စုဆုံခြင်း
Vol. 25 Ch. 369
“ကောင်းယန်လား၊ အခန်း၁၃က ၅၁ယောက်မြောက်ကျောင်းသားလား “
ကြင်နာတတ်သောကောင်းမင်က အလျင်အမြန်စဉ်းစားလိုက်သည်။
“သူက ငါတို့ အတန်းဖော်လား”
“ဒီနာမည်က ငါ့အတွက် အရမ်းရင်းနှီးနေတယ် ၊ ငါတို့ကို သူ့ကို သိရမှာဆိုပေမယ့် ငါသူ့ကို မမှတ်မိဘူးဖြစ်နေတယ်”
ပုံမှန်ကောင်းမင်က ခေါင်းခါလိုက်သည်။ စပီကာအဟောင်းများသည် အရည်အသွေး ညံ့ဖျင်းလှသောကြောင့် ထုတ်လွှင့်မှုမှာ မကြာခဏဆိုသလို ပြတ်တောင်းပြတ်တောင်းဖြစ်နေလေသည်။
အဖွဲ့တစ်ခေါင်းဆောင် သူတို့ဆီသို့ လျှောက်လာ၏။သူသည် အလေးအနက်ဖြစ်နေသည်။
“ကောင်းယန်က ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှာ ရုတ်တရက်ပေါ်လာခဲ့တာ ၊ သူနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို စီတုအန်းက ဖျက်ပစ်ခဲ့တယ် ၊ အဲ့ဒီလူက သူ့စွမ်းအားနဲ့ မြို့တော်အရှေ့ပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းပစ်ခဲ့တာ ၊ စုံစမ်းစစ်ဆေးရေးဌာနလည်း ရွေးချယ်စရာမရှိတော့ဘဲ မြို့တော်အရှေ့ပိုင်းက ဆုတ်ခွာခဲ့ရတယ်”
“ဒါဆို သူနဲ့ ကျွန်တော့်ရဲ့ အပြည့်စုံဆုံးဗားရှင်းဆိုရင် ဘယ်သူပိုသန်မာမလဲ”
ကြင်နာတတ်သောကောင်းမင်မှာ သိချင်ရုံသက်သက် ဖြစ်သည်။
“ဘယ်လိုပြောရမလဲ ၊ မင်းတို့နှစ်ယောက်လုံးက ဌာနချုပ်ရဲ့ ဆူးငြောင့်တွေပါပဲ ၊ ဘယ်သူက ပိုသာတယ်လို့တော့ မရှိဘူး”
ထိုလူ၏ အကြည့်များမှာ စပီကာပေါ်တွင်သာ ရှိနေလေသည်။
“ငါ့ကိုယ်ငါ ယုံကြည်မှုလွန်ကဲမိခဲ့တယ် ၊ ငါက မင်းတို့နဲ့ အဆင့်တူမှာ ရှိတယ်လို့ တွေးခဲ့မိတယ် ၊ ဒါပေမယ့် ဒီနေရာမှာ ငါလုံးဝအကူညီမဲ့ရတယ် ၊ဒါပေမယ့် ကောင်းယန်ကတော့ ထုတ်လွှင့်ခန်းကို ရှာတွေ့ခဲ့ပြီး နတ်ဘုရားတွေရဲ့ စည်းမျဉ်းတစ်ချို့ကို ချိုးဖောက်နိုင်ခဲ့တယ်”
“လက်မလျှော့ပါနဲ့ဗျာ”
ကြင်နာတတ်သောကောင်းမင်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
“ကျွန်တော်တို့ကိုလည်း ကြည့်ပါဦး ၊ ကျွန်တော်တို့က အခုသာမန်လူတွေဖြစ်နေပြီ ၊ ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေကလည်း ပြန့်ကျဲနေတယ် ၊ ကျွန်တော်တို့က ခင်ဗျားထက်တောင် ပိုဆိုးပါသေးတယ်ဗျာ”
“မင်းတစ်ယောက်တည်း ဝင်လာပြီး နတ်ဘုရားနှစ်ပါးနဲ့လည်း ရန်ဖြစ်ခဲ့သေးတယ် ၊ မင်းအခုထိ ရှင်သန်နေတာလဲ အံ့ဖွယ်တစ်ခုပါပဲ …”
ထိုလူက ဆက်မပြောချင်တော့ပေ။
“အသံလွှင့်တာကိုပဲ နားထောင်လိုက်ရအောင်”
ကောင်းယန်မည်သို့လုပ်ခဲ့လဲ ဘယ်သူမှမသိပေ။လူအများစုသည် သူတို့၏မှတ်ဉာဏ်များကို ဆုံးရှုံးနေချိန်တွင် သူက မထိခိုက်ရုံသာမက အဆောက်အအုံ၏ ထုတ်လွှင့်ရေးစနစ်ကိုပါ ရှာဖွေနိုင်ခဲ့သည်။ ထုတ်လွှင့်သံက ပိုမို စူးရှလာသည်။ ဟောင်းနွမ်းနေသော ဝါယာကြိုးများသည် ဘယ်အချိန်မဆို လောင်ကျွမ်းသွားနိုင်သောကြောင့် ကောင်းယန်က အမြန်ပြောလိုက်သည်။ သူက လူတိုင်းကို အလျင်အမြန် သဲလွန်စပေးလိုက်သည်။
"တစ် ၊ မင်းတို့ ဘာတွေပဲ မေ့သွားမေ့သွား မင်းတို့ရဲ့ လက်ဆောင်ကို သေချာဝှက်ထားပါ ၊ အဲဒါက မင်းရဲ့ဘဝမှာ အရေးအကြီးဆုံးအရာပဲ
"နှစ် ၊ အခန်းတိုင်းမှာ နံရံကပ်နာရီတစ်ခုစီ ရှိတယ် ၊ အချိန်ကြာလာတာနဲ့အမျှ မင်းတို့ ကိုယ့်ကိုယ်ကို ဆုံးရှုံးလာပြီး ပိုမေ့လျောလာလိမ့်မယ် ပြီးရင် နတ်ဘုရားတွေရဲ့ လက်ပါးစေတွေဖြစ်လာလိမ့်ကြမယ်။
"သုံး ၊ အခန်းထဲမှာ ပုန်းနေတာ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ အတူတူပဲ ၊ တစ်နာရီကြာတိုင်း မင်းတို့ရဲ့ ဆာလောင်မှုက နှစ်ဆ တိုးလာလိမ့်မယ် ၊ မင်းတို့ ရပ်ကွက်နှစ်ခုရဲ့ အရင်က အိမ်ငှားနေထိုင်သူတွေ ဘယ်ရောက်သွားလဲဆိုတာ တွေးမိဖူးလား။
"လေး ၊ နတ်ဘုရားတွေက အနိုင်ယူလို့ မရတဲ့သူတွေ မဟုတ်ဘူး ၊ မင်းတို့ အသက်ရှင်နေသေးတာက နတ်ဘုရားတွေရဲ့ ကရုဏာကြောင့် မဟုတ်ဘူး ၊ နတ်ဘုရားတွေမှာ မင်းတို့ အားလုံးကို ကိုင်တွယ်ဖို့ စွမ်းအား မရှိလို့ပဲ။
"ငါး ၊ ငါ့ကို ယုံကြည်ဖို့ ဆန္ဒရှိတဲ့သူတွေ လူချမ်းသာရပ်ကွက်ရဲ့ မြေအောက်ကားပါကင် ဒါမှမဟုတ် ထာဝရဘဝအိမ်ရာရဲ့ တတိယထပ်က ချိတ်ဆက်ရေးခန်းမကို လာခဲ့လို့ရတယ်"
စည်းမျဉ်းငါးချက်ပြောပြီးသည်နှင့် ဝိုင်ယာကြိုးများမီးထတောက်လာ၏။ထုတ်လွှင့်မှုကား ဝေဝါးသွားတော့သည်။ကောင်းယန်ပြောလိုက်သည့် အဆုံးသတ်စကားကို ဘယ်သူမှ မကြားလိုက်ရပေ။
"တတိယထပ်က ချိတ်ဆက်ရေးခန်းမ… ကျွန်တော်တို့ အဲဒီကို သွားသင့်လား"
ကြင်နာတတ်သော ကောင်းမင်သည် အဖွဲ့တစ်ခေါင်းဆောင်ဘက်သို့ လှည့်လိုက်သည်။ သူသည် သူ့အသက်အရွယ်ရှိသူများထက် ပိုရင့်ကျက်သော်လည်း အထက်တန်းကျောင်းသားတစ်ဦးသာ ရှိသေးသည်။
"တခြားရှင်ကျန်ရစ်သူတွေ အဲဒီကို သွားလိမ့်မယ် ၊ တခြားလုံခြုံရေးအဖွဲ့ဝင်တွေကို ဒီသတင်းကို မျှဝေပေးဖို့ လိုတယ်"
ထိုလူက ဆုံးဖြတ်ချက် ချပြီးသွားချေပြီ။ ကြင်နာတတ်သော ကောင်းမင်သည် အဆောက်အအုံမှ ထွက်မသွားနိုင်သောကြောင့် ထိုလူနဲ့ခဏတာ ပူးပေါင်းရန် ရွေးချယ်လိုက်သည်။
"ငါတို့ အတူတူ နေသင့်တယ်"
ဒေါက်တာလီသည် သိပ်အစွမ်းမထက်ပေ။ သူ၏အစွမ်းအထက်ဆုံး စွမ်းရည်မှာ အကောင်းဆုံး အသင်းဖော်ကို ရှာဖွေခြင်းဖြစ်သည်။ သူ့ဘာသာနေရသည်ထက် ကောင်းမင်နောက် လိုက်သည်က ပိုကောင်းပေသည်။ ကောင်းမင် ဘယ်လောက် အစွမ်းထက်သည်ကို သူသိသည်။
"ကောင်းပြီ"
အဖွဲ့တစ်ခေါင်းဆောင်က ခေါင်းညိတ်သည်။
"ဒုတိယတစ်နာရီက မကြာခင် ရောက်လာတော့မယ် ၊ ငါတို့ရဲ့ မှတ်ဉာဏ်တွေ ဝေဝါးလာတာကို ငါ ခံစားမိတယ် ၊ ငါတို့ရဲ့ အတိတ်တွေက ပဟေဠိတုံးတွေလို ကွဲကြေသွားနိုင်တယ် ၊ ငါတို့ အတူတူ နေကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အတိတ်တွေကိုသတိရအောင် လုပ်ပေးလို့ရတယ်"
ထိုလူက အခန်းများထဲ ပုန်းနေသေးသည့်လူများကို လျစ်လျူရှု၍ အဖွဲ့ကို တတိယထပ်ဆီသို့ ခေါ်ဆောင်သွားသည်။ ထာဝရဘဝအိမ်ရာတွင် သီးခြားအဆောက်အအုံများ အများအပြား ပါဝင်သည်။ ၎င်းတို့အား တတိယထပ်ရှိ ခန်းမတစ်ခုမှတစ်ဆင့် ချိတ်ဆက်ထားသည်။
"ဘာပဲဖြစ်ဖြစ် မင်းတို့ မျက်နှာတွေကို မပြကြနဲ့နော် ၊ အရင် လေ့လာကြည့်ကြ"
ထိုလူသည် ကောင်းမင်နှစ်ယောက်၏ မျက်နှာဖုံးများကို စစ်ဆေးလိုက်သည်။ သူတို့ ဘေးကင်းကြောင်း သေချာပြီးနောက် သူတို့သည် တတိယလုံခြုံရေးကော်ရစ်ဒါလမ်းမှတစ်ဆင့် ခန်းမသို့ ရောက်လာကြသည်။ ထိုနေရာအား ခန်းမဟု ခေါ်သော်လည်း တရားမဝင်လျှပ်စစ်ဆိုင်ကယ်များနှင့် အမှိုက်များကြီးစိုးနေသည်။ ထိုနေရာတွင် ပုန်းကွယ်နေသောအန္တရာယ်များစွာရှိပြီး အနံ့အသက်မှလာ်း ဆိုးဝါးလှသည်။ အဖွဲ့တစ်ခေါင်းဆောင် ရောက်လာချိန်တွင် တခြားသူများလည်း ရောက်နှင့်နေကြပြီဖြစ်သည်။ သူတို့သည် အုပ်စုများဖွဲ့၍ လှုပ်ရှားနေကြသည်။ အချို့မှာ အိမ်လုပ်လက်နက်များရှိကြပြီး အချို့က သူတို့၏လက်ဆောင်များကို သယ်ဆောင်ထားကြသည်။
သူတို့သည် ကောင်းယန်၏ ထုတ်လွှင့်မှုကြောင့် စုဝေးခဲ့ကြသော်လည်း သူတို့ထဲမှ မည်သူကမှ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြပေ။
"အဲဒီ ကောင်းယန်က လူလိမ်ဖြစ်နေမလားနော် ၊ အခန်း ၁၃ စာရင်းထဲမှာ သူ့နာမည်ကို ငါ မမှတ်မိဘူး"
"မင်း စကားကို ဆင်ခြင်ပါ"
သူ့ အသင်းဖော်က သူ့ကို လျှင်မြန်စွာ သတိပေးလိုက်သည်။
"ကျောင်းသားကောင်စီ ခေါင်းဆောင်မှာ စူပါပါဝါရှိတဲ့လူတွေအများကြီး သူ့အတွက် အလုပ်လုပ်ပေးနေတယ်၊ မြို့တော်အရှေ့ပိုင်းတစ်ခုလုံးကို သူ့အဖွဲ့အစည်းက ထိုးဖောက်ဝင်ရောက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးဌာနကို ခြံပြင်ထွက်သွားအောင်လုပ်ခဲ့တယ်လို့ ငါ ကြားတယ်"
"မှန်တယ် ၊ သူက အဆင့်၄ မူမမှန်မှုကနေ ထွက်လာခဲ့တယ်လို့ ငါ ကြားတယ် ၊ ဒါပေမဲ့ သူ့လူတွေက လူချမ်းသာရပ်ကွက်မှာ မရှိသင့်ဘူးမလား ၊ သူက ဘာလို့ ဒီရောက်နေတာလဲ"
စုံစမ်းစစ်ဆေးရေးဌာနသည် ဤမူမမှန်မှုအတွက် နေရာနှစ်ခုကို စီစဉ်ခဲ့သည်။ တစ်ခုသည် မြို့တော်အရှေ့ပိုင်းတွင်ဖြစ်ပြီး နောက်တစ်ခုမှာ မြို့ဟောင်းတွင် ဖြစ်သည်။ ၎င်းတို့သည် မတူညီသော လူများအတွက် ရည်ရွယ်ထားသည့် ထောင်ချောက်များဖြစ်သည်။ သို့သော်လည်း ကောင်းမင်နှင့် ကောင်းယန်တို့ နှစ်ဦးလုံးတွင် သူတို့ကိုယ်ပိုင် အစီအစဉ်များ ရှိကြလေသည်။ လူများ ပိုများလာပြီး တတိယထပ်တွင် စုဝေးလာသည်နှင့်အမျှ အဖွဲ့တစ်ခေါင်းဆောင် စိုးရိမ်လာခဲ့သည်။ သူတို့ အချိန်ကြာကြာနေနေပါက သရဲများ ရောက်လာနိုင်ပေသည်။ ရုပ်ဆိုးသောသရဲသည် လူသားများကို ပိုစားလေလေ ပိုသန်မာလာလေလေ ဖြစ်လာပေလိမ့်မည်။
"ဘာလို့ စုံစမ်းစစ်ဆေးရေးဌာနကလူတွေ တစ်ယောက်မှ မရှိတာလဲ"
အဖွဲ့တစ်ခေါင်းဆောင် မျက်မှောင်ကြုတ်လိုက်သည်။
ကော်ရစ်ဒါများမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ပိုများသောလူများ ခန်းမထဲ ဝင်ရောက်လာကြသည်။ လူတိုင်းသည် ကောင်းယန်ပေါ်လာမည်ကို စောင့်ဆိုင်းနေချိန်အတွင်း တစ်ယောက်ကိုတစ်ယောက် သတိထားနေကြသည်။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက် ဒေါက်တာလီသည် ရုတ်တရက် လက်ဝှေ့ယမ်းပြီး အော်လိုက်သည်။
“ဖန်လီ”
တစ်ဖက်ခြမ်းတွင် ဖန်လီနှင့်အဝတ်အစားများဖြင့် ပတ်ထားသော လူငယ်တစ်ဦးတို့ လုံခြုံရေးကော်ရစ်ဒါထဲမှ ထွက်လာကြသည်။ ဖန်လီသည် ဒေါက်တာလီကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။ ဖြစ်နိုင်သည်က သူမကြားလိုက်သောကြောင့် ဖြစ်နိုင်သည်။
ထိုနှစ်ဦး၏နောက်တွင် ကျောင်းသားကောင်စီ၏ အနီရောင်တံဆိပ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရှိသည်။ သူမသည် အထက်တန်းကျောင်းသားတစ်ဦးရှေ့တွင် ရပ်နေပြီး လူတိုင်းကို အေးစက်စွာ လေ့လာနေသည်။
"ကျောင်းသားကောင်စီရဲ့ တံဆိပ်ပဲ"
အဖွဲ့တစ်ခေါင်းဆောင်သည် မျက်ခုံးများ ပိုတွန့်သွားသည်။
"ဒါက အခန်း ၁၃ က လျိုယီ မဟုတ်ဘူးလား"
"လျိုယီလား ၊ ဘယ်မှာလဲ"
ကြင်နာတတ်သော ကောင်းမင်ရော ပုံမှန်ကောင်းမင်ပါ ခန်းမတစ်ဖက်ခြမ်းကို ကြည့်လိုက်ကြသည်။ လျိုယီသည် သူမ၏ဝတ်စုံဖြင့် ပရော်ဖက်ရှင်နယ်ဆန်နေပြီး ထက်မြက်ပုံပေါ်သည်။ သူမသည် အထက်တန်းကျောင်းတက်စဉ်ကတည်းက လှပသူဖြစ်သည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည့် ချင်ကျွင်းရန်မှလွဲ၍ သူမကို ချစ်ခွင့်ပန်ဖို့ ဘယ်သူမှ မဝံ့ရဲခဲ့ကြပေ။
"တကယ်ကြီး သူပါလား"
ကြင်နာတတ်သော ကောင်းမင်က ပျော်ရွှင်သွားပုံရသည်။
"သူက အထက်တန်းကျောင်းတက်တုန်းကလို လှနေတုန်းပဲ"
"သူ့နောက်က လူက..."
ပုံမှန်ကောင်းမင်က ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
"သူက ငါတို့ ကျောင်းယူနီဖောင်းကို ဝတ်ထားတာလား"
ခန်းမ၏မီးသီးများ ပိတ်သွားပြီး ပြန်လင်းလာသည်။ အိမ်နီးချင်း အဆောက်အအုံမှ သွေးနံ့ပါးပါးတစ်ခု လွင့်မျောလာသည်။ မကြာခင်မှာတွင် လေးလံသောခြေသံများ ထွက်ပေါ်လာသည်။ ယွမ်ဟွေ့သည် သွေးစွန်းနေသော ယူနီဖောင်းနှင့်အတူ အလောင်းတစ်လောင်းကို ဆွဲယူလာပြီး ထိုအဆောက်အအုံနှင့် ချိတ်ဆက်ထားသည့် ကော်ရစ်ဒါထဲမှ လျှောက်ထွက်လာခဲ့သည်။
"အဲ့ဒါ ကောင်းယွင်လား ၊ တတိယ ပစ်မှတ် ပေါ်လာပြီဟေ့"