ဒီအဘိုးကြီးကို အရှက်မရစေနဲ့
Vol. 1 Ch. 167
ချမ်ဝမ်ကွမ်သည် တစ်ယောက်ယောက်အား ပြိုင်ပွဲတွင် နာမည်စာရင်း သွင်းခိုင်း လိုက်သည်။ သင်တန်းကျောင်း၏ အမည် စာရင်းသည် တင်ပို့လိုက်သည်မှာ ကြာပြီ ဖြစ်သည်။ ကြယ်ကောင်းကင် မြို့သို့တောင် ရောက်လျှင် ရောက်သွား လောက်ပေသည်။
အခုမှ နာမည်စာရင်း ပေးတာ အခြား တစ်ယောက်သာ ဆိုလျှင် ဆရာများသည် သေချာပေါက် ခပ်ပြင်းပြင်းလေး ရိုက်လိုက်မည်သာ ... သို့သော် ကျန်းရီ၏ နာမည်သည် ထူးဆန်းသော အရှိန်အဝါ တစ်မျိုး ကိန်းအောင်း နေလေရာ ဆရာများသည် ဘာမှ မပြောတော့ဘဲ ချက်ချင်း အကြောင်းကြား လိုက်ကြလေသည်။ သင်တန်းကျောင်း၏ ကျန်ရစ်ခဲ့သော ဒုကျောင်းအုပ် များသည် မည်သို့မှ မဆုံးဖြတ်ရဲဘဲ ကျောင်းအုပ်ထံ သွားရောက် ညွှန်ကြားခိုင်း ကြလေသည်။
ကျူးကော့ချမ်ယွမ်၏ လက်တစ်ဖက် ယမ်းရုံဖြင့် ထိုကိစ္စ အဆင်ပြေသွား ခဲ့လေသည်။
ဒုကျောင်းအုပ် တစ်ယောက်သည် ကျန်းရီကို ကိုယ်တိုင် လာရှာ၍ ခရီးအတွင်း လိုက်ပါ စောင့်ရှောက် ပေးရန် လိုအပ်သလားဟု မေးလေသည်။ သူ လိုအပ်လျှင် ဒုကျောင်းအုပ်က သူ့အား လိုက်ပို့ပေး ပေလိမ့်မည်။ ကျန်းရီသည် ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီး သင်တန်းကျောင်းမှ လူစုအား ကြယ်ကောင်းကင် မြို့သို့ မရောက်ခင် အမီလိုက် နိုင်ကြောင့် သေသေချာချာ ပြောပြလိုက်သည်။
သင်တန်းကျောင်း ဘက်တွင် အရာရာ ချောချောမွေ့မွေ့ ပြီးဆုံးသွားသဖြင့် ကျန်းရီ တစ်ယောက် အတော်လေး စိတ်ပေါ့ပါး သွားခဲ့သည်။ ချမ်ဝမ်ကွမ်သည် နိုင်ငံအဆင့် ပြိုင်ပွဲနှင့် ပတ်သက် သည်များကို စုဆောင်းပေး၍ ကျန်းရီနေ့စဉ် လိုအပ်မည်များကို ပြင်ဆင် ပေးခဲ့သည်။ သူသည် တစ်ယောက်ယောက်အား နတ်ဘုရား သတ်ဖြတ်ခြင်း လေးဆယ်ခုကို အထူးတလည် ပြင်ဆင်ခိုင်း လိုက်သေးသည်။
ကျန်းရီသည် ချက်ချင်း မထွက်ခွာသေးဘဲ သိုင်းပညာ အထိမ်းအမှတ် ခန်းမဆီသို့ သွားရောက်၍ သတ်ဖြတ်ခြင်း အရှိန်အဝါ၏ တတိယအဆင့်ကို နားလည်ရန် ကြိုးစား လိုက်သေးသည်။
နှစ်နာရီခန့် ကြာပြီးသည် အထိ တိုးတက်မှု မရှိခဲ့ရာ ကျန်းရီသည် ရွေးချယ်စရာ မရှိဘဲ ထွက်ခွာ လာခဲ့ရသည်။ သူ သိုင်းပညာ အထိမ်းအမှတ် ခန်းမမှ ထွက်ခွာ လာပြီးနောက် စာကြည့်တိုက်သို့ သွားရောက်ကာ သူ၏ ရပိုင်ခွင့်များ အတွင်းမှ မြေကမ္ဘာအဆင့် အဆင်မြင့် ကျင့်စဉ်သုံးခုကို ယူလိုက်သည်။ သူသည် ထိုသိုင်းကျမ်းများကို ဉာဉ့်နက်သည် အထိ လေ့လာပြီးမှ နေထိုင်ရာ အဆောင်ထံ ပြန်လာခဲ့သည်။
ချမ်ဝမ်ကွမ်သည် အားလုံးအား ပြင်ဆင် ပြီးလေပြီ။ ချမ်ဝမ်ကွမ်သည် စားကောင်း သောက်ဖွယ်များ၊ ဝိုင်များ၊ သစ်သီးခြောက်များ၊ အသားများကိုပင် ထုတ်ပိုး ပေးထားသဖြင့် ကျန်းရီ တစ်ယောက် ငိုရမလို ရယ်ရမလိုပင် ဖြစ်သွားသေးသည်။ ကျန်းရီသည် သူ့စေတနာကို ငြင်းမနေတော့ပဲ အားလုံးအား မီးဝိညာဉ်ပုလဲ အတွင်း သိမ်းဆည်း လိုက်လေသည်။ မီးဝိညာဉ်ပုလဲ အတွင်းရှိ နေရာလွတ်သည် ကျယ်ပြန့်လွန်းရာ သိမ်းဆည်း လိုက်သော ပစ္စည်းများ၏ အဆ တစ်သောင်းခန့်ပင် ဝင်ဆံ့သေးသည်။
နတ်ဘုရား သတ်ဖြတ်ခြင်း လေး
နတ်ဘုရား သတ်ဖြတ်ခြင်း လေးဆယ်ခုနှင့် မြားရာချီအား ကောက်ယူ လိုက်ရင်း ကျန်းရီသည် ဘာစကားမှ မဆိုမိတော့ပေ။ သူသည် သူ့အခန်းဆီ ပြန်လိုက်ပြီး နှစ်ခြိုက်စွာ အိပ်စက် လိုက်လေသည်။ ယနေ့ည လွန်သော် သူ့တွင် ကောင်းကောင်း အိပ်စက်ရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။
နောက်တစ်နေ့ နေမထွက်ခင်တွင် ကျန်းရီသည် စောစောထ၍ ချမ်ဝမ်ကွမ်နှင့် အတူ မနက်စာ စားသည်။ ထို့နောက် ကျန်းရှောင်နူ၏ အခန်းအတွင်း နာရီဝက်ခန့် နေလိုက်သည်။ ထို့နောက် တွင်တော့ ချမ်ဝမ်ကွမ်၏ ပခုံးအား ပုတ်ကာ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း ထွက်ခွာ လာခဲ့သည်။
ချမ်ဝမ်ကွမ်သည် စကားတစ်ခွန်းမှ မဆိုခဲ့သလို ကျန်းရီအားလည်း လိုက်မပို့ခဲ့ပေ။ သူသည် မျက်လုံးများ ပိတ်သွားသည် အထိ ပြုံး၍သာ လက်ပြလိုက်သည်။ ကျန်းရီ၏ ထွက်ခွာ သွားသော နောက်ကျောကို မမြင်ရတော့သည့် အခါမှ ချမ်ဝမ်ကွမ်သည် မျက်လုံး ထောင့်စွန်းများမှ စီးကျလာသော မျက်ရည်များကို ဆွဲသုတ် လိုက်သည်။
ယောက်ျားဆိုတာ မျက်ရည် မလွယ်ရဘူး
ဂိုဏ်းကြီး တစ်ခု၏ သခင်လေး ဖြစ်သည့် အလျောက် ချမ်ဝမ်ကွမ်သည် ဝမ်းနည်းခြင်း၊ စိတ်တို ဒေါသထွက်ခြင်း စသည့် ခံစားချက်များ မရှိသောလူသာ ဖြစ်လေသည်။ ထိုအချိန်လေး တွင်တော့ ချမ်ဝမ်ကွမ်သည် သူ့ခံစားချက် များကို မထိန်းချုပ် နိုင်ခဲ့ပေ။
ဤခရီးသည် ကျန်းရီ၏ နာမည်အား တစ်လောကလုံးတွင် ကျော်ကြား သွားစေမလား ... ကောင်းကင်ဘုံဆီသို့ ထာဝရ ထွက်ခွာသွားရမလား ဆိုသည်ကို အဆုံးအဖြတ် ပေးမည်မှန်း သူသိလေသည်။
***
ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ မနက်စောစော မြင်ကွင်းသည် အလွန် လှပနေခဲ့သည်။ နှင်းမြူတို့က ဆိုင်း၍ လေကလည်း တစ်သုန်သုန် တိုက်ခတ် နေလေသည်။
ကျန်းရီသည် တောင်ဘက် အဆောင်၏ အပြင်ဘက်သို့ အလျင်အမြန် သွားနေခဲ့သည်။ သူသည် ရံဖန်ရံခါတွင် သူ့အား ထိတ်လန့်သော၊ လေးစား အားကျသော၊ နှစ်လိုသော မျက်လုံးတို့ဖြင့် ကြည့်ကြသည့် ကျောင်းသား အချို့ကိုလည်း တွေ့ရသေးသည်။ သူသည် ထိုကျောင်းသား များအား ပထမဆုံး အကြိမ်အဖြစ် ခေါင်းညိတ်၍ ပြုံးပြခဲ့သေးသည်။ တရားမဝင် ကျောင်းသား များသည် ထိုအပြုအမူ၏ လွှမ်းမိုးခြင်း ခံလိုက်ရလေသည်။ ကျောင်းသူ တချို့ဆိုလျှင် မျက်လုံးထဲမှ သဘောကျမှုကို ဖုံးကွယ်ရန်ပင် မကြိုးစား ကြတော့ဘဲ ကြာပစ်လာ ကြလေသည်။
ကျန်းရီသည် မကြာလိုက်သော အချိန်အတွင်း တောင်ဘက် ဂိတ်တံခါး အပြင်ဘက်သို့ ရောက်ရှိသွား ခဲ့လေသည်။ ဂိတ်တံခါးရှိ အစောင့်အဖွဲ့သည် အံ့အားသင့် သွားကြလေသည်။ ကျန်းရီသည် ဤသို့သော အချိန်မျိုးတွင် အပြင်ထွက် လာလေ့မရှိဘဲ အမြဲတံခါးပိတ်၍ ကျင့်ကြံ နေတတ်သည်။ သူ့ကိုယ်သူ မထိန်းချုပ် နိုင်တော့လို့ ဝိညာဉ်သားရဲမြို့ရဲ့ ဆောင်ကြာမြိုင်ဆီ သွားပြီး ပင်ပန်းတာတွေ ပြေပျောက်အောင် အနားယူတော့ မလို့များလား။
ကျန်းရီသည် ဂိတ်တံခါး အပြင်ဘက် ရောက်သွားသော အခါ ရပ်တန့်၍ ဂိတ်တံခါးကြီးနှင့် ဝိညာဉ်သားရဲ သင်တန်းကျောင်း ကြီးအား တစ်ခဏ ကြာအောင် ငေးကြည့် နေလိုက်သည်။ သင်တန်းကျောင်းတွင် အချိန်အကြာကြီး နေခဲ့ပြီးဖြစ်ရာ ဤနေရာအား သူ့အိမ်အဖြစ် သတ်မှတ်ထားပြီး ဖြစ်လေသည်။ ယခုမူ သူသည် ခရီးရှည်ကြီး ထွက်ရတော့မည် ဖြစ်ပြီး ဘယ်သောအခါမှ ပြန်မလာ နိုင်သည်လည်း ဖြစ်နိုင်သေးသည်။ သူ့စိတ်သည် ထွက်ခွာသွားရန် တွေဝေနေ ခဲ့သည်။
ကျန်းရှောင်နူအား ချမ်ဝမ်ကွမ် စောင့်ရှောက် ပေးနေသဖြင့် သူအနည်းငယ် စိတ်အေး ရလေသည်။ သူသေသွား လျှင်တောင် ကျန်းရှောင်နူသည် အိပ်ရာထက်တွင် လဲလျောင်းရင်း ဆက်လက် အသက်ရှင်သွား ပေလိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်မှ ယနေ့အထိ စိတ်ဝိညာဉ် အားဖြည့်ဆေးပင် အနည်းငယ်သာ ရှိခဲ့လေသည်။ ယခု တစ်ပင်အား သူတွေ့လိုက်ပြီ ဖြစ်ရာ လက်မလျှော့ လိုက်နိုင်ပေ။ ထို့ကြောင့် သူ့တွင် အသက်ရှင်ရန် အခွင့်အရေး မြူတစ်မှုန်စာ မျှသာ ရှိခဲ့သည် ဆိုလျှင်တောင် သူ တွေဝေနေမည် မဟုတ်ပေ။
ကျန်းယွင်ဟိုင်သည် ယောက်ျား တစ်ယောက် လုပ်ရမည့် အရာများနှင့် မလုပ်ရမည့် အရာများ ရှိကြောင်း သူ့ကို အမြဲသင်ကြား ပေးခဲ့သည်။ သူမှန်သည်ဟု ယုံကြည် နေသရွေ့ သူလုပ်မည်သာ ဖြစ်လေသည်။ သေခြင်းတရားသည် ကြောက်စရာ မကောင်းပေ။ အမှန်တကယ် ကြောက်စရာ အကောင်းဆုံးသည် သေခြင်းတရားအား ရင်မဆိုင် ရဲခြင်းသာ ဖြစ်လေသည်။
“သွားတာပေါ့”
ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းအား နောက်တစ်ကြိမ် ထပ်ကြည့် လိုက်ကာ တောင်ပေါ်မှ အလျင်အမြန် ဆင်းလိုက် လေသည်။ ဤခရီးသည် သူတစ်ဦးတည်း သွားရသော ပထမဆုံး ခရီးဖြစ်သည်။ သူ့တွင် နောက်ဆံ တင်းစရာ၊ ပူပန်စရာများ ရှိမနေပါချေ။ သူ့စိတ်သည် အလွန် တည်ငြိမ်နေခဲ့ပြီး အရာအားလုံးကို ရင်းရန် ဆုံးဖြတ်ထား လိုက်လေသည်။
“ဝှစ်”
ရုတ်တရက် သင်တန်းကျောင်း ဘက်မှ လေခွင်းသံ တစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျန်းရီ လှည့်ကြည့်လိုက်ရာ ဆွံ့အ သွားရသည်။ အနက်ရောင် ဓားရှည် တစ်ချောင်းသည် သူ့ထံပျံသန်း လာသည်ကို သူ မြင်လိုက်ရသည်။ ဓားသည် အလင်းရောင်များ လင်းလက် နေလေသည်။
“ကောင်လေး ... ဒီခရီးမှာ ဒီအဘိုးကြီးကို အရှက်မရစေနဲ့ ... ဒီအနက်ရောင် အကြေးခွံဓားက ဒီအဘိုးကြီး နယ်မြေမှာ လျှောက်သွား ခဲ့တုန်းက ရခဲ့တဲ့ဟာပဲ ... ဓားမှာ မရေမတွက်နိုင်တဲ့ သွေးတွေ စွန်းထင်း နေတယ် ... အဲဒါကို မလေးမစား မလုပ်နဲ့ ... ငါ မင်းအမေကို လေးစားတဲ့ အနေနဲ့ မင်းကို ဒီဓား ချီးမြှင့်လိုက်မယ် ... ဒီအဘိုးကြီးက လူကောင်း မဟုတ်ခဲ့ဘူး ဆိုတာကို ဝန်ခံပါတယ် ... မင်းအမေက ကောင်းကင်က မျက်နှာသာ ပေးခံရတဲ့ ပါရမီရှင် တစ်ယောက်ပဲ ... မင်းအမေရဲ့ ဂုဏ်သတင်း ကိုလည်း မကျဆင်းစေနဲ့”
အိုမင်းနေသော လေသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ဓားရှည်အား လက်တစ်ဖက်ဖြင့် ဖမ်းလိုက်သည်။ သူသည် တစ်ခဏ တွေဝေသွား သော်လည်း သင်တန်းကျောင်းဘက် မျက်နှာမူ၍ လက်နှစ်ဖက်ကို ယှက်လိုက်သည်။ ထို့နောက် သူသည် ဝိညာဉ်သားရဲ တောင်ပေါ်မှ အလျင်အမြန် ဆင်းသက်ကာ အစိမ်းရောင် တောင်များကြား ပျောက်ကွယ် သွားခဲ့လေသည်။
“ကျောင်းအုပ် ... သူ့ကို လိုက်စောင့်ရှောက်ဖို့ မလိုဘူးလား”
သင်တန်းကျောင်း၏ အတွင်းဆောင် တစ်နေရာတွင် ဒုကျောင်းအုပ် တစ်ယောက်သည် ကျူးကော့ချမ်ယွမ်အား စိုးရိမ်နေသည့် လေသံနှင့် မေးလာခဲ့သည်။
ကျူးကော့ချမ်ယွမ်သည် မျက်ခွံများ မှေးကျလာကာ ငိုက်မျဉ်း တော့သည်။ သူသည် ခေါင်းပင် မော့မကြည့်ဘဲ လက်ယမ်း ပြလိုက်သည်။
“ကျန်းပိုင်လီတောင် မစိုးရိမ်တာ ... ငါကဘာလို့ စိုးရိမ်ရမှာလဲ ... စိတ်မပူနဲ့ ရီဖျောင်ဖျောင်ရဲ့ သားက အဲဒီလောက် လွယ်လွယ် မသေနိုင်ဘူး ... ပြီးတော့ ကျားတစ်ကောင်ကို ရက်စက်တတ်တဲ့ သားရဲတွေ အလယ်မှာ ထားလိုက်ရင် သားရဲတွေရဲ့ ဘုရင် ဖြစ်လာလိမ့်မယ် ... သူတစ်သက်လုံး လှောင်အိမ်ထဲမှာပဲ လုံလုံခြုံခြုံ နေနေရင် ဘယ်တော့မှ ရင့်ကျက်မှာ မဟုတ်ဘူး ... ငါတို့ထဲက ဘယ်သူကများ ငါတို့လမ်းမှာ အလောင်းတွေ စွန်းထင်း မနေဖူးလို့လဲ”
“ဟူး ... .”
ဒုကျောင်းအုပ်သည် တောင်ဘက် အရပ်သို့ ကြည့်ကာ သက်ပြင်း ချလိုက်သည်။
“ကျန်းရီမှာ အားကောင်းတဲ့ ရန်သူတွေ အများကြီးပဲ ... ကျောင်းအုပ်က သူ့ကို တောနက်ထဲကို လွှတ်လိုက်တာ မဟုတ်ဘူး ... နဂါး အသိုက်ထဲကို ပစ်ထည့် လိုက်တာ”
***
ကျန်းရိမြို့
ကျန်းရီ ထွက်ခွာသွားပြီး လေးနာရီခန့် အကြာ ကျန်းရမ်ထူသည် ကျူလုံဗိမ္မာန် အတွင်း အလျင်အမြန် ဝင်လာခဲ့သည်။ သူသည် စစ်တပ်၏ အရေးအခင်းများ ဖြေရှင်းနေဟန် ရသော ကျန်းပိုင်လီအား ကြည့်ကာ ပြောလိုက်သည်။
“လော့ကဲအရှင် ... အရှင့်သားက တောင်ပေါ်က ဆင်းလာပြီး ... နိုင်ငံအဆင့် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ သွားနေပါတယ်”
“အိုး ... ငါသိပြီ”
ကျန်းပိုင်လီသည် ခေါင်းတောင် မော့မကြည့်လာဘဲ ကျန်းရီအား အရေးမပါသည့် လူတစ်ယောက်နှယ် စစ်တပ် အရေးအခင်း များကိုသာ ဆက်လက် ဖြေရှင်း နေလေသည်။
ကျန်းရမ်ထူသည် ခဏရပ်တန့် လိုက်သော ဆက်ပြော စေချင်သည့် ပုံစံအား မြင်လိုက် ရလေသည်။ သူသည် ခေါင်းငုံ့၍ ခပ်တိုးတိုး လျှောက်တင် လိုက်သည်။
“လော့ကဲအရှင် ... ကျန်းစွန်းဝူကျိ၊ တတိယမင်းသား ရှားထျန်းနဲ့ ရွှေချမ်လော့တို့က လူတွေ အများကြီး ခေါ်သွားကြပါတယ် ... ဒီအဓိပ္ပာယ်ကို မသိဘူးလား ... သူတို့တွေက အရှင့်သားကို ဝိုင်းဝန်းပြီး သတ်ကြတော့မှာ”
“အဲဒါ ဘာလုပ်ရမှာလဲ”
ကျန်းပိုင်လီသည် နောက်ဆုံး တွင်တော့ ခေါင်းမော့ကာ ပြောလာခဲ့သည်။
“တစ်ယောက်ယောက်ကို မနာလိုမှု မရှိဖို့က ခက်ခဲပါတယ် ... လူတွေ အများကြီး ငါ့ကို သတ်ချင် နေကြပေမဲ့ ငါဒီမှာ အသက် ရှင်ရက်ကြီး ရှိနေတာ မတွေ့ဘူးလား ... သိုင်းသမား တစ်ယောက်က သွေးစွန်းတဲ့ တိုက်ပွဲတွေ ရင်မဆိုင်ရဘဲ ဘယ်လိုလုပ်ပြီး အမြင့်ဆုံးကို ရောက်မှာလဲ... ဒီနှစ်ထဲမှာ မင်းကို လုပ်ကြံဖို့ ကြိုးစား ကြတာတင် ဘယ်နှစ်ခါလဲ”
“ဒါက မတူပါဘူး”
ကျန်းရမ်ထူ ရူးချင် လာလေသည်။ လော့ကဲအရှင် ယနေ့ ဘာဖြစ်နေသနည်း ... ကျန်းရီက သူ့သား မဟုတ်တော့ ဘူးလား။
“တော်လောက်ပြီ”
ကျန်းရမ်ထူသည် တစ်ခုခု ဆက်ပြောချင် သေးသော်လည်း သူ့အား ကျန်းပိုင်လီက တားမြစ် လိုက်လေသည်။
“ငါ့စကားကို အကြောင်း ကြားလိုက် ... နိုင်ငံအဆင့် ပြိုင်ပွဲမစခင် ကျန်းရီကို ထိရဲ့တဲ့သူတိုင်း ငါတစ်စစီ ဖြစ်အောင် ဆွဲဖြဲပစ်မယ်လို့ ... ပြိုင်ပွဲ အတွင်းမှာတော့ သူ့ကို သတ်နိုင်တဲ့ အစွမ်းအစရှိရင် သတ်လို့ရတယ် ... ငါဘာမှ မစွက်ဖက်ဘူး ... မင်းသွားနိုင်ပြီ”
ကျန်းရမ်ထူသည် ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်သည်။ ကျန်းပိုင်လီ တစ်ခုခုအား ဆုံးဖြတ်ပြီးလျှင် မည်သူကမှ မပြောင်းလဲနိုင်ပေ။ ကံကောင်း ထောက်မ၍ သူ့စကားကြောင့် ကျန်းရီသည် ပြိုင်ပွဲမစခင် ဘေးကင်း သေးပေသည်။
“ဟမ့်”
ကျန်းရမ်ထူ ထွက်ခွာ သွားပြီးနောက် ကျန်းပိုင်လီသည် နှာမှုတ်ကာ မကျေမနပ် ပြောလိုက်သည်။
“ရီဖျောင်ဖျောင် ... မင်းသားရဲ့စိတ်က ကျားတစ်ကောင်လိုပဲ ... သူက ငါ့ကို ဦးညွှတ် ရမှာထက် သေဖို့ကိုပဲ ရွေးမယ့် အကောင်မျိုး ... သူက ငါသူ့ကို ဦးညွှတ်ပေး စေချင်နေတာလား ... သူဘယ်လောက် အစွမ်းအစ ရှိမလဲဆိုတာ ငါကြည့်ချင်တယ် ... ”
***