← Chapters

ဝမ်းယုံနှင့် တွေ့ဆုံခြင်း၊ မြေစိတ်ဝိဉာဉ်ကျောက်စိမ်း‌ချဉ်ဆီ(၂)

Vol. 28 Ch. 412

ဝမ်းယုံနှင့် တွေ့ဆုံခြင်း၊ မြေစိတ်ဝိဉာဉ်ကျောက်စိမ်း‌ချဉ်ဆီ(၂)

Vol. 28 Ch. 412

သူ၏ ထွက်ပြေးစဉ်အတွင်းတွင် လေလွင့်သိုင်းသမားတစ်ယောက်သည် သူနှင့်ဝရမ်းထုတ်ထားသည့် လူငယ်အား အထင်မှားလုမတတ် ဖြစ်ခဲ့၏။

ကံကောင်းစွာပင် သူသည် လျှင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ထိုလိုက်လံဖမ်းဆီးသူအား တိုက်ခိုက်သတ်ဖြတ်ကာ ဒီပုံကို လုယူခဲ့ခြင်း ဖြစ်သည်။

"ဒီလူက ငါ့ထက်တောင် ပိုပြီးတော့ ပြဿနာကြီးသေးတယ်။ ငါ့ကို သိုက်မိသားစုကပဲ လိုက်ပြီးတော့ ဖမ်းနေတာ။ သူကတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုရဲ့ လိုက်ဖမ်းတာကို ခံနေရတယ်။ မင်းလည်းလွတ်မြောက်ဖို့ ငါမျှော်လင့်တယ်.."

ပုံထဲရှိ လူငယ်ကိုကြည့်ကာ ဝမ်းယုံတစ်ယောက် တူညီသည့် အခြေအနေအတွင်းတွင် ကျရောက်နေသည့် ညီအစ်ကိုကောင်းများသဖွယ် ခံစားလိုက်ရသည်။

မဲမှောင်သည့် ဥမင်လမ်းကြောင်းကိုကြည့်ကာ ဝမ်းယုံ၏စိတ်တို့ ခိုင်မာပြက်သားလာခဲ့၏။

"သိုက်မိသားစု... ငါဝမ်းယုံ မင်းတို့အတွက် ပြန်လာခဲ့မယ်.."

သူ၏မျက်နှာက ညှို့မှိုင်းနေ၏။ ဒီမြေအောက်ဥမင်လမ်းကြောင်းသည် မိုင်ပေါင်းထောင်ချီကာ ရှည်လျားပြီး အန္တရာယ်များစွာတို့ ပုန်းအောင်းနေ၏။ လက်ရှိအချိန်၌ သူသည် ဒဏ်ရာများလည်း ရရှိထားပြီး စွမ်းအား၅၀၊ ၆၀%လောက်ကိုသာ ထုတ်လွှတ်နိုင်ပါတော့သည်။

ယခုအချိန်၌ ဒီလမ်းကြောင်းမှ အောင်မြင်စွာ လွတ်မြောက်နိုင်မည်လား ဟူသည်မှာ ကံတရားအပေါ်၌သာ မူတည်တော့၏။

"အဟွတ် အဟွတ်.."

ဥမင်အတွင်းတွင် ဝမ်းယုံ၏ ချောင်းဆိုးသံက ပဲ့တင်ထပ်သွား၏။ သူသည် ဓားကိုမှီကာ ရပ်ရင်းမှ လက်ထဲရှိပုံကို ဖျက်စီးလိုက်သည်။ နက်မှောင်သည့် ဥမင်လမ်းကြောင်းကို ကြည့်ကာ မျက်လုံးများက ပြက်သားပြီး မျက်နှာက လေးနက်နေ၏။

"ငါဝမ်းယုံ... ဒီနေရာမှာ မသေနိုင်ဘူး.."

ဒီနေရာသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ရာ သူ၏ အသက်ရှင်သန်နိုင်ချေမှာ ၈၀%လောက်အထိ တိုးမြင့်လာခဲ့သည်။

ဒီလမ်းကြောင်းကို သေဆုံးခဲ့သည့် သိုင်းသမားတစ်ယောက်၏ အကြွင်းအကျန်များထဲမှ ကံကောင်းစွာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဒီတစ်ကြိမ် သူ၏လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်အားလုံးတို့သည် ဒီနေရာတွင်ရှိ၏။

မဟုတ်ပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ လိုက်လံသတ်ဖြတ်မှုမှ လွတ်မြောက်ရန် မျှော်လင့်ချက်မှာ မရှိလုနီးပါး ရှိနေပါသည်။

ဝမ်းယုံသည် ကိုယ့်ကိုယ်ကိုယ် သတိမပျက်ထားကာ ရှေ့သို့ ခြေတစ်လှမ်းချင်းစီ ရွေ့လျားသွား၏။

"မင်းပြောတော့ ဒီလမ်းကြောင်းကို ဘယ်သူမှမသိဘူးဆို.."

ရှေ့ရှိ ဝမ်းယုံ၏ ပုံရိပ်ကိုကြည့်ကာ ရွှီယန်က အသံလွှဲပြောင်းမှုဖြင့် မေးသည်။

ယွီရှောင်လုံ၏ ပုံမှာလည်း ပဟေဠိဖြစ်နေ၏။

"ဒီကိစ္စက မဖြစ်သင့်ဘူး... ငါတောင် ကံကောင်းပြီးတော့ ဒီလမ်းကြောင်းကို ရှာတွေ့ခဲ့တာ။ သူက ဘယ်လိုလုပ်ပြီးတော့ သိနေရတာလဲ.."

"ပြီးတော့ သူ့ရဲ့ဆိုးရွားတဲ့ အခြေအနေကို ကြည့်လိုက်ဦး။ ကြည့်ရတာ ထွက်ပြေးနေတာထင်တယ်.."

"စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးတစ်ခုခုကို ထိပါးခဲ့တဲ့ အခြား လေလွင့်သိုင်းသမားတစ်ယောက်များလား.."

ရွှီယန်သည် ဝမ်းယုံနောက်မှ တိတ်တဆိတ် လိုက်ပါသွား၏။ ဒီလူသည် မည်သည့်အန္တရာယ်မှ မရှိပေ။ ခွန်အားမှာလည်း အလယ်အလတ် ကောင်းကင်လူသားငယ် အဆင့်၌သာ ရှိပါသည်။

"ငါတို့ နှစ်ယောက်လုံးက ထွက်ပြေးနေရတဲ့လူတွေပဲ။ ဒါပေမယ့် ငါ့ရဲ့ပြဿနာက သူ့ထက်ပိုပြီးတော့ အများကြီးပိုကြီးတယ်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတောင် ငါ့နောက်ကိုလိုက်နေတယ်.."

ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူကြုံတွေ့ရသည့်လူမှာ တူညီသည့် လမ်းကြောင်းကို လျှောက်လှမ်းနေပြီး သူ့ထက်အားနည်းကာ ဒဏ်ရာအပြင်းအထန်လည်း ရထားသည်။

ယခုကဲ့သို့ ရှည်လျားနက်မှောင်သည့် လမ်းကြောင်းခရီးတွင် အဖော်တစ်ယောက် ရှိနေခြင်းမှာလည်း မကောင်းသည့်ကိစ္စ မဟုတ်ပေ။

ထို့ကြောင့် သူသည် ရှေ့သို့တက်ကာ ဝမ်းယုံ၏ ပုခုံးကို ပုတ်လိုက်၏။ ဝမ်းယုံမှာ ဝိဉာဉ်လွင့်မတတ် ထိတ်လန့်သွားသည်။ ဖြစ်နိုင်သည်မှာ သိုက်မိသားစုမှ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ရောက်လာသည်လား။

"သိုက်မိသားစု... မင်းနဲ့ငါ သူသေကိုယ်သေတိုက်မယ်.."

ဝမ်းယုံတစ်ယောက် အားကုန် အော်လိုက်ပြီးနောက် သူ၏ အငွေ့အသက်တို့ မြင့်တက်လာခဲ့သည်။ ခွန်အားအပြည့်ကို ဖော်ထုတ်ကာ အနောက်ဘက်သို့ ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။

"ဘုန်း.."

သူ၏တိုက်ခိုက်မှုမှာ အလွယ်တကူ ဖျက်ဆီးခြင်းခံလိုက်ရသည်။ အသံတစ်ခု ထွက်ပေါ်လာ၏။

"ညီအစ်ကို... မင်းထွက်ပြေးနေတာလား.."

ဝမ်းယုံမှာ မှင်သက်သွား၏။ မှိန်ပြသည့် အလင်းအောက်တွင် သူ၏နောက်မှလူသည် အနည်းငယ် ရင်းနှီးပုံပေါ်သည့် လူငယ်တစ်ယောက် ဖြစ်နေကြောင်းကို တွေ့လိုက်ရ၏။

"အဟွတ် အဟွတ်..."

ခဏတာအတွင်း ဝမ်းယုံသည် ချောင်းများဆိုးကာ ပါးစပ်ထောင့်မှ သွေးများစီးကြလာခဲ့၏။ ရုတ်တရက် အားစိုက်ထုတ်မှုက သူ၏ဒဏ်ရာများကို ပိုမိုဆိုးရွားသွားစေသည်။

"မင်းကဘယ်သူလဲ.."

သတိကို ပြန်လည်စုစည်းကာ မျက်နှာမဲမှောင်စွာဖြင့် တစ်ဖက်လူကို ကြည့်လိုက်သည်။ သတိထားမိခြင်း လုံးဝမရှိချိန်၌ ပုခုံးပေါ်သို့ လက်ရောက်နိုင်ခဲ့ရာ ခွန်အားခြားနားချက်ကို တွက်ဆနိုင်ပါသည်။

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းခံနေရတဲ့ လူတစ်ယောက်ပေါ့.."

ရွှီယန်က အပြုံးတစ်ခုဖြင့် ဖြေကြား၏။

"မင်းလား.."

ဝမ်းယုံတစ်ယောက် ပုံထဲရှိလူငယ်ကို ရုတ်တရက် အမှတ်ရလိုက်သည်။

"မင်းငါ့ကို သိတာလား.."

ရွှီယန်၏မျက်ခုံးများက မြင့်တက်သွား၏။

"ပုံထဲမှာ.."

ဝမ်းယုံက အသံနိမ့်စွာ ပြောသည်။ သူ၏မျက်နှာက ပိုမိုပိုမိုကာ ဖြူရော်လာပြီး ပါးစပ်ရှိ သွေးများကို သုတ်လိုက်၏။

"ညီအစ်ကို... မင်းရဲ့ဒဏ်ရာတွေက တကယ့်ကိုပြင်းထန်တာပဲ.."

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် တစ်ဖက်လူကို ကုသခြင်းဆေးလုံးတစ်လုံး ပေးရမည်လားဟု တွေးမိ၏။

သို့ရာတွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးခြင်းမရှိဘဲ ဆေးလုံးများမှာလည်း အဖိုးတန်ပါသည်။ တစ်ဖက်လူသည်လည်း ဒဏ်ရာပြင်းထန်ပေမယ့် ချက်ချင်း အသက်အန္တရာယ် ထိခိုက်နိုင်သည့် အခြေအနေသို့ မရောက်သေးပေ။ ထို့ကြောင့် ကုသခြင်းဒန်ဆေးလုံးအား ပေးမည့်စိတ်ကူးကို လက်လျော့လိုက်၏။

ထို့နောက် နှစ်ယောက်သား လမ်းကြောင်းတလျှောက် ဆက်လက်ခရီးဆက်ခဲ့ကြသည်။ နှစ်ယောက်စလုံးမှာ လိုက်လံသတ်ဖြတ်ခြင်း ခံနေရပေမယ့် တစ်ယောက်နှင့်တစ်ယောက် သတိမပျက်ထားကာ စူးစမ်းစွာ ကြည့်နေ၏။

"အကိုဝမ်... မင်းကိုဘာလို့ လိုက်ဖမ်းနေကြတာလဲ.."

ရွှီယန်က သိလိုစွာမေးသည်။

ထိုအကြောင်းကို ပြောလိုက်ချိန်၌ ဝမ်းယုံ၏မျက်နှာပေါ်၌ မတရားခံရသည့် အကြည့်တစ်ခု ပေါ်လာခဲ့၏။ သူသည် ရင်ဖွင့်ရန်အတွက် တစ်ယောက်ယောက်အား တွေ့လိုက်ရသည့်ဟန် တူသည်။

"သိုက်မိသားစုရဲ့ အချစ်တော်သခင်မလေးကို မင်းသိတယ်မလား။ သူမသေပြီ.."

"လူတိုင်းက သူမကို ငါသတ်လိုက်တာလို့ ထင်နေကြတယ်။ ဒါပေမယ့် ငါမှမလုပ်ခဲ့တာ။ အဲ့ဒီ့တုန်းက ဒေါသထွက်ပြီး စိတ်လိုက်မာန်ပါ စကားကြမ်းကြမ်း ပြောခဲ့ရုံပဲရှိတယ်။ သူမ အမှန်တကယ် အသတ်ခံရမယ်လို့ ဘယ်သူသိမှာလဲ။ အခုလူတိုင်းက ငါ့ကို လူသတ်သမားလို့ ထင်နေကြတယ်.."

"ငါ့ရဲ့မိတ်ဆွေတွေတောင်မှ ရှင်းပြတာကို မယုံကြဘူး.."

ရွှီယန်က သူ၏ ပုခုံးကိုပုတ်ကာ နှစ်သိမ့်စွာပြော၏။

"မင်းဘာလို့ လိုက်ဖမ်းခံရလဲဆိုတာကို ငါသိပြီ... မိသားစုကြီးတစ်ခုရဲ့ အချစ်တော်သခင်မလေးကို သတ်လိုက်တာက ကြီးမားတဲ့ထိပါးမှုပဲ ညီအစ်ကိုဝမ်... ဒီနေရာအထိ ရောက်လာနိုင်တာတောင် မင်းတော်တော်ကံကောင်းနေပြီ.."

"သူမက အခြားလူမဟုတ်ဘူး။ ကျိန်နိုင်ငံ ဒုတိယမင်းသားနဲ့ စေ့စပ်ထားတဲ့ သိုက်မိသားစုရဲ့သမီးကြီး သိုက်ယင်ယင်ပဲ။ အခုလူတိုင်းက သူမကို ငါသတ်တယ်လို့ပဲ ထင်နေကြတယ်။ ငါမှမဟုတ်တာ.."

ဝမ်းယုံသည် ကြီးစွာသောဝမ်းနည်းမှုဖြင့် ရွှီယန်၏လက်ကို ဆွဲလိုက်၏။

"မင်းငါ့ကိုယုံ... သိုက်ယင်ယင်ကို ငါမသတ်ခဲ့ဘူး.."

ရွှီယန်မှာ အနည်းငယ် မှင်သက်သွား၏။ သိုက်ယင်ယင်လေလား။ ဤသည်မှာ သူသတ်ဖြတ်ခဲ့သည့်လူ မဟုတ်ပေဘူးလား။ ဘယ်လိုလုပ်ပြီး ဝမ်းယုံ၏အပြစ် ဖြစ်သွားရသနည်း။

ယခုအချိန်၌ သူမှတ်မိလိုက်လေသည်။ ဒီကံဆိုးသည့် လေလွင့်သိုင်းသမားသည် အသက်သေမည်ဆိုလျှင်တောင် သိုက်ယင်ယင်ကို သတ်ဖြတ်မည်ဟု ကြေညာခဲ့သည့် စိတ်ကြီးသည့် လေလွင့်သိုင်းသမားဖြစ်၏။လေလွင့်သိုင်းသမားများအပေါ် အနိုင်ကျင့်ချနင်းခြင်းအား သည်းမခံနိုင်တော့ပေ။

ထိုအကြောင်းကြောင့် သူသည် လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရ၏။

ဝမ်းယုံ၏ ပုခုံးကိုဆုပ်ကိုင်ရင်းက ရွှီယန်က စိတ်ရင်းဖြင့် ပြောသည်။

"အကိုဝမ်... ငါမင်းကိုယုံတယ်... သိုက်ယင်ယင်ကိုသတ်တာ မင်းလုံးဝမဟုတ်ဘူး။ ဒီလောကမှာ မင်းကိုဘယ်သူမှမယုံရင်တောင် ငါယုံတယ်.."

ဝမ်းယုံ၏ နှလုံးသား၌ ခံစားချက်တို့ မြင့်တက်လာပြီး မျက်ရည်ကျလုမတတ် ဖြစ်သွား၏။ နောက်ဆုံးတွင် သူ့ကို ယုံကြည်သည့် တစ်ယောက်ယောက် ရှိလာခဲ့လေပြီ။

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ညီလေးရွှီ... မင်းကငါ့ကိုယုံတဲ့ တစ်ဦးတည်းသောလူပဲ.."

အမှန်တကယ်ကို စစ်မှန်သည့် မိတ်ဆွေတစ်ဦး ဖြစ်၏။ ထိုအချိန်၌ ဝမ်းယုံတစ်ယောက် မိတ်ဆွေကောင်းတစ်ယောက်ကို ရှာတွေ့လိုက်သည်ဟု ခံစားလိုက်ရသည်။

သူ၏ဘဝနှင့်ရင်းကာ ယုံကြည်လို့ရ၏။

"ဒါပေါ့ အစ်ကိုဝမ်... မင်းကရိုးသားမှုရှိတဲ့လူပဲ။ လိမ်ပြောမယ်လို့ ငါမယုံဘူး.."

ရွှီယန်က စိတ်အားထက်သန်စွာ ပြော၏။

သိုက်ယင်ယင်ကို သတ်ဖြတ်ခဲ့သူမှာ သူဖြစ်သည်။ ဝမ်းယုံသည် အချောင်သက်သက် အပြစ်တင်ခံခဲ့ရ၏။

အမှန်တကယ်ကို တောင်းပန်မှုတစ်ခု အကြွေးတင်နေဟန် တူသည်။

ထို့ကြောင့် ရွှီယန်သည် သေးငယ်သည့် ပုလင်းတစ်ခုကိုထုတ်ကာ ဒဏ်ရာကုသခြင်း ဒန်ဆေးလုံးအချို့ကို ဝမ်းယုံအား ပေးသည်။

"ညီလေးရွှီ... မင်းကဒီဘဝမှာ ငါ့ရဲ့ပထမဆုံးနဲ့ အကောင်းဆုံးမိတ်ဆွေပဲ.."

ဝမ်းယုံက လေးနက်စွာဖြင့် ကြေငြာ၏။

ရွှီယန်က သူ၏ပုခုံးကိုပုတ်ကာ ဂရုဏာသက်စွာ သက်ပြင်းချသည်။

"အကိုဝမ်... မင်းမှာတကယ်ပဲ ကြင်နာပြီးတော့ စစ်မှန်တဲ့ နှလုံးသားရှိတယ်။ မင်းရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်ပုံပဲ။ ဒီမှာ ဒဏ်ရာကုသခြင်း ဆေးလုံးအချို့ရှိတယ်။ အဲ့ဒါက မင်းကို မြန်မြန်လေး ပြန်ကောင်းစေလိမ့်မယ်.."

သူသည် လက်ဖဝါးအတွင်းသို့ ဆေးလုံးနှစ်လုံးကို သွန်ထုတ်ကာ ပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် ညီလေးရွှီ.."

ဝမ်းယုံက ဆေးလုံးတစ်လုံးကိုယူကာ ချက်ချင်းပင် ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဆေးလုံးသည် ပါးစပ်ထဲသို့ရောက်သည်နှင့် ပျော်ဝင်သွားပြီး နွေးထွေးသည့် ခံစားချက်က ခန္ဓာကိုယ်တစ်လျှောက် စီးဝင်သွား၏။သူ၏ဒဏ်ရာများသည် သိသာစွာ စတင်ကောင်းမွန်လာခဲ့သည်။

"ဒါ... ဒါကဘာလဲ.."

ဝမ်းယုံ၏ မျက်လုံးများက ပြူးကျယ်လာပြီး အံ့ဩသွား၏။

"ဒါကဘယ်လို ဆေးလုံးမျိုးလဲ။ အာနိသင်က အံ့ဖွယ်ပဲ.."

"သာမန်ဆေးလုံးလေးတစ်လုံးပါပဲ... အရေးပေါ်အတွက် နည်းနည်းလောက် ယူထားလိုက်.."

ရွှီယန်က ဒဏ်ရာကုသခြင်း ဆေးလုံးအချို့ကို ကျောက်စိမ်းပုလင်းတစ်ခုအတွင်းသို့ ထည့်ကာ ဝမ်းယုံအား ပေးလိုက်သည်။

"ငါလက်မခံနိုင်ဘူး... ဒါတွေက အရမ်း အဖိုးတန်လွန်းတယ်.."

ဝမ်းယုံက ခေါင်းကိုရမ်း၏။

ဒီဆေးလုံးများ၏ အံ့သြစရာကောင်းလှသည့် အာနိသင်နှင့် အလွန် အဖိုးတန်ရပေမည်။ နှစ်ယောက်စလုံးသည် လေလွင့်သိုင်းသမားများ ဖြစ်ကြ၏။ ရွှီယန်အတွက် ယခုမျှ အာနိသင်ကောင်းသည့် ဆေးလုံးမျိုးကို ရရှိရန် လွယ်ကူမည် မဟုတ်ပါ။

"အကိုဝမ်... အားနာမနေပါနဲ့ ယူထားလိုက်.."

ရွှီယန်က ဆေးလုံးများအား ဝမ်းယုံကို အတင်းပေး၏။

"ဒါပေမယ့်..."

ဝမ်းယုံက ရပ်တန့်သွားသည်။

"ညီလေးရွှီ... မင်းကငါ့အပေါ်ကို စေတနာကောင်းလွန်းတယ်။ ဒီလိုအဖိုးတန်တဲ့ ဆေးလုံးတွေကိုတောင် ပေးခဲ့တယ်။ ပြီးတော့ ငါ့အပေါ်ယုံကြည်မှုနဲ့ နားလည်မှုကိုလည်း ပေးတယ်။ ငါဘယ်လိုပြန်ပေးဆပ်ရမှန်းတောင် မသိတော့ဘူး.."

ထိုအတွေးနှင့်အတူ သူကပြော၏။

"မင်းရဲ့ကြင်နာမှုအတွက် ငါ့မှာ ပြန်ပေးစရာနည်းလမ်းမရှိဘူး.. ညီလေးရွှီ ဒီလမ်းကြောင်းရဲ့ အဆုံးသတ်မှာ စိတ်ဝိဉာဉ်ကျောက်စိမ်းသတ္တုတွင်းတစ်ခု ဖုံးကွယ်နေတယ်။ အဲ့ဒါကို ငါမင်းကိုပေးမယ်.."

"စိတ်ဝိဉာဉ်ကျောက်စိမ်း သတ္ထုတွင်းလား.."

ယွီရှောင်လုံ၏ဦးခေါင်းက ရွှီယန်၏ အင်္ကျီလက်အတွင်းမှ ထွက်လာပြီး စိတ်လှုပ်ရှားစွာမေး၏။

"ဒါကဘာလဲ.."

ဝမ်းယုံတစ်ယောက် ထိတ်လန့်သွားသည်။ အဆင့်လေး စိတ်ဝိဉာဉ်သားရဲ တစ်ကောင်လေလား။

ရွှီယန်က ယွီရှောင်လုံ၏ ခေါင်းကိုပုတ်ကာ ပြော၏။

"ဒီမြွေလေးက ငါယဥ်ပါးအောင်လုပ်ထားတဲ့ သားရဲတစ်ကောင်ပဲ။ စိတ်မပူပါနဲ့ အစ်ကိုဝမ်.."

ဝမ်းယုံမှာ စိတ်သက်သာရာ ရသွားသည်။

"ဒီလမ်းကြောင်းရဲ့အဆုံးမှာ စိတ်ဝိဉာဉ်ကျောက်စိမ်းသတ္တုတွင်းတစ်ခုရှိတယ်လို့ မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ။ ငါတောင်မသိဘူး.."

ယွီရှောင်လုံက သိလိုစွာမေး၏။

"သေဆုံးပြီးတဲ့ သိုင်းသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်က မှတ်တမ်းထဲမှာ ရှာတွေ့ခဲ့တာ.."

ဝမ်းယုံက ဖုံးကွယ်မနေပါ။

"စိတ်ဝိဉာဉ်ကျောက်စိမ်းက အရမ်းကို အဖိုးတန်လွန်းတယ်.."

ရွှီယန်က ခေါင်းကိုရမ်း၏။

"ဘယ်လောက်ပဲအဖိုးတန်တန် ငါနဲ့မင်းနဲ့ကြားက ရင်းနှီးမှုနဲ့ နှိုင်းယှဉ်လို့မရဘူး။ အဲ့ဒီ့ရတနာကို ငါမင်းကို ရက်ရက်ရောရော ပေးလိုတာပါ ညီလေးရွှီ.."

ဝမ်းယုံက လေးနက်စွာပြောသည်။

"ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်.."

ရွှီယန်က ကျေးဇူးတင်၏။

"ညီလေးရွှီ... အားနာနေဖို့ မလိုပါဘူး။ သိုက်မိသားစုရဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားက ငါ့နောက်ကိုလိုက်နေတာ။ ယွီကျိုးကနေ လွတ်မြောက်နိုင်မလားဆိုတာတောင် မသေချာဘူး။ လွတ်မြောက်နိုင်ရင်တောင် လိုက်လံသတ်ဖြတ်မှုတွေကို ရှောင်ရှားနိုင်မလား မသိသေးဘူး.."

"အဲ့လိုဆိုမှတော့ အဲ့ဒီ့ရတနာတွေကို ငါ့ဘာသာ လျှို့ဝှက်ထားရင် ဖြုန်းတီးရာကျလိမ့်မယ်.."

ဝမ်းယုံ၏ပုံစံက မကျေနပ်မှုနှင့် ဝမ်းနည်းမှုတို့ ပြည့်နက်နေ၏။

ရွှီယန်တစ်ယောက် လမ်းမှာတွေ့ခဲ့သည့် စိတ်ဝိဉာဉ်သန့်စေခြင်းအဆင့် ကောင်းကင်လူသားမှာ သူ့ကို သတ်ဖြတ်ဖို့ ရောက်လာခြင်းမဟုတ်ဘဲ ဝမ်းယုံနောက်သို့ လိုက်နေခြင်း ဖြစ်ကြောင်းကို နားလည်လိုက်၏။

အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ သိုက်ယင်ကို သတ်ဖြတ်ခဲ့သည်မှာ သူဖြစ်လေသည်။ သို့ပေမယ့် ဝမ်းယုံမှာ အပြစ်ဒဏ်ခံရ၏။ ခဏတာအတွင်း အလွန်မျက်နှာပူလှသဖြင့် အဖြစ်မှန်ကို ပြောပြရန်ပင် မထွက်ဘဲဖြစ်နေပါသည်။

ဝမ်းယုံကို အမှန်တရားအား ပြောပြလိုက်လျှင်တောင် တစ်ဖက်လူ၏ လိုက်လံသတ်ဖြတ်ခြင်း ခံရမှုမှာ ပြောင်းလဲမည် မဟုတ်ပေ။ သိုက်မိသားစုအနေနှင့် အမှန်ကိုသိရှိပြီးလျှင်တောင် သူတို့၏ ကြီးစိုးလှသည့် အပြုအမူနှင့် ဝမ်းယုံကို အသက်ရှင်ခွင့်ပေးမည် မဟုတ်ပါ။

"အကိုဝမ်... ငါ့မှာအသွင်အပြင်ကို ဖုံးကွယ်နိုင်တဲ့ အတတ်တစ်ခုရှိတယ်။ အဲ့ဒါက မင်းအတွက် အကူအညီဖြစ်လောက်တယ်.."

ဝမ်းယုံက သူ့ကို စိတ်ဝိဉာဉ်ကျောက်စိမ်းအားပေးရာ ရွှီယန်အနေနှင့် တစ်ဖက်လူကို အန္တရာယ်မှ လွတ်မြောက်နိုင်ရန်အတွက် ပုန်းအောင်းခြင်းအတတ်ကို သင်ပေးရန် ဆုံးဖြတ်လိုက်သည်။

All Chapters