ရသည်။ ခေါင်းဆောင်၏ မျက်နှာတွင်လည်း ရှုပ်ထွေးသောအသွင်အပြင်တစ်ခု ရှိနေလေသည်။ သို့သော်လည်း တွန့်ဆုတ်နေရမည့် အချိန်မဟုတ်ပါပေ။

“ငါတို့ ဒီမကောင်းဆိုးဝါးကို ရှောင်ရှားဖို့ သူ့ရဲ့ မြင်ကွင်းကနေ လွတ်မြောက်ဖို့ လိုတယ် ၊ ငါသူ့ကို ဒီနေရာမှာ ခုနစ်စက္ကန့်လောက်ထိန်းထားပေးမယ် ၊ အဲဒီအချိန်ကို သုံးပြီး အောက်ထပ်မှာ ပုန်းလိုက်ကြ!”

သူ၏ ဆံပင်နက်များသည် လျင်မြန်စွာ ဖြူဆွတ်သွားသည်။ သူ၏လက်ကောက်ဝတ်ရှိ နာရီသည် တချက်ချက်မြည်၏။ အချိန်လက်တံပတ်လည်တွင် ရစ်ပတ်နေသော မြူခိုးများက နောက်ပြန်ရွေ့လျားလာသည်။

“ပြေးတော့!”

ခေါင်းဆောင်က အော်ဟစ်လိုက်သည်။ သို့သော် သူ၏စွမ်းအင်များမှာ နာရီ၏စုပ်ယူခံလိုက်ရသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ယင်းကို မြင်သောအခါ ကြင်နာတတ်သော ကောင်းမင်သည် အံကြိတ်၍ ထိုလူကို ဖမ်းဆုပ်လိုက်သည်။ သူသည် ဒဏ်ရာရထားသူ နှစ်ဦးကို သယ်ဆောင်လိုက်ပြီး လှေကားများအတိုင်း အမြန်ပြေးဆင်းလိုက်သည်။ သူတို့တွင် သတ်မှတ်ထားသော လမ်းကြောင်းမရှိပေ။ ကျပန်းတံခါးတစ်ခုကို ရှာ၍ အထဲသို့ဝင်ပုန်းလိုက်ကြသည်။ သူတို့ အသက်အောင့်ထားပြီး မည်သည့်အသံမှ ပေးဝံ့ခြင်းမရှိပေ။ ခြေလက်များ၏ တဗြင်းဗြင်းအသံများ ဝေးသွားမှသာ သက်ပြင်းချနိုင်ခဲ့ကြသည်။

မကောင်းဆိုးဝါးသည် အခန်းများထဲသို့ အတင်းဝင်ရောက်ရန် သတ္တိမရှိပုံရသည်။ ၎င်းသည် စည်းမျဉ်းများထဲမှ တစ်ခုဖြစ်ဟန်ပင်။

ကြင်နာတတ်သော ကောင်းမင်က မီးများဖွင့်လိုက်ပြီး အခန်းထဲကို ရှာဖွေလိုက်သည်။ လုံခြုံရေးအဖွဲ့ဝင် သုံးဦးသည် စိတ်လှုပ်ရှားလာကြသည်။ ခဏအကြာတွင် ကြင်နာတတ်သော ကောင်းမင်သည် ဆေးသေတ္တာတစ်ခုနှင့်အတူ ပြန်ပေါ်လာ၏။ သူသည် ဒဏ်ရာရထားသူများကို ပတ်တီးစည်းပေးချင်နေခြင်းဖြစ်သည်။

“ငါက သေလူဖြစ်နေပါပြီ ၊ ဆေးတွေကို တခြားသူတွေအတွက် ထားလိုက်ပါ”

ခြေထောက် မျိုချခံလိုက်ရသော အမျိုးသားက ဆေးကုသရေးကို ငြင်းပယ်လိုက်သည်။ သူသည် ကောင်းမင်၏ ကယ်ဆယ်ခြင်းခံခဲ့ရသည်ကို မယုံနိုင်သေးပေ။

“ပတ်တီးစည်းဖို့ မလိုပါဘူး ၊ ဒါက ကျိန်စာတစ်ခုဆိုတော့ ပုံမှန်အတိုင်း မပျောက်ကင်းနိုင်ဘူး”

ခေါင်းဆောင်သည် အနည်းငယ် ပြန်သက်သာလာခဲ့သည်။ သူသည် ကောင်းမင်နှစ်ဦးကို ကြည့်၍ ဘာပြောရမှန်းမသိ ဖြစ်နေလေသည်။

“ခင်ဗျားတို့ စောနတုန်းက ကျွန်တော်တို့ နာမည်တွေကို ခေါ်ခဲ့တယ် ၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား”

ကြင်နာတတ်သော ကောင်းမင်က အသေးစိတ်အချက်အလက်တစ်ခုကို ဖမ်းဆုပ်မိလိုက်သည်။ အဖွဲ့တစ်၏ ခေါင်းဆောင်ရှေ့တွင် သူဒူးထောက်ထိုင်လိုက်သည်။

“ခင်ဗျားတို့ရဲ့ တုံ့ပြန်မှုအရ ခင်ဗျားတို့လည်း ကျွန်တော့်ကို မုန်းနေပုံပဲ”

“ဘာလို့လဲလား”

ခေါင်းဆောင်သည် ပြန်မဖြေဘဲ သူ့ကိုယ်ပိုင်မေးခွန်းကို မေးလိုက်သည်။

“အစောပိုင်းက ကျွန်တော်တို့ ယွမ်ဟွေ့နဲ့ ကြုံခဲ့တယ် ၊ သူက ခင်ဗျားတို့နဲ့ ယူနီဖောင်းအတူတူ ဝတ်ထားတာ ၊ သူက ကျွန်တော်တို့ရဲ့ အတန်းဖော် ဖြစ်သင့်ပေမဲ့ ကျွန်တော်တို့ကို အသေရရ အရှင်ရရ သတ်ဖို့ ကြိုးစားနေတယ်လေ”

ပုံမှန်ကောင်းမင်က ရေသန့်ဘူးတစ်ဘူးကို ထုတ်လိုက်သည်။ ရေကို တစ်ကျိုက်ကြီး သောက်ချလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆာလောင်မှုသည် ပိုမိုထင်ရှားလာခဲ့သည်။

“မင်း ယွမ်ဟွေ့ကို မှတ်မိပေမဲ့ ငါတို့ကို မမှတ်မိဘူးလား!”

ခေါင်းဆောင်၏အကြည့်များသည် ကောင်းမင်၏ ကျောင်းဝတ်စုံပေါ်တွင် ရှိနေ၏။ သူ့စိတ်ထဲတွင် အယူအဆတစ်ခု ပေါ်လာလေသည်။

“မင်းတို့ရဲ့ မှတ်ဉာဏ်က အထက်တန်းကျောင်းတုန်းကနှစ်တွေမှာပဲ ရပ်တန့်နေတာလား”

ပုံမှန်ကောင်းမင် ဖြေချင်သော်လည်း ကြင်နာတတ်သော ကောင်းမင်က တားလိုက်သည်။ နောက်တစ်ဦးသည် ကြင်နာတတ်သော်လည်း တုံးအသူမဟုတ်ပေ။

“စိတ်မပူပါနဲ့ ၊ မင်းတို့က ငါတို့ သုံးယောက်ကို ကယ်ခဲ့တာပါ ၊ ငါတို့ မင်းတို့ကို ထိခိုက်အောင် ဘာမှလုပ်မှာ မဟုတ်ပါဘူး ၊ အနည်းဆုံး ငါတို့ ဒီအဆောက်အအုံထဲမှာ ရှိနေသရွေ့ပေါ့”

ခေါင်းဆောင်က ထိုသို့ပြောလိုက်သည်နှင့် အခြားနှစ်ဦးက သတိထားကြည့်နေခြင်းကို ရပ်လိုက်သည်။

“အခု ၊ မင်းတို့က ဘာလို့ နှစ်ယောက်တောင်ရှိနေရတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား”

“ကျွန်တော်တို့လည်း ဘာကြောင့်မှန်း မသိဘူး”

ပုံမှန်ကောင်းမင်က ခေါင်းခါလိုက်သည်။

“ကျွန်တော်တို့မှာ ဇူလိုင်လ ၁၄ ရက်နေ့အထိပဲ မှတ်ဉာဏ်ရှိတယ် ၊ ကျွန်တော်တို့က ဒီနေရာကနေ ထွက်ပြေးဖို့ စီစဉ်နေကြတာလေ ၊ ခင်ဗျားတို့လည်း ကျွန်တော်တို့နဲ့ လိုက်ချင်လား”

“ခဏလေး ၊ ခင်ဗျားတို့က ဘာလို့ ကျွန်တော်တို့ကို လိုက်နေတာလဲဆိုတာ ပြောပြနိုင်မလား”

ကြင်နာတတ်သော ကောင်းမင်သည် သူတို့၏ယူနီဖောင်းကို လက်ညှိုးထိုးပြသည်။

“ယွမ်ဟွေ့ကလည်း ဒီယူနီဖောင်းကို ဝတ်ထားတယ် ၊ သူက ခင်ဗျားတို့ ဝတ်ထားတဲ့ အနီရောင်လက်ပတ်ကိုလည်း ဝတ်ထားတယ်”

ခေါင်းဆောင်က မလိမ်ညာခဲ့ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။ ကောင်းမင် ရေသေဖိုရမ်ကို စတင်ခဲ့ပုံ ၊ကေကို သတ်ခဲ့ပုံ၊ လီစန်းဆေးရုံတွင် လုံခြုံရေးအဖွဲ့နှင့် တိုက်ခိုက်ခဲ့ပုံ အစရှိသဖြင့် သူသိသမျှ အားလုံးကို ပြောပြလိုက်သည်။ သူ့ဖော်ပြပုံအရ ကောင်းမင်သည် ဟန်ဟိုင်းတွင် မြေအောက်လောက၏ဘုရင်ကဲ့သို့ ထင်ရလေသည်။

“ငါတို့က အဲဒီလောက် အံ့ဩစရာကောင်းတာလား”

ကောင်းမင်နှစ်ဦးလုံး အံ့သြသွားကြသည်။ သို့သော် ပုံမှန်ကောင်းမင်သည် မကြာမီ စိတ်တည်ငြိမ်သွားသည်။ အခန်း ၀၇၁၅များ အများအပြား ရှိခဲ့သည်။ ရွေးချယ်မှုတစ်ခုစီတိုင်းသည် ကောင်းမင်တစ်ဦးကို ကိုယ်စားပြုလေသည်။ သူတို့ထဲမှ အကောင်းဆုံးတစ်ဦးက ထိုသို့သော အဆင့်အတန်းကို သေချာပေါက်ရောက်ရှိလိမ့်မည်ဖြစ်သည်။

“စုံစမ်းစစ်ဆေးရေးဌာနချုပ်ရဲ့ ဒီလောက်ထိ ပစ်မှတ်ထားခံရဖို့ဆိုတာ မင်းတို့က အံ့ဩစရာကောင်းတာထက် ပိုပါတယ်”

ခေါင်းဆောင်က ဝမ်းနည်းစွာ ပြုံးလိုက်သည်။

“မင်းတို့က ငါတို့နဲ့ ယွမ်ဟွေ့တို့ရဲ့ ပစ်မှတ်ပဲ ၊ ဌာနချုပ်က မင်းတို့ကို သတ်ဖြတ်ဖို့ ထောင်ချောက်ဆင်မယ့် လူရွေးပွဲတစ်ခုလုံးကိုတောင် စီစဉ်ခဲ့သေးတယ်”

“ကျွန်တော့်ကို သတ်ဖို့သက်သက်ပဲတဲ့လား”

ပုံမှန်ကောင်းမင်က ခေါင်းခါလိုက်သည်။

“ကျွန်တော်တို့က ခုနက အိပ်ခန်းထဲမှာ ပုန်းနေခဲ့တာ ၊ ဒါပေမဲ့ တံခါးက နည်းနည်းလေး ပွင့်နေတော့ ယွမ်ဟွေ့ရဲ့ လူတွေက ဒီတစ်ကြိမ် သူတို့မှာ ပစ်မှတ်သုံးခုရှိတယ်လို့ ပြောနေတာကို ကျွန်တော်ကြားလိုက်ရတယ် ၊ ကျွန်တော်က အဲ့ဒီထဲက တစ်ယောက်ပဲ”

“သုံးယောက်”

ခေါင်းဆောင်ဖြစ်သူ မျက်ခုံးပင့်လိုက်သည်။

“ကျန်တဲ့နှစ်ယောက်က ဘယ်သူတွေလဲ”

“ဒုတိယပစ်မှတ်ကို ဝမ်…လို့ ခေါ်တယ်”

ပုံမှန်ကောင်းမင်က စဉ်းစားရန် ကြိုးစားလိုက်သည်။

“ဟုတ်တယ် ၊ ဝမ်ကျားတဲ့! သူတို့ရဲ့ ဒုတိယပစ်မှတ်က အပေါ်ထပ်ကို ဦးတည်နေလို့ ကျွန်တော်တို့ ထွက်ပြေးနိုင်ခဲ့တာ ၊ သူတို့က သူ့နောက်ကိုလိုက်ဖို့ ထွက်သွားကြတယ်”

ကောင်းမင်ဆီမှ ထိုနာမည်ကို ကြားလိုက်ရသောအခါ ထိုသုံးဦးလုံး ချွေးအေးများ ပျံသွားစေသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“မဖြစ်နိုင်ဘူး! ဌာနချုပ်က ဝမ်ကျားကို အလွန်တန်ဖိုးထားတာပဲ ၊ ငါတို့ကလည်း ဌာနချုပ်ရဲ့ အသန်မာဆုံး လုံခြုံရေးအဖွဲ့ပဲ!”

ခြေထောက်ဆုံးရှုံးထားသော အမျိုးသားက ကောင်းမင်ဆီသို့ တွားသွားရင်း

“မင်း ငါတို့ကို သွေးခွဲဖို့ ကြိုးစားနေတာပဲ!”

“ဝမ်ကျား ဘယ်သူမှန်းတောင် ကျွန်တော်မသိဘူးလေ!”

ပုံမှန်ကောင်းမင်က အကူအညီမဲ့စွာ ပြောလိုက်သည်။ သူသည် လိမ်ညာတတ်ပုံပင် မပေါ်ပေ။

“ဌာနချုပ်မှာ ဝမ်ကျားနဲ့ ပတ်သက်ပြီး ပြဿနာတွေ အများကြီး ရှိနေတာတော့ အမှန်ပဲ ၊ ဖွဲ့စည်းပုံအရဆိုရင် သူက ကျင်းထောင်ရှန်းရဲ့ အထက်မှာ ရှိသင့်တာ ၊ ဟန်ဟိုင်းက ပြဿနာတွေသာ မရှိခဲ့ရင် ဌာနချုပ်က သူ့ကို ဒီကိုရွှေ့ပြောင်းမှာ မဟုတ်ဘူး”

အဖွဲ့တစ်၏ခေါင်းဆောင်သည် လျှို့ဝှက်ချက်များစွာကို သိသည်။

“ဒါပေမဲ့ ဌာနချုပ်က ဝမ်ကျားကို သေစေချင်မှာ မဟုတ်ဘူး ၊ သူတို့က ကျင်းထောင်ရှန်းနဲ့ သုတေသနဌာနကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားဖို့ သူ့ကိုလိုအပ်တယ်”

“ဆိုတော့… ဝမ်ကျားကို သတ်ချင်တာက ကျင်းထောင်ရှန်းလား”

ပုံမှန်ကောင်းမင်က ခန့်မှန်းလိုက်သည်။

“ရွှံ့ရုပ်တုတွေက သရဲတက်တူးတွေကို ဖိနှိပ်နိုင်ပြီး ငါတို့ကို သာမန်လူသားတွေအဖြစ် ပြောင်းလဲပေးနိုင်တယ် ၊ ကျင်းထောင်ရှန်းက သူ့ကိုဆန့်ကျင်တဲ့ အသံအားလုံးကို မြေမြှုပ်ပစ်ဖို့ ဒီမူမမှန်မှုကို အသုံးချချင်နေတာလား”

ခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးသူငယ်အိမ်များ တုန်ယင်သွားသည်။

“ဒါကြောင့် အဖွဲ့နှစ်ရဲ့ ဒုတိယခေါင်းဆောင် ကျိုးယင်က ငါတို့ကို သူ့ဆီအမြန်သွားဖို့ တိုက်တွန်းခဲ့တာ အံ့ဩစရာမရှိတော့ဘူး ၊ ကျင်းထောင်ရှန်းက ဝမ်ကျားရဲ့ မျက်လုံးတွေကို သူ့အတွက် အမြဲတမ်း လိုချင်နေခဲ့တာပဲ!”

“ဒါပေမဲ့ ကျုပ်တို့ရဲ့ ဒီလိုအခြေအနေနဲ့ ခေါင်းဆောင်ကို မကူညီနိုင်ဘူးလေ”

ခြေထောက်ပျောက်ဆုံးနေသော အဖွဲ့ဝင်က နာကျင်စွာ ပြောသည်။

“ကျုပ်တို့ သူ့ဆီသွားရင်တောင် သူ့အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်လိမ့်မယ်”

All Chapters