သေလမ်းရှာခြင်း
Vol. 1 Ch. 166
လူစုသည် ထွက်ခွာသွား ခဲ့ချေပြီ။ ကျန့်လင်းအာနှင့် ကျန့်ဝူရွှမ်းတို့သည် ကျန်းရီထံ လာရောက် နှုတ်ဆက်သွား ပါသော်လည်း စုလောရွှယ်သည် အစမှ အဆုံးတိုင် သူ့အား တစ်ချက်မှ ကြည့်မသွားခဲ့ပေ။ ထို့ကြောင့် ကျန်းရီသည် တစ်ခုခု ပျောက်ဆုံး သွားသလို ခံစားလိုက်ရကာ ကျင့်ကြံခြင်း ကိုသာ အရူးအမူး လုပ်နေတော့သည်။
စိတ်ဝိညာဉ် အားဖြည့် ဆေးပင်၏ သတင်းလည်း ထွက်ပေါ် မလာခဲ့ပေ။ ထိုသတင်းသည် ဘယ်သောအခါမှ ရရှိမည့်ပုံလည်း မပေါ်ပေ။ ကျန်းရီသည် အပေါ်ယံတွင် တည်ငြိမ် ဟန်ဆောင်၍ ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း တို့ကို ပုံမှန် လုပ်နေလေသည်။ သူ့စိတ်ထဲတွင် မည်မျှခါးသီး ပင်ပန်းနေကြောင်း ချမ်ဝမ်ကွမ် ကသာ သိလေသည်။
ရက်အနည်းငယ် အတွင်း နိုင်ငံအဆင့် ပြိုင်ပွဲသည် စတင်တော့မည် ဖြစ်လေသည်။ ထို့ကြောင့် ဆေးလုံး ဝယ်လိုအား သည်လည်း လျော့နည်း သွားခဲ့သည်။ ကျန်းရီသည် သူပိုက်ဆံ အများကြီး မရတော့ကြောင်း ခံစားမိသော အခါ ဆေးဖော်စပ်ခြင်းအား ရပ်နားထားလိုက် လေသည်။ သူသည် ကျင့်ကြံခန်းငယ် များတွင်သာ နေ့တစ်ကျော်အား ကုန်ဆုံးသည်။ သင်တန်းကျောင်းနှင့် အလောင်း အစားတွင် သူနိုင်သွား ခဲ့သောကြောင့် ပါရမီရှင်အဆင့် ကျောင်းသား ဖြစ်သွားကာ တောင်ဘက် အဆောင်မှ အထောက်အပံ့ များအား စိတ်တိုင်းကျ သုံးစွဲခွင့် ရနေလေရာ သူ့ကျင့်ကြံခြင်း အတွေ့အကြုံ များသည် အတော်လေး သက်သောင့် သက်သာ ရှိနေလေသည်။
ခုနစ်ရက်၊ ရှစ်ရက်ခန့်သည် လျင်မြန်စွာ ကုန်ဆုံးသွား ခဲ့သည်။
ထိုနေ့တွင် ကျန်းရီသည် သူ့ မောပန်းနွမ်းနယ် နေသော ကိုယ်ကြီးကို သယ်လျက် နေထိုင်ရာ အဆောင်ဆီ ပြန်လာခဲ့သည်။ သူသည် စားကောင်း သောက်ဖွယ်များ ပြည့်နေသော စားပွဲတစ်လုံးကို မြင်ရရန် မျှော်လင့်ထားပါ သော်လည်း ထိုအစား စိတ်ဓာတ် ကျဟန်နှင့် ခန်းမထဲတွင် ထိုင်နေသော ချမ်ဝမ်ကွမ်ကိုသာ တွေ့လိုက်ရ လေသည်။ သူသည် ရံဖန်ရံခါတွင် အသံထွက် ညည်းညူလိုက် သက်ပြင်း ချလိုက်ပင် လုပ်နေသေးသည်။
“ဘာဖြစ်ခဲ့လို့လဲ”
ကျန်းရီ၏ စိတ်သည် တုန်လှုပ် သွားခဲ့သည်။ ပြီးခဲ့သော တစ်ခေါက်က ချမ်ဝမ်ကွမ်တွင် ထိုသို့သော အမူအရာ ရှိနေသောအခါ ကျန်းယွင်ဟိုင် တစ်ခုခု ဖြစ်သွားခဲ့သည်။ အဲဒါ ဟုတ်နေမလား
“အစ်ကိုကြီး ... စိတ်မပူနဲ့ ... ဘာမှမဖြစ်ဘူး”
ချမ်ဝမ်ကွမ်သည် လက်ကာပြကာ ကျန်းရီအား စိတ်အေးအေး ထားရန် ဖျောင်းဖျ လိုက်သည်။ သူသည် တစ်ခုခုကို ပြောချင်ဟန် ရနေပါသော်လည်း တွန့်ဆုတ် နေခဲ့သည်။ စကားများသည် သူ့ပါးစပ် ဖျားတွင် ရှိနေပါသော်လည်း ထွက်ကျ မလာခဲ့ပေ။
ကျန်းရီသည် ထိုင်ချလိုက်ပြီး လက်ဘက်ရည်နှစ်ခွက် ထည့်လိုက်သည်။ သူသည် တည်ကြည်စွာ ပြောလိုက်သည်။
“ဘာဖြစ်ခဲ့လို့လဲ ... မင်းမှာ ပြဿနာ တစ်ခုခု ရှိနေတာလား ... ပြောကြည့် ... ငါတတ်နိုင်တာ ဆိုရင် ကူညီပေးမယ်”
“ကျွန်တော် ဘာမှမဖြစ်ဘူး”
ချမ်ဝမ်ကွမ်သည် ခေါင်းယမ်းကာ အံကြိတ်၍ ပြောလိုက်သည်။
“အဲဒါက စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ... အဲဒါရဲ့ သတင်းရပြီ”
“ဘာ”
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ပျော်ရွှင်မှု အရိပ်အယောင်များ ဖြာထွက် လာခဲ့သည်။ ယခု သူ့တွင် နှစ်တစ်ထောင်ကိုးချီ ဂျင်ဆင်းရော၊ စန်းမုအရွက်ပါ ရှိနေပြီဖြစ်ရာ စိတ်ဝိညာဉ် အားဖြည့် ဆေးပင်သာ လိုတော့သည်။ ထိုပစ္စည်းများနှင့် ဆိုလျှင် ဆရာလျောင်သည် သူ့အား ကူညီပေးတော့မည် ဖြစ်သည်။ သနားစဖွယ် ကောင်းသော မိန်းကလေးသည် ပြန်လည် နိုးထလာကာ သူ့အား သခင်လေးဟု ပြန်လည် ခေါ်ဆိုပေတော့မည်။
“တစ်ခုခုက မဟုတ်သေးဘူး”
ကျန်းရီသည် မကြာခင်တွင် သဘောပေါက် သွားကာ ချမ်ဝမ်ကွမ်အား ကြည့်၍ မေးလိုက်သည်။
“သတင်းရပြီ ဆိုတာကို မင်းမျက်နှာက ဘာလို့ အဲဒီလောက် ပျက်နေတာလဲ ... အဲဒါက ဈေးအရမ်း ကြီးနေလို့လား ... ပိုက်ဆံကုန်မှာကို ကြောက်မနေနဲ့ ... ခရမ်းရောင်ရွှေ သန်းတစ်ရာ ဆိုရင်တောင် ငါ ပေးနိုင်တယ်”
“ငွေကြေးနဲ့ ပတ်သက်တဲ့ ပြဿနာ မဟုတ်ဘူး ... ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စဖြစ်နေသရွေ့ လုံးဝကို ပြဿနာ မဟုတ်ဘူး”
ချမ်ဝမ်ကွမ်သည် မတင်မကျ အမူအရာနှင့် အံကြိတ်၍ ဆက်ပြော လာခဲ့သည်။
“စိတ်ဝိညာဉ် အားဖြည့်ဆေးပင်က ကျွန်တော်တို့မှာ ပိုက်ဆံရှိမယ် ဆိုရင်တောင် ဝယ်လို့မရဘူး ... ဒီနေ့ ရှန်ဝူနိုင်ငံတော်က ပေးမယ့်ဆုကို ကြေညာ လိုက်တယ် ... နိုင်ငံအဆင့် ပြိုင်ပွဲရဲ့ ပထမရတဲ့သူက ရှန်ဝူနိုင်ငံသား ဆိုရင် နဂါးစစ်သူကြီးဘွဲ့နဲ့ ဆုလာဘ် အမြောက်အမြား ချီးမြှင့်မယ်တဲ့ ... အဲဒီဆုတွေထဲမှာ ... .စိတ်ဝိညာဉ် အားဖြည့်ဆေးပင် ပါနေတယ်”
“ထပ်ပြီးတော့ နိုင်ငံအဆင့် ပြိုင်ပွဲလား”
ကျန်းရီ၏ အမူအရာများ လေးလံ သွားခဲ့သည်။ ချမ်ဝမ်ကွမ် အဘယ်ကြောင့် ထိုမျက်နှာ ဖြစ်နေရသည်ကို သူ သိလိုက်လေပြီ။ ချမ်ဝမ်ကွမ်သည် နိုင်ငံအဆင့် ပြိုင်ပွဲတွင် သူ သွေးရူးသွေးတန်း ဝင်ပါလိုက်မည်ကို စိုးရိမ် နေခြင်းသာ ... သူဝင်ပြိုင်လျှင် ရွှေကျင်းရှီ လွင်ပြင်တွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရကာ သေဆုံးသွား နိုင်လေသည်။
သူသည် ဟိုဟိုသည်သည် ကြည့်ကာ တီးတိုး ပြောလိုက်သည်။
“မင်းတို့ဂိုဏ်းက ရှန်ဝူနိုင်ငံတော်မှာ တော်တော်လေး လွှမ်းမိုးနိုင်တယ် မဟုတ်လား ... စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို အပြင်ကို ယူလာနိုင်ဖို့ နည်းလမ်း မရှိဘူးလား ... ဘယ်လောက် ကုန်ကုန် ကိစ္စမရှိဘူး”
“ဟူး ... .”
ချမ်ဝမ်ကွမ် တစ်ယောက် သက်ပြင်း ချလိုက်သည်။
“အစ်ကိုကြီး ... အခုထိ မသိသေးဘူးလား ... ဒါက ထောင်ချောက် တစ်ခု ဆိုတာ အသိသာကြီးလေ ... ရည်ရွယ်ချက်က အစ်ကိုကြီး သွားပြီး သေလမ်းရှာဖို့ပဲ ... ရှန်ဝူနိုင်ငံတော်က ဘယ်တုန်းကမှ ဒီလောက် မရက်ရော ခဲ့ဖူးဘူး ... နဂါးစစ်သူကြီးဘွဲ့ကို ချီးမြှင့်တာ ကတင် တော်တော်လေး များနေပြီ ... ဘာလို့ တခြား ဆုလာဘ်တွေ ထပ်ထည့်စရာ လိုသေးမှာလဲ ... ပြီးတော့ စိတ်ဝိညာဉ် အားဖြည့်ဆေးပင်တဲ့ ... အဲဒီလောက် တိုက်ဆိုင်နေစရာ အကြောင်း ရှိလို့လား ... ကျွန်တော် သိသလောက်တော့ တော်ဝင်မိသားစုရဲ့ ဘဏ္ဍာတိုက်ထဲမှာ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် တစ်ပင်မှ မရှိဘူး”
“ထောင်ချောက် တစ်ခုလား”
ကျန်းရီသည် ကြောင်တောင်တောင် ကြည့်နေကာ ကိုးချီဂျင်ဆင်းများ အားလုံး ဝယ်ယူ ခံလိုက်ရခြင်းကို သတိရ သွားခဲ့သည်။ သူရှင်းလင်း သွားပေပြီ ... ဆရာလျောင်၏ အစေခံ မိန်းကလေး များသည် လာဘ်ထိုးခံ လိုက်ရဟန် တူလေသည်။ တစ်ယောက်ယောက်သည် သူ နှစ်တစ်ထောင်ကိုးချီ ဂျင်ဆင်းနှင့် စိတ်ဝိညာဉ် အားဖြည့် ဆေးပင်တို့ကို အသည်းအသန် လိုအပ်နေကြောင်း သိရှိသွား ခဲ့လေပြီ။ သူတို့သည် သတင်း ရသည်နှင့် ကြိုတင် အကွက်ချ ထားဟန် ရလေသည်။
ထိုသူသည် မည်သူဖြစ်မှန်း ခန့်မှန်း နေစရာပင်မလို။ ကျန်းစွန်းဂိုဏ်း ကသာ တော်ဝင် မိသားစု၏ ဆုံးဖြတ်ချက်များကို နောက်ကွယ်မှ လွှမ်းမိုးထားနိုင်စွမ်း ရှိခြင်း ဖြစ်လေသည်။
ကျန်းစွန်းဝူကျိက ကျန်းစွန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် လောင်းလျာ ဖြစ်ဖို့ ထိုက်တန် ပါတယ် ... သူ့ရဲ့ သိမ်သိမ်မွေ့မွေ့ ပူးပေါင်းကြံစည်မှု လေးတွေက အရမ်းကို ထူးချွန် ပြောင်မြောက်တယ်။
ကျန်းရီသည် ဝမ်းနည်းစွာ သက်ပြင်း ချလိုက်ပြီး အလျင်အမြန် ဆုံးဖြတ် လိုက်သည်။ သူသည် မတ်တတ်ရပ်ကာ ချမ်ဝမ်ကွမ်အား ကြည့်လိုက်သည်။
“ဝမ်ကွမ် ... ငါ့အတွက် ကူစီစဉ်ပေး ... ငါနိုင်ငံအဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ်”
ထင်ထားတဲ့ အတိုင်းပဲ ... .
ချမ်ဝမ်ကွမ် အစိုးရိမ်ဆုံးအရာ ဖြစ်လာခဲ့ပေပြီ။ ထို့ကြောင့် သူသည် သတင်းကို ကြားကြားချင်း ပြောပြရန် တွေဝေနေခြင်း ဖြစ်လေသည်။ သူကျန်းရီအား မပြောဘဲ နောက်မှ ကျန်းရီကိုယ်တိုင် သိရှိသွားပါလျှင် သူတို့၏ ဆက်ဆံရေးကို ထိခိုက်နိုင် လေသည်။ သူပြောလျှင် ကျန်းရီ၏ စိတ်နေ စိတ်ထားအရ ထောင်ချောင်မှန်း သိလျှင်တောင် တိုးဝင်မည်မှာ သူသိထား ပါသည်။
ထို့ကြောင့် ချမ်ဝမ်ကွမ်သည် သူ့အစ်ကိုကြီးမှာ အစ်ကိုကြီးသာ ဖြစ်ကြောင်း တိတ်တဆိတ် အသိအမှတ် ပြုရလေသည်။ နောင်တွင် သူအန္တရာယ် ရှိနေသည့်အခါ ကျန်းရီသည် အသက်ကို ရင်း၍ ကယ်တင် ပေလိမ့်မည်။ ထိုအရာသည် ညီနောင် အစစ်များကသာ လုပ်ပေးနိုင်မည့် အရာလည်း ဖြစ်ပေသည်။
ချမ်ဝမ်ကွမ်သည် ကျန်းရီအား မဖျောင်းဖျဘဲ အချိန် အတော်ကြာ တိတ်ဆိတ် နေခဲ့ပြီး ရှင်းပြလာ ခဲ့သည်။
“အစ်ကိုကြီး ... တစ်ယောက်ချင်းစီ တိုက်ရတဲ့ နိုင်ငံအဆင့် ပြိုင်ပွဲငယ် ဆိုတာလည်း ရှိသေးတယ် ... အသက် နှစ်ဆယ့်ငါးနှစ်အောက် လူငယ်တွေပဲ ဝင်ပြိုင်လို့ ရတယ် … စည်းမျဉ်းတွေက ရှင်းပါတယ် ... ရွှေကျင်းရှီ လွင်ပြင်ပေါ်မှာ လူသတ်မလား … တခြားသူတွေရဲ့ သတ္ထုပြားတွေကို လုမလား ဆိုတာပဲ ... သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဆင့် သတ္ထုပြားတွေက အဖြူရောင ်ဖြစ်ပြီး တစ်မှတ်လို့ သတ်မှတ်တယ် ... ခရမ်းရောင် နန်းတော်ရှင် အဆင့်တွေက အနီရောင်ဖြစ်ပြီး နှစ်မှတ်ရမယ် ... စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်တွေက အနက်ရောင် သတ္ထုပြားရှိပြီး သုံးမှတ် တန်တယ် ... တစ်လကြာပြီးရင် အားလုံးက ရွှေကျင်း ရှီလွင်ပြင်ရဲ့ အပြင်ဘက်ကို အလိုအလျောက် ပို့ဆောင်ခံရမယ် ... ရရှိတဲ့ အမှတ်နဲ့ အဆင့်ကို သတ်မှတ်တယ်”
“အမ်”
စည်းမျဉ်းများသည် အတော်လေး ရိုးရှင်းလေသည်။ ကျန်းရီသည် ခေါင်းညိတ် လိုက်ကာ မေးမြန်းလိုက်သည်။
“စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တွေက ဘယ်နှစ်ယောက်လောက် လာမှာလဲ ... အမြင့်ဆုံး အဆင့်ကရော”
“မများသလို နည်းလည်း မနည်းဘူး”
ချမ်ဝမ်ကွမ် ထိုအချက်အား အစိုးရိမ်ဆုံး ဖြစ်လေသည်။ သူ ဆက်ပြောလာ ခဲ့သည်။
“အသက် နှစ်ဆယ့်ငါးနှစ် အောက်မှာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ကို ရောက်တဲ့သူတွေက အတော်လေး အရည်အချင်း ရှိတဲ့သူတွေလို့ ပြောလို့ရတယ် ... ဂိုဏ်းကြီးတွေမှာ အများကြီး ရှိကြပေမဲ့ အကုန်လုံး ကိုတော့ မလွှတ်ကြဘူး ... ကျွန်တော်တို့ ဂိုဏ်းက အဖွဲ့ကိုဆို စိတ်ဝိညာဉ် မျောလွင့်ခရီးသည် တတိယအဆင့် ကျွန်တော့် ဝမ်းကွဲအစ်ကိုက ဦးဆောင်တယ် ... ရှန်ဝူနိုင်ငံတော် တစ်ခုလုံးက စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တွေက အယောက် နှစ်ဆယ်လောက် ရှိမယ် ... တွက်ကြည့် လိုက်မယ်ဆိုရင် ပြိုင်ပွဲမှာ အယောက် ၁၀၀ ကနေ ၁၅၀ အထိ ပါနိုင်ချေ ရှိတယ် ... အမြင့်ဆုံး အဆင့်ကတော့ စတုတ္ထ အဆင့်လောက်ပဲ ... ရွက်ပုန်းသီး ပါရမီရှင် တွေလည်း ပါလာနိုင်တာကြောင့် အတိအကျတော့ ပြောလို့မရဘူး”
“အရမ်းများတယ် ... ”
ကျန်းရီသည် လေပူတစ်ချက် မှုတ်ထုတ် လိုက်သည်။ သူတို့သည် ခရမ်းရောင် နန်းတော်ရှင် အဆင့်များသာ ဆိုလျှင် သူအားလုံးကို အနိုင်ယူ နိုင်ပေသည်။ စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့်သည် ခရမ်းရောင် နန်းတော်ရှင် အဆင့်နှင့် အတော်လေး ကွာခြားသည်။ သူ့တွင် ငွေလဝံပုလွေသာ မရှိလျှင် လုံးဝ ဝင်ပြိုင်ရဲမည် မဟုတ်ပေ။ ငွေလဝံပုလွေ၏ အမြန်နှုန်းသည် စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဋ္ဌမ အဆင့်ခန့် ရှိလေသည်။ ထို့ကြောင့် သူဝင်ပြိုင်ရဲခြင်း ဖြစ်လေသည်။
“ရွှေကျင်းရှီ လွင်ပြင်ရဲ့ မြေပုံရှိလား”
“မရှိဘူး”
ချမ်ဝမ်ကွမ်သည် အေးစက်စွာ ပြောလိုက်သည်။
“အဲဒီနေရာက တားမြစ်နယ်မြေ ဖြစ်ပြီး အရမ်း ရှုပ်ထွေးတယ် ... အစ်ကိုကြီး ဝင်ပြိုင်မှာ သေချာရင် ကျွန်တော် တစ်ယောက်ယောက်ကို အသေးစိတ် စုံးစမ်းခိုင်း လိုက်မယ် ... အစ်ကိုကြီး နှစ်ရက်အတွင်း ထွက်ခွာပြီး သင်တန်းကျောင်းက လူစုကို တော်ဝင်မြို့တော် မရောက်ခင် အမီလိုက်ရမယ် ... မဟုတ်ရင် အချိန် မမီလောက်ဘူး ... ဟုတ်သား ... ကျွန်တော် လျှိုလောင်ကို လိုက်ပို့ခိုင်း လိုက်မယ် ... ဒါဆို ပိုပြီး ဘေးလည်းကင်းမယ် ... မြန်လည်း မြန်မယ်”
“မလိုဘူး”
ကျန်းရီသည် ခေါင်းယမ်းကာ ပြောလိုက်သည်။
“ငါ့ဟာငါ သွားမယ် ... ငါ့မှာ လျှိုလောင်ထက် ပိုမြန်တဲ့ ငွေလဝံပုလွေ ရှိတယ် ... ငါတစ်ယောက်တည်းဆို ပုန်းကွယ်ရတာ ပိုအဆင်ပြေမယ် ... ငါ့ကို နယ်မြေရဲ့ မြေပုံ တစ်ခုသာပေး... ပြီးတော့ ငါပစ္စည်း တချို့ရှာဖို့ လိုသေးတယ် ... လူတွေ အများကြီး ငါ့ကိုသတ်ဖို့ ကြိုးစား ကြလိမ့်မယ် ... ငါဘာမှ မပြင်ဆင်ဘဲ မသွားသင့်ဘူး မဟုတ်လား ... ဒါမှ သေလမ်းရှာရတာ တန်မှာပေါ့”
***