အခန်း (၄၁၀)
Vol. 31 Ch. 410
လက်ရှိကျားဖြူခန်းမ၌ လမ်းမ၃ခုသာ ကျန်ရစ်တော့၏။ ထပ်ပေးလိုက်ရပါက ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
အားလုံးသည် စိုးရိမ်ပူပန်နေကြသည်။ ဖုန်းရွှမ်၏ သေဆုံးခြင်းအတွက်မူ ဝမ်းမနည်းပါချေ။ ဤသည်မှာ သူကိုယ်တိုင်ဖောက်ခဲ့သည့်လမ်းဖြစ်သည်။
ဖုန်းရွှမ်သည် အာဏာရသည်နှင့် နယ်မြေများကို ဌာနချုပ်ဆီ ပေးအပ်လိုက်ပြီး နစ်နာကြေးလည်း ပေးလျော်သည်။ ထို့နောက် သနားစရာကောင်းလောက်အောင် ဝပ်တွားခယသည်။ ဦးလေးဖူကဲ့သို့ သက်တမ်းရင့်အဖွဲ့သားများကို မွေးရပ်မြေသို့ ပြန်လွှတ်ပြီး အဖွဲ့သားများ၏ အားပေးထောက်ခံမှုကို အလုံးစုံ ဆုံးရှုံးသွားခဲ့သည်။ စိတ်ခံစားချက်ကင်းမဲ့နေသော သူ၏သစ္စာရှိနောက်လိုက်များမှအပ အားလုံးနီးပါးသည် ဖုန်းရွှမ်ကို သေစေချင်နေခဲ့ကြခြင်းဖြစ်သည်။
ဖုန်းရွှမ်၏ သစ္စာရှိနောက်လိုက်များကိုမူ ကျိုးချူသည် လျှို့ဝှက်စွာ လုပ်ဆောင်ဖြေရှင်းပြီး ဖြစ်သည်။
ကျိုးချူသည် နောက်လိုက်လေး၈ဦးတည်းဖြင့် ထိုဖုန်းရွှမ်၏နောက်လိုက်များကို အဘယ်သို့ ဖြေရှင်းခဲ့သနည်း။
ဦးစွာ “သစ်ပင်လဲပါက မျောက်များ ပြန့်ကျဲကုန်ကြသည်”ဟူသည့် ဆိုရိုးအတိုင်းပင် ဖုန်းရွှမ်သေဆုံးပြီးနောက်၌ သူ၏နောက်လိုက်များသည် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားကြသည်။
ဒုတိယအချက်မှာ ကျိုးချူနှင့် ချန်ကျဲ့၏ဆက်ဆံရေးအရ ကျိုးချူအနေဖြင့် ကိုယ်တိုင်လုပ်ဆောင်ရန်ပင် လိုအပ်ပါမည်လော။
ဒီနေ့တွင် ချန်ကျဲ့သည် ဖုန်းရွှမ်အား ကြောက်မက်ဖွယ်သော တိုက်ခိုက်မှုဖြင့် သတ်ပစ်ခဲ့သည်။ သို့နည်းဖြင့် သူပြန်ရောက်လာခြင်းအား ခိုင်ခိုင်မာမာကြေညာခဲ့သည်။ ယခုတွင် ကျားဖြူခန်းမမှာ ဦးဆောင်သူ ပြောင်းလဲသွားပြီဖြစ်ကြောင်း လူတိုင်းသိကြပါ၏။ ဒီနေ့ဒီအချိန်မှစတင််၍ ကျားဖြူခန်းမအား ဦးဆောင်သူမှာ ချန်မျိုးရိုးဖြစ်သွားခဲ့လေပြီ။
ထိုအခြေအနေများအပြင် ဖုန်းရွှမ်၏နောက်လိုက်များကို ချက်ချင်း ဖိနှိပ်လိုက်နိုင်သည်ဟူသောအချက်ပါ ပေါင်းထည့်လိုက်သောအခါ ကျားဖြူခန်းမအဖွဲ့သားများသည် သူတို့အနေဖြင့် မည်သည့်ဘက်ကို ရပ်တည်သင့်မှန်း မသိနိုင်ကြပါမည်လော။
ကျိုးချူအနေဖြင့် အထူးတလည် အမိန့်ပေးနေရန်ပင် မလိုအပ်ပေ။ အကြည့်တစ်ချက်ဖြင့်ပင် အားလုံးနားလည်စေရန် လုံလောက်ပါ၏။
အချိန်တိုလေးအတွင်း၌ပင် ဖုန်းရွှမ်၏နောက်လိုက်များကို ဖမ်းမိခဲ့ပြီး သတင်းလည်း ပြန့်သွားခဲ့သည်။ ယနေ့ ဤခန်းမအတွင်း ရှိနေသူဖြစ်စေ၊ မရှိသူဖြစ်စေ ဖုန်းရွှမ်၏နောက်လိုက်များနှင့် သူ၏တိုက်ရိုက်လက်အောက်ငယ်သားများသည် အဖမ်းခံထားရပြီး ချန်ကျဲ့၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။
ကျိုးချူသည် အရာအားလုံးကို လုံလုံလောက်လောက် စီမံခန့်ခွဲထားခဲ့သည်။ တစ်နေ့ကြိုတင်၍ စီမံထားခဲ့ခြင်းဖြစ်၍ သူ၏စီမံခန့်ခွဲမှုအပေါ် ယုံကြည်မှုအပြည့်ရှိ၏။
“ကျိုစစ် ဒီကိုလာဦး”
ချောင်ဟုန်ယန်မှ ချန်ကျဲ့ကို လှမ်းခေါ်သည်။ အရင်က ချန်ကျဲ့သည် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်ကြီးများကို မျက်နှာချင်းဆိုင်ရာတွင် စီနီယာလူကြီးများအဖြစ် ဆက်ဆံခဲ့သည်။
သို့သော် ယခုတွင် ချန်ကျဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ထိုသူတို့သည် သူထင်ထားသလောက် အင်အားကြီးမားသူများ မဟုတ်ကြဘဲ သာမန်တန်းတူမျှသာဖြစ်ကြောင်း နားလည်သွားသည်တွင် ယခင်ကဲ့သို့ ဖိအားမျိုး မခံစားရတော့ပေ။
ဤသည်မှာ ထိုသူတို့မှ အားနည်းလာသောကြောင့် မဟုတ်ပါဘဲ သူကိုယ်တိုင်က အင်အားကြီးမားလာသောကြောင့် ဖြစ်သည်။
လူတစ်ယောက်သည် အဆင့်အတန်းပြောင်းလဲသွားလျှင် စိတ်နေသဘောထားလည်း ပြောင်းလဲသွားတတ်ကြသည်။ ချန်ကျဲ့သည်လည်း ထိုသို့ပြောင်းလဲမှုနှင့် ကောင်းမွန်စွာ ညှိယူနိုင်လေသည်။
ချန်ကျဲ့သည် ရန်သူများကို ချေမှုန်း၍ မွေးစားအဖေအတွက် လက်စားချေကာ ကျားဖြူခန်းမအရှင်သခင်ဖြစ်လာချင်သည့် ဆန္ဒကိုလည်း အကောင်အထည်ဖော်နိုင်ခဲ့လေပြီ။
ယခုအချိန်မှ စတင်၍ ချန်ကျဲ့သည် မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဖြစ်ခဲ့လေပြီ။ ယခင်က သူ့ကို ဖန်းရှစ်ကျုံး၏ မွေးစားသားအဖြစ် ဖော်ပြခဲ့ကြသည်။ သို့သော် ယခုတွင်တော့ ကျားဖြူခန်းမအရှင်သခင်ချန်အဖြစ် ဖော်ပြခံရတော့ပေမည်။
ချန်ကျဲ့ ချောင်ဟုန်ယန်တို့ရှိရာသို့ သွားလိုက်ပြီး လက်သီးယှက်အရိုအသေပြုလိုက်သည်။
“ ဒီနေ့ ကျွန်တော့်ရဲ့မွေးစားအဖေအတွက် လက်စားချေတာကို စောင့်ကြပ်ကြည့်ရှုပေးတဲ့အတွက် လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်”
ထိုအခါ ချီမုကော၊ လျိုလောင်ကွေ့၊ ချောင်ဟုန်ယန်တို့သည် ဖော်ရွေစွာ ပြုံးလိုက်ကြသည်။ သို့သော် နန်ပါးထျန်းသည်တော့ မျက်နှာမသာယာပေ။ ချင်းယင်သည်လည်း စိတ်မကျေနပ်ကြောင်း သိသာနေခဲ့၏။
သို့သော် ချန်ကျဲ့မှ ဘာမျှမပြောရသေးမီတွင် ချောင်ဟုန်ယန်သည် သူမ အခြားသူများကို ချန်ကျဲ့အား မေးမြန်းပေးပါမည်ဟု ကတိပေးထားသည့်အလျောက် ဦးစွာ စကားစတင်ပြောလာသည်။
“ကျိုစစ်၊ ခုနက ဖုန်းရွှမ်ရဲ့အသက်ကိုနုတ်သွားတဲ့ လက်ဝါးရိုက်ချက်က ဘာသိုင်းလဲ”
ချောင်ဟုန်ယန်၏စကားတွင် ချန်ကျဲ့ အကြမ်းဖျင်းနားလည်လိုက်ပါ၏။ ကြည့်ရသည်မှာ သူအသုံးပြုလိုက်သည့် နောက်ဆုံးသိုင်းကွက်တွင် ပါဝင်နေသည့် နဂါးနိုင်လက်ဝါးသိုင်းအငွေ့အသက်များကို သတိထားမိသွားခြင်း ဖြစ်လိမ့်မည်။
ချန်ကျဲ့သည် ဤသို့အခြေအနေကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုသိုင်းကွက်ကို အသုံးပြုရဲသည်ဖြစ်ရာ သူတို့ သံသယဝင်မည်ကိုလည်း ချန်ကျဲ့ မကြောက်ရွံ့ပါချေ။
ချန်ကျဲ့ ပြန်ဖြေလိုက်သည်။
“အို အဲဒါလား။ အဲဒါက မွေးစားအဖေ အသစ်ထွင်ထားတဲ့ လက်ဝါးသိုင်းကွက်ပါ။ နာမည်တော့ မပေးရသေးပါဘူး”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“အဲဒီလက်ဝါးသိုင်းကွက်က သူဖုန်းစားအိုကြီးရဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နဲ့ နည်းနည်းဆင်တူတယ် ဟုတ်တယ်မလား”
ထိုအခါ ချန်ကျဲ့ ပြုံးလိုက်သည်။
“ခေါင်းဆောင်လျိုက အမြင်စူးရှပါတယ်။ အဲဒီလက်ဝါးသိုင်းကွက်မှာ တကယ့်ကိုပဲ နဂါးနိုင်လက်ဝါးသိုင်းရဲ့ အငွေ့အသက်တွေ ပါဝင်ပါတယ်”
“အို?”
ချန်ကျဲ့၏ထိုစကားတွင် အားလုံး သူ့ကို အာရုံစိုက်လာကြသည်။
ချန်ကျဲ့မှ ဆက်ပြောသည်။
“မွေးစားအဖေရဲ့ သံမဏိလက်ဝါးသိုင်းနဲ့ သူဖုန်းစားအိုကြီးရဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နှစ်ခုစလုံးက လက်ဖဝါးရဲ့အင်အားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ရတဲ့ သိုင်းပညာတွေပါ”
“အဲဒီတုန်းက မွေးစားအဖေက သူဖုန်းစားအိုကြီးနဲ့ တိုက်ခိုက်ပြီးတော့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပေမဲ့ အခန်းပိတ်ပြီး ဒဏ်ရာကုသနေချိန်မှာ အဲဒီကနေ ဉာဏ်အလ င်းအချို့ ရရှိခဲ့တယ်။ အဲဒါကြောင့် မွေးစားအဖေက သူဖုန်းစားအိုကြီးရဲ့သိုင်းပညာပုံစံနဲ့ သံမဏိလက်ဝါးသိုင်း၇ကွက်ရဲ့ အနှစ်သာရနဲ့ကို ပေါင်းစပ်ပြီးတော့ နောက်ဆုံးမှာ ဒီလက်ဝါးသိုင်းကွက်ကို ဖန်တီးခဲ့ပါတယ်”
“ဒီလက်ဝါးသိုင်းကွက်က နဂါးနိုင်လက်ဝါးသိုင်းရဲ့ ငါးပုံစာလောက်အင်အားကို ထုတ်ဖော်နိုင်တဲ့အတွက်ကြောင့် အတော်လေး အင်အားကြီးမားပါတယ်။ အဲဒါကြောင့် မွေးစားအဖေက ကျွန်တော့်ကို သံမဏိလက်ဝါးသိုင်းရဲ့ ၈ကွက်မြောက်သိုင်းကွက်အဖြစ် ကျွန်တော့်ကို သင်ကြားပေးခဲ့ပါတယ်။ ဒါပေမဲ့ မွေးစားအဖေက မကြာခင်မှာ ဆုံးပါးသွားခဲ့ရလို့ သိုင်းကွက်ကို နာမည်မပေးလိုက်နိုင်တာ စိတ်မကောင်းစရာပါပဲ…”
ချန်ကျဲ့သည် စကားအဆုံး၌ နှမြောတသမှုများနှင့်အတူ အတွေးထဲ နစ်မြုပ်သွားခဲ့သည်။ မျက်နှာအမူအရာသည် မွေးစားအဖေကို သတိရလွမ်းဆွတ်နေသည့်အလား ဝမ်းနည်းပူဆွေးမှုများ ထင်ဟပ်လာခဲ့သည်။
ထိုအခါ အားလုံး တိတ်ဆိတ်သွားကြသည်။
ချန်ကျဲ့၏စကားများမှာ အမှန်ဖြစ်နိုင်ခြေရှိပေသည်။
ချန်ကျဲ့၏ရှင်းပြချက်သည် မှန်ကန်နိုင်ခြေရှိ၏။ သံမဏိလက်ဝါးသိုင်းနှင့် နဂါးနိုင်လက်ဝါးသိုင်းတို့သည် အင်းအားကြီးမားသော လက်ဝါးသိုင်းများဖြစ်ကြသည်။ သို့ဖြစ်ရာ သံမဏိလက်ဝါးသိုင်းကို ကျွမ်းကျင်တဲ့ ဖန်းရှစ်ကျုံးက သူဖုန်းစားအိုကြီးနဲ့ တိုက်ခိုက်ပြီးနောက်မှာ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်၏ အခြေခံများကို တစ်ကြိမ်တည်းနှင့် ကောက်ယူနိုင်ခြင်းမှာလည်း ဖြစ်နိုင်ပေသည်။
ထို့နောက် သူ၏ကိုယ်ပိုင်သိုင်းပညာကို မြှင့်တင်ဖို့အတွက် ၈ကွက်မြောက်သိုင်းကွက်ကို ဖန်တီးခြင်းမှာလည်း သေချာပေါက် ဖြစ်နိုင်ပေသည်။
ထိုသို့ဖြစ်ရပ်မျိုးမှာ သိုင်းလောကတွင် အဖြစ်များသောကြောင့် ထိုအချက်ကို နန်ပါးထျန်းပင်လျှင် မငြင်းခုန်နိုင်ပါချေ။
သို့မဟုတ်ပါက သိုင်းလောကတွင် ပြိုင်ဘက်များ အဘယ်သို့ များပြားနေပါအံ့နည်း။ တိုက်ခိုက်ရင်းဖြင့် သင်ယူနိုင်ရန်အတွက် မိမိထက် အင်အားကြီးမားသူများကို တမင်ရှာဖွေ၍ လိုက်လံစိန်ခေါ်သူများပင် ရှိကြသည် မဟုတ်ပါလော။
ဤသို့ဖြစ်ရပ်မျိုးသည် မိမိ၏နယ်ပယ်အတွင်းမှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးပြောဆိုခြင်းကဲ့သို့ ဖြစ်သည်။ လူများစွာတို့သည် နယ်ပယ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် တစ်စုံတစ်ရာသင်ယူနိုင်ခဲ့လိမ့်မည်။ ထိုလူများထဲမှ လူနည်းစုသည် မိမိကိုယ်တိုင်အတွက် လျင်မြန်သည့် တိုးတက်မှုတစ်ခုခုရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်။
ချန်ကျဲ့ပြောလာသည့် ရှင်းပြချက်သည် အတော်လေး လက်ခံနိုင်ဖွယ်ဖြစ်ပါ၏။
ချန်ကျဲ့တွင် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်း ရှိနေသည်ဟု သံသယဝင်သူများရှိပါလိမ့်မည်လော။
သေချာပေါက်ရှိပါလိမ့်မည်။ နေရာရှိ လူများစွာတို့သည် ထိုသို့အတွေးမျိုး ရှိကြလိမ့်မည်။ သို့သော် နန်ပါးထျန်းပင်လျှင် ဖန်းရှစ်ကျုံးသည် သူဖုန်းစားအိုကြီးနှင့် တိုက်ပွဲမှတစ်ဆင့် ဉာဏ်အလင်းပွင့်သွားခဲ့ပြီး သိုင်းကွက်အသစ်ဖန်တီးခဲ့သည့်အချက်ကို ပို၍ ယုံကြည်ပေသည်။