မြေစိတ်ဝိဉာဉ်နဂါးချီ၊ သိုက်မိသားစု၏ အမျက်(၂)
Vol. 28 Ch. 406
"အဲ့ဒါက အထူးရတနာတစ်ခုပဲ...သယ်ဆောင်လို့မရတဲ့ ရတနာမျိုး..."
ကျောက်သလင်းမြွေမှာ လုံးဝမျှော်လင့်ချက်မဲ့စွာ ရှိနေပါသည်။
"ဘယ်လို အထူးရတနာမျိုးလဲ.."
ရွှီယန်က လက်ကိုလွှတ်ကာမေး၏။
"အဟွတ် အဟွတ်..."
ကျောက်သလင်းမြွေက ရုတ်တရက် ချောင်းဆိုးသည်။ လျှာကိုလှုပ်ကာ လည်ချောင်း၌ မသက်မသာ ရှိနေသည့်ပုံပေါ်၏။
"အဲ့ဒါက မြေစိတ်ဝိဉာဉ်စွမ်းအင်ပါ..."
ရွှီယန်တစ်ယောက် နားမလည်ဘဲ သူ၏ လည်ပင်းကို ထပ်မံဖမ်းဆုပ်မည်အား ကြောက်ရွံ့သဖြင့် အမြန်ရှင်းပြသည်။
"မြေစိတ်ဝိဉာဉ်နဂါးချီက ပြောကြတာတော့ စိတ်ဝိဉာဉ်သွေးကြော မြစ်ပြင်ကျယ်ကနေပြီး ပေါက်ဖွားလာတာတဲ့။ အဲ့ဒါက ပထမအဆင့် စိတ်ဝိဉာဉ်ပစ္စည်းတွေထက်တောင် ကျော်လွန်တယ်။ ဒီဗိုင်းအဆင့် ဖြစ်တယ်လို့တောင် ဂုဏ်သတင်းရှိတယ်.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏မျက်လုံးများက လင်းလက်သွား၏။ ဤသည်မှာ အမှန်တကယ်သာ မြေစိတ်ဝိဉာဉ်နဂါးချီဖြစ်ပါက သူသည် လုံလောက်သည့် အခြေခံအား စုစည်းနိုင်တော့မှာ ဖြစ်သည်။
ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်စဥ်အတွင်းမှာလည်း သေချာပေါက် ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ အောင်မြင်နိုင်မည် ဖြစ်၏။
"ဒီလိုရတနာမျိုးကို ငါ့ကိုဘာလို့ ထုတ်ပြောရတာလဲ.."
ရွှီယန်က ကျောက်သလင်းမြွေ၏ လည်ပင်းကို ထပ်မံညှစ်လိုက်ပြန်ပြီး ထူးမခြားနားစွာ ပြောသည်။
"ဖြစ်နိုင်တာက ထောင်ချောက်တစ်ခုများလား.."
ကျောက်သလင်းမြွေမှာ ထုံထိုင်းနေပါပြီ။ လည်ပင်းညှစ်ခြင်းကို ရပ်လိုက်လို့ မရပေဘူးလား။
"ငါပြောတာကိုနားထောင်.. နားထောင်ပါဦး.."
ရွှီယန်က လက်ကိုပြန်လွှတ်လိုက်ကာ ပြော၏။
"မြန်မြန်ပြော.."
မြွေမှာ လျှာတစ်လစ်ဖြစ်နေပြီး မောဟိုက်နေရင်းက ပြော၏။
"ကျေးဇူးပြုပြီး ငါ့ကိုလည်ပင်းညှစ်တာ ရပ်ပေးလို့ရမလား.."
"ကောင်းပြီ.."
ရွှီယန်က သဘောတူစွာ ခေါင်းငြိမ့်သည်။ ကျောက်သလင်းမြွေမှာ မှင်သက်သွား၏။
ဒီလူသည် ပြောရဆိုရ အလွန်လွယ်ကူသည်လား။
"ဟုတ်ပါတယ်... မြေစိတ်ဝိဉာဉ်နဂါးချီက ထူးကဲပြီးတော့ ရှာဖွေရခက်ခဲတယ်။ ဒါပေမယ့် ငါ့ရဲ့လက်ရှိခွန်အားနဲ့ မြေစိတ်ဝိဉာဉ်နဂါးချီကို ရဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်.."
ရွှီယန်က လက်ကိုဆန့်ကာ ဖမ်းဆုတ်လိုက်ပြန်၏။ သို့ပေမယ့် ဒီတစ်ကြိမ်တွင် လည်ပင်းကို ညှစ်ခြင်းမပြုပါ။ အဲ့ဒီ့အစား အမြှီးကိုကိုင်ကာ ခါရမ်း၏။
ကျောက်သလင်းမြွေမှာ မူးဝေစွာ ခံစားလိုက်ရသည်။ သူ၏အရိုးများ ပြုတ်ထွက်ကုန်ပြီဟု ထင်ရ၏။
"မင်းမှာ တကယ့်ကို မကောင်းတဲ့အတွေးတွေ ရှိနေတာပဲ။ ငါ့ကိုများ အသုံးချပြီး မြေစိတ်ဝိဉာဉ်နဂါးချီကို ယူခိုင်းချင်သေးတယ်။ အိပ်မက်မက်နေလိုက်.."
ရွှီယန်က အေးစက်စွာပြော၏။
ဒီမြွေသည် ပြီးခဲ့တုန်းက သူ့ကိုတိုက်ခိုက်ခဲ့၏။ လက်စားပြန်ချေရပေမည်။
"မဟုတ်ဘူး... မဟုတ်ပါဘူး။ ဆုံးအောင်ပြောပါရစေဦး.."
ကျောက်သလင်းမြွေမှာ ခွန်အားမဲ့စွာနှင့် သူ၏အရိုးများ နေရာပြောင်းကာ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးတော့မည်ဟု ခံစားလိုက်ရသည်။
ရွှီယန်က လက်ကိုဖြေလျှော့ကာ ပြော၏။
"ကောင်းပြီ.. မင်းပြော.."
ကျောက်သလင်းမြွေက ခေါင်းကိုခါရမ်းသည်။ ပြီးခဲ့တုန်းက သင်္ချိုင်းအတွင်းတွင် တိုက်ခိုက်ခဲ့မှုကြောင့် လက်စားချေခံရခြင်း ဖြစ်မည်ဟု သံသယဝင်မိ၏။
"နောက်တစ်ကြိမ်ကျရင် ငါ့လည်ပင်းကိုပဲညှစ်.."
လည်ပင်းအား အညှစ်ခံရခြင်းက အမြှီးမှကိုင်စောက်ခံရခြင်းထက် ပိုမိုသက်တောင့်သက်သာ ရှိကြောင်းကို သူနားလည်လိုက်သည်။
"ကောင်းပြီ.."
ရွှီယန်က ရက်ရက်ရောရောပင် ခေါင်းငြိမ့်၏။
ကျောက်သလင်းမြွေ "..."
"ဒီလိုပါ... ငါ့မှာ မိုးပြာရောင်ကောင်းကင်နဂါး သွေးမျိုးဆက်ရှိတယ်။ အဲ့ဒါက မဟုတ်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် အရေးမကြီးပါဘူး။ ငါ့မှာ နဂါးသွေးမျိုးဆက်ရှိတယ်လို့ပဲ သိထားလိုက်.."
"ငါက အခုအချိန်မှာ စတုတ္ထအဆင့် နှောင်းပိုင်းမှာရှိတယ်။ အထွတ်အထိပ်ကို ရောက်ခါနီးနေပြီ။ ဒါပေမယ့် ဆက်ပြီးတော့ အဆင့်မတတ်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အဆင့်ငါးကို ချိုးဖျက်ဖို့အတွက် သွေးမျိုးဆက်ကို သန့်စင်ဖို့လိုအပ်တယ်.."
"မိုးပြာရောင်ကောင်းကင်နဂါးက သွေးမျိုးဆက်ကို သန့်စင်ဖို့အတွက် အဓိကသော့ချက်ပဲ။ ငါမင်းဆီကနေ မိုးပြာရောင်ကောင်းကင်နဂါးရဲ့ သွေးအဆီအနှစ်အချို့ကို လိုချင်တယ်။ လဲလှယ်မှုအနေနဲ့ မြေစိတ်ဝိဉာဉ်နဂါးဆီရောက်အောင် ငါမင်းကိုကူညီပေးမယ်.."
ကျောက်သလင်းမြွေက သူ၏ ရည်ရွယ်ချက်ကို ပြောပြ၏။
ရွှီယန်က ခဏတာစဉ်းစားပြီးနောက် မြွေ၏လည်ပင်းကို ဖမ်းဆွဲလိုက်ပြန်ကာ ပြောသည်။
"မိုးပြာရောင်ကောင်းကင်နဂါးရဲ့ သွေးအဆီအနှစ်အတွက်ပဲလား.."
ကျောက်သလင်းမြွေမှာ ရုန်းကန်မှုတို့ ကင်းမဲ့နေ၏။
လည်ပင်းညှစ်ချင်ပါက စိတ်ကြိုက် ပေးညှစ်လိုက်သည်။ ခဏအကြာ၌ နေသားကျလာရန်သာ မျှော်လင့်မိ၏။
"မိုးပြာရောင်ကောင်းကင်နဂါးရဲ့ သွေးအဆီအနှစ်အပြင် မင်းရဲ့ရွှေနဂါးလည်း ရှိသေးတယ်။ ငါ့အထင်တော့ အဲ့ဒီ့နဂါးရဲ့ နဂါးကြီးမြတ်မှုက ငါ့ကို နဂါးတစ်ကောင်အဖြစ် ပြောင်းလဲလာစေဖို့ ဖြစ်နိုင်ချေ ပိုရှိလာစေနိုင်တယ်.."
ကျောက်သလင်းမြွေက စိတ်ရင်းဖြင့် ချီးကျူးသည်။
ရွှီယန်က လည်ပင်းကို လွှတ်ပေးလိုက်၏။ နဂါးကြီးမြတ်ခြင်းက ကျောက်သလင်းမြွေအား ပြောင်းလဲပေးနိုင်မည်လားဟူသည်ကို သူအနေနှင့် သိထားခြင်း မရှိပေ။
သို့ပေမယ့် ထိုကိစ္စကြောင့် ကျောက်သလင်းမြွေက သူ့ကိုချဉ်းကပ်လာရာ အခွင့်အရေးယူရပေမည်။
"မင်းက ယွီကျိုးရဲ့ ဒေသခံမြွေလား.."
ရွှီယန်က မေးသည်။
"ဟုတ်လိမ့်မယ်.."
ကျောက်သလင်းမြွေက ခေါင်းငြိမ့်သည်။ ထို့နောက်ပြော၏။
"ငါ့ရဲ့နာမည်က ယွီရှောင်လုံ.."
"ငါ့ရဲ့အိမ်မက်က ဒဏ္ဍာရီလာ စစ်မှန်တဲ့နဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်ဖို့အတွက်ပဲ.."
ယွီရှောင်လုံက ခေါင်းကိုမော့ကာ ပြော၏။ ဤသည်မှာ ကြီးမားသောအိပ်မက်နှင့် မြွေတစ်ကောင် ဖြစ်၏။
"ဒေသခံ ဖြစ်ကတည်းက ကိစ္စတွေက လွယ်ကူသွားပြီ။ ငါ့ရဲ့လမ်းညွှန်လုပ်ပေး။ အခု မြေစိတ်ဝိဉာဉ်နဂါးချီရှိတဲ့နေရာကို ခေါ်သွားပေး။ ငါတို့တွေ ဒီနေရာကနေ မြန်မြန်လေးထွက်ခွာရမယ်.."
ရွှီယန်က ခေါင်းငြိမ့်သည်။
"ကိစ္စမရှိဘူး...ဒီလားရာပဲ.."
ယွီရှောင်လုံက လားရာတစ်ခုကို ညွှန်ပြ၏။
ရွှီယန်က ညွှန်ပြသည့်လားရာအတိုင်း ချက်ချင်းပင် ထွက်ခွာသွားသည်။ လမ်းတလျှောက်တွင် သိလိုစွာမေး၏။
"မင်းက အဆင့်ဆက်ပြီးတော့ မတတ်နိုင်ဘူးလား။ ဘယ်လိုကျင့်ကြံရမလဲဆိုတာကို မသိဘူးလား.."
"စိတ်ဝိဉာဉ်သားရဲတွေက သွေးမျိုးဆက်ပေါ်မှာ လုံးဝမှီခိုနေတာ။ သွေးမျိုးဆက်ကနေတစ်ဆင့် ကျင့်ကြံကြရတယ်။ သွေးမျိုးဆက်ရဲ့ အကန့်အသတ်ကို ရောက်ပြီဆိုရင် အဆင့်ထပ်မတက်နိုင်တော့ဘူး။ ငါတို့မှာ မင်းတို့သိုင်းသမားတွေလိုမျိုး ကျင့်ကြံခြင်းစနစ်ဆိုတာ မရှိဘူး.."
ယွီရှောင်လုံက သူ့ကို အားကျစွာကြည့်၏။
ရွှီယန်က မြွေ၏ခေါင်းကိုပုတ်ကာ ပြောသည်။
"ငါ့နောက်လိုက်လုပ်ပြီးတော့ အလုပ်ကြိုးစား။ မင်းသာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်ရင် ကြောင်နီကို မဟာနတ်ဆိုးကျင့်စဉ် အတတ်ကို မင်းကိုသင်ခိုင်းလိုက်မယ်။ အဲ့ဒါက သွေးမျိုးဆက်ကို မှီခိုပြီး မြှင့်တင်တာထက် အများကြီးပိုကောင်းတယ်။ သိုင်းသမားတွေလိုပဲ ကျင့်ကြံပြီးတော့ မင်းရဲ့စွမ်းအားကို မြှင့်တင်နိုင်လိမ့်မယ်.."
"မဟာနတ်ဆိုး အတတ်လား။ ငါတို့ စိတ်ဝိဉာဉ်သားရဲတွေလည်း သွေးမျိုးဆက်ကို မှီခိုမဲ့အစား သိုင်းသမားတွေလိုမျိုး ကျင့်ကြံနိုင်တာလား.."
ယွီရှောင်လုံ၏ မျက်နှာက အံ့သြမှုတို့ဖြင့် ပြည့်နက်နေ၏။
"ဒါပေါ့...ငါကမင်းကိုလိမ်စရာလား...အလုပ်သာကြိုးစား.."
ရွှီယန်က အားပေးစွာပြော၏။
"မင်းကဘယ်လိုလုပ်ပြီး စကားပြောနိုင်တာလဲ... စိတ်ဝိဉာဉ်သားရဲတွေက စကားမပြောနိုင်ဘူးမလား.."
ဤသည်မှာ ရွှီယန်နားမလည်နိုင်ဆုံး အရာဖြစ်၏။ စိတ်ဝိဉာဉ်သားရဲများသည် ဒီဗိုင်းဝိဉာဉ်အား စုစည်းပြီးမှသာလျှင် ဒီဗိုင်းဝိဉာဉ်စွမ်းအားဖြင့် လူသားများအား ဆက်သွယ်နိုင်၏။
ဤသည်မှာလည်း အဆင့်ခြောက်သို့ရောက်ရှိမှ ရနိုင်လေသည်။ ထိုမတိုင်ခင်တွင် လူသားဘာသာစကားကို ပြောနိုင်ခြင်းမရှိပေ။
"သင်ခဲ့တာပေါ့.."
ယွီရှောင်လုံက ရှင်းပြသည်။
"ငါငယ်ငယ်တုန်းက ငှက်တစ်ကောင်ရဲ့ စားသုံးခြင်းကို ခံရတော့မလို့။ အဲ့ဒီ့အချိန်မှာ အရမ်းကိုလှပတဲ့ အစ်မလေးတစ်ယောက်က ကယ်တင်ခဲ့တယ်။ ငါသူမနဲ့ အချိန်အတော်ကြာအောင် နေခဲ့တယ်။ သူမကငါ့ကို ဘယ်လိုစကားပြောရမယ်ဆိုတာ သင်ပေးခဲ့တာ.."
"အချိန်ကြာလာတာနဲ့အမျှ အဆင့်လေးကို ချိုးဖျက်ပြီးတဲ့နောက်မှာ စကားပြောလာနိုင်ခဲ့တယ်.."
ယွီရှောင်လုံက စကားပြောရင်းနှင့် ပါးစပ်ကိုဟကာ သူ၏အသံအိုးကို ပြသသည်။
"ဒါက ငါစကားပြောဖို့ သင်ယူတုန်းက အစ်မလေးကူညီပေးထားတာ။ ဒီဟာနဲ့ဆို အသံတွေထုတ်လွှတ်လို့ရတယ်.."
ရွှီယန်က အံ့ဩသွားသည်။
"လက်စသတ်တော့ မင်းက အိမ်မွေးမြွေကို.."
"ငါက အိမ်မွေးမြွေမဟုတ်ဘူး.."
ယွီရှောင်လုံက ပြန်လည်ချေပ၏။ ခါးကိုဆန့်ထားသည်။ ထို့နောက် ပြန်လည်ပျော့ကျသွားပြီး ပြော၏။
"အဲ့ဒီ့အစ်မလေး.. သူမ ဘယ်ကိုသွားလဲမသိဘူး... ငါသူမကို ရှာမတွေ့တော့ဘူး... ကျေးဇူးတင်ချင်တာတောင် မလုပ်နိုင်ခဲ့ဘူး.."
လမ်းတလျှောက်တွင် ရွှီယန်သည် လင်းနယ်မြေရှိ အကြောင်းများအား ပိုမိုသိရှိလာခဲ့၏။ ယွီကျိုး၊ ကျိန်နိုင်ငံအစရှိသဖြင့် ဖြစ်သည်။
စိတ်ဝိဉာဉ်သားရဲများနှင့် ပတ်သက်ပြီးလည်း ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့၏။ အချို့စိတ်ဝိဉာဉ်သားရဲများအား စကားပြောရန်အတွက် သင်ကြားပေးနိုင်လေသည်။ သို့ပေမယ့် ထိုကဲ့သို့သော သားရဲမျိုးများမှာ အလွန် ရှားပါး၏။ ထို့အပြင် စိတ်ဝိဉာဉ်သားရဲအများစုတို့မှာ အလွန် မောက်မာကြပြီး လူသားဘာသာစကားကို ရွံမုန်းကြသည်။
စိတ်ဝိဉာဉ်နဂါးချီသည် တိမ်မဲနွံမှ အလွန်ဝေးကွာပြီး ယွီကျိုး၏အစွန်ရှိ ကျယ်ပြောသည့် တောင်များအတွင်းတွင်ရှိ၏။
မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်း၏ အဖြစ်အပျက်သည် ပါရမီရှင်များစွာတို့၏ သေဆုံးမှုဖြင့် အဆုံးသတ်ခဲ့၏။
တစ်ချိန်က နာမည်ကျော်ကြားခဲ့သည့် မိုးပြာရောင်ကောင်းကင်နဂါးသည် အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲခဲ့သည်ဟူသည့် သတင်းက ယွီကျိုးရှိ သိုင်းလောကအား လှုပ်ခါသွားစေ၏။
အသက်ရှင်ရက် ပြန်လာနိုင်ကြသည့် ပါရမီရှင်အားလုံးတို့လည်း ဒဏ်ရာအပြင်းအထန် ရထားကြသည်။
ရှန်ဟိုင်ကျိုးတစ်ယောက်မှ လွဲ၍ ဖြစ်၏။ သိုက်ကျွင်းမှာ သေဆုံးခဲ့လေသည်။ သိုက်မိသားစုကို လှုပ်ခါသွားစေပြီး မိသားစုခေါင်းဆောင်ဖြစ်သည့် သိုက်ရှန်းပင်လျှင် ထိုကိစ္စအတွက် ကိုယ်တိုင် ထွက်ခွာစုံစမ်းမေးမြန်းသည်။
သူတို့ဂရုစိုက်သည်မှာ သိုက်ကျွင်းအကြောင်း မဟုတ်ပေ။ သိုက်ယင်ယင်သာ ဖြစ်၏။ သိုက်ယင်ယင်၏ မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်း အတွင်းသို့ မဝင်ရောက်ခဲ့မှုကို ကြားရပြီးမှ စိတ်သက်သာရာ ရသွားသည်။
သို့ရာတွင် ဤသည်မှာ ရက်အနည်းငယ်သာ ကြာ၏။ သိုက်မိသားစုသည် အမျက်ဒေါသထွက်စွာဖြင့် စွမ်းအားအကြီးဆုံး အဖွဲ့ဝင်များကိုစေလွှတ်ကာ လေလွင့်သိုင်းသမားတစ်ယောက်ကို လိုက်လံသတ်ဖြတ်ခဲ့လေသည်။
သိုက်ယင်ယင်မှာ သေဆုံးခဲ့၏။ အချိန်တစ်ခုကြာအောင် ရှာဖွေပြီးနောက် သူမ၏သေဆုံးမှုအား နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
သူတို့၏ ပထမဆုံးသံသယမှာ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် လေလွင့်သိုင်းသမား ဖြစ်၏။ ကျိန်တော်ဝင်မိသားစုကလည်း စွမ်းအားကြီးမားသည့် စစ်သည်များကို စေလွှတ်ကာ ထိုလေလွင့်သိုင်းသမားကို လိုက်လံသတ်ဖြတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သိုက်ယင်ယင်မှာ ဒုတိယမင်းသားနှင့် စေ့စပ်ထားသူဖြစ်ပြီး အနာဂတ် အင်ပါရီယာ မိဖုရားတစ်ယောက် ဖြစ်၏။
တိမ်မဲနွံ၏အထက်တွင် ပုံရိပ်နှစ်ခုတို့ ရောက်ရှိလာ၏။ သူတို့၏ အငွေ့အသက်များက ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေပြီး ဒီဗိုင်းဝိဉာဉ်စွမ်းအားက အရပ်မျက်နှာအားလုံးတို့ဆီသို့ နည်းနည်းချင်းဆီ ပျံ့နှံ့သွားသည်။
ဤသည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဖြစ်၏။
"မိုးပြာရောင်ကောင်းကင်နဂါး မရှိတော့ဘူး။ သူနဲ့တိုက်ခိုက်ခဲ့တဲ့ ကောင်လေးလည်း မရှိတော့ဘူး။ သူ့ရဲ့အငွေ့အသက်က ဒီဘက်လားရာကို ညွှန်ပြနေတယ်.."
ကောင်းကင်လူသားတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"မိုးပြာရောင်ကောင်းကင်နဂါးက ဘယ်လိုလုပ်ပြီး နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားရတာလဲ။ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့တာလဲ။ ဒါကအရမ်းအရေးကြီးတယ်.."
နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းကောင်းကင်လူသားက ပြော၏။
ကျန်ရှိသည့် အငွေ့အသက်နောက်သို့လိုက်ကာ ကောင်းကင်လူသားနှစ်ယောက်တို့သည် ရွှီယန်၏ လားရာဘက်သို့ ထွက်ခွာသွားကြ၏။
သို့ရာတွင် နေ့တစ်ဝက်တောင် မကြာသေးဘဲ သူတို့ရပ်တန့်သွားကြသည်။ အငွေ့အသက်မှာ ပျောက်ကွယ်သွားခဲ့၏။
ယွဲ့နိုင်ငံ၏ ချုံရှန်းဒေသရှိ ရွာငယ်လေးတစ်ခုအတွင်းတွင် လူသန်ကြီးတစ်ယောက်က ခြံတံခါးကို ဆွဲဖွင့်လိုက်၏။ အတွင်းထဲရှိလူများမှာ အသံကိုကြားရပြီးနောက် သတိဖြင့်ထွက်လာကြသည်။ ရောက်ရှိလာသည့်လူမှာ လူသန်ကြီးဖြစ်ကြောင်းကို တွေ့ရပြီးမှသာ စိတ်သက်သာရာ ရသွားကြ၏။
"အကိုမုန့်... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.."
ဝမ်းယုံက ရှေ့သို့တက်ကာ နှုတ်ဆက်ရင်းက သိလိုစွာမေးသည်။
ဟွမ်မုန့်က ဝမ်းယုံကို အထက်အောက်ကြည့်ကာ မယုံနိုင်စွာ မေး၏။
"ယုံလေး... မင်းသိုက်ယင်ယင်ကို တကယ်ပဲသွားသတ်လိုက်တာလား။ ဘယ်လိုလုပ်ခဲ့တာလဲ.."
"ဘာ.."
ဝမ်းယုံက တံတွေးများကို မြိုချသည်။ နဖူးမှ ချွေးစေးများ ကျလာခဲ့၏။
"သိုက်ယင်ယင်ကို ငါမသတ်ခဲ့ပါဘူး.."
ဟွမ်မုန့်က သံသယဖြင့်ကြည့်၏။
"တကယ်ပဲ မသတ်ဘူးလား... အခု သိုက်မိသားစုက မင်းကိုနေရာတိုင်းမှာ အရူးအမူး လိုက်ရှာနေတယ်။ ကျိန်တော်ဝင်မိသားစုတောင်မှ စစ်သည်တွေစေလွှတ်ခဲ့တယ်.."
"ယုံလေး... ဒီတစ်ခေါက် မင်းစိတ်လိုက်မာန်ပါ နိုင်လွန်းသွားတယ်... ငါတို့မျိုးဆက်စုံ မဟာမိတ်အဖွဲ့က စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ တော်ဝင်မိသားစုတွေနဲ့ ရင်ဆိုင်ဖို့အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမယ့် မင်းရဲ့သတ္တိကတော့ တကယ့်ကို ချီးကျူးဖို့ကောင်းတယ်.."
ဝမ်းယုံ၏မျက်နှာက အဖြူရော်သွားပြီး တုန်ရီနေသည့်အသံဖြင့် ပြော၏။
"သိုက်ယင်ယင် သေပြီလား... ပြီးတော့ လူတိုင်းကလည်း ငါသတ်ခဲ့တယ်လို့ သံသယဝင်နေတယ်.."