ဘယ်သူက ငါးစာလဲ
Vol. 25 Ch. 372
ကောင်းယန်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ သူ့ရည်ရွယ်ချက်များကို လုံးဝမဖုံးကွယ်ခဲ့ပေ။ ထိုနေရာရှိ လူများသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှု မရှိကြတော့။ ကောင်းယန်၏ ခန္ဓာကိုယ်အစစ်မှာ ထာဝရဘဝအိမ်ရာတွင် မရှိသောကြောင့် ထိုနေရာရှိ လူအားလုံး သေဆုံးသွားလျှင်ပင် သူ့ကို ထိခိုက်စေမည် မဟုတ်ချေ။
“ငါတို့ သူ့ကို ယုံလို့ရပါ့မလား”
ပုံမှန်ကောင်းမင်က ကြင်နာတတ်သော ကောင်းမင်ကို ပုခုံးတို့၏။
“သူက ငါတို့ရဲ့ ပိုပြည့်စုံတဲ့ဗားရှင်းအကြောင်း သိပုံရတယ်”
“ငါတို့ သူ့ကို အပြည့်အဝ ယုံလို့မရဘူး။ ဒါပေမယ့် သူ့စကားထဲက အမှန်တရားကိုလည်း လုံးဝ ငြင်းပယ်လို့ မရဘူး”
ကြင်နာတတ်သော ကောင်းမင်၏အကြည့်များက အလောင်းပေါ်တွင် ကပ်ညှိနေသည်။
“ငါတို့ ယုံကြည်အားထားလို့ရတဲ့သူက ငါတို့ကိုယ်တိုင်ပဲ”
ကြင်နာတတ်သော ကောင်းမင်က ပုံမှန်ကောင်းမင်၏နားနား ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်။
“ကျိုးကျွင်းဘေးနားက အလောင်းကိုကြည့်လိုက် ၊ အဲ့ဒီအလောင်းရဲ့ မျက်ဆံတွေ လှုပ်ရှားသွားတာကို ငါမြင်လိုက်ရတယ်၊ ကျိုးကျွင်းရဲ့လူတွေက အလောင်းထဲကို ဘာတွေထည့်လိုက်လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ အဲ့ဒီအရာက ငါတို့အတွက် အရမ်းအရေးကြီးလိမ့်မယ်၊ အခြေအနေ ရှုပ်ထွေးလာပြီဆိုတာနဲ့ ငါတို့အလောင်းကို လုရမယ်”
ပုံမှန်ကောင်းမင်က နှုတ်ခမ်းစူလိုက်သည်။ သူသည် ပုံမှန်ဘဝလေးကိုသာ လိုချင်သူဖြစ်သည်။ သူရှင်သန်နိုင်ပါကလျှင် သူကြိုးစားမည်။ မဖြစ်နိုင်တော့ပါက အချိန်ကြာကြာ ညှဉ်းပန်းနှိပ်စက်မခံရစေရန် စောစောစီးစီးသေဆုံးချင်သည်။
ခန်းမတွင် ကျိုးကျွင်းက နောက်ဆုတ်ရန် ရွေးချယ်လိုက်သည်။ သူသည် ကောင်းယန်နှင့် တိုက်ရိုက်ပဋိပက္ခဖြစ်ရန် မရွေးချယ်ခဲ့ချေ။ အရှက်ရနေသော ယွမ်ဟွေ့ကို တစ်ဖက်သို့ဆွဲခေါ်သွားပြီး သီးသန့်ဆွေးနွေးလိုက်သည်။
“ဘယ်သူမှ တခြားပြောစရာမရှိတော့ဘူးဆိုရင် ငါတို့ ပြင်ဆင်ရတော့မယ် ၊ လူတွေအများကြီး တစ်နေရာတည်းမှာ စုဝေးနေတာဆိုတော့ အတိတ်က မကြာခင် ရောက်လာလိမ့်မယ်”
ကောင်းယန် မီးအိမ်ကို ချလိုက်သည်။
“မင်းတို့ အဲ့ဒီမကောင်းဆိုးဝါးကို ငါ့ကို စားခိုင်းရမယ်၊ မဟုတ်ရင် အဲ့ဒါက အချိန်တန်ရင် မင်းတို့အားလုံးကို စားပစ်လိမ့်မယ်”
သူ စကားဆုံးသည်နှင့် မီးအိမ်မှာ ငြိမ်းသွားသည်။ ခန်းမသည် အမှောင်ထုထဲသို့ နစ်မြုပ်သွား၏။ တစ်စုံတစ်ယောက်က ခြေထောက်ကို ဆောင့်နင်းလိုက်သော်လည်း အသံကိုတုံ့ပြန်သော မီးသီးများက လင်းမလာခဲ့ချေ။
“မကောင်းတော့ဘူး… အဲ့ဒီလူက ငါတို့ကို သေချာပေါက် တစ်ခုခု ဖုံးကွယ်ထားတာပဲ ၊ ငါတို့ကို ဒီလို လူစုထားတာ အကြောင်းရင်းရှိရမယ်!”
ကြင်နာတတ်သော ကောင်းမင်က စိုးရိမ်နေလေသည်။ သူတို့အားလုံး ကောင်းယန်၏ အစီအစဉ်အတွက် စတေးခံသားကောင်များ ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော်လည်း သတိပေးရန်မှာ နောက်ကျလွန်းနေချေပြီ။
အလင်းရောင်က ရုတ်တရက်လျင်မြန်စွာပျောက်ကွယ်သွားသည်။ စိုးရိမ်ပူပန်မှုများ ပျံ့နှံ့လာတော့သည်။ အမြင်အာရုံဆုံးရှုံးသွားသောအခါ အပေါင်းအဖော်များသည် တစ်ဦးနှင့်တစ်ဦး တိုးကပ်သွားကြသည်။ ပိုဉာဏ်ကောင်းသူများကတော့ ဘာမှမပြောဘဲ တိတ်တဆိတ် နောက်ဆုတ်သွားကြ၏။ ဧည့်ခန်းမသည်ကား အမှောင်ထုပင်လယ်ကြီးက မြိုချလိုက်သကဲ့သို့ ဖြစ်သွားသည်။ လူတိုင်း ထိုအထဲတွင် နစ်မြှပ်ခြင်းခံလိုက်ရသည်။ ဖော်မပြနိုင်သော ကြောက်ရွံ့မှုသည် လူတိုင်းအပေါ် တွားသွားတက်လာပြီး မွန်းကျပ်နေစေသည်။
“ကောင်းယန်က ငါတို့ကို လိမ်မှာ မဟုတ်ပါဘူးနော်”
“ဒီလို မူမမှန်မှုမျိုးမှာ သူများကိုကယ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုစတေးတဲ့သူ ဘယ်သူရှိလို့လဲ”
“ရှူး! ဟိုဘက်မှာ တစ်ခုခုရှိနေတယ်!”
လေထုထဲရှိ အနံ့ဆိုးကြီးမှာ ပို၍သိပ်သည်းလာလေသည်။ ယွမ်ဟွေ့ အစောပိုင်းက သွားခဲ့သော ကော်ရစ်ဒါမှ ထူးဆန်းသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယင်းသည် မျက်နှာကြက်ပေါ်တွင် ကင်းခြေများတွားသွားနေသည့်အသံ သို့မဟုတ် ကလေးများနံရံကို လက်သည်းဖြင့် ကုတ်ခြစ်နေသည့်အသံမျိုးနှင့်တူသည်။
အသက်ရှူရသည်မှာ ခက်ခဲလာတော့သည်။ လူများက ထိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ တိတ်ဆိတ်မှုထဲရှိ ထူးဆန်းသောအသံသည် ပို၍ကျယ်လောင်လာ၏။ ထိုအရာကြီးက အလျင်အမြန် ချဉ်းကပ်လာနေချေပြီ!။
“တစ်ခုခု ရောက်လာပြီ! သူ့ပစ်မှတ်က ငါတို့ပဲ!”
ကော်ရစ်ဒါနှင့် အနီးဆုံးရှိ ခြောက်ခြားဂိမ်းကစားသမားတစ်ဦးက အော်ဟစ်လိုက်သည်။
“ငါ့လက်! ငါ့လက်! ငါ့ကို မစားပါနဲ့! ကယ်ကြပါဦး!”
အော်ဟစ်သံသည် ရုတ်တရက် ရပ်တန့်သွား၏။ စက္ကန့်အနည်းငယ်အတွင်းတွင် လူတစ်ယောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်။ ကြောက်စရာအကောင်းဆုံးအရာမှာ ထို ကြောက်မက်ဖွယ်ကောင်းသော အသံသည် ဧည့်ခန်းမထဲသို့ ဝင်ရောက်လာခြင်းပင်ဖြစ်သည်။
အဖွဲ့တစ်ခေါင်းဆောင်က ကောင်းမင်တို့နှစ်ဦးနှင့် ပိုမိုနီးကပ်စေရန် နောက်ဆုတ်လာ၏။
“ငါ့ပခုံးပေါ် မင်းတို့လက်တွေ တင်ထားကြ ပြီးရင် ဟိုဟိုဒီဒီ လျှောက်မရွှေ့နဲ့၊ အတိတ် ရောက်လာနေပြီ ၊ အဲ့တာက အရင်ကထက် ပိုကြီးနေသလို ခံစားရတယ်”
အဖွဲ့တစ်ခေါင်းဆောင်သည် သူ့နာရီကို အသုံးပြု၍ အမှောင်ထဲရှိ ထိုအရာကြီးကို မြင်နိုင်ခဲ့သည်။ သူသည် လူကောင်းတစ်ဦးဖြစ်သည်။ သူသည် ထွက်ပြေးရန်ရွေးချယ်မည့်အစား ကောင်းမင်နှစ်ဦး၏ ရှေ့တွင် ရပ်တည်လိုက်သည်။
အော်သံများမှာ ပို၍ ပဲ့တင်ထပ်လာသည်။ အဖွဲ့တစ်ခေါင်းဆောင်၏ နဖူးတွင် ချွေးစေးများဖြင့် ဖုံးလွှမ်းနေတော့သည်။
“ကောင်းယန် အမှန်တရားကို မပြောခဲ့ဘူး! အတိတ်က ခန်းမပတ်လည်မှာပဲ ရစ်ဝဲနေပြီး အစွန်းဘက်က လူတွေကိုပဲ လိုက်နေတယ်၊ ခန်းမအလယ်မှာရှိတဲ့ ကောင်းယန်ကို ဂရုတောင် မစိုက်ဘူး!”
“ဒီမကောင်းဆိုးဝါးက အန္တရာယ်ကို ခံစားမိတာဖြစ်နိုင်တယ်”
ကြင်နာတတ်သော ကောင်းမင်က ချက်ချင်းပင် နားလည်သွားသည်။
“ကောင်းယန်က ငါးစာမဟုတ်ဘူး ၊ ငါတို့ကမှ ငါးစာပဲ! ကောင်းယန်က မကောင်းဆိုးဝါးကို ဆွဲဆောင်ဖို့ ငါတို့ကို ဒီမှာစုစည်းထားတာ!”
“မီးတွေ ပြန်လင်းမလာတော့ဘူးနော် ၊ အခု ငါတို့ နောက်ဆုတ်သင့်လား”
ပုံမှန်ကောင်းမင်က သူ၏ကျောင်းကျောပိုးအိတ်ကို တင်းတင်းဆုပ်ကိုင်ထား၏။ သူသည် ယခုကဲ့သို့ ထိတ်လန့်စရာအရာမျိုးကို တစ်ခါမျှ မကြုံဖူးသေးပေ။ သူ၏မှတ်ဉာဏ်ထဲတွင် ကြောက်စရာအကောင်းဆုံးအရာမှာ စာသင်ချိန်တွင် ခိုးအိပ်နေသောကြောင့် ဆရာကဖမ်းမိခဲ့ခြင်းသာ ဖြစ်သည်။
“မဖြစ်ဘူး! ဒါက အတိတ်ကို သတ်ပစ်ဖို့ တစ်ခုတည်းသော အခွင့်အရေးပဲ၊ ငါတို့မလုပ်နိုင်ရင် လူတွေ ပိုသေကြလိမ့်မယ်!”
အစုအပြုံလိုက် သတ်ဖြတ်မှုများသည် ကြင်နာတတ်သော ကောင်းမင်၏ မျက်လုံးများကို နီရဲလာစေသည်။ သူက အံကြိတ်လိုက်သည်။
“ငါတို့ ရှေ့သွားရမယ်! ငါတို့ ခန်းမအလယ်ကိုသွားပြီး ကောင်းယန်ဘေးနားမှာ ရပ်ရမယ်!”
“ဘာ”
“ဒါက ကောင်းယန်အတိအကျ မြင်ချင်နေတဲ့ အရာပဲ၊ မကောင်းဆိုးဝါးက အပြင်ဘက်က လူတွေကို တိုက်ခိုက်လိမ့်မယ် ၊ ငါတို့သာ ကောင်းယန်နားမှာရပ်နေမယ်ဆိုရင် မကောင်းဆိုးဝါးက ငါတို့ကို စားဖို့အတွက် ကောင်းယန်နားကို ချဉ်းကပ်လာရလိမ့်မယ်”
အဖွဲ့တစ်ခေါင်းဆောင်က ကြင်နာတတ်သောကောင်းမင်၏ အတွေးများကို နားလည်လိုက်သည်။ သူသည် ကောင်းမင်နှစ်ဦးကို ဆွဲခေါ်၍လမ်းပြသည်။ လူအများအပြားသည် သူတို့ ကောင်းယန်၏လှည့်ဖြားခြင်း ခံခဲ့ရကြောင်းကို သိလာကြသည်။ မကောင်းဆိုးဝါးက ထွက်ပေါက်များကို စောင့်ကြပ်နေသည်။ ရှင်သန်နိုင်ရန်အတွက် ခန်းမ၏အလယ်ဗဟိုသို့ ပိုမိုနီးကပ်အောင် သွားရမည်ဖြစ်သည်။ လူအများအပြားသည် ကောင်းယန်၏ မီးအိမ်အား နောက်ဆုံးမြင်ခဲ့ရသည့် နေရာသို့ ရွှေ့ပြောင်းလာကြသည်။ ညည်းတွားသံများ ပို၍ပင် ထွက်ပေါ်လာခဲ့သည်။
“မကောင်းဆိုးဝါးက ကောင်းယန်ကို တမင်ရှောင်နေတာပဲ! ငါတို့သာ ဒီမကောင်းဆိုးဝါးကို သတ်ချင်တယ်ဆိုရင် သူ့ကို ကောင်းယန်ကိုစားအောင် အတင်းအကျပ်လုပ်မှရမယ်!”
လျိုယီ့အသံက အမှောင်ထုထဲတွင် ပဲ့တင်ထပ်လာသည်။
“မသေချင်ရင် ခန်းမအလယ်ကို လာကြ!”
ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်များကြောင့် အော်သံများ၏ ကြိမ်နှုန်းများ လျော့နည်းသွားသည်။ လူများစွာ ရွေ့လျားလာကြသည်။ အစောပိုင်းက ထွက်ပြေးနိုင်ခဲ့သော လူအနည်းငယ်မှလွဲ၍ ကျန်လူများမှာ အတိတ်၏စားသုံးခြင်း ခံခဲ့ရသည် သို့မဟုတ် ခန်းမ၏ အလယ်ဗဟိုသို့ ရောက်ရှိလာကြသည်။ ဘုံခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ သူတို့သည် အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။
ထိုမျှများပြားလှသော လူသားများ၏ စုစည်းမှုသည် အတိတ်အတွက် ဧရာမငါးစာတစ်ခု ဖြစ်ခဲ့သည်။ ၎င်းသည် မှတ်ဉာဏ်နှင့် စိတ်ဝိညာဉ်ကို စားသုံး၏။ လူတစ်ယောက်၏နွေးထွေးသော အတိတ်များနှင့် အရောင်အသွေးစုံလင်သော အခိုက်အတန့်များသည် ၎င်း၏ လျှာဖျားကို ယားယံစေသည်။
လက်များက နံရံပေါ်တွင် တွားသွားနေသည်။ အတိတ်သည် ဂယက်ထလာတော့သည်။ ၎င်းသည် အန္တရာယ်ကို ခံစားမိသော်လည်း အဆင်သင့်ရှိနေသော စားသောက်ပွဲကြီးကို လက်မလွှတ်နိုင်ပေ။ တဒေါက်ဒေါက်မြည်သံသည် လူများ၏ကျောရိုးတစ်လျှောက် ချမ်းတုန်သွားစေသည်။ မကောင်းဆိုးဝါးသည် ခန်းမပတ်ပတ်လည်တွင် လျင်မြန်စွာတွားသွားနေခြင်းကြောင့် ဘယ်နေရာမှ လုံခြုံမှုမရှိပေ။ လူများက အလယ်ဗဟိုဆီသို့ ပိုမို၍ စုပြုံတိုးဝင်လာကြသည်။
အကြောက်တရားသည် လူသားမျိုးနွယ်၏ရနံ့ကို နှိုးဆွပေးနေသည်။ တုန်လှုပ်နေသော နှလုံးသားများသည် မကောင်းဆိုးဝါးဆီသို့ သေလောက်အောင်ဆွဲဆောင်မှုရှိနေသည်။ ၎င်း၏ ခြေလက်များကြားတွင် ဝှက်ထားသောဦးခေါင်းက ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်။ ထို့နောက် ခြေလက်များသည် ခန္ဓာကိုယ်အား ပြီးပြည့်စုံသောအနေအထားဖြစ်ရန် ချိန်ညှိလိုက်သည်။ ထို့နောက် မကောင်းဆိုးဝါးသည် လူအုပ်ကြားထဲသို့ လွှားခနဲ့ပစ်ဝင်လာတော့သည်!။
ခုန်ဝင်လာသည့် အသံကိုကြားလိုက်သောအခါ ကျိုးကျွင်းက သူ့ဘေးနားရှိ ကျပန်းကစားသမားတစ်ဦးကို ဆွဲယူကာဒိုင်းအဖြစ် ပစ်ထုတ်လိုက်သည်!။ မကောင်းဆိုးဝါးသည် ထိုယဇ်ကောင်အား အလွယ်တကူဖမ်းယူလိုက်သည်။ ထိုကစားသမားမှာ ချက်ချင်းပင် အစားခံလိုက်ရသည်။ မကောင်းဆိုးဝါး၏ ဝါးမြိုခံနေရစဉ်တွင် ထိုသူ၏ မျက်နှာသည် နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ပဲ့တင်ထပ်နေသော ဟိန်းဟောက်အော်ဟစ်သံများက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာတော့သည်။ အကြောက်တရားက လူတိုင်း၏နှလုံးသားများကို တင်းကျပ်စွာဆွဲညစ်ထားလေသည်။