ကျိန်စာနှင့် စွမ်းရည်
Vol. 25 Ch. 371
“မဖြစ်နိုင်ဘူး! ကောင်းမင် သေနေပြီ ! ဒီအလောင်းက ကောင်းမင်ရဲ့ လူသေဓာတ်ပုံကို စုပ်ယူနိုင်တယ် ၊ ဒီအလောင်းက ကောင်းမင်ပဲ ဖြစ်ရမယ်!”
ယွမ်ဟွေ့နူတ်ဖျားက အသံကျယ်ကျယ်ဖြင့် လွှတ်ခနဲအော်ဟစ်လိုက်သည်။ ယင်းသည် သူ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ခြင်း မဟုတ်ဘဲ သူ့ရှေ့မှ မြင်ကွင်းသည် အလွန်အမင်း အဓိပ္ပာယ်မရှိလွန်းသောကြောင့်ပင်။ ကျင်းထောင်ရှန်း နှင့်ဌာနချုပ်တို့က သူတို့အတွက် အခြေအနေများကို ရှင်းလင်းထားပြီးသား ဖြစ်သည်။ ကောင်းမင်၏အလောင်းသာလျှင် လူသေဓာတ်ပုံအပိုင်းအစများကို သူတို့၏ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်နိုင်မည်ဖြစ်သည်။ ဒါဆို ဘာဖြစ်နေတာပါလဲ။
“မင်းက ဘာဖြစ်လို့ အော်နေတာလဲ”
ပန်းချီဆရာကောင်းမင်သည် ယွမ်ဟွေ့လုပ်ခဲ့သည်များကို မသိပေ။ သူသည် ကျိုးကျွင်းနှင့် စကားပြောနေခြင်းကို ပိတ်ဆို့နေသည့် ထိုလူ့ကို စိတ်အနှောင့်အယှက် ဖြစ်နေရုံသာဖြစ်သည်။ ပစ္စုပ္ပန်တွင်ရှိနေသော လူတိုင်းသည် သူ၏အထက်စီးဆန်သော လေသံကို သတိပြုမိလိုက်ကြသည်။
“ကောင်းမင်က မသေသေးဘူးလား ၊ အဲဒီအလောင်းက အတုကြီးလား”
“ရေသေဖိုရမ်က ရိုးရှင်းတဲ့ ဖိုရမ် မဟုတ်ဘူးဆိုတာ ငါသိနေတယ် ၊ အခန်း ၁၃ က ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ ကိုင်တွယ်လို့ မရဘူး”
“ဒီလူက တရားဝင်လုံခြုံရေးအဖွဲ့ဝင်တစ်ဘောက် ဘယ်လိုဖြစ်နိုင်မှာလဲ ၊ သူက အဲ့ဒီနေရာကို သူ့အဆက်အသွယ်တွေနဲ့ ဝင်ထားပဲ ဖြစ်ရမယ်”
ဆွေးနွေးသံများ ပိုမိုကျယ်လောင်လာသည်။ ကောင်းမင်ပေါ်လာပြီးနောက် ခြောက်ခြားဂိမ်းကစားသမားများသည် သူတို့၏ ကျောထောက်နောက်ခံကို ရှာတွေ့ခဲ့ကြသကဲ့သို့ ဖြစ်လာကြသည်။ သူတို့သည် စုံစမ်းစစ်ဆေးရေးဌာနအား ယခင်ကလောက် မကြောက်ကြတော့ပေ။
“ကောင်းမင်သေသွားပြီကွ! မင်းက ကောင်းမင်မဟုတ်ဘူး! ပြောစမ်း! မင်း ဘယ်သူလဲ!”
ယွမ်ဟွေ့သည် ထိုအမှန်တရားကို လက်မခံနိုင်ပေ။ သူ ယခင်က ပြောခဲ့သည့် အရာအားလုံးကို ပြန်အမှတ်ရမိသောအခါ သူ၏မျက်နှာမှာ နီရဲလာခဲ့သည်။ ပန်းချီဆရာကောင်းမင်သည် အခြားကောင်းမင်များနှင့် ကွဲပြား၏။ သူသည် အစစ်အမှန်ကောင်းမင်မဟုတ်ဘဲ ရှရန်ဖြစ်သည်။ သို့သော် ထိုလျှို့ဝှက်ချက်ကို သူသာ သိသည်။
ပန်းချီဆရာ ကောင်းမင်သည် ယွမ်ဟွေ့၏ စစ်ဆေးမေးမြန်းမှုကို တုံ့ပြန်သည့်အနေဖြင့် မျက်လုံးများကို မှေးစင်းလိုက်သည်။အသတ်အဖြတ်ဆန္ဒများ သူတို့ထံမှ သွန်ကျလာကြသည်။ သို့သော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုနွေးထွေးလာလေသည်။
“ငါက ကောင်းမင်မဟုတ်ဘူးဆိုရင် မင်းကကောင်းမင်လား”
ပန်းချီဆရာကောင်းမင်သည် တစ်လှမ်းရှေ့တိုးလိုက်သည်။ သူ၏စွမ်းအားကို ရုပ်တုက ဖိနှိပ်ထားသောကြောင့် ယွမ်ဟွေ့တစ်ကိုယ်လုံးကို ပုံဆွဲ၍မရပေ။ ယွမ်ဟွေ့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကိုသာ ရေးဆွဲနိုင်မည်ဖြစ်သည်။ ပန်းချီဆရာကောင်းမင်သည် ယွမ်ဟွေ့၏မည်သည့် အစိတ်အပိုင်းကို ပုံဆွဲရမည်ကို စဉ်းစားနေစဉ် လူအုပ်ကြားထဲမှ ခြောက်ခြား ဂိမ်းကစားသမားတစ်ဦးထွက်လာပြီး ဦးထုပ်နှင့် မျက်နှာဖုံးကို ချွတ်လိုက်သည်။ သူက အဖြူရောင် ကျောင်းသားကောင်စီတံဆိပ်ကို ထုတ်ယူလိုက်သည်။ ၎င်းကို ဝတ်ဆင်လိုက်ပြီးနောက် မီးအိမ်တစ်ခု ကိုင်ကာ ဧည့်ခန်းမ၏ အလယ်သို့ လျှောက်သွားလိုက်သည်။
လူတိုင်းသည် ထောင့်များတွင် ပုန်းကွယ်နေကြခြင်းဖြစ်သည်။ ထိုလူ၏ လုပ်ရပ်သည် လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ အသံစနစ်ဖြင့် အလုပ်လုပ်သော မီးလုံးများက ထိုအချိန်တွင် ပိတ်ကျသွားခဲ့သည်။ ကစားသမားကိုင်ထားသော မီးအိမ်သည်သာ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ်ဖြစ်လာခဲ့သည်။
“ငါတို့ တခြားသူတွေကို စောင့်လို့မရတော့ဘူး ၊ အချိန်က အကန့်အသတ်ရှိတယ်”
ထိုကစားသမားက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ လူများက လေအေးတစ်ချက် ရှူသွင်းလိုက်ကြသည်။ သူ၏မျက်နှာတွင် ချုပ်ရိုးများစွာ ရှိနေလေသည်။ သူ၏ မျက်နှာအား မတူညီသော လူ့မျက်နှာအစိတ်အပိုင်းများဖြင့် ပေါင်းစပ်ချုပ်လုပ်ထားခြင်း ဖြစ်သည်။ အရောင်နှစ်မျိုးဖြစ်နေသော မျက်လုံးများက လူတိုင်းကို စစ်ဆေးလိုက်သည်။ မညီညာဖြစ်နေသော နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီလာပြီး ပွင့်ဟလာသည်။
“ငါက ကောင်းယန်ပဲ၊ ဒါပေမဲ့ ဒီခန္ဓာကိုယ်ကတော့ ငါ့ဟာ မဟုတ်ဘူး ၊ ဒါဟာ အတိတ်ကို ငါးမျှားဖို့အတွက် ငါးစာသက်သက်ပဲ”
ထိုခန္ဓာကိုယ်မှ ထွက်လာသော အသံသည် အသံလွှင့်စက်မှ အသံနှင့် ဆင်တူသော်လည်း သူ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်အမင်း ထိတ်လန့်စရာကောင်းနေလေသည်။
“ဒီမူမမှန်ဖြစ်ရပ်ရဲ့ အဓိကအချက်က ရွှံ့ရုပ်တုနှစ်ခုပဲ ၊ အတိတ်ရဲ့ စွမ်းအားက မှတ်ဉာဏ်နဲ့ သက်ဆိုင်ပြီး အနာဂတ်ရဲ့ စွမ်းအားက အချိန်နဲ့ သက်ဆိုင်တယ် ၊ ငါတို့ရဲ့ လက်ရှိ အခြေအနေက အဲ့ဒီနှစ်ခုပူးပေါင်းသွားလို့ ဖြစ်လာတာပဲ ၊ လူတိုင်း အဆောက်အအုံထဲမှာ ပိတ်မိနေကြတယ်၊ ငါတို့ရဲ့ စွမ်းအားနဲ့ မှတ်ဉာဏ်တွေလည်း ငါတို့ ကိုယ့်ကိုယ်ကို မေ့သွားတဲ့အထိ ဆက်တိုက်ဖယ်ရှားခံနေရတယ်”
ကောင်းယန်၏ စကားများသည် စိတ်ပျက်အားငယ်မှု လှိုင်းလုံးများကို ဖြစ်ပေါ်စေလေသည်။ သို့သော်လည်း လက်မလျှော့လိုသူများလည်း ရှိနေသည်။
ဖန်လီက လက်မြှောက်၍ မေးလိုက်သည်။
“နတ်ဘုရားတွေက အကြွင်းမဲ့စွမ်းဆောင်နိုင်တဲ့သူတွေ မဟုတ်ဘူးဆိုရင် ကျုပ်တို့ သူတို့ကို သတ်နိုင်ရမယ် မဟုတ်လား”
“အချိန်နဲ့ မှတ်ဉာဏ်တွေက ငါတို့ကို သစ္စာဖောက်ပြီး နတ်ဘုရားတွေဘက်ကို ပါသွားပြီ၊ ဒါပေမဲ့ ရွှံ့ရုပ်တုနှစ်ခုဟာ သူတို့ရဲ့ စွမ်းအားကို ဆက်တိုက်အသုံးပြုဖို့အတွက် ယုံကြည်မှုအများကြီးကို သုံးစွဲနေရတယ် ၊ ငါတို့လုပ်ရမယ့် ပထမဆုံးအချက်က နတ်ဘုရားတွေကို ကျိန်ဆဲဖို့ပဲ ၊ ကြောက်ရွံ့မှုအတွက်နဲ့ နတ်ဘုရားတွေရဲ့ ခွင့်လွှတ်မှုကို မတောင်းခံကြနဲ့”
ကောင်းယန် ထိုသို့ပြောလိုက်သောအခါ ပန်းချီဆရာကောင်းမင်က ရယ်မောလိုက်သည်။
“မင်းတို့ နတ်ဘုရားတွေရဲ့ အသွင်အပြင်ကို မသိဘူးဆိုရင် ငါ ကူညီပေးနိုင်တယ်”
ပန်းချီဆရာကောင်းမင်သည် ကြမ်းပြင်ပေါ်ရှိ သွေးများကို အသုံးပြု၍ ဧည့်ခန်းမ၏ နံရံများပေါ်တွင် ရွှံ့ရုပ်တုများကို ပုံဆွဲလိုက်သည်။
“ဒီက ဖြစ်ရပ်ဆိုးတွေရဲ့ ရင်းမြစ်က သူတို့ပဲ ၊ မင်းတို့ရဲ့ အရက်စက်ဆုံးစွမ်းအားတွေ ၊ အတွေးတွေနဲ့ သူတို့ကို ကျိန်ဆဲပစ်လိုက်ကြ”
ကောင်းယန်နှင့် ပန်းချီဆရာကောင်းမင်တို့သည် ထိုထက် ပိုပြောစရာ မလိုတော့ပေ။ ကစားသမားများနှင့် စုံစမ်းစစ်ဆေးရေးဌာနတို့သည် သူတို့၏ လုပ်ရှားမှုများကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်သည်။ သူတို့၏မုန်းတီးမှုများကို ဖြေဖျောက်ရန် ပစ်မှတ်တစ်ခု လိုအပ်သည်။ နူတ်ဖြင့်ဆဲရေးနေသော မုန်းတီးမှုသည် အစသာရှိသေးသည်။ လူတိုင်းတွင် ထိုနတ်ဘုရားနှစ်ပါးကို စော်ကားရန် သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။ ပန်းချီပုံများသည် ပိုမိုမည်းနက်လာလေသည်။ ဆေးသားများသည် ပုပ်ပွလာပြီး ဆွေးမြေ့ပျက်စီးသွားသည်။ လူအများ၏ မုန်းတီးမှုသည် နတ်ဘုရားများကို သက်ရောက်မှုရှိပုံရသည်။
ကောင်းယန်သည် ပန်းချီဆရာကောင်းမင်ကို တစ်ချက်ကြည့်လိုက်သည်။ အချို့အရာများကို အတည်ပြုပြီးနောက် သူ ဆက်ပြောလိုက်သည်။
“ယုံကြည်မှုကို ဖြတ်တောက်ပစ်တာက ပထမဆုံးအဆင့်ပဲ။ နောက်တစ်ခုက နတ်ဘုရားတွေရဲ့ အသိစိတ်ဆင်းသက်လာတာကို သတ်ပစ်ဖို့ပဲ”
ကောင်းယန်မျက်နှာပေါ်ရှိ အရေပြားသည် ကွဲအက်သွားသော်လည်း သူ ဂရုမစိုက်ပေ။
“ဒီအဆောက်အအုံထဲမှာ မကောင်းဆိုးဝါးနှစ်ကောင် ရှိတယ် ၊ တစ်ကောင်ကို အတိတ်လို့ ခေါ်ပြီး နောက်တစ်ကောင်ကိုတော့ အနာဂတ်လို့ ခေါ်တယ် ၊ မင်းတို့ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောင်းလဲလို့ မရဘူး ၊ အတိတ်က စားသုံးလိုက်တဲ့ လူတွေလည်း ပြန်မလာနိုင်တော့ဘူး ၊ ဒါပေမဲ့ အဲဒါကြီးက သူ့ရဲ့သားကောင်တွေကို သူ့ခန္ဓာကိုယ်ထဲကနေ ပြန်ထုတ်လို့လည်း မရဘူး”
ကောင်းယန်က သူ့မျက်နှာ အစိတ်အပိုင်းများကို ထိန်းကိုင်လိုက်သည်။
“အတိတ်ကို သတ်ဖို့က ရိုးရှင်းတယ် ၊ ငါတောင်းဆိုချင်တာက မင်းတို့ အဲဒါကို ဖျားယောင်းပြီး ငါ့ရဲ့ ဒီခန္ဓာကိုယ်ကို ဝါးမြိုစေဖို့ပဲ”
မင်းကို စားခိုင်းရမှာလား။
ထိုသို့သော အံ့အားသင့်စရာတောင်းဆိုမှုက လူများစွာကို ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း ကောင်းယန်က ပြင်ဆင်ထားပြီး ဖြစ်သည်။
“ဒီခန္ဓာကိုယ်ကို ငါတွေ့ဖူးသမျှထဲက အဆိုးဆုံးအတိတ်ရဲ့ အပိုင်းအစတွေနဲ့ ချုပ်ထားတာပဲ ၊ စိတ်ပျက်အားငယ်မှုတွေက အရမ်းပြင်းထန်တဲ့အတွက် ဒါဟာ အဆိပ်စစ်စစ်ပဲ”
ကောင်းယန် ရှင်းပြခြင်းကို ရပ်လိုက်သည်။
“အနာဂတ်အတွက်ကတော့ ငါ အဲဒါကိုသတ်ဖို့ နည်းလမ်းမတွေ့သေးဘူး၊ ဒါပေမဲ့ အနာဂတ်က ဘာလဲဆိုတာကို မင်းတို့ကို မှတ်မိစေချင်တယ်၊ မင်းတို့ အဲဒါကို ယုံကြည်ဖို့ ငြင်းဆန်နေသရွေ့ အနာဂတ်က ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး၊ အတိတ်ဆိုတာ ပြင်ဆင်ထားပြီးသား ဒါပေမဲ့ အနာဂတ်ကတော့ မဟုတ်ဘူး၊ အနာဂတ်က ယူဆောင်လာနိုင်တဲ့ အပြောင်းအလဲတွေကို မင်းတို့ မကြောက်ရွံ့သရွေ့ အနာဂတ်ဟာ မင်းတို့ကို ဘယ်တော့မှ သေခြင်းတရားခေါ်ဆောင်သွားမှာ မဟုတ်ဘူး”
ထာဝရဘဝအိမ်ရာရှိ မူမမှန်ဖြစ်ရပ်အား တစ်ကိုယ်တည်း ဖြေရှင်း၍မရပေ။ ရုပ်တုများက မည်သူ့ကိုမဆို အသုံးပြုနိုင်သည်။ ထို့ကြောင့် ထိုအဆောက်အအုံအတွင်းရှိ လူဦးရေတစ်ဝက်ကျော်ကို စုစည်းမှသာ လွတ်မြောက်နိုင်လိမ့်မည်ဖြစ်သည်။
“ငါတို့ အတိတ်နဲ့ အနာဂတ်ကို သတ်လိုက်တာနဲ့ ဒါက နတ်ဘုရားတွေရဲ့ မျက်လုံးနှစ်ဖက်လုံးကို ကန်းသွားစေတာနဲ့ အတူတူပဲ၊ အဲဒီနောက်မှာ အတိတ်နဲ့ အနာဂတ်အသစ်တွေ မမွေးဖွားလာခင် တကယ့်ထွက်ပေါက်အစစ်ကို ရှာရမယ်”
ကောာင်းယန်သည် သူ့အစီအစဉ်ကို လူတိုင်းနှင့် မျှဝေလိုက်သည်။ ကစားသမား အများစုက ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြသော်လည်း ဆန့်ကျင်ဘက် အသံများလည်း ရှိနေသေးသည်။
“ဒါဆို အဲဒါတွေ အားလုံးပြီးရင်တောင်မှ တကယ့်ထွက်ပေါက်က ဘယ်မှာလဲဆိုတာ မင်းမသိဘူးပေါ့”
ကျိုးကျွင်းက သူ၏ယူနီဖောင်းထဲမှ ထူးဆန်းသော ဓားတစ်ချောင်းကို ထုတ်လိုက်သည်။
“လူတိုင်းက ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးကြတာ၊ ဒါကြောင့် ငါမေးချင်တဲ့ အချက်တစ်ခု ရှိတယ်၊ မင်းက ဒီအရာတွေအကြောင်းကို ဘယ်လိုသိနေတာလဲ၊ ဘာကြောင့် ငါတို့က မင်းကို ယုံရမှာလဲ ၊ မင်းက နတ်ဘုရားတွေရဲ့ ထောင်ချောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
“ဌာနချုပ် လူရွေးပွဲမစခင်ကတည်းက ရေသေဖိုရမ်ရဲ့ တည်ထောင်သူကောင်းမင်က ငါ့ကို ရှာတွေ့ခဲ့တယ် ၊ သူက မနေ့ညကတည်းက ကျောင်းသားကောင်စီ အဖွဲ့ဝင်တွေကို ဦးဆောင်ပြီး ဒီနေရာကို ထိုးဖောက်ဝင်ရောက်ခဲ့တာပဲ”
ကောင်းယန်က ကျိုးကျွင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။
“မင်း ငါ့စကားကို နားထောင်ဖို့ အတင်းအကျပ် မတောင်းဆိုဘူး ၊ ဘာပဲဖြစ်ဖြစ် မင်းဒီနေရာကနေ ထွက်သွားရင်တောင် လက်တွေ့ဘဝမှာ ငါမင်းကို လိုက်သတ်ဦးမှာပဲ ၊ အဲဒီတုန်းက မင်းငါ့ကို သေမင်းဘတ်စ်ကားပေါ် အရောက်ပို့ဖို့ စွမ်းအင်တွေ ဘယ်လောက်ကုန်ခဲ့ရလဲဆိုတာ ငါမမေ့သေးဘူး”