ဒီညီအကိုက တကယ်ကိုသားရဲပဲ(၂)
Vol. 28 Ch. 410
သူ၏မျက်ခုံးများက မျက်မှောင်ကျုံ့သွားပြီး ပြောသည်။
"ချင်းလင်မြို့ကိုသွားပြီး သတင်းအချက်အလက်တွေ ရယူခဲ့။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက ဘာလို့ အဲ့ဒီ့လူငယ်ကို လိုချင်လဲဆိုတဲ့ အကြောင်းကို သိအောင်လုပ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကို ငါသိချင်တယ်.."
"ဟုတ်ကဲ့ပါ ခန်းမသခင်.."
လူလတ်ပိုင်းလူကြီးက အလျှင်အမြန် ထွက်ခွာသွား၏။
ရွှီယန်၏ ဝရမ်းမှာ ချင်းလင်မြို့ရှိ တိမ်မိုးကြိုးစံအိမ်ထဲတွင် ရှိနေဆဲဖြစ်သည်။ သို့ရာတွင် သိုင်းသမားတစ်ယောက်က ထိုလူငယ်၏အကြောင်းကို သတင်းပေးကာ ဆုကြေးအား ထုတ်ယူပြီးဖြစ်သည်ဟု ပြောစကားများကြားသိရ၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစု၏ အကြီးအကဲတို့က သွားရောက်ဖမ်းဆီးရန် ထွက်ခွာသွားပြီးဖြစ်သည်။
တိမ်မိုးကြိုးစံအိမ်အတွင်းရှိ သိုင်းသမားများမှာ မနာလိုစွာ ခံစားလိုက်ရ၏။ သတင်းပေးသည့် လေလွင့်သိုင်းသမားသည် ဆုကြေးများကို ရရှိရုံမက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့နှင့် အဆက်အသွယ်တစ်ခုလည်း ရရှိခဲ့၏။
အကြီးအကဲများ၏ အသိအမှတ်ပြုခြင်းကို ခံရပါက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုအတွင်းသို့ ဝင်ရောက်ရန်ပင် အခွင့်အရေး ရလာနိုင်သည်။
အဆင့်နိမ့်သိုင်းသမားတစ်ယောက် ဖြစ်လျှင်ပင် စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးတစ်ခု၏ လက်အောက်မှဖြစ်ပါက လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်ရခြင်းထက် များစွာ ပိုမိုသာလွန်၏။
လူလတ်ပိုင်းလူကြီးသည် တိမ်မိုးကြိုး စံအိမ်အတွင်းသို့ ဝင်ရောက်ပြီးနောက် မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ သိုင်းသမားများစွာတို့နှင့် သတင်းအချက်အလက်များကို တိတ်တဆိတ် ဖလှယ်ယူခဲ့သည်။
အံ့သြစရာကောင်းလောက်အောင် လူငယ်၏ ဖမ်းဆီးခံရသည့် မည်သည့်သတင်းကိုမှ ရှာတွေ့ခဲ့ခြင်း မရှိပေ။
ကြေညာချက် မထုတ်ရသေးသည်လား။ သို့မဟုတ် လူငယ်ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့သည်လား။
ဝရမ်းမှာ အသက်ဝင်နေဆဲ ရှိသည်။ ဆိုလိုသည်မှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ရှိ အကြီးအကဲနှစ်ယောက်တို့ ပြန်မလာသေးဟု ဖြစ်၏။
သို့မဟုတ် လူငယ်ကို ဖမ်းဆီးပြီးနောက် ဆုကြေးကို ဖျက်သိမ်းရန် အချိန်မရှိဘဲ ဖြစ်နေသည်လား။
တစ်ရက်ကြာပြီးနောက် တိမ်မိုးကြိုးစံအိမ်အတွင်း၌ အဘိုးအိုနှစ်ယောက် ပေါ်လာခဲ့သည်။ လူသတ်ငွေ့တို့ ပြည့်နက်နေသည့် သိုင်းသမားအချို့လည်း နောက်မှပါလာကြ၏။
ဤသည်က တိမ်မိုးကြိုးစံအတွင်းရှိ သိုင်းသမားအားလုံးကို နှလုံးသားထဲ၌ အေးစက်စွာ ခံစားရစေသည်။
ထိုအဘိုးအိုတို့သည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ဖြစ်ကြ၏။ ထို့အပြင် နှစ်ယောက်စလုံးသည် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှ ဖြစ်ကြလေသည်။
သူတို့နောက်ရှိလူများမှာ အစောင့်များဖြစ်ကြပြီး ရန်သူသိုင်းသမားများကို လိုက်လံသတ်ဖြတ်ခြင်းအတွက် တာဝန်ယူကြ၏။
လူလတ်ပိုင်းလူကြီး၏ နှလုံးသားက အခုန်မြန်သွားသည်။ သူ၏စိတ်ထဲ၌ အံ့သြစရာကောင်းသည့် အတွေးတစ်ခု ပေါ်လာခဲ့၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုရှိအကြီးအကဲနှစ်ယောက်တို့ကို လူငယ်က သတ်ဖြတ်ခဲ့သည်လား။
သူသည် အလွန်ငယ်ရွယ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးတို့ရှိ အကြီးအကဲများကို သတ်ဖြတ်ရဲသည်လား။
ပိုမိုအရေးကြီးသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ သိုင်းသမားများသည် ပိုမိုအဆင့်မြင့်သည့် ကျင့်စဉ်များကို ကျင့်ကြံကြပြီး လေလွင့်သိုင်းသမားများထက် များစွာ ပိုမိုသန်မာကြ၏။
အချို့စွမ်းအားကြီးသည့် လေလွင့်သိုင်းသမားများပင်လျှင် အဆင့်တူတွင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ သိုင်းသမားတစ်ယောက်နှင့် လက်ရည်တူလောက်သာ ရှိကြ၏။
ထိုကဲ့သို့သော လူများမှာလည်း အများကြီး မရှိပေ။ ထို့အပြင် ထိုလူများသည် အခွင့်အလမ်းများ ရရှိထားပြီး စွမ်းအားကြီးမားသည့် ကျင့်စဉ်များကို ပိုင်ဆိုင်ထားလေ့ရှိကြသည်။
"ဒီလူငယ် ဘယ်မှာရှိလဲဆိုတာနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို ထောက်ပံ့ပေးနိုင်တဲ့ ဘယ်သူမဆို စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်မီလီယံနဲ့ စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးလုံးတစ်ပုလင်းကို ရရှိမယ်... သူ့ကိုဖမ်းဆီးနိုင်တဲ့ ဘယ်သူမဆိုလည်း စိတ်ဝိဉာဉ်စုဆောင်းခြင်း ဆေးလုံးတစ်ပုလင်းနဲ့ အဆင့်နိမ့် စိတ်ဝိဉာဉ်ကိရိယာတစ်ခု ရမယ်.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ အဘိုးအိုက နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
တိမ်မိုးကြိုးစံအိမ်အတွင်းရှိ သိုင်းသမားများအားလုံးတို့ ချက်ချင်းပင် ဆူပွက်လာကြသည်။
"ဒီလူရဲ့သဲလွန်စကို ထောက်ပံ့ပေးပြီး ဖမ်းဆီးရာမှာ ကူညီပေးတဲ့ ဘယ်သူမဆို စုမိသားစုရဲ့ အပြင်စည်းအစောင့်တစ်ယောက် ဖြစ်လာနိုင်မယ်.."
စုမိသားစု၏ အဘိုးအိုက ထပ်ပေါင်းပြော၏။ ဤသည်က လေလွင့်သိုင်းသမားများကို ချက်ချင်းပင် စိတ်လှုပ်ရှားလာစေသည်။
လေလွင့်သိုင်းသမားအဖြစ်မှ လွတ်မြောက်နိုင်မည့် ထိုကဲ့သို့သော အခွင့်အရေးမှာ သေးငယ်သည့် ကိစ္စတစ်ခုမဟုတ်ပေ။ ဤသည်မှာ နောက်ခံရှိသည့် သိုင်းသမားတစ်ယောက် ဖြစ်လာမှာ ဖြစ်၏။
ချက်ချင်းပင် များပြားလှသည့် လေလွင့်သိုင်းသမားများ ထွက်ခွာသွားကာ ရွှီယန်ကို သွားရောက်ရှာဖွေကြသည်။
သတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ရက်ပင် မကြာဘဲ ယွီကျိုးတစ်လျှောက် ပျံ့နှံသွား၏။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုသည် လေလွင့်သိုင်းသမားတစ်ယောက်ကို ပူးပေါင်းကာ လိုက်လံဖမ်းဆီးနေပါသည်။ ဤသည်က ယွီကျိုး၏ သိုင်းလောကကို လှုပ်ခါသွားစေ၏။ သိုက်မိသားစု၏ ဝမ်းယုံကို လိုက်လံသတ်ဖြတ်သည့် သတင်းထက်ပင် ပိုမိုအံ့သြစရာကောင်းနေတော့သည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာ ယွီကျိုးရှိ နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်ပြီး ဂိုဏ်းကြီးသုံးခုအကြားတွင် ထိပ်ဆုံးမှဦးဆောင်၏။
စုမိသားစုမှာ အဓိကမိသားစုကြီး၅ခုထဲမှ တစ်ခုဖြစ်သည်။ သူတို့၏ ပူးပေါင်းကာ လေလွင့်သိုင်းသမားတစ်ယောက်အား လိုက်လံဖမ်းဆီးမှုသည် အံ့သြစရာကောင်းလောက်အောင် ရှားပါသည့် ဖြစ်ရပ်တစ်ခုဖြစ်၏။
ဘာပဲဖြစ်ဖြစ် သိုက်မိသားစုသည် ဒုတိယတန်းစား မိသားစုတစ်ခုထက် ပိုမိုခြင်းမရှိပေ။
ယွီကျိုးရှိ အင်အားစုများစွာတို့သည် ရွှီယန်၏နောက်ခံကို စုံစမ်းနေကြပြီး ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ဝရမ်းထုတ်မှု အကြောင်းပြချက်ကို သိရှိရန် ကြိုးစားနေကြသည်။
"မိုးပြာရောင်ကောင်းကင်နဂါး သင်္ချိုင်း.."
လူငယ်သည် အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည့် မိုးပြာရောင်ကောင်းကင်နဂါးနှင့် တိုက်ခိုက်ခဲ့လေသည်။ သို့ပေမယ့် မိုးပြာရောင်ကောင်းကင်နဂါးသည် ပျောက်ကွယ်သွားခဲ့၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက ဤသည်ကို ရှာဖွေနေပါသည်။
ပြီးနောက် လူငယ်ကို သွားရောက်ဖမ်းဆီးခဲ့သည့် အကြီးအကဲနှစ်ယောက်တို့လည်း သတ်ဖြတ်ခံခဲ့ရ၏။
ထိုနှစ်ယောက်ကို ထိုလူငယ်က သတ်ဖြတ်ခဲ့တာ ဖြစ်မည်ဟု လူတိုင်း ခန့်မှန်းမိလိုက်သည်။ ထိုအကြောင်းကြောင့်ပင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက အမျက်ဒေါသထွက်ကာ ဆုကြေးကို ထပ်မံမြှင့်တင်ခဲ့ခြင်း ဖြစ်၏။
"လက်စသတ်တော့ ဒီလိုကို.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲ၏ ခန်းမသခင်သည် ရုတ်တရက် နားလည်သွားသည့်အသွင် ရှိ၏။
"သူ့ရဲ့တည်နေရာကို ရှာကြရအောင်။ ငါတို့တွေ ဒီလိုမျိုး ရဲရင့်တဲ့ပါရမီရှင်တွေ ပိုပြီးလိုအပ်နေတယ်။ ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ထဲမှာ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေကို ရင်ဆိုင်ရဲတဲ့လူတွေ လိုအပ်တယ်.."
"ဟုတ်ကဲ့ပါ ခန်းမသခင်.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ လူများသည် စတင်လှုပ်ရှားမှုပြုကြပြီး ရွှီယန်၏ သဲလွန်စကို ရှာဖွေကြ၏။
ဒီအချိန်၌ ရွှီယန်၏ စစ်မှန်သည့် နောက်ခံကိုတော့ မည်သူမှ သိရှိပြီးခြင်း မရှိသေးပေ။
မြို့တစ်မြို့အတွင်းတွင် ရှန်ဟိုင်ကျိုးက ကိုယ့်ကိုယ်ကိုယ်ရေရွတ်နေ၏။
"ဒီညီအကိုက တကယ့်ကို ကြမ်းတမ်းတာပဲ... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက လူတွေကို သတ်ဖြတ်ဖို့အတွက် တုံ့ဆိုင်းခြင်း လုံးဝမရှိဘူး။ သူကတကယ့်ကို မိုးပြာရောင်ကောင်းကင်နဂါးကို အနိုင်ယူနိုင်တဲ့လူပဲ.."
"ဒါကပြီးပြည့်စုံတဲ့ အခွင့်အလမ်းတစ်ခုပဲ။ ငါသာသူ့ကို ထွက်ပြေးလွတ်မြှောက်နိုင်ဖို့ ကူညီပေးနိုင်ရင် မိတ်ဆွေကောင်းတွေ ဖြစ်လာနိုင်မလား.."
ရှန်ဟိုင်ကျိုးတစ်ယောက် စိတ်လှုပ်ရှားစွာ ခံစားလိုက်ရသည်။ ရှန်မိသားစု၏ သတင်းအချက်အလက် ဆက်သွယ်ရေးစနစ်ကို အလျှင်အမြန်အသုံးပြုကာ ရွှီယန်ကို ရှာဖွေစေ၏။
"ဘာအမှားအယွင်းမှ မရှိဘူးဆိုရင် အဲ့ဒီ့ညီအကို ယွီကျိုးကနေ ထွက်သွားပြီးလောက်ပြီ။ ကြည့်ရတာ ယွီကျိုးရဲ့ မုန့်ရှန်းဆီကို သွားတာဖြစ်လိမ့်မယ်.."
ရှန်ဟိုင်ကျိုးက စိတ်ထဲတွင် သုံးသပ်ချက်တစ်ခုထုတ်၏။
မုန့်ရှန်းသည် ယွီကျိုး၏ အစွန်တွင်ရှိပြီး လေလွင့်သိုင်းသမားများစွာတို့ ထွက်ပြေးသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ မုန့်ရှန်းတောင်များအတွင်းသို့ ဝင်ရောက်ပြီးပါက သူတို့သည် မြေမျက်နှာသွင်ပြင်ကို အသုံးပြုကာ လိုက်လံသူများဆီမှ လွတ်မြောက်နိုင်ကြ၏။
ဤသည်က ယွီကျိုးမှ အောင်မြင်စွာ ထွက်ခွာလွတ်မြောက်နိုင်ရန် အခွင့်အရေးအား ပိုမိုမြင့်မားစေသည်။
စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများက ထိုအကြောင်းကို သိရှိကာ မုန့်ရှန်းအား ဦးတည်ရှာဖွေမည်ဆိုလျှင်တောင် အခြားနေရာများမှ ထွက်ပြေးလွတ်မြှောက်နိုင်ရန်မှာ အလွန်ခက်ခဲလှရာ ရွေးချယ်စရာ မရှိပေ။
မုန့်ရှန်းတောင်များအား မှီခိုလျှင်တော့ အခွင့်အရေး ရှိနိုင်သေး၏။ ထို့အပြင် မိုင်ပေါင်းထောင်ချီကာ ကျယ်ပြန့်သည့် မုန့်ရှန်းတောင်သည် အလွန်ကျယ်ပြောလှပြီး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအနေနှင့် လုံးဝခြုံငုံစောင့်ကြပ်နိုင်ခြင်း မရှိပေ။
မုန့်ရှန်းတောင်ဆီသို့ လမ်းကြောင်းပေါ်တွင် ရှန်ဟိုင်ကျိုးက စိတ်လှုပ်ရှားစွာဖြင့် စဉ်းစားသည်။
"ဒီလူကို ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ငါခံစားနေရတယ်။ အရင်တုန်းက သွေးနတ်ဆိုးလိုပဲ.."
ရွှီယန်သည် မုန့်ရှန်းတောင်များဆီသို့ ဦးတည်ရွေ့လျားနေ၏။
"ငါတော့ အတိတ်နိမိတ်တွေ မကောင်းဘူးလို့ ခံစားနေရတယ်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုက မုန့်ရှန်းတောင်ရဲ့လမ်းမှာ ငါတို့ကို လာတားလောက်တယ်.."
ယွီရှောင်လုံက စိတ်ပျက်သည့်အသံဖြင့် ပြော၏။
"ငါမုန့်ရှန်းတောင်ဆီကို သွားမယ်လို့ သူတို့က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ.."
ရွှီယန်က မျက်မှောင်ကျုံ့သွားပြီး မေး၏။
"မုန့်ရှန်းတောင်က လေလွင့်သိုင်းသမားတွေ စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေဆီကနေ ထွက်ပြေးလေ့ရှိတဲ့ လမ်းကြောင်းတစ်ခုလို့ လူသိများတယ်။ သူတို့ကို ထိပါးခဲ့တဲ့ ဘယ်လေလွင့်သိုင်းသမားမဆို ယွီကျိုးကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် မုန့်ရှန်းတောင်ကို အသုံးပြုကြတယ်.."
ယွီရှောင်လုံက အကူအညီမဲ့သည့်အသံဖြင့် ရှင်းပြ၏။
ရွှီယန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး မေးသည်။
"အဲ့ဒါဆိုရင် မုန့်ရှန်းတောင်က မြေစိတ်ဝိဉာဉ်နဂါးချီကရော ဘယ်နေရာမှာရှိတာလဲ။ အဲ့ဒါကိုရော ရှာတွေ့သွားကြမလား.."
"မုန့်ရှန်းတောင်က အရမ်းကျယ်ပြောတယ်။ ဘယ်လိုလုပ်ပြီး ရှာဖို့လွယ်ကူမှာလဲ။ ငါတို့သာ တောင်ထဲကိုဝင်ပြီးရင် ပြဿနာကြီး မရှိတော့ဘူး.."
ယွီရှောင်လုံက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"မုန့်ရှန်းတောင်ထဲကိုဝင်တာက မခက်ပါဘူး.."
ရွှီယန်က ယုံကြည်ချက်အပြည့်ဖြင့် ပြော၏။
ရုတ်တရက် သူ၏ပုံစံက ပြောင်းလဲသွားပြီး ခေါင်းကိုလှည့်ကာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်သည်။
ထိုနေရာတွင် သိုင်းသမားတစ်ယောက်သည် စာလိပ်တစ်လိပ်ကိုကိုင်ကာ သူ့ကိုကြည့်နေ၏။ ထို့နောက် စာလိပ်ကိုချလိုက်သည်။
"မြန်မြန်လေး သူ့ကိုသတ်လိုက်.."
ယွီရှောင်လုံက အမြန်ပြော၏။ မည်သည့်စကားကိုမှ မဆိုတော့ပဲ ရွှီယန်လည်း သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
လျှင်မြန်သော ရွေ့လျားမှုနှင့်အတူ တစ်ဖက်သိုင်းသမား၏ရှေ့၌ လျှပ်တပြက်ပေါ်လာခဲ့၏။
"ရွှတ်.."
ထိုသိုင်းသမားသည် ရုတ်ချည်း သတ်ဖြတ်ခံလိုက်ရသည်။ ဝတ်စုံကိုကြည့်ရသည်မှာ တတိယတန်းစား မိသားစုတစ်ခုမှ ဖြစ်ပုံပေါ်၏။
ရွှီယန်က စာလိတ်ကို ယူလိုက်ပြီးနောက် ပုံထဲတွင် ချောမောလှပသည့် လူတစ်ယောက် ဓားတစ်ချောင်းအား ကိုင်ဆောင်ထားမှုကို တွေ့လိုက်ရသည်။
"အရမ်းကောင်းတယ်... ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစု.. ငါမင်းတို့ကို မှတ်ထားတယ်.."
ရွှီယန်က အေးစက်စွာပြော၏။
အစစ်အမှန်ချီက မြင့်တက်လာပြီး စာလိပ်မှာ ချက်ချင်းပင် ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ရွှီယန်သည် ခဏတာ တုံ့ဆိုင်းသွား၏။
သူ့အနေနှင့် အရမ်းကြီးထင်ပေါ်စွာ နေလို့မဖြစ်ပေ။ လေထဲတွင် ပျံသန်းနေခြင်းက အခြားသူများအား အလွယ်တကူ သတိထားမိစေနိုင်၏။
ထို့ကြောင့် အောက်သို့ဆင်းကာ ဝတ်စုံကို ပြောင်းလဲပြီး အစစ်အမှန်ချီကို ထိန်းချုပ်လိုက်သည်။ သူ၏မျက်နှာကြွက်သားများက အကြိမ်အနည်းငယ် ပြောင်းလဲသွားပြီး ရုပ်အသွင်ကို ပြောင်းလဲသွားစေ၏။
"မင်းရဲ့ရုပ်ပြောင်းမှုက ဘယ်သူ့ဆီကမှ ဖုံးကွယ်နိုင်မှာမဟုတ်ဘူး.."
ယွီရှောင်လုံက နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"သေသေချာချာ အနီးကပ်လာမကြည့်ရင် ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ပါဘူး.."
ရွှီယန်က တည်ငြိမ်စွာပြော၏။
လူတစ်ယောက်အနေနှင့် သူ့ကို အနီးကပ်စူးစမ်းရန် လုံလောက်စွာ ချဉ်းကပ်လာပြီးမှသာလျှင် သူ၏ရုပ်အသွင် ပြောင်းလဲထားမှုကို ပြောနိုင်လိမ့်မည်။
ထို့နောက် သူသည် ပတ်ဝန်းကျင်နှင့် ပေါင်းစပ်ခြင်းအတတ်ကို အသုံးပြုပြီး အငွေ့အသက်တို့ ပြောင်းလဲသွားခဲ့၏။
ယွီရှောင်လုံက အနည်းငယ် အံ့သြသွားသည်။ သူသည် ရွှီယန်၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေရင်းမှ အငွေ့အသက်တို့ ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရ၏။
သို့ပေမယ့် အများကြီးစဉ်းစားမနေပါ။
"သွားရအောင်...မုန့်ရှန်းတောင်ကို အမြန်ဆုံးသွားရမယ်.."
ရွှီယန်သည် အလောတလျှင် ခံစားလိုက်ရ၏။ ထုံးရွှမ်အဆင့်မှာ အလွန် အားနည်းလွန်းလှပါသည်။ ယခုအချိန်၌ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရရာ ဒီဗိုင်းဆန္ဒအဆင့်သို့ အမြန်ဆုံးချိုးဖျက်နိုင်အောင် ပြုလုပ်ရပေမည်။
ထိုအခါမှသာ သူ့တွင် အင်အားစုကြီးနှစ်ခု၏ လိုက်လံဖမ်းဆီးမှုအား ရင်ဆိုင်ရန် ယုံကြည်ချက်တို့ ရှိလာမည်ဖြစ်၏။
ထို့အပြင် ဒီဗိုင်းဆန္ဒအဆင့်သို့ ချိုးဖျက်ပြီးနောက် ရွှင်ဖုန်းဓားဆန္ဒမှာလည်း ကြီးမားသည့် ပြောင်းလဲမှုတို့ ဖြစ်ပေါ်လာမှာဖြစ်သည်။ ပိုမို စွမ်းအားကြီးမားလာမှာ ဖြစ်၏။
ဤသည်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ ဒီဗိုင်းဝိဉာဉ်ဖြစ်နေလျှင်တောင် လုံးဝမဖျက်စီးနိုင်မှာ မဟုတ်တော့ပေ။
ဒီဗိုင်းဆန္ဒအဆင့်သည် ကြီးမားသည့် ပြောင်းလဲမှုဖြစ်၏။ အဆင့်ချိုးဖျက်ပြီးနောက် နက်ရှိုင်းသည့် သိုင်းပညာအချို့၏ စစ်မှန်သည့် စွမ်းအားကို ပြည့်စုံစွာ ထုတ်လွှတ်လာနိုင်မှာ ဖြစ်သည်။
တောတောင်များတလျှောက် ဖြတ်သွားရင်းမှ ရွှီယန်သည် သက်ဆိုင်ရာ အမြန်နှုန်းတစ်ခုကို ထိန်းသိမ်းထား၏။
"ဝှစ်.."
လေထဲတွင် ကောင်းကင်လူသားကြီးတစ်ယောက် ပျံသန်းသွားသည်။ ရွှီယန်သည် လောကကြီးနှင့် ပေါင်းစပ်ခြင်းအတတ်ကို အသုံးပြုထားသောကြောင့် တစ်ဖက်လူသည် သူ့ကို ရှာတွေ့ခြင်းမရှိခဲ့ပေ။
ကောင်းကင်လူသားကြီး၏အမြင်တွင် ရွှီယန်မှာ သစ်ပင်ကြီးတစ်ပင်၏ဘေးရှိ သစ်သားစတစ်ခုထက် မပိုပေ။
ကျန်ရှိသည့် ရက်များတွင် ကောင်းကင်လူသားကြီးများစွာတို့ ဖြတ်သွားခဲ့ကြ၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုလို့ မပြောရဘူး။ ကောင်းကင်လူသားကြီးတွေ တစ်ယောက်ပြီးတစ်ယောက်ကို စေလွှတ်နိုင်တယ်။ သူတို့ငါ့ကို တော်တော်မြင့်မြင့်တွေးထားတာပဲ.."
ရွှီယန်က နက်ရှိုင်းစွာ သက်ပြင်းချသည်။ သူသည် ကောင်းကင်လူသားငယ် အကြီးအကဲလေးနှစ်ယောက်ကို သတ်ဖြတ်ခဲ့ရုံသာရှိ၏။ ယခုမျှ တုံ့ပြန်မှုကြီးမားလှသည်လား။
"ဖြစ်နိုင်တာက သူတို့ရဲ့လူတွေကို သတ်ခဲ့လို့မဟုတ်လောက်ဘူး။ မိုးပြာရောင်ကောင်းကင်နဂါးကြောင့် ဖြစ်လိမ့်မယ်.."
ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ရေရွတ်သည်။
သူတို့၏ မုန့်ရှန်းတောင်ဆီသို့ ခရီးစဉ်ကို ဆက်ရင်းမှ ပိုမိုပိုမိုကာ များပြားသည့် သိုင်းသမားများလည်း လာရောက်စူးစမ်းရှာဖွေကြောင်းကို တွေ့လိုက်ရ၏။
ရွှီယန်တစ်ယောက် ရွေးချယ်စရာမရှိဘဲ သစ်ပင်များထူထပ်သည့် တောတောင်များအား ရွေးချယ်ကာ ဆက်လက်ခရီးဆက်ရသည်။
ယွီကျိုးမှ ထွက်ပြေးမည်ဆိုပါက လေလွင့်သိုင်းသမားများအနေနှင့် မုန့်ရှန်းတောင်ကို အဘယ်ကြောင့် ရွေးချယ်ခြင်းအားလည်း သူနားလည်လာခဲ့သည်။
မုန့်ရှန်းတောင်သို့ လမ်းမှာ များပြားလှသည့် တောင်ကုန်းများ သစ်ပင်များ ပြည့်နက်နေပြီး လူတစ်ယောက်အတွက် ပုန်းအောင်းရန် လွယ်ကူစေ၏။
ရုတ်တရက် ရွှီယန်၏ပုံစံက ပြောင်းလဲသွားသည်။ သူ၏အင်္ကျီလက်ဆီသို့ လက်ရောက်ကာ ယွီရှောင်လုံ၏ လည်ပင်းကို ဖမ်းဆုပ်လိုက်၏။
ချက်ချင်း မြက်ဖုတ်တစ်ခုအတွင်း၌ ဝင်ရောက်ပုန်းအောင်းလိုက်သည်။