← Chapters

အတွင်းဘက်နယ်မြေရှိ ပြောင်းလဲမှုများ

Vol. 28 Ch. 413

အတွင်းဘက်နယ်မြေရှိ ပြောင်းလဲမှုများ

Vol. 28 Ch. 413

အလင်းနှင့်မြူ ပေါင်းစပ်ခြင်းအတက်မှာ လျှို့ဝှက်ဆန်းကြယ်ကာ ထူးကဲပြီး ပုန်းအောင်းလိုက်သည်နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသား၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားဖြင့်ပင် ရှာဖွေနိုင်ခြင်း မရှိပေ။

ဝမ်းယုံသာ အလင်းနှင့်မြူ ပုန်းအောင်းခြင်းအတတ်ကို ကျင့်ကြံပြီးပါက သူ၏အသက်ရှင်နိုင်မည့် အခွင့်အရေးတို့ ကြီးစွာတိုးမြင့်လာမှာ ဖြစ်သည်။

သို့ရာတွင် ရွှီယန်ကို နောင်တရစေသည်မှာ အလင်းနှင့်မြူ ပုန်းအောင်းခြင်းအတတ်ကို အနည်းငယ်သင်ကြားပေးပြီးသည်နှင့် ဝမ်းယုံတစ်ယောက် ကြောင်တောင်နေပြီး မည်ကဲ့သို့ ကျင့်ကြံနိုင်မည်အား မသိ ဖြစ်နေခြင်းဖြစ်သည်။

ထိုအချိန်၌ သူကျင့်ကြံသည့် သိုင်းပညာမှာ ဝမ်းယုံနှင့်ခြားနားပြီး စိတ်ဝိဉာဉ်နယ်မြေရှိ သိုင်းသမားများအနေနှင့် အလင်းနှင့်မြူ ပုန်းအောင်းခြင်းအတတ်ကို ကျင့်ကြံနိုင်မည် မဟုတ်လောက်ဟု နားလည်လိုက်သည်။

ထို့ကြောင့် ကျန်ရှိသည့် အလင်းနှင့်မြူ ပုန်းအောင်းခြင်းအတတ်ကို ဆက်လက်သင်ကြားပေးခြင်း မပြုတော့ဘဲ ရိုးရှင်းကာ အဆင့်နိမ့်သည့် ပုန်းအောင်းခြင်း အတတ်ကိုသာ သင်ကြားပေးရမည်လားဟု စဉ်းစားသည်။

၎င်းသည် ပြည့်စုံသည့် မူလအတတ်လောက် စွမ်းအားကြီးမားခြင်း မရှိပေမယ့် ပုန်းအောင်းနိုင်စွမ်းမှာတော့ အလွန် ကောင်းမွန်သေး၏။

ပါးနပ်စွာ အသုံးချနိုင်ပါက တောတောင်များ၊ မြက်ဖုတ်များ၏ အကူအညီဖြင့် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသား၏ ဒီဗိုင်းဝိဉာဉ်စွမ်းအားဖြင့် ရှာဖွေခြင်းကိုပင်လျှင် ရှောင်ရှားနိုင်လောက်သည်။

ဝမ်းယုံ၏ပုံစံက နေရခက်သွား၏။

"ညီလေးရွှီ... မင်းရဲ့သိုင်းပညာက အရမ်းကို နက်ရှိုင်းလွန်းတယ်။ ငါ့အနေနဲ့ နားလည်ဖို့အတွက် ပါရမီနည်းလွန်းတယ်.."

"ပြဿနာမရှိဘူး... ကျွန်တော့မှာ ပိုပြီးတော့ ရိုးရှင်းတဲ့ ပုန်းအောင်ခြင်း အတတ်တစ်ခုရှိတယ်။ အကိုဝမ်ကို သင်ပေးလိုက်မယ်.."

ရွှီယန်က ပြောသည်။

အချိန်ခဏကြာအောင် စဉ်းစားပြီးနောက် ရွှီယန်တစ်ယောက် အလင်းနှင့်မြူ ပုန်းအောင်းခြင်းအတတ်၏ ရိုးရှင်းသည့် ဖွဲ့စည်းပုံတစ်ခု ရလာခဲ့၏။ ဝမ်းယုံသာ ထိုနည်းအတိုင်း ကျင့်ကြံနိုင်ခြင်းမရှိပါက သူ့အနေနှင့် တတ်နိုင်တာ ဘာမှမရှိတော့ပေ။

"ကျေးဇူးတင်ပါတယ် ညီလေးရွှီ.."

ဝမ်းယုံက ကျေးဇူးတင်စွာပြော၏။ နှစ်ယောက်သားသည် လမ်းကြောင်းတလျှောက် အတူတူရွေ့လျားရင်းမှ ရွှီယန်က ပုန်းအောင်းခြင်းအတတ်ကို ဝမ်းယုံအား သင်ကြားပေး၏။

ဤသည်မှာ ရိုးရှင်းအောင်ပြုလုပ်ထားသည့် အတတ်ဖြစ်ရာ နားလည်ရန် တော်တော်လေး လွယ်ကူပါသည်။

၃ရက်ကြာပြီးနောက် ဝမ်းယုံတစ်ယောက် နောက်ဆုံးတွင် နားလည်မှုရလာခဲ့သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေ၏။

ဒီပုန်းအောင်းခြင်းအတတ်နှင့် ယွီကျိုးမှ လွတ်မြောက်နိုင်ကာ သိုက်မိသားစု၏ လိုက်လံသတ်ဖြတ်မှုမှ အသက်ရှင်နိုင်မည်ဟု ယုံကြည်ချက်ရှိလာခဲ့၏။

လမ်းကြောင်းသည် မိုင်ပေါင်းထောင်ချီကာ ရှည်လျားပြီး နှစ်ယောက်သား သတိပျက်ရဲခြင်း လုံးဝမရှိပေ။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ စိတ်ဝိဉာဉ်သားရဲများ တူးဖော်ထားသည့် နေရာဖြစ်၏။ ၎င်းကို တူးဖော်ခဲ့သည့် စိတ်ဝိဉာဉ်သားရဲများမှာ သေဆုံးပြီးဖြစ်လောက်ပေမယ့် အခြားစိတ်ဝိဉာဉ်သားရဲများ အတွင်းထဲတွင် လှည့်လည်နေနိုင်သည်။

မဲမှောင်သည့် ဥမင်အတွင်းတွင် ရုတ်တရက် တစ်ဟစ်ဟစ်မြည်သံများ ပေါ်လာခဲ့၏။ တီကောင်နှင့်တူသည့် အမည်မသိ စိတ်ဝိဉာဉ်သားရဲများစွာတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် တောင်ပို့တစ်ခုမျှ ကြီးမားလှ၏။

ရွှီယန်၏ ဓားဆန္ဒက မြင့်တက်လာပြီး ထိုစိတ်ဝိဉာဉ်သားရဲများကို လျှပ်တပြက်အတွင်း သတ်ဖြတ်လိုက်သည်။ ခရီးလမ်းသည် ထိုနေရာမှစတင်ပြီး တည်ငြိမ်ခြင်းမရှိတော့ပေ။ တစ်နေရာ၌ ထူထဲသည့် အဆိပ်မြူများ လွင့်လူးနေပြီး ရွှီယန်ကို အဆိပ်ဖြေဆေးအား သောက်ရစေ၏။ ဆေးအာနိသင်ဖြင့် နှစ်ယောက်သား လုံခြုံစွာဖြတ်ကျော်နိုင်ခဲ့သည်။

ခရီးလမ်းမှာ ကိစ္စများစွာတို့ ကြုံတွေ့ခဲ့ရ၏။ သို့ပေမယ့် နှစ်ယောက်သား အဆုံးသတ်သို့ လုံခြုံစွာရောက်ရှိနိုင်ခဲ့သည်။ မြေစိတ်ဝိဉာဉ်ကျောက်စိမ်းချဥ်ဆီသို့ ရောက်၏။

ဝမ်းယုံက အသက်ကိုနက်ရှိုင်းစွာရှူပြီး ဥမင်တလျှောက်ကို လှည့်လည်ကြည့်သည်။ နောက်ဆုံးတွင် ကျောက်နံရံတစ်ခုမှ သေးငယ်သည့် ကျောက်စများငူထွက်နေကြောင်းကို တွေ့လိုက်ရ၏။

"မှတ်တမ်းတွေအရဆို စိတ်ဝိဉာဉ်ကျောက်စိမ်းက ဒီထဲမှာရှိလောက်တယ်.."

ဝမ်းယုံက ငူထွက်နေသည့် ကျောက်စများကို နံရံအတွင်းသို့ တစ်ခုပြီးတစ်ခု ရိုက်ထည့်သည်။ စွမ်းအားကြီးမားသည့် ဖိနှိပ့်မှုနှင့်အတူ ကျောက်နံရံက လှုပ်ရှားလာပြီး အားကောင်းသည့် စိတ်ဝိဉာဉ်စွမ်းအင်တို့ ထွက်ပေါ်လာခဲ့၏။ လန်းဆန်းသည့် အငွေ့အသက်က ဖြတ်သန်းသွားသည်။

"ညီလေးရွှီ... ငါတို့တွေ ထပ်ဆုံကြမယ်... တကယ်လို့ ငါ့ကို ဆက်သွယ်ချင်တယ်ဆိုရင် မျိုးဆက်စုံ မဟာမိတ်အဖွဲ့မှာ လာရှာလို့ရတယ်.."

ဝမ်းယုံက လေးနက်စွာပြော၏။

"မျိုးဆက်စုံ မဟာမိတ်အဖွဲ့လား.."

ရွှီယန်က အနည်းငယ် ပဟေဠိဖြစ်သွားသည်။

ထိုအဖွဲ့စည်းကို ဘယ်တုန်းကမှ ကြားဖူးခြင်းမရှိပေ။

"အဲ့ဒါက လေလွင့်သိုင်းသမားတွေပေါင်းပြီး တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒါပေမယ့် တရားဝင် မချပြရသေးဘူး.."

ဝမ်းယုံက ကျိန်နိုင်ငံရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ လျှို့ဝှက်အခြေစိုက်စခန်း တည်နေရာအားရွှီယန်ကိုပြောပြသည်။

ရွှီယန်က ဝမ်းယုံ၏ပုခုံးကို ပုတ်၏။ တစ်ဖက်လူသည် သူ့ကို အလွန်ယုံကြည်ပြီး မဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းတည်နေရာအား ပြောပြကာ စိတ်ဝိဉာဉ်ကျောက်စိမ်းအားလည်း ပေးခဲ့လေသည်။ နှလုံးသားထဲတွင် အပြစ်ရှိစွာ ခံစားလိုက်ရပြီး သက်ပြင်းချစွာပြော၏။

"ညီအစ်ကို... တကယ်တော့ သိုက်ယင်ယင်ကို ငါသတ်ခဲ့တာ.."

ဝမ်းယုံ၏ မျက်လုံးများက ပြူးကျယ်သွားသည်။

"ညီလေးရွှီ.. မင်း..."

"ယွီကျိုးကို ကျွန်တော်ပထမဆုံးရောက်လာစဉ်က သိုက်ယင်ယင်နဲ့ ကြုံတွေ့ခဲ့တယ်။ အဲ့ဒီ့တုန်းက သူမက မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်း အတွင်းကို အသေခံစူးစမ်းခိုင်းဖို့အတွက် လူလိုက်ဖမ်းနေတာ။ ကျွန်တော့်ကိုလည်း ကျွန်အဖြစ် အသုံးပြုချင်ခဲ့တယ်။ ဒါကြောင့်မို့လို့ သတ်ပစ်လိုက်တာ။ အဲ့ဒီ့အချိန်က အစ်ကိုသူ့ကို ခြိမ်းခြောက်ထားတာကိုတော့ မသိခဲ့ဘူး.."

ရွှီယန်က ရှင်းပြ၏။ သူသည်ဝမ်းယုံအား တမင်ချောက်ချခြင်း မဟုတ်ပေ။

ဝမ်းယုံ၏ပါးစပ်က ပွင့်ဟနေပြီး ပြောစရာစကားမဲ့နေ၏။

ရွှီယန်သည် သူ့ကိုယုံကြည်ခဲ့တာ အံ့သြစရာမရှိပေ။ လက်စသတ်တော့ တစ်ဖက်လူမှာ လူသတ်သမားဖြစ်၏။

ခဏတာအတွင်း ဝမ်းယုံတစ်ယောက် ရှုပ်ထွေးစွာခံစားလိုက်ရသည်။

သို့ရာတွင် ရွှီယန်က သူ့ကို တမင်ချောက်ချခြင်းမဟုတ်ဟု ယုံကြည်၏။ ဒီရက်အတွင်း အတူတူသွားလာခဲ့ပြီးနောက် တစ်ဖက်လူသည် စိတ်ဝိဉာဉ်နယ်မြေနှင့်ပတ်သက်ပြီး အများကြီးမသိကြောင်းကို သူခံစားခဲ့ရသည်။

လေလွင့်သိုင်းသမားများ၏ ခက်ခဲလှသည့် အခြေအနေကိုလည်း နားမလည်လောက်ပါ။ ကြည့်ရသည်မှာ စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းလောကအကြောင်းကို မသိသည့် လူသစ်ပါရမီရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။

"သိုက်မိသားစုက သူမကို ငါသတ်ခဲ့တယ်လို့ ထင်နေကတည်းက ထားလိုက်ပါတော့... အမှန်တကယ် ဘယ်သူသတ်ခဲ့လဲဆိုတာကို မင်းနဲ့ငါပဲ သိတာပဲကို.."

ဝမ်းယုံက အသက်ကို နက်ရှိုင်းစွာရှူ၏။ အမှန်တရားပေါ်သွားလျှင်တောင် အခြေအနေက ပြောင်းလဲမည်မဟုတ်ပေ။ သိုက်မိသားစုသည် သူ့ကိုသေချာပေါက် သတ်ဖြတ်မှာဖြစ်၏။ အဖြစ်မှန်ပေါ်ပါက ရွှီယန်ကိုပါ လိုက်လံသတ်ဖြတ်မှုပိုလာသည်ထက် ထူးမည် မဟုတ်ပေ။

ထိုသို့ဆိုပါက သူ့ဘာသာ အပြစ်တင်ခံလိုက်တာကောင်း၏။ ဘာပဲဖြစ်ဖြစ် ယခုအချိန်၌ ရာဇဝတ်သားဖြစ်နေပြီး ဖြစ်သည်။

ရွှီယန်က ရယ်၏။

"အဲ့ဒါက အရေးမကြီးပါဘူး... သိုက်မိသားစု ကျွန်တော့်ကို မသတ်နိုင်ဘူး။ ဒါပေမယ့် အကိုဝမ်က လူသတ်သမားဆိုတဲ့ အမည်ကို အချိန်အကြာကြီး ထမ်းဆောင်ထားရတာဆိုတော့ အလကားတော့ မဖြစ်သင့်ဘူး.."

ပြီးနောက် သူက သိုလှောင်အိတ်တစ်ခုကို ထုတ်လိုက်သည်။ ဤသည်မှာ သိုက်ယင်ယင်၏ အိတ်ဖြစ်၏။

"ဒါက သိုက်ယင်ယင်ရဲ့ သိုလှောင်အိတ်ပဲ။ အကိုဝမ်ကို ပေးလိုက်မယ်.."

ဝမ်းယုံက ငြင်းပယ်မနေပါ။ သိုလှောင်အိတ်ကို လက်ခံကာ လက်ကိုမြှောက်ကာ ပြော၏။

"ညီလေးရွှီ ငါတို့တွေ ပြန်တွေ့ကြမယ်.."

"ဂရုစိုက် အကိုဝမ်.."

ရွှီယန်က လက်သီးများကိုဆုပ်ကာ ဦးညွှတ်ရင်းကပြော၏။

စိတ်သက်သာရာရစွာဖြင့် ဝမ်းယုံတစ်ယောက် ထွက်ခွာလာခဲ့သည်။ သူ၏ပုံရိပ်က ဥမင်၏အဆုံးသတ်တွင် ပျောက်ကွယ်သွား၏။

"သူသိုက်မိသားစုမှာ အညံ့ခံပြီး တကယ့်လူသတ်သမားဖြစ်တဲ့ မင်းကို လိုက်ဖမ်းဖို့ ဦးဆောင်လမ်းပြလုပ်မှာ မကြောက်ဘူးလား.."

ယွီရှောင်လုံက သံသယဖြင့်မေး၏။

"သူလုပ်မှာမဟုတ်ဘူး... ငါကလူတွေကို အကဲခတ်ရာမှာတော်တယ်.."

ရွှီယန်က ပြောသည်။ သူ၏နှလုံးသားထဲတွင်တော့ စကားတစ်ခုရှိနေ၏။

"ဝမ်းယုံသာ အဲ့လိုလုပ်ရင် ငါကတော့ အချိန်မရွေးထွက်ပြေးလို့ရတယ်။ ဒါပေမယ့် သူကတော့ ကိုယ့်သေတွင်းကိုယ်တူးတာပဲ.."

"ဝမ်းယုံက ဖြောင့်မတ်တဲ့လူတစ်ယောက်ပဲ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေကိုလည်း မုန်းတယ်။ သွားပြီးတော့ အညံ့ခံရင်တောင် အဆုံးသတ်က သေရမှာပဲဆိုတာကို သူနားလည်မှာပါ.."

All Chapters