ချင်းလင်မြို့၊ ဝရမ်း(၂)
Vol. 28 Ch. 408
ရှိနေကြသည့် လေလွင့်သိုင်းသမားများအကြားတွင် အချို့မှာ တိတ်တဆိတ် ဒေါသထွက်သွားကြသည်။
မေးခွန်းမေးသည့်လူမှာ လေလွင့်သိုင်းသမားတစ်ယောက် မဟုတ်ပါက ဆက်ဆံပုံက လုံးဝခြားနားသွား၏။ ဤသည်က အမှန်တကယ်ကို လွန်လွန်းသွားပါပြီ။
သို့ပေမယ့် လေလွင့်သိုင်းသမားများစွာတို့အတွက် ထိုခွဲခြားမှုမှာ အသားကျနေပြီးဖြစ်၏။ အချို့ဆိုလျှင် ပုံမှန်ကိစ္စတစ်ခု ဖြစ်သည်ဟုပင် ယုံကြည်ထားကြသည်။
"စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးလုံးက ရှန်မိသားစုရဲ့ စိတ်ဝိဉာဉ်ဆေးလုံးလား။ ဒါမှမဟုတ်..."
ထိုလူက ဆက်လက်မေး၏။
ယခုကဲ့သို့ မေးခွန်းမျိုးကို မေးနိုင်ခြင်းက တစ်ဖက်လူသည် စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးတစ်ခုအတွင်း၌ မြင့်မားသည့် ရာထူးဂုဏ်သိမ်တို့ ရှိနေလောက်၏။ မဟုတ်ပါက ရှန်မိသားစု၏ စိတ်ဝိဉာဉ်စုဆောင်းခြင်းဆေးလုံးနှင့် အခြားစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ စိတ်ဝိဉာဉ်စုဆောင်းခြင်းဆေးလုံးတို့ သူတို့အကြား ခြားနားနေမှုကို သိရှိမည်မဟုတ်ပေ။
ယွီကျိုးတွင် ရှန်မိသားစု၏ စိတ်ဝိဉာဉ်စုဆောင်းခြင်းဆေးလုံးမှာ နံပါတ်တစ်ချိတ်၏။
"အဲ့ဒါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုတို့ရဲ့ စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးလုံးပါ.."
စုမိသားစုမှာ ယွီကျိုးရှိ ပထမတန်းစားမိသားစု၅ခုအတွင်းရှိ တစ်ခုဖြစ်သည်။ တစ်ဖက်ရှိ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာလည်း ယွီကျိုး၏ နံပါတ်တစ် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်၏။
ရှိနေကြသည့် သိုင်းသမားများမှာ မှင်သက်သွားကြသည်။ ထိုစွမ်းအားကြီးအင်အားစုနှစ်ခု၏ ဝရမ်းထုတ်မှုကို ခံရလောက်အောင် ဒီလူငယ်သည် မည်သည်တို့ လုပ်ခဲ့သနည်းဟု စဉ်းစားမိ၏။
"သူတို့က အရှင် ဖမ်းခိုင်းတာလား။ ဒါမှမဟုတ် သေသေရှင်ရှင် ကိစ္စမရှိဘူးလား.."
"အရှင်ဖမ်းခိုင်းတာ... အဲ့ဒီ့အပြင် သတင်းအချက်အလက်တွေအရဆို ဒီလူငယ်ရဲ့ ခွန်အားက အနိမ့်ဆုံးနှောင်းပိုင်ကောင်းကင်လူသားငယ်အဆင့်မှာ ရှိလိမ့်မယ်.."
တိမ်မိုးကြိုးစံအိမ်အတွင်းသို့ ဝင်ချည်ထွက်ချည် ပြုနေကြသည့် သိုင်းသမားများအားလုံး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက လူငယ်တစ်ယောက်ကို ဖမ်းဆီးလိုကြောင်းအား သိလိုက်ကြသည်။
ပြောကြသည်မှာ ထိုလူငယ်သည် နှောင်းပိုင်ကောင်းကင်လူသားငယ်အဆင့် ခွန်အားကို ပိုင်ဆိုင်ထား၏။
လူငယ်တစ်ယောက်အတွက် ယခုမျှများပြားလှသည့် ဆုကြေးကို ထုတ်လွှတ်ပြီး သက်ဆိုင်ရာ မည်သည့်သတင်းအချက်အလက်ကိုမှ ဖော်ပြထားခြင်းမရှိတာ သံသယဝင်စရာ မကောင်းလောက်အောင် ထိုလူငယ်မှာ လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်မှာပါ။
ချင်းလင်မြို့ရှိ စံအိမ်တစ်ခုအတွင်းတွင် လေလွင့်သိုင်းသမားများစွာတို့ တွေ့ဆုံကြ၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုဝရမ်းထုတ်ထားတဲ့လူက ဘယ်သူလဲဆိုတာကို တစ်ယောက်ယောက်များ သိကြလား.."
"ငါတော့မသိဘူး... ယွီကျိုးမှာ ဒီလောက်ကို ထူးချွန်တဲ့ လေလွင့်သိုင်းသမားတစ်ယောက် ရှိတယ်လို့ ကြားတောင်မကြားဖူးဘူး.."
"ငါတို့ လေလွင့်သိုင်းသမားတွေအကြားမှာ ဒီလိုမျိုးထူးချွန်တဲ့လူတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ သူ့ကို စိတ်ဝိဉာဉ်ဂိုဏ်းတွေ မိသားစုကြီးတွေလက်ထဲကို ကျသွားစေလို့မဖြစ်ဘူး။ ငါတို့တွေအမြန်ဆုံး သူ့ရဲ့နေရာကိုရှာပြီး ဖုံးကွယ်ထားပေးရမယ်.."
"ဟုတ်တယ်။ ဒီလူက ငါတို့မျိုးနွယ်စုံမဟာမိတ်အဖွဲ့ရဲ့ ထူးချွန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာ။ ငါတို့တွေသူ့ကိုရှာပြီး မဟာမိတ်အဖွဲ့ဆီကို ခေါ်လာရမယ်။ ပြီးရင် စိတ်ဝိဉာဉ်ဂိုဏ်းတွေ မိသားစုကြီးတွေကို ရင်ဆိုင်ရမယ်.."
ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် လေလွင့်သိုင်းသမားများသည် ထိုလူငယ်၏ တည်နေရာအား ရှာဖွေရန်ထွက်ခွာခဲ့ကြ၏။
ချင်းလင်မြို့၏ အပြင်ဘက်ရှိ တောင်ကြီးတစ်ခု၏ နက်ရှိုင်းသည့်အတွင်းတွင် အဆောက်အအုံအချို့ ဆောက်လုပ်ထားသည်။
ဝမ်းယုံမှာ ဖြူရော်နေပြီး ဒဏ်ရာအပြင်းအထန် ရရှိထား၏။ သူသည် သိုက်မိသားစုမှ အကြီးအကဲတစ်ယောက်ကို တွန်းလှန်ကာ သေခြင်းအန္တရာယ်မှလွတ်မြောက်လာနိုင်ရုံရှိပြီး ဒီနေရာတွင် ပုန်းအောင်းနေလေသည်။
"ဝမ်းယုံ... ဝမ်းယုံ ဒီနေရာကနေ မင်းအမြန်ဆုံး ထွက်ခွာသွားဖို့လိုအပ်တယ်။ ငါတို့တွေ သိုက်မိသားစုရဲ့ လိုက်လံဖမ်းဆီးမှုကို အချိန်ဆွဲပေးထားမယ်.."
လူလတ်ပိုင်းလူကြီးက တင်းမာသည့်မျက်နှာနှင့် မြေပုံတစ်ခုကို ထုတ်ပြရင်းက ပြောသည်။
"နားလည်ပါပြီ။ ကျွန်တော်အခုပဲ သွားတော့မယ်.."
ဝမ်းယုံက ခေါင်းငြိမ့်သည်။ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့မည့်အချိန်၌ ပုံရိပ်တစ်ခု လျှင်မြန်စွာ ချဉ်းကပ်လာခဲ့၏။
"ခန်းမသခင်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက လေလွင့်သိုင်းသမား ပါရမီရှင်တစ်ယောက်အတွက် ဝရမ်းထုတ်ထားတယ်။ မဟာမိတ်အဖွဲ့က အဲ့ဒီ့လူငယ်ကို ရှာဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်.."
ရောက်ရှိလာသည့်လူက ပုံတစ်ခုကို စားပွဲပေါ်တွင် တင်ရင်းက ပြောသည်။ ခန်းမသခင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီးပြော၏။
"ငါတို့ လေလွင့်သိုင်းသမားတွေကြားက ပါရမီရှင် တစ်ယောက်လား.."
"ဟုတ်ပါတယ်... အနိမ့်ဆုံး နှောင်းပိုင်းကောင်းကင်လူသားငယ်အဆင့် ခွန်အားရှိပါတယ်။ အဲ့ဒီ့သတင်းကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ပေးခဲ့တာပါ.."
ထိုလူက ခေါင်းငြိမ့်၏။
"ဒီလိုပါရမီရှင်မျိုးကို ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ဆီကို သေချာပေါက် ခေါ်ယူရမယ်။ ငါတို့ဒီမှာ ပါရမီရှင်တွေ အထူးလိုအပ်နေတယ်.."
ခန်းမသခင်က ဝမ်းသာစွာပြော၏။
"ဒါပေမယ့် ခန်းမသခင်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုနှစ်ခုစလုံးက သူ့အတွက် ဝရမ်းထုတ်ထားတယ်။ ပြောကြတာက ကောင်းကင်လူသားကြီးတစ်ယောက်ကို စေလွှတ်ထားတယ်တဲ့.."
ထိုလူက လေးပင်စွာပြော၏။
"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ တော်ဝင်မိသားစုတွေရဲ့ အာရုံကို ပိုပြီးဆွဲဆောင်နိုင်လေလေ သူက ပါရမီရှင်ဖြစ်တယ်လို့ ပိုပြီးသက်သေပြနိုင်လေလေပဲ...လေလွင့်သိုင်းသမားတစ်ယောက်အနေနဲ့ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရရင် ငါတို့မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့လက်အောက်ကို သူသေချာပေါက် ခိုလှုံလာရမှာ.."
"သူ့ရဲ့နေရာကို အမြန်ဆုံးရှာ။ လိုအပ်ရင် ငါကိုယ်တိုင်ဝင်ပါပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်း သို့မဟုတ် စုမိသားစုရဲ့ ကောင်းကင်လူသားကြီးကို ဝင်တားမယ်.."
ခန်းမသခင်က စိတ်အားထက်သန်စွာ ပြောသည်။
"ဟုတ်ကဲ့ပါ ခန်းမသခင်.."
လာရောက်အကြောင်းကြသည့်လူက လျှင်မြန်စွာ ပျံသန်းထွက်ခွာသွား၏။
ဝမ်းယုံက လူငယ်၏ပုံကို တစ်ချက်ကြည့်ကာ နောက်ထပ်ပါရမီရှင်တစ်ယောက် မဟာမိတ်အဖွဲ့ထဲကို ဝင်ရောက်လာတော့မည်ဟု စိတ်ထဲတွင် သက်ပြင်းချမိသည်။
သူဝမ်းယုံမှာလည်း လေလွင့်သိုင်းသမားများ အကြားတွင် ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့ရာတွင် သိုက်မိသားစုကို ဆိုးရွားစွာ ထိပါးမိရာ သူ၏အခြေအနေက အန္တရာယ်များလှပါသည်။
ရိုးရိုးခြိမ်းခြောက်ရုံသာဖြစ်ပါက သိုက်မိသားစုအနေနှင့် ကောင်းကင်လူသားငယ် သို့မဟုတ် အလွန်ဆုံး ကောင်းကင်လူသားကြီး တစ်ယောက်လောက်ကိုသာ စေလွှတ်ပြီး သူ့ကိုဖမ်းဆီးခိုင်းမှာ ဖြစ်သည်။
သို့ပေမယ့် သိုက်ယင်ယင်မှာ သေဆုံးခဲ့ပြီး သိုက်မိသားစုမှာ သူ့ကိုလူသတ်သမားဟု ယုံကြည်နေ၏။ ထို့ကြောင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် ဘိုးဘေးပင် ထွက်ခွာလာပြီး သူ့ကို ကိုယ်တိုင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့လေသည်။
ဝမ်းယုံတစ်ယောက် ယွီကျိုးမှ လွတ်မြောက်ရန်အတွက် အခွင့်အရေးရှိသေးလားဟုပင် မသိပေ။ ဘာပဲဖြစ်ဖြစ် သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတစ်ယောက်၏ သတ်ဖြတ်ရန် ပစ်မှတ်ထားခြင်းကို ခံခဲ့ရ၏။
မဟာမိတ်အဖွဲ့က ထွက်ပြေးရန် အကူအညီပေးနေမှုကြောင့်သာ မဟုတ်ပါက ယခုအချိန်၌ သေဆုံးပြီးဖြစ်လောက်မှာပါ။
သို့ရာတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် တရားဝင်ထွက်ပေါ်ရန်အတွက် အဆင်သင့်မဖြစ်သေးပါ။ ထို့ကြောင့် သူ့အတွက်နှင့် ခွန်အားများကို ဆက်လက်ထုတ်ဖော်ပြလိုမည် မဟုတ်ပေ။
ဝမ်းယုံတစ်ယောက် အလျှင်အမြန် ထွက်ခွာသွားကာ ထွက်ပြေး၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက ဝရမ်းထုတ်ခြင်း ခံထားရသည့် ရွှီယန်မှာတော့ ယခုအချိန်၌ မည်သည်ကိုမှ သိရှိခြင်းမရှိသေးပေ။
သူသည် ချင်းလင်မြို့ဆီသို့ ဦးတည်နေပြီး မြို့ထဲသို့ တစ်ချက်လောက် လှည့်ပတ်ကြည့်လို၏။ ချင်းလင်မြို့သို့ လမ်းပေါ်တွင် သိုင်းသမားများသည် သွားသွားလာလာ ပြုနေကြ၏။
ရုတ်တရက် မြို့ထဲမှထွက်လာသည့် သိုင်းသမားတစ်ယောက်သည် အံ့သြစွာ ရပ်တန့်သွားခဲ့သည်။ ဒီလူငယ်သည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက ဝရမ်းထုတ်ထားသည့်လူငယ် မဟုတ်ပေဘူးလား။
ဝမ်းသာစွာဖြင့် ချင်းလင်မြို့အတွင်းသို့ ပြန်လည်လှည့်ပြန်သွားသည်။
"လင်းနယ်မြေရဲ့ မြို့ကြီးတစ်မြို့က တကယ့်ကို ထူးကဲလှတယ်.."
ချင်းလင်မြို့ကိုကြည့်ကာ ရွှီယန်တစ်ယောက် မနေနိုင်ဘဲ သက်ပြင်းချမိသည်။
"ပထမတန်းစား မိသားစုကြီးတစ်ခုရဲ့ အဓိကမြို့ကြီးခြောက်ခုထဲက တစ်ခုပီသလှတယ်.."
စွန့်ပစ်နယ်မြေမှ အတွင်းဘက်နယ်မြေသို့ ပထမဆုံး စတင်ရောက်ရှိချိန်၌ သူသည် အတွင်းဘက်နယ်မြေရှိ မြို့များကို စည်ကားသိုက်မြိုက်ကာ ထည်ဝါလှသည်ဟု ခံစားခဲ့ရ၏။
ချောင်ကျသည့် စီရင်စုငယ်တစ်ခုပင်လျှင် စွန့်ပစ်ဒေသရှိ တော်ဝင်မြို့တော်တစ်ခုနှင့် နှိုင်းယှဉ်နိုင်စွမ်းရှိ၏။
ယခုအချိန်၌ လင်းနယ်မြေရှိ မြို့ကြီးကို မြင်တွေ့လိုက်ရချိန်၌ ရွှီယန်၏အမြင်တို့ ထပ်မံကျယ်ပြန့်လာခဲ့ပြန်သည်။
စိတ်ဝိဉာဉ်နယ်မြေရှိမြို့သည် အတွင်းဘက်နယ်မြေရှိ မည်သည့်မြို့ထက်မဆို များစွာသာလွန်၏။ ချင်းလင်မြို့၏ ကြီးမားလှသည့် မြို့ဂိတ်တွင် အထွတ်အထိပ် စစ်ဘုရင်အဆင့် အစောင့်များရှိပြီး လေလွင့်သိုင်းသမားများထံမှ ဝင်ကြေးများကို ကောက်ခံနေပါသည်။
"သိုင်းသခင်တွေက နေရာတိုင်းမှာရှိတယ်။ စစ်ဘုရင်အဆင့်တွေတောင်မှ ဒီမှာပုံမှန်ပဲ။ ပထမအဆင့် သိုင်းသမားတွေဆိုတာ အနိမ့်ဆုံးသိုင်းသမားတွေပဲ။ စိတ်ဝိဉာဉ်နယ်မြေမှာ သူတို့က သာမန်လူတွေလို့တောင် ယူဆလို့ရတယ်.."
ရွှီယန်သည် မြို့ဂိတ်မှ သွားသွားလာလာ ပြုနေကြသည့် သိုင်းသမားများကိုကြည့်ကာ သက်ပြင်းချမိသည်။
အတွင်းဘက်နယ်မြေနှင့် ခြားနားမှုမှာ အလွန်ကြီးမားလှ၏။ အတွင်းဘက်နယ်မြေတွင် သိုင်းသခင်မှာ သန်မာသူများဟု ယူဆနိုင်၏။
သို့ပေမယ့် လင်းနယ်မြေတွင် နေရာတိုင်းနီးပါး၌ တွေ့မြင်နိုင်ပြီး ပထမအဆင့် သို့မဟုတ် တတိယအဆင့် သိုင်းသမားများကဲ့သို့ ပုံမှန်ဆန်လှသည်။
ထိုကိစ္စအတွက် ရွှီယန်သည် အံ့ဩမိခြင်းမရှိပါ။ ဘာပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်နယ်မြေရှိ စိတ်ဝိဉာဉ်စွမ်းအင်သည် ပိုမိုသိပ်သည်းပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီမှာ ပိုမိုလှုပ်ရှားတက်ကြွ၏။
ဤသည်က ကျင့်ကြံရန် ပိုမိုလွယ်ကူလာစေသည်။ ထိုကဲ့သို့သော လောကကြီးတွင် လူအများ၏မွေးရာပါ ပါရမီမှာလည်း ပိုမိုမြင့်မားတက်၏။
ထို့အပြင် များပြားလှသည့် လင်းကျီနှင့် သိုင်းပညာကျင့်ကြံရန် ပိုမိုလွယ်ကူပါသည်။ ရွှီယန်က မြို့အတွင်းသို့ ဝင်ရောက်တော့မည့်အချိန်၌ လူတစ်ယောက်က သူ့ဆီသို့ ရုတ်တရက် ချဉ်းကပ်လာကာ တိုးညှင်းစွာပြောသည်။
"လူငယ်... မင်းမြို့ထဲကို ဝင်ရဲသေးတာလား။ ငါ့နောက်ကနေ မြန်မြန်လေးလိုက်ခဲ့။ အခုထွက်မသွားဘူးဆိုရင် အရမ်းကို နောက်ကျသွားလိမ့်မယ်.."
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။
"ခင်ဗျားက ဘာကိုဆိုလိုတာလဲ.."
"မင်းကို ဝရမ်းတစ်ခုထုတ်ထားတယ်။ ငါနဲ့မြန်မြန်လေး
လိုက်ခဲ့.."
ထိုလူက အမြန်ပြောပြ၏။ ဝရမ်းတစ်ခုထုတ်ထားသည်လား။ ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ ဤသည်မှာ မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်းရှိ ကိစ္စကြောင့်လေလား။ သူသည် တစ်ဖက်လူ၏နောက်သို့ လိုက်သွားရင်းက မေးသည်။
"ခင်ဗျားက ဘယ်သူလဲ... ကျုပ်ကိုဘာလို့ ဝရမ်းအကြောင်းကို ပြောပြရတာလဲ။ ဘယ်အင်အားစုက ကျုပ်ကိုဝရမ်းထုတ်ခဲ့တာလဲ.."
"ငါက လေလွင့်သိုင်းသမားတစ်ယောက်သက်သက်ပဲ... စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ ငါတို့လေလွင့်သိုင်းသမားပါရမီရှင်တွေအပေါ် ဖိနှိပ့်မှုကို ရပ်ကြည့်မနေနိုင်လို့ မင်းကိုသတိပေးခဲ့တာညီလေး.."
တစ်ဖက်လူက ရွှီယန်ကို ချင်းလင်မြို့အပြင်ဘက်ရှိ နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
"မင်းအတွက်ဆုကြေးကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ထုတ်ပြန်ခဲ့တာ။ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ စွမ်းအားကြီးမိသားစုကြီးတစ်ခုရဲ့ ဝရမ်းထုတ်ခံရတာ ဘာအဓိပ္ပာယ်လဲဆိုတာကို မင်းသိတယ်မလား.."
ထိုလူ၏ပုံစံက လေးနက်သွားပြီး ဆက်လက်ပြောသည်။
"ဒါပေမယ့် မင်းအသက်ကို ကယ်တင်နိုင်မယ့် နေရာတစ်ခု ငါ့မှာရှိတယ်.."
ရွှီယန်၏မျက်လုံးများ၌ အေးစက်သည့် အလင်းရောင်တို့ လက်သွား၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုသည် သူ့ကိုဝရမ်းထုတ်ခဲ့သည်လား။
"ငါ့သာ နောက်တစ်ဆင့်ကို အဆင့်ချိုးဖျက်ပြီးရင် မင်းတို့ကောင်တွေ တန်ကြေးပြန်ပေးရမယ်.."
အေးစက်စွာနှင့် ကိုယ့်ကိုယ်ကိုယ်စဉ်းစားသည်။
"ခင်ဗျားက လေလွင့်သိုင်းသမားတစ်ယောက်သက်သက်ပဲ။ ဘယ်လိုလုပ်ပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ဝရမ်းထုတ်ထားတာကို လွတ်မြောက်အောင် လုပ်ပေးနိုင်မှာလဲ.."
ရွှီယန်က အနည်းငယ်သိလိုသွား၏။ သူ့အနေနှင့် တစ်ဖက်လူ၏စကားကို လုံးဝယုံကြည်ခြင်းမရှိပေ။ သတိမပျက်ထားကာ အချိန်မရွေး တိုက်ခိုက်သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေ၏။
"ဒီကိစ္စက လျှို့ဝှက်ချက်ပဲ... လူငယ် မင်းငါနဲ့လိုက်ပြီး တစ်ယောက်ယောက်ကို တွေ့ပြီးရင် သိသွားလိမ့်မယ်.."
ထိုလူက ဆက်လက်ပြောသည်။
"ညီငယ်လေး...ငါ့မှာမင်းကို ထိခိုက်စေဖို့ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာ စိတ်ချထားလို့ရတယ်။ ငါတို့လေလွင့်သိုင်းသမားတွေသာတစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးသတ်ဖြတ်နေမယ်ဆိုရင် စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ ကျွန်ပြုခြင်းကို ထာဝရခံသွားရမှာ သေချာတယ်.."
ရွှီယန်က ရုတ်တရက် ရပ်တန့်သွား၏။
"လူငယ် ဘာဖြစ်လို့လဲ.."
တစ်ဖက်လူက ကြောင်တောင်စွာဖြင့် မေးသည်။
ရွှီယန်က တစ်ဖက်ကိုလှည့်ကာ တည်ငြိမ်စွာပြော၏။
"ကျုပ်ကိုဝရမ်းထုတ်ထားတဲ့လူတွေ ဒီကိုလာနေပြီ။ ဒီကိစ္စမှာ မပါချင်ရင် ခင်ဗျားအခုထွက်သွားလို့ရတယ်.."
တစ်ဖက်လူ၏ပုံစံက ပြောင်းလဲသွားသည်။ ခေါင်းမော့ကြည့်ပြီးနောက် သူတို့ဆီသို့ ပုံရိပ်နှစ်ခု အပြေးရောက်ရှိလာကြောင်းကို တွေ့ရ၏။
"လူငယ် အမြန်ပြေး.."
ထိုလူက အမြန်ပြောသည်။ ရွှီယန်မှာ ရပ်တန့်နေဆဲရှိပြီး ပြော၏။
"ပြေးရမယ်... သူတို့က ကောင်းကင်လူသားငယ်လေးတွေကို။ ဘာကိစ္စပြေးရမှာလဲ။ ငါ့အပေါ်ကို ဘာကိစ္စဝရမ်းထုတ်တာလဲလို့ ကြည့်ရတာပေါ့.."
တစ်ဖက်လူ၏မျက်နှာက စိုးရိမ်သွား၏။ ရွှီယန်ကို ပြောပြနိုင်မှုမရှိခြင်းအား တွေ့ရပြီးနောက် ရွေးချယ်စရာမရှိဘဲ အလျှင်အမြန် ထွက်ခွာသွားသည်။
"မင်းငါတို့နဲ့လိုက်ခဲ့ရင် ကောင်းလိမ့်မယ်.."
ကောင်းကင်လူသားငယ်နှစ်ယောက်တို့က ရွှီယန်ကို ခေါင်းငုံ့ကြည့်ရင်းက မောက်မာစွာပြောသည်။
ယွီကျိုးရှိ နံပါတ်တစ် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် ပထမတန်းစားမိသားစုတစ်ခုဖြစ်သည့် စုမိသားစုမှ အကြီးအကဲများအနေနှင့် သူတို့သည် ကိုယ့်ကိုကိုယ် မြင့်မြတ်လှပြီဟု ယူဆထားပြီး မောက်မာသည်မှာ အသားကျနေပြီး ဖြစ်သည်။
ရွှီယန်က သူတို့၏အဝတ်များကို ကြည့်သည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစု၏ အမှတ်တံဆိပ်များကို ထွင်းထား၏။
သူ၏မျက်နှာက အေးစက်သည့်အပြုံးတစ်ခု ပေါ်လာပြီး ပြောသည်။
"မင်းတို့ကောင်တွေက ဒီကိုလာပြီး ငါ့ကိုဖိတ်ခေါ်တာလား။ ဒါမှမဟုတ် ငါ့ကိုအမိန့်လာပေးတာလား။ ဖိတ်ခေါ်တာဆိုရင်တော့ ပိုပြီးတော့ လေးလေးစားစားရှိတာ ကောင်းလိမ့်မယ်။ အမိန့်ပေးတာဆိုရင်လည်း သေဖို့ပြင်ထားကြ.."
"မောက်မာလိုက်တာ.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အကြီးအကဲက ဒေါသတကြီးအော်၏။
"နိမ့်ကျတဲ့ သိုင်းသမားလေးတစ်ယောက်ကများ.. မင်းလိုလေလွင့်သိုင်းသမားတစ်ယောက်က ခွန်အားလေးနည်းနည်းရှိတာနဲ့ စည်းမျဉ်းတွေကို လျစ်လျူရှု့နိုင်ပြီလို့ ထင်နေတာလား။ မင်းအပြစ်ကို မင်းသိလား.."
ရွှီယန်၏ပုံစံက အေးစက်လာခဲ့၏။ သူကလက်ကိုမြှောက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ဝါးဖြင့် ဓားချက်တစ်ခုကို ဖော်ထုတ်လိုက်၏။