← Chapters

ပထမထပ်

Vol. 25 Ch. 367

ပထမထပ်

Vol. 25 Ch. 367

“အားလုံးရဲ့ အရင်းအမြစ်က ငါတို့ရဲ့ သရဲတက်တူးစွမ်းအားတွေဆုံးရှုံးလိုက်ရလို့ပဲ ၊ငါတို့ ဒါကို ပြန်ရဖို့ နည်းလမ်းရှာရမယ် “

အဖွဲ့ခေါင်းဆောင်က ဝမ်ကျားကို အလျင်စလိုလိုက်မရှာသေးဘဲ ကောင်းမင်ကို ကြည့်လိုက်သည်။

"မင်းရဲ့လက်ရှိအခြေအနေက ရွှံ့ရုပ်တုတွေနဲ့ သက်ဆိုင်နေတယ် ၊ မင်းကိုကူညီဖို့ ငါ တတ်နိုင်သမျှ ကြိုးစားပေးနိုင်တယ် ၊ ဒါပေမဲ့ ဒီမူမမှန်မှုထဲမှာ ငါတို့လုံခြုံရေးအဖွဲ့ဝင်တွေကို မထိခိုက်ဖို့ မင်းကတိပေးမယ်လို့ ငါမျှော်လင့်ပါတယ်"

"သေချာတာပေါ့"

ကြင်နာတတ်သော ကောင်းမင်က သူ့အား ကတိပေးသည်။

"ဒါကို ပြောဖို့ ကျွန်တော်စဉ်းစားနေတာ ကြာပြီ ၊ ကျွန်တော်တို့ကြားက ပဋိပက္ခဟာ နားလည်မှုလွဲမှားတာ ဖြစ်နိုင်တယ် ၊ ကျွန်တော် 'ကေ' ကို သတ်ခဲ့တယ်လို့ ခင်ဗျားပြောပေမဲ့ ခင်ဗျားကိုယ်တိုင် မြင်ခဲ့တာ မဟုတ်ဘူးလေ ၊ ကျင်းထောင်ရှန်းက ခင်ဗျားကို ပြောခဲ့တာပဲ ၊အဲဒီနောက် ခင်ဗျားတို့က ကျွန်တော့်ကို သတ်ဖို့ လီစန်းဆေးရုံကို လိုက်လာခဲ့တော့ ကျွန်တော့်ကိုယ်ကျွန်တော် ခုခံကာကွယ်ဖို့ အတင်းအကျပ်ဖြစ်ခဲ့ရသလိုပဲ!"

"မှန်တယ် ၊ ဒီမှာ ငါတို့က နစ်နာသူတွေလို ဖြစ်နေတာပဲ!"

ပုံမှန်ကောင်းမင်က ထောက်ခံလိုက်သည်။ ကျောင်းသားနှစ်ဦးစလုံးသည် အလွန်ရိုးသားကြသည်။ ထို့ပြင် သူတို့သည် လုံခြုံရေးအဖွဲ့ဝင်များကို အခုလေးတင် ကယ်တင်ခဲ့ကြသေးသည်။ ကောင်းမင်တို့၏ ပြုမူပုံသည် ကျင်းထောင်ရှန်းပေးခဲ့သော အချက်အလက်များနှင့် လုံးဝကွဲပြားနေသည်။

"ငါတို့ ဟန်ဟိုင်းကို ပြန်ရောက်ပြီးကတည်းက ကျင်းထောင်ရှန်းက ပူးပေါင်းကြံစည်နေခဲ့တာလား"

အဖွဲ့တစ်၏ခေါင်းဆောင်သည် စိတ်ရှုပ်ထွေးသွား၏။ ကျင်းထောင်ရှန်းသည် ဝမ်ကျား၏ မျက်လုံးများကို မည်မျှအသဲအသန်လိုချင်နေသည်ကို သူသိသည်။

"တကယ်လို့ ဝမ်ကျား တစ်ခုခုဖြစ်သွားခဲ့ရင် ကျင်းထောင်ရှန်းက လုံခြုံရေးဌာနကို အလွယ်တကူ သိမ်းပိုက်လိမ့်မယ် ၊ အဲဒီလောက် စွမ်းအားကြီးရင် ဘယ်သူမှ သူ့ကို ရပ်တန့်နိုင်တော့မှာ မဟုတ်ဘူး"

သူစဉ်းစားလေလေ ပို၍ စိုးရိမ်လာလေလေ ဖြစ်သည်။

"ကောင်းမင်၊ ငါတို့က ရန်သူတွေ ဖြစ်ခဲ့ပေမဲ့ မင်းက ငါ့ထက်ပိုအထင်ကြီးစရာကောင်းတယ်ဆိုတာ ငါဝန်ခံရမယ် ၊ မင်းရဲ့ လက်ရှိအခြေအနေမှာတောင် မင်းမှာ ဝှက်ဖဲချပ်တစ်ချပ် ကျန်နေသေးတယ်လို့ ငါခံစားရတယ် ၊ ငါ မင်းရဲ့စွမ်းအား အသုံးချဖို့လိုတယ်"

"ဒီဝှက်ဖဲအကြောင်း ကျွန်တော်ဘာလို့မသိရတာပါလိမ့်"

ကြင်နာတတ်သော ကောင်းမင်က တံခါးဆီသို့ လျှောက်သွားသည်။

"ထားပါတော့ ၊ ကျွန်တော်တို့ အချိန်ဖြုန်းတာ တော်သင့်ပြီ ၊ ဒီနေရာကနေ ထွက်သွားဖို့ ကြိုးစားသင့်ပြီ ၊ ဒီနေရာက တတိယထပ်ပဲ ၊ကျွန်တော်တို့ မကြာခင် ထွက်နိုင်တော့မှာပါ"

"ဒါက မဖြစ်နိုင်ဘူး"

အဖွဲ့တစ်၏ခေါင်းဆောင် သက်ပြင်းချလိုက်သည်။

"မင်းတို့ ပထမထပ်ကိုရောက်သွားရင် ထွက်ပေါက်မရှိဘူးဆိုတာ တွေ့ရလိမ့်မယ်"

ကောင်းမင်နှစ်ယောက်လုံး၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ ထိုလူသည် သူတို့ကို လိမ်ညာနေစရာ အကြောင်းမရှိပါပေ။

"မင်းတို့ မယုံဘူးဆိုရင် ငါလိုက်ပို့ပေးလို့ရတယ်"

ခေါင်းဆောင်က သူ့လူနှစ်ယောက်ကို အခန်းထဲ ပုန်းခိုင်းထားလိုက်သည်။ လျှို့ဝှက်ကုဒ်ကို ဆွေးနွေးလိုက်ကြပြီးနောက် ထိုလူက သူ့လူများကိုယူနီဖောင်းများ ချွတ်ရန် ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် သူတို့ရဲ့အဝတ်အစားတွေ၊ ဦးထုပ်တွေနဲ့ မျက်နှာဖုံးတွေ ဝတ်လိုက်ကြပါ"

"ဒါပေမဲ့ ကျွန်တော့်မှာ အတွင်းခံမပါဘူးလေ"

ပုံမှန်ကောင်းမင်မှာ ရှပ်အင်္ကျီတစ်စုံသာ ရခဲ့သည်။

"ငါ့ဟာကို ဝတ်လိုက်ပါ"

ခေါင်းဆောင်က သူ၏ ယူနီဖောင်းကို ချွတ်လိုက်သည်။

"မင်းတို့ ကျောင်းယူနီဖောင်းကို မထုတ်ဖော်မိစေနဲ့ ၊ မင်းတို့မျက်နှာကိုလည်း တခြားလူတွေ မမြင်စေနဲ့ ၊ စကားလည်း မပြောကြနဲ့"

အားလုံး ပြင်ဆင်ပြီးနောက် ခေါင်းဆောင်သည် တံခါးတွင် ထောင်ချောက်နှစ်ခု ဆင်လိုက်ပြီး ကောင်းမင်နှစ်ဦးနှင့်အတူ ထွက်ခွာသွားသည်။ ကော်ရစ်ဒါသည် မှောင်မိုက်နေဆဲဖြစ်သည်။ အချိန်ကုန်လာသည်နှင့်အမျှ အိမ်ရာသည် အသက်ဝင်လာသကဲ့သို့ ဖြစ်လာခဲ့သည်။ အခန်းအမျိုးမျိုးမှ အော်ဟစ်သံများ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာခဲ့သည်။

"ငါတို့ရဲ့ မှတ်ဉာဏ်တွေက ဝေဝါးလာနေပြီ ၊ သူတို့အနေနဲ့ သူတို့ရဲ့ အဖွဲ့သားတွေကို မေ့သွားဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူး ၊ အခြေအနေတွေက ပိုဆိုးလာရုံပဲ ရှိလိမ့်မယ်"

ခေါင်းဆောင်၏ ဆံပင်များမှာ ဖြူဆွတ်လာနေခဲ့သည်။ သူသည် အသက်ကြီးလာပုံရသည်။

"မင်းတို့ သရဲတွေထက် လူတွေကို ပိုပြီး ဂရုစိုက်မှ ရမယ်"

သုံးယောက်သား လှေကားမှ ပထမထပ်သို့ ဆင်းလာကြသည်။ လုံခြုံရေးတံခါးကို ဖွင့်လိုက်သောအခါ သွေးနံ့တစ်မျိုးက သူတို့အား သိသိသာသာ ရိုက်ခတ်လိုက်သည်။ ပုံမှန်ကောင်းမင်သည် အော့အန်ချင်သလို ဖြစ်သွား၏။ ပထမထပ်ရှိ တံခါးအားလုံးကို အတင်းအကျပ်ဖွင့်ထားခဲ့ခြင်းဖြစ်သည်။ တံခါးလက်ကိုင်အချို့တွင် သွေးများ စွန်းထင်းနေလေသည်။ ကော်ရစ်ဒါများတွင် သွေးများနှင့် စုတ်ပြဲနေသောအဝတ်အစားများ ပြည့်နှက်နေသည်။ သူတို့သည် တိုက်ခန်းထဲ၌ နှစ်နာရီပင် မပြည့်သေးသော်လည်း အချို့မှာမူ လုံးဝထိန်းချုပ်မှုကင်းမဲ့သွားခဲ့ကြပြီဖြစ်သည်။

ဗြုန်း!

ပထမထပ်ကော်ရစ်ဒါရှိ ပြတင်းပေါက်များ ကွဲကြေသွားသည်။ ခြောက်ခြားဂိမ်းကစားသမားနှစ်ဦးသည် ပြတင်းပေါက်များမှတစ်ဆင့် လက်များကို ဆန့်ထုတ်လိုက်ကြသည်။ သူတို့သည် လုံခြုံရေးသံဇကာကို ဖြတ်တောက်ရန် ကိရိယာများကို အသုံးပြုလိုနေခြင်းဖြစ်သည်။ သို့သော်လည်း အဆောက်အအုံအပြင်ဘက်မှ တစ်စုံတစ်ခုက လျှပ်တစ်ပြက် ဖြတ်သန်းသွား၏။ သူတို့၏ လက်များမှာ သွေးများပန်းထွက်လျက် ပေါက်ကွဲသွားသည်။ သူတို့သည် အော်ဟစ်ရင်း နောက်သို့ ဆုတ်ခွာသွားကြသည်။ သူတို့၏ လက်များမှတစ်ဆင့် အမည်မသိကျိန်စာများ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာတော့သည်။

"အဲဒါကို မင်းတို့ မြင်တယ်မလား ၊ ငါတို့ ထွက်သွားနိုင်ရင်တောင် အပြင်မှာ မလုံခြုံဘူး ၊ အမှောင်ထဲမှာ ပုန်းနေတဲ့ မကောင်းဆိုးဝါးတွေ ရှိနေတယ်"

အဖွဲ့တစ်၏ခေါင်းဆောင်က သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သူသည်လည်း သူ၏ သရဲတက်တူးစွမ်းအားကို ပြန်မရမီတွင် အဆောက်အအုံထဲမှ ထွက်မသွားဝံ့ခဲ့ပေ။

"အဆောက်အအုံထဲက သရဲတွေက လူတွေကို အခန်းထဲအထိ လိုက်မဖမ်းဘူး ၊ အဆောက်အအုံအပြင်ဘက်က သရဲတွေကလည်း လူတွေကို အဆောက်အအုံထဲက မထွက်သရွေ့ လိုက်မဖမ်းဘူး ၊ ဒီကသရဲတွေက ငါတို့အားလုံးကို သတ်ပစ်နိုင်တဲ့ စွမ်းအားရှိပေမဲ့ သူတို့က စည်းမျဉ်းတချို့ကို လိုက်နာနေကြပုံရတယ်"

ကြင်နာတတ်သော ကောင်းမင်က မျက်နှာဖုံးနောက်တွင် ပုန်းအောင်းနေရင်း ပြောလိုက်သည်။

"ဒီနေရာပိုင်ရှင်က ကျွန်တော်တို့ကို သတ်ချင်တာမဟုတ်လောက်ဘူး ၊ သူက ကျွန်တာ်တို့ကို အသက်ရှင်လျက် လိုအပ်တယ် ၊ သေချာတာကတော့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုလည်း ရှိတယ်…"

"ဘယ်လို ဖြစ်နိုင်ခြေလဲ"

အဖွဲ့တစ်၏ခေါင်းဆောင်က အံ့အားသင့်သွားသည်။ ဤကောင်းမင်သည် အလွန်ထက်မြက်သည်ဟု သူထင်မိသည်။

"ခင်ဗျားပြောတာတွေကို အခြေခံပြီး ပြောရရင် ဝမ်ကျားနဲ့ ကျွန်တော်က အရမ်းကို အစွမ်းထက်တယ် ၊ အဆောက်အအုံပိုင်ရှင်က ကျွန်တော်တို့ရဲ့ စွမ်းအားတွေနဲ့ မှတ်ဉာဏ်တွေကို ဖယ်ရှားပစ်ဖို့ ကြီးမားတဲ့ တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရမှာ သေချာတယ်"

ကောင်းမင်သည် ခဏတုံ့ဆိုင်းသွားပြီးမှ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"ဒီတရားခံက ကျွန်တော်တို့ကို တိုက်ရိုက်သတ်ဖို့ အရမ်းအားနည်းနေတာ ၊ ဒါကြောင့် သူက ကျွန်တော်တို့အချင်းချင်း ပြန်သတ်အောင် ဒီလိုအလီဘိုင်တစ်ခု စီစဉ်လိုက်တာပဲ"

အစောပိုင်းက ခြောက်ခြားဂိမ်းကစားသမားနှစ်ဦးမှာ အော်ဟစ်ညည်းညူနေကြဆဲဖြစ်သည်။ ကြင်နာတတ်သော ကောင်းမင်က လျှောက်သွားလိုက်ပြီး သူတို့၏ ဒဏ်ရာများပေါ်တွင် ဆေးထည့်ပေးလိုက်သည်။ ကျိန်စာများပျောက်ကွယ်မသွားသော်လည်း သူတို့၏ နာကျင်မှုကိုတော့ သက်သာစေခဲ့သည်။

ကစားသမားနှစ်ဦးက သူ့အား ကျေးဇူးတင်စကား ပြောလိုက်စဉ် ကြင်နာတတ်သော ကောင်းမင်က ပြတင်းပေါက်သို့ ချည်းကပ်သွားသည်။ အပြင်ဘက်မှ လေထုသည် သူ့မျက်နှာဆီသို့ သွေးနံ့တချို့ သယ်ဆောင်လာခဲ့သည်။ သူ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

"မသိရတဲ့အရာက ကြောက်စရာအကောင်းဆုံးပဲ ၊ ကျွန်တော်တို့ထဲက ဆယ်ယောက်ကျော်လောက် တစ်ချိန်တည်း ပြေးထွက်သွားကြရင် အဲဒီမကောင်းဆိုးဝါးကို အာရုံပြောင်းသွားစေပြီး သူ့အားနည်းချက်ကို သိနိုင်လောက်တယ်"

"အဲဒါက လှပတဲ့အိပ်မက်တစ်ခုပါပဲ"

ကြွက်သားများဖြင့် တောင့်တင်းသန်မာသော အမျိုးသမီးတစ်ဦးသည် အနီးနားရှိ အခန်းတစ်ခန်းမှ ထွက်လာလေသည်။ သူမဘေးတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိသည်။

"ဒီမှာရှိတဲ့လူတိုင်းက ကောက်ကျစ်စဉ်းလဲပြီး ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိကြတယ် ၊ သူတို့ကို တစ်ကိုယ်ကောင်းမဆန်ဖို့ စည်းရုံးတာက သူတို့အသက်ကို တောင်းနေတာနဲ့ အတူတူပဲ"

သူတို့သည် ကောင်းမင်၏ ကြင်တတ်နာသော အပြုအမူကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ရန်ရွေးချယ်ခဲ့ကြသည်။

"ငါ့နာမည်က အိုးရန်စုစုပါ ၊ ငါက ခဲလုံးပစ် အားကစားသမားတစ်ယောက်ပဲ ၊ ဒါက ငါ့ယောကျ်ား ၊သူ့ကို ဒေါက်တာလီလို့ ခေါ်လို့ရတယ်"

အိုရန်စုစုသည် ကြင်နာတတ်သော ကောင်းမင်ထံသို့ ချဉ်းကပ်ရန် ကြိုးစားလိုက်ချိန်တွင် အဖွဲ့တစ်ခေါင်းဆောင်က သူတို့ကြားထဲ အလျင်အမြန်ပြေးရပ်လိုက်သည်။

"ကျုပ်တို့ကြားမှာ အကွာအဝေးတစ်ခု ထားသင့်တယ်လို့ ထင်တယ်နာ်"

အဖွဲ့တစ်၏ခေါင်းဆောင်က အိုးရန်စုစုကို ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်များက ကော်ရစ်ဒါတစ်လျှောက် ရွေ့လျားသွား၏။

"ခင်ဗျားတို့ ပုန်းနေတာ ရပ်လိုက်လို့ရပြီ ၊ ကိုယ့်ဘာသာကိုယ် ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးနော် ၊ ကျုပ်တို့ အတူတူ ပူးပေါင်းကြမလား"

အဖွဲ့တစ်ခေါင်းဆောင်သည် ကစားသမားများ၏ စွမ်းအားကို အသုံးချလိုသော်လည်း အဆောက်အအုံထဲဝင်လာသူ ဘယ်သူကမှ လူအ များ မဟုတ်ကြပေ။

ဖော်ထုတ်ခံလိုက်သဖြင့် အချို့က ပထမထပ်မှ ထွက်သွားရန် ရွေးချယ်လိုက်ကြသည်။ အခြားလူများကတော့ အဖွဲ့တစ်ခေါင်းဆောင်ကို လျစ်လျူရှုရန် ရွေးချယ်လိုက်ကြသည်။

"မစ္စ အိုးရန်၊ ဒေါက်တာ လီ၊ ပထမထပ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ ၊ ထွက်ပေါက်တစ်ခု ရှိပါသလား"

ကြင်နာတတ်သော ကောင်းမင်က ယဉ်ကျေးစွာ မေးလိုက်သည်။

ကြင်နာတတ်သော ကောင်းမင်၏အသံကို တစ်ဖန်ပြန်ကြားလိုက်ရသောအခါ ဒေါက်တာလီနှင့် အိုးရန်စုစုတို့က သူတို့၏မျက်နှာအမူအရာများကို ထိန်းချုပ်ရန် ကြိုးစားလိုက်ကြသည်။ အစောပိုင်းကတည်းက ကြင်နာတတ်သော ကောင်းမင်၏အသံသည် သူတို့သိသည့် တစ်စုံတစ်ယောက်အသံနှင့် ဆင်တူသည်ဟု ယူဆထားခဲ့ကြသည်။ ထိုအချိန်တွင် သူတို့၏ သံသယကို အတည်ပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုစုံတွဲက ဘာမှ မပြောခဲ့ကြပေ။ အစ်ကိုလီ၏ ရှုထောင့်အရဆိုလျှင် ကောင်းမင်သည် စုံစမ်းစစ်ဆေးရေးဌာနထဲသို့ ဖောက်ထွင်းဝင်ရောက်ရန် လျှို့ဝှက်လုပ်ဆောင်နေသူ ဖြစ်ရမည်။ မဟုတ်ရင် သူက စုံစမ်းစစ်ဆေးရေးဌာနက လူတွေနဲ့ ဘာလို့ အတူရှိနေမှာလဲ။

ချောင်းခြောက်တစ်ချက်ဟန့်လိုက်ပြီး အစ်ကိုလီက ကော်ရစ်ဒါအလယ်ရှိ အခန်းတစ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။

"ထွက်ပေါက်ရှိရမယ့် နေရာမှာ အဲဒီအခန်း ပေါ်လာခဲ့တယ် ၊ အဲဒီအခန်းမှာ ထူးဆန်းတဲ့ အခန်းနံပါတ်တစ်ခု ရှိနေတယ်"

All Chapters