ချန်းလန်ကျွန်းကို ကျူးကျော်တဲ့သူတွေ အားလုံးသေရမယ်(၂)
Vol. 28 Ch. 416
လိုအပ်နေသည်မှာ ထိုအပိုင်းများတွင် ထူးချွန်သည့် ပါရမီရှင် ဖြစ်၏။
"စတုတ္ထမြောက်တပည့်ကို ချောချောမွေ့မွေ့နဲ့ ရှာတွေ့ဖို့ပဲ မျှော်လင့်တယ်.."
လီရွှမ်က သက်ပြင်းချသည်။ အခင်းအကျင်းပုံကြမ်းတို့ကို ဖြန့်ကျက်ပြီး ဖြစ်သည်။ သို့ပေမယ့် ယခုအချိန်အထိ မည်သူမှ နားလည်သဘောပေါက်သည်ဟူ၍ မကြားရပါ။
ကြည့်ရသည်မှာ မှန်ကန်သည့်တပည့်ကို ရှာတွေ့ရန် ကံတရားနှင့် အခွင့်အလမ်းတို့ကို အမှန်တကယ် လိုအပ်နေ၏။
'အတွင်းဘက်နယ်မြေမှာ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူးဆိုရင် လင်းနယ်မြေမှာပဲ သွားရှာရတော့မယ်။ လင်းနယ်မြေက အရမ်းကျယ်ပြောပြီး သိုင်းပညာထွန်းကားတယ်ဆိုတော့ လိုအပ်တဲ့ပါရမီရှင်တွေ သေချာပေါက်ရှိလောက်မှာ..'
လီရွှမ်က ကိုယ့်ကိုယ်ကိုစဉ်းစားသည်။ အခင်းအကျင်းပုံကြမ်း တာအိုစာအုပ်အား ဖန်တီးပြီးဖြစ်၏။တစ်ယောက်ယောက်သာ ထိုအထဲမှ အကြီးစား အဓိက အခင်းအကျင်းကို နားလည်နိုင်ပါက လီရွှမ်အနေနှင့် ထိုလူကို အမည်ခံတပည့်တစ်ယောက်အဖြစ် ခေါ်ယူပြီး အခင်းအကျင်းလမ်းစဉ်အား လေ့လာစေမည်ဖြစ်၏။
သို့ရာတွင် ယခုအချိန်အထိ မည်သည့်အခင်းအကျင်းပုံကြမ်းကိုမှ နားလည်သဘောပေါက်သည့်လူ ပေါ်မလာသေးပါ။
လီရွှမ်က ကြောင်နီကို ကြည့်လိုက်သည်။ ကြောင်နီသည် စကားလုံးများကို အမြဲတမ်းလေ့လာနေပြီး စာရေးခြင်းကိုကျင့်ကြံ၏။ အခင်းအကျင်းပုံကြမ်းကိုလည်း အချိန်ရှိသမျှ လေ့လာလေ့ရှိသည်။ သို့ပေမယ့် ယခုအချိန်အထိ မည်သည့်တိုးတက်မှုမှ မရှိသေးသည့်ဟန် ရှိ၏။
'ကြောင်နီက အသိဉာဏ်ရှိတဲ့ မဟာနတ်ဆိုးတစ်ကောင်ဆိုပေမယ့် အခင်းအကျင်းပုံကြမ်းကို နားလည်သဘောပေါက်ဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ..'
လီရွှမ်က ခါးသက်စွာရယ်၏။
စုလင်းရှုံနှင့် မုန့်ချုံတို့ဆိုပါက ဖြစ်နိုင်ခြေရှိသေးသည်။ သို့ပေမယ့် ယခုအချိန်၌ သူတို့သည် ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရင်း အလုပ်ရှုပ်နေကြ၏။ ဒီဗိုင်းဆန္ဒအဆင့်သို့ အမြန်ဆုံး ချိုးဖျက်လိုကြသည်။ ထို့ကြောင့် သူတို့၏ ကျင့်ကြံမှုကို ထိခိုက်ခြင်းမရှိစေရန်အတွက် လီရွှမ်သည် အခင်းအကျင်းအား လေ့လာခိုင်းခြင်းမရှိပေ။
စီးဆင်းနေသည့် မြစ်ပြင်၏အထက်တွင် ပုံရိပ်တစ်ခု ရုတ်တရက် ရေအောက်မှ ထွက်ပေါ်လာခဲ့၏။ လှိုင်းတစ်ပွက်ထသွားပြီး ချန်းလန်ကျွန်းဆီသို့ လျှင်မြန်စွာ ချဉ်းကပ်သွားသည်။
"ခွေးမ.. နင်ကသေဖို့ထိုက်တန်တယ်။ ဘယ်ကိုထွက်ပြေးနေတာလဲ.."
ကောင်းကင်မှ နောက်ထပ်ပုံရိပ်တစ်ခု လိုက်လံနေ၏။
အဘိုးအိုတစ်ယောက်ဖြစ်ပြီး သူ၏မျက်လုံးများက နီရဲနေကာ လုံးဝရူးသွပ်ဟန်ရှိသည်။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်၏ အရှိန်အဝါက အရပ်မျက်နှာအားလုံးတို့ဆီသို့ ဖြန့်ကျက်ထား၏။
ဤသည်မှာ တစ်ဝက်တစ်ပြက်ကောင်းကင်လူသားအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ကျစ်ယွင်၏မျက်နှာက ဖြူရော်နေပြီး ချန်းလန်ကျွန်းဆီသို့ အရူးအမူး ထွက်ပြေးသည်။ သူမ၏ အမြန်နှုန်းကို အစွမ်းကုန်မြှင့်တင်ထားပြီး တစ်ဝက်တစ်ပြက် ကောင်းကင်လူသား၏ စွမ်းအားဖြင့် ဖိနှိပ့်မှုကို ကြောက်ရွံ့နေပါသည်။
ကျစ်ယွင်သည် အထွတ်အထိပ်စစ်ဘုရင်အဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ သူမသည် အလွန်လျှင်မြန်ပါသည်။
သို့ပေမယ့် တစ်ဝက်တစ်ပြက် ကောင်းကင်လူသားလောက် လျှင်မြန်ခြင်းမရှိပေ။
ကံကောင်းစွာပင် ချန်းလန်ကျွန်းမှာ ရှေ့တွင်မြင်နေရပြီးဖြစ်၏။ သူမဆီသို့ အဘိုးအို၏ တစ်ဝက်တစ်ပြက်ကောင်းကင်လူသား ဖိအား မရောက်ရှိခင်တွင် ချန်းလန်ကျွန်းပေါ်သို့ အခြေအနေဆိုးရွားစွာဖြင့် ရောက်ရှိသွားသည်။
"မိုက်ရိုင်းတဲ့ကောင်မ... သခင်လေးကိုများ သတ်ရဲတယ်။ ငါနင့်ကို အပိုင်းတစ်ထောင်လောက်ပိုင်းပြီး တစ်စစီစုတ်ဖြဲပစ်မယ်.."
အဘိုးအိုမှာ လုံးဝရူးသွပ်နေပြီး ချန်းလန်ကျွန်းဆီသို့ တစ်ခါတည်း ပြေးတက်လာခဲ့၏။ တစ်ဝက်တစ်ပြက် ကောင်းကင်လူသားတစ်ယောက်၏ အရှိန်အဝါကို ထိန်းချုပ်ခြင်း လုံးဝမရှိပေ။
လီရွှမ်က ခေါင်းမော့ကြည့်ပြီးနောက် ထိုက်ချန်းစာအုပ်ကို ဆက်လက်လေ့လာနေလိုက်၏။
"ထန်.."
တောင်ပေါ်မှ ဆေဘာအလင်းတစ်ခု သက်ဆင်းလာခဲ့သည်။
"ချန်းလန်ကျွန်းကို ကျူးကျော်ရဲတဲ့ဘယ်သူမဆို အသတ်ခံရမယ်.."
မုန့်ချုံ၏ အေးစက်သည့်အသံက ထွက်ပေါ်လာ၏။
"ဘုန်း.."
တစ်ဝက်တစ်ပြက် ကောင်းကင်လူသား၏ ဖိအားမှာ ချန်းလန်ကျွန်းသို့ပင် မရောက်လိုက်ပဲ ဆေဘာအလင်းဖြင့် ပျက်စီးသွားခဲ့သည်။ အဘိုးအို၏ ခန္ဓာကိုယ်လည်း ဆေဘာအလင်းအောက်တွင် ပြာများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့၏။
ကျစ်ယွင်မှာ မြေပြင်ပေါ်ကို ကျဆင်းလာပြီး ကပိုကရို ရှိနေပါသည်။ သူမ၏မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာ၏။
"နင်က ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.."
မုန့်ချုံက သူမ၏ဘေးသို့ ရောက်ရှိလာပြီး အနည်းငယ် မျက်မှောင်ကျုံ့သွားသည်။ ဒီအချိန်၌ ကျစ်ယွင်သည် ဒဏ်ရာအပြင်းအထန်ရထားပြီး အလွန်ပုံပျက်နေ၏။
"ထွက်ပြေးရင်းရောက်လာတာ.."
ကျစ်ယွင်က ပျော်ရွှင်စွာရယ်သည်။
"နင်ဘယ်သူ့ကိုသွားပြီးတော့ ပြဿနာရှာခဲ့တာလဲ.."
မုန့်ချုံက ဆေးလုံးအချို့ကိုထုတ်ကာ သူမကိုကျွေးလိုက်သည်။
"သူ့ကိုယ်သူ မြင့်မြတ်တဲ့လူလို့ထင်နေတဲ့ ခွေးကောင်တစ်ကောင်ပေါ့။ မောက်မောက်မာမာနဲ့ ဆက်ဆံပြနေတယ်။ ပြီးတော့ ငါ့ကိုလည်း ကြံစည်ရဲသေးတယ်။ ဒါကြောင့် သတ်ပစ်လိုက်တာ.."
ကျစ်ယွင်က ဝမ်းသာစွာရယ်သည်။
မုန့်ချုံ၏ မျက်ခုံးများက မြင့်တက်သွားပြီး အနည်းငယ်သိလိုသွား၏။
"ဘယ်သူလဲ.."
"သူ့ကိုယ်သူ လင်းနယ်မြေရဲ့ သွေးမျိုးဆက်လို့ ခေါ်တာပဲ။ ဘိုးဘွားပိုင် ကျောက်စိမ်းတံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားတယ်။ လင်းနယ်မြေကို ဝင်ရောက်ဖို့ ကံပါလာတယ်တဲ့။ ပြီးတော့ သူ့ကိုယ်သူလည်း မြင့်မြတ်တယ်လို့ ယူဆထားပြီး တစ်ဝက်တစ်ပြက် ကောင်းကင်လူသားအဆင့် စောင့်ရှောက်သူတစ်ယောက် ရှိတယ်.."
"အဲ့ဒါက ငါ့အဖေငါ့ကို လက်ထပ်ပေးချင်တဲ့လူပဲ။ အဲ့ဒီ့ခွေးကောင် ငါ့ဆီလာပြီး မောက်မောက်မာမာနဲ့ သူ့ကိုလက်ထပ်ရတာက ကြီးမားတဲ့ ကံကောင်းမှုပဲဆိုပြီးတော့ လာလုပ်နေတာ.."
"သူ့ကို ပြုစုခစားခိုင်းနေတယ်။ အဲ့ဒါနဲ့ ငါလည်း ဒေါသထွက်ပြီး သတ်ပစ်လိုက်တာ.."
"ပြီးတော့ သူ့ရဲ့စောင့်ရှောက်သူ သတိမထားမိခင်မှာ ထွက်ပြေးလာခဲ့ပြီး ဒီနေရာကို ရောက်လာနိုင်ခဲ့တာ.."
ကျစ်ယွင်က နှာခေါင်းရှုံ့သည်။
မုန့်ချုံက အံ့သြစွာမေး၏။
"စိတ်ဝိဉာဉ်နယ်မြေ သွေးမျိုးဆက်လား.."
"အဲ့ဒါက လင်းနယ်မြေဂိတ်တံခါး ဖွင့်လှစ်နေစဉ်က အဲ့ဒီ့ကလူတွေ ဒီမှာနေရင်း မျိုးဆက်ကျန်ခဲ့တာ ဖြစ်မယ်.."
ကျစ်ယွင်က မတ်တပ်ရပ်ကာ မုန့်ချုံ၏ရှေ့တွင် တင့်တယ်စွာရပ်ရင်းက ပြော၏။
"ငါ့ကို ငါ့ရဲ့ဖခင်က စွန့်ပစ်လိုက်ပြီ။ သွေးသားဆက်နွှယ်မှုအားလုံးကိုလည်း ဖြတ်တောက်လိုက်ပြီ။ အခုငါ့မှာ အိမ်မရှိတော့ဘူး။ နင့်ကိုပဲ အားကိုးရတော့မယ်.."
မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။
"နင့်မှာလည်း ကျောက်စိမ်းတံဆိပ်ပြားရှိတာပဲ။ နင့်အဖေ..."
ကျစ်ယွင်က နှာခေါင်းရှုံ့၏။
"သူက တစ်ကိုယ်ကောင်းဆန်တဲ့လူ သက်သက်ပဲ။ ငါ့မှာကျောက်စိမ်းတံဆိပ်ပြားရှိတာကိုသာ သိရင် ဖမ်းဆီးပြီးတော့ သူ့ဘာသာသူ ယူလိုက်မှာ။ ငါ့ကို သတ်ရင်တောင်သတ်ဦးမှာ.."
"သူအခု ငါ့ကိုဖမ်းဖို့ လူတွေလွှတ်ထားပြီးပြီ။ ထပ်ပြောစရာတောင် မရှိတော့ဘူး.."
"အဲ့ဒါဆိုရင်လည်း ကောင်းပြီလေ။ နင်ဒီချန်းလန်ကျွန်းပေါ်မှာပဲနေပေါ့.."
မုန့်ချုံက ခေါင်းငြိမ့်စွာတုံ့ပြန်၏။
ကျစ်ယွင်၏ ပြဿနာများကိုတော့ သူ့အနေနှင့် အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိပါ။ ကျစ်ယွင်နိုင်ငံမှာ ရှည်ကြာစွာ တည်တံ့တော့မည် မဟုတ်သည့် နိုင်ငံတစ်ခုသာဖြစ်၏။ သဟွ၏ အရှိန်အဝါမှာ ရပ်တန့်၍မရနိုင်ပေ။
ထိုစွမ်းအားကြီးပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်ကို မုန့်ချုံလည်း နားလည်၏။ ကျစ်ယွင်နိုင်ငံလေးက ထိုရေစီးကြောင်းကို တားမြစ်နိုင်မည် မဟုတ်ပေ။
"လင်းနယ်မြေရဲ့ ဂိတ်တံခါးပွင့်ပြီး ကျောက်စိမ်းတံဆိပ်ပြားနဲ့ ဝင်နိုင်ဖို့က မဝေးတော့ဘူး။ နင်ငါနဲ့လိုက်မှာလား.."
ကျစ်ယွင်က မေးသည်။
"နင့်ရဲ့ကံကြမ္မာကို နင်ရှာပါ။ ငါလည်း လင်းနယ်မြေကို သွားဖြစ်လိမ့်မယ်.. ပြီးရင်တစ်နေ့မှာ ထပ်တွေ့ကြမှာပေါ့.."
မုန့်ချုံက ခဏတာစဉ်းစားပြီးနောက် ပြော၏။
ကျစ်ယွင်ကို ကယ်တင်ပြီးနောက် သူသည်ကျင့်ကြံမှုတွင်သာ ဆက်လက်နှစ်မြှုပ်ထားသည်။
"ဆရာကြီးကို တွေ့ဆုံပါတယ်.."
ကျစ်ယွင်က လီရွှမ်ကို လေးစားစွာနှုတ်ဆက်၏။
"အင်း.."
လီရွှမ်က ခေါင်းငြိမ့်သည်။ ကျစ်ယွင်ကို လွတ်လွတ်လပ်လပ်သာ နေခိုင်းထား၏။ ကျစ်ယွင်မှာ ပါရမီရှိပြီး မုန့်ချုံကို သဘောကျလေသည်။ သူ့တပည့်၏ မိန်းမ ဖြစ်လာနိုင်မည်လား ဆိုသည်မှာတော့ သူတို့၏ကိုယ်ပိုင် ကံကြမ္မာအပေါ်သာ မူတည်နေ၏။ ဆရာတစ်ယောက်အနေနှင့် ဝင်ပါမည် မဟုတ်ပေ။
ကျစ်ယွင်၏ ရောက်ရှိလာမှုက ချန်းလန်ကျွန်းအား မည်သည်မှ ထူးခြားမသွားစေပါ။ ကျစ်ယွင်နိုင်ငံရှိ စွမ်းအားကြီးသူများ လိုက်လံသတ်ဖြတ်မည်မှာတော့ ထိုသူများသည် ချန်းလန်ကျွန်းပေါ်သို့ ခြေချရဲခြင်းပင် မရှိပေ။
ထို့အပြင် ကျစ်ယွင်နိုင်ငံရှိ အခြေအနေမှာလည်း ကောင်းမွန်ခြင်းမရှိပေ။ သဟွ၏ အရှိန်အဟုန်မှာ ကြီးမားလှ၏။
စွမ်းအားကြီးအင်အားစုများစွာတို့၏ ဖြန့်ကျက်မှုအောက်တွင် လင်းနယ်မြေ၏ သတင်းမှာ အတွင်းဘက်နယ်မြေတစ်ခုလုံး၌ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။ လင်းနယ်မြေသည် အတွင်းဘက်နယ်မြေမှ လူများကို ခွေးများဝက်များသဖွယ် ရှု့မြင်ကြပြီး ကျွန်ပြုလေ့ရှိ၏။
ဤသည်မှာ အတွင်းဘက်နယ်မြေမှ သိုင်းသမားအားလုံးကို ဒေါသတရားအား ခံစားလာရစေသည်။ စိတ်ဝိဉာဉ်နယ်မြေသည် လွန်ကျူးလွန်းလှပြီး သူတို့အားလုံးသည် အတွင်းဘက်နယ်မြေ၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်လိုလာကြ၏။
အတွင်းဘက်နယ်မြေမှာ လင်းနယ်မြေ၏ လက်အောက်ခံမဟုတ်သလို သူတို့ ကျွန်ရွေးချယ်သည့် နေရာလည်း မဟုတ်ပေ။
ထို့ကြောင့် အတွင်းဘက်နယ်မြေအား အတွင်းဘက်နယ်မြေဟု ဆက်လက်ခေါ်ဆိုခြင်း မပြုတော့ပါ။ သဟွဟု ခေါ်ဆိုမည် ဖြစ်၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စစ်မှန်သည့် ဆက်ခံသူများ ဖြစ်ကြသည်။
တဖြည်းဖြည်းနှင့် အတွင်းဘက်နယ်မြေဟူသည့် အမည်ကို စွန့်လွှတ်ကာ သဟွဟူသည့် သဘောတရားက လူတိုင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာ၏။
စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ထိပ်တန်းအင်အားစုများ၏ ပူးပေါင်းအားထုတ်မှုနှင့်အတူ သဟွ၏ အရှိန်အဟုန်မှာ ပြိုင်ဘက်ကင်းစွာ ပျံ့နှံလာခဲ့သည်။ ကျစ်ယွင်နိုင်ငံမှာ ပြိုလဲလုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီး အချို့အမတ်ကြီးများသည် နိုင်ငံကို သစ္စာဖောက်ကာ သဟွသို့ ဝင်ရောက်ခဲ့ကြသည်။
"သင်၏တပည့် မုန့်ချုံသည် ကြီးမြတ်သောနေရွှေခန္ဓာ၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့သည်။ သင်၏ မဖျက်စီးနိုင်သော ကြီးမြတ်သောနေ ရွှေခန္ဓာသည် အဆင့်မြင့်တက်လာခဲ့သည်.."
မုန့်ချုံ၏ ရွှေခန္ဓာမှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့၏။ နောက်တစ်ဆင့်တွင် လုံလောက်သည့်အခြေခံကို စုစည်းကာ မပျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာသို့ ချိုးဖျက်ရန် ပြင်ဆင်ရပေမည်။
မုန့်ချုံအဆင့်ချိုးဖျက်ပြီး မကြာခင်တွင်...
"သင်၏တပည့် စုလင်းရှုံသည် ဒီဗိုင်းဆန္ဒအဆင့်ရှိ ကျင့်စဉ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်၏ဒန်ဆေးသိုင်းပညာစနစ်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်သွားသည်.."
လီရွှမ်က ပြုံးသည်။ ဒန်ဆေးသိုင်းပညာသည် ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
"သင်၏တပည့် စုလင်းရှုံသည် ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ အဆင့်ချိုးဖျက်သွားသည်။ သင်၏ဒန်ဆေးသိုင်းပညာသည် အဆင့်မြင့်တက်လာခဲ့သည်.."
စုလင်းရှုံသည် ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွား၏။
"ရွှီယန်လည်း အဆင့်ချိုးဖျက်တော့မှာမလား.."
လီရွှမ်က စဉ်းစားသည်။ ရွှီယန်သည် ကောင်းကင်လူသားငယ် များစွာတို့ကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။ ရတနာများအတွက် ယှဉ်ပြိုင်နေသည်လား မသိပေ။
'စတုတ္ထမြောက်တပည့်ကို ဘယ်နေရာကနေ ရှာရမလဲ...'
လီရွှမ်သည် ချီမန်သိုင်းပညာအကြောင်းကိုလည်း စဉ်းစားမိ၏။ သို့ပေမယ့် သင်ကြားပေးရန်အတွက် သင့်တော်သည့်လူကို ရှာမတွေ့သေးရာ ခေါင်းခဲစွာ ခံစားနေရသည်။
'သူမကို ဘာလို့ မလေ့လာခိုင်းကြည့်မှာလဲ..'
လီရွှမ်သည် ကျစ်ယွင်ကို စဉ်းစားမိလိုက်၏။ သူမသည် အတွင်းဘက်နယ်မြေ၏ အငယ်ရွယ်ဆုံး သိုင်းသခင်များထဲမှ တစ်ယောက်ဖြစ်သည်။ ပါရမီမှာ ရှဲ့လင်ဖုန်းထပ်ပင် ပိုမိုပုံ ပေါ်၏။
ထို့ကြောင့် ကောင်းမွန်စွာ ဆွဲထားသည့် ပုံကြမ်းတစ်ခုကိုထုတ်ကာ ကျစ်ယွင်ကို ခေါ်လိုက်သည်။
"နင်ဒီဟာကို ကြိုးစားပြီးတော့ လေ့လာကြည့်လို့ရတယ်။ တစ်ခုခုနားလည်နိုင်မယ်ဆိုရင် အခွင့်အရေးကောင်းရှိမယ်.."
"ဟုတ်ကဲ့ပါဆရာကြီး.."
ကျစ်ယွင်မှာ စိတ်လှုပ်ရှားလာခဲ့၏။ ပုံကြမ်းကိုယူကာ အနည်းငယ် ကြောင်တောင်သွားသည်။ ၎င်းကို လျှို့ဝှက်ဆန်းကြယ်လှသည်ဟု ခံစားရ၏။ သို့ပေမယ့် သဲလွန်စအား ရှာမတွေ့ဘဲ ရှိနေပါသည်။
"ဒါကနက်နဲလွန်းတယ်... ဂရုတစိုက် လေ့လာဖို့ လိုအပ်တယ်.."
ကျစ်ယွင်သည် ပုံကြမ်းကို စတင်လေ့လာမှုပြု၏။
အချိန်က ကုန်ဆုံးသွားပြီး လီရွှမ်မှာ အနည်းငယ်စိတ်ပျက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မည်သည်ကိုမှ နားလည်မှု မရနိုင်သောကြောင့်ဖြစ်၏။ ကြည့်ရသည်မှာ အခင်းအကျင်းအပေါ်၌ ပါရမီမရှိသည့်ဟန် တူသည်။
ရွှီမိခင်မှာ နောက်ဆုံးတွင် မူလအဆင့်သို့ ချိုးဖျက်သွားခဲ့၏။ လင်းနယ်မြေသို့ ရွှီယန်သွားရောက်ကတည်းက သူမသည် ပိုမိုဝီရိယထားကာ ကျင့်ကြံလာခဲ့သည်။
တစ်နေ့လျှင် အလွန်ဆုံး နှစ်နာရီခွဲကြာအောင် ကျင့်ကြံပြီး အနည်းဆုံး နှစ်နာရီရောက်အောင် ကျင့်ကြံ၏။
ကြားထဲတွင် ရပ်နားချိန်များ ရှိပါသည်။ သို့ပေမယ့် ခြုံငုံကြည့်ပါက များစွာ ပိုမိုကြိုးစားအားထုတ်လာ၏။
ယခုအချိန်၌ နောက်ဆုံးတွင် မူလအဆင့်သို့ ချိုးဖျက်သွားခဲ့လေပြီ။ ချန်းလန်ကျွန်းပေါ်တွင် ယခုအချိန်၌ အားအနည်းဆုံးဟူ၍ ချီနှင့်သွေးအဆင့်၏ အထွတ်အထိပ်ရှိ ဒန်ဆေးသင်တန်းသားများသာ ရှိပါသည်။
ဆေးဆရာဖန်သည် မူလအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိပြီးဖြစ်၏။ သူသည် အခြေခံအကျဆုံး ဆေးပညာများကို လေ့လာနေပါသည်။
ယခုအချိန်၌ အမှီအခိုကင်းမဲ့စွာဖြင့် ချီနဲ့သွေးဆေးလုံး၊ ချီစုဆောင်းခြင်းဆေးလုံးကဲ့သို့ အဆင့်နိမ့်ဆေးလုံးများကို ဖော်စပ်နိုင်နေပြီ ဖြစ်သည်။
ရွှီကျွင်းဟယ်နှင့် ကျိုးယင်တို့ နှစ်ဦးစလုံးမှာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီး ဖြစ်၏။ သို့ပေမယ့် တစ်ဆို့မှုတစ်ခုကို ကြုံတွေ့နေရပြီး အချိန်တိုအတွင်း ထုံးရွှမ်အဆင့်သို့ ချိုးဖျက်မရနိုင်အောင် ရှိနေသည်။
ရွှီမိခင်၏ မူလအဆင့်သို့ ချိုးဖျက်မှုမှာတော့ ချောမွေ့စွာသာရှိ၏။ သို့ပေမယ့် သူမ၏ခွန်အားမှာ ထင်ထားသည့်အတိုင်း အထူးကောင်းမွန်ခြင်း မရှိပေ။ ကျင့်ကြံခြင်းအဆင့်အား ပိုင်ဆိုင်ထားပေမယ့် မည်သည့်တိုက်ခိုက်မှုနည်းလမ်းကိုမှ သင်ကြားမှု မပြုပါ။
ရွှီကျွင်းဟယ်နှင့် သူမ၏သားဖြစ်သူ ရွှီယန်တို့သည် မိခင်ဖြစ်သူအား ပျော်ရွှင်စွာသာ နေထိုင်စေပြီး တိုက်ခိုက်သတ်ဖြတ်ခြင်း၌ ပါဝင်ရန် ဘယ်တုန်းကမှ မျှော်လင့်ထားခြင်း မရှိပါ။
ထိုနေ့တွင် လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ ဒုတိယမြောက်စာမျက်နှာကို မှတ်မိလုနီးပါးရှိပြီဟု ခံစားရ၏။
တာအိုရွှေစာအုပ်အတွင်းသို့ ရေးချတော့မှာပါ။ ပိုမိုအဆင့်မြင့်မားသည့် အခင်းအကျင်းကြီး တစ်ခုကို စဉ်းစားမည် ဖြစ်၏။
သူ၏ဝိဉာဉ်အခြေပေါ်ရှိ တာအိုစာအုပ်က ရုတ်တရက်ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။