← Chapters

အခန်း (၄၁၁)

Vol. 31 Ch. 411

အခန်း (၄၁၁)

Vol. 31 Ch. 411

တစ်အချက် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် သူဖုန်းစားဂိုဏ်း၏ သိုင်းကျမ်းဖြစ်ပြီး ချန်ကျဲ့နှင့် သူဖုန်းစားဂိုဏ်းကြား ထိတွေ့မှုသည် ဖုန်းစန်းနှင့် ယှဉ်ပြိုင်ခဲ့သည့် တစ်ကြိမ်သာ ရှိခဲ့ဖူးသည်။

သို့ဖြစ်ရာ ချန်ကျဲ့သည် မည်သည့်နေရာကနေ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ရရှိနိုင်ပါမည်နည်း။

ချန်ကျိုစစ်မှာ ယူနိုင်ဖို့အခွင့်အရေးမရှိဘူး မဟုတ်လား။

ထို့ပြင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၊ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့သည် လူပေါင်းထောင်ချီ၍ လှုပ်ရှားခဲ့ကြသည့်တိုင် ၎င်းသိုင်းကျမ်းကို ရှာမတွေ့နိုင်ခဲ့ပေ။

ချန်ကျိုစစ်ကသာ ရှာနိုင်တယ်ဆိုရင် အဲဒါက သူတို့လူထောင်ချီက အသုံးမကျသလို ဖြစ်မသွားပေဘူးလား။ လူအင်အားအရေအတွက်က ငါတို့နဲ့ယှဉ်လိုက်ရင် လျစ်လျူရှုပစ်လို့ရတဲ့အထိ နည်းနေတာကိုလေ။

ပြီးတော့ အဲဒီလျှို့ဝှက်လက်ဝါးသိုင်းကျမ်းက တကယ်တည်ရှိမနေတာတောင် ဖြစ်နိုင်တယ်။ အကယ်၍ တကယ်သာရှိရင် ဘယ်လိုလုပ်ပြီး သူဖုန်းစားဂိုဏ်းသားတစ်ယောက်တလေတောင်မှ သိမနေရတာလဲ။

ဒါက သဘာဝမကျဘူး။ လောကမှာ မစိမ့်ထွက်တဲ့ နံရံရယ်လို့ မရှိဘူးလို့ ပြောကြတယ်မဟုတ်ဘူးလား။ ဒီသိုင်းကျမ်းကိစ္စကို လုံးဝ လျှို့ဝှက်ထားနိုင်ရလောက်အောင် သူဖုန်းစားဂိုဏ်းမှာက တကယ်ကြီး လေပြေလေးတစ်ခုတောင် စိမ့်ထွက်ဖြတ်သန်းခြင်းမရှိလို့လား။

သို့ဖြစ်ရာ နန်ပါးထျန်းမှ ချန်ကျဲ့တွင် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ပိုင်ဆိုင်ထားပါသည်ဟု ချောက်ချစွပ်စွဲချင်လျှင်သော်မှ သူ၏ထိုစွပ်စွဲချက်ကို သူကိုယ်တိုင်ပင်လျှင် ယုံကြည်နိုင်လိမ့်မည် မဟုတ်သောကြောင့် ထုတ်မပြောဝံ့ပါချေ။

အခြားသူများသည်လည်း ထိုအတွေးကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ကြသည်။

ထိုစဉ် ချန်ကျဲ့ ချီမုကောဘက်သို့ လှည့်လိုက်ပြီး ပြောသည်။

“တပ်မှူးချီမုကော၊ ကျွန်တော်ကြားဖူးတာတော့ စီရင်စုအုပ်ချုပ်ရေးမှူးက သိုင်းပညာတွေ စုဆောင်းရတာကို အရမ်းနှစ်ခြိုက်တယ်ဆို။ အကယ်၍ ဒီ၈ကွက်မြောက်သိုင်းကွက်ကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် စီရင်စုအုပ်ချုပ်ရေးမှူးကို ချရေးပေးနိုင်ပါတယ်”

ထိုစကားတွင် ချီမုကောသည် ချန်ကျဲ့ကို သံသယမဝင်တော့ပေ။

ချန်ကျိုစစ်က ဘယ်လောက်သစ္စာရှိလိုက်သလဲ ကြည့်စမ်းပါဦး။

ထိုအခါ နန်ပါးထျန်းသည် ချန်ကျဲ့ကို မျက်လုံးမှေးကျုံ့လျက် ကြည့်လာသည်။ သူ၏စိတ်ထဲတွင်တော့ ‘ကပ်ဖားရပ်ဖားကောင်’ဟု တွေးနေခဲ့သည်။

ချီမုကောမှ ရယ်မောလိုက်ပြီး ပြောသည်။

“အင်း မင်းရဲ့၈ကွက်မြောက်သိုင်းကွက်က တကယ့်ကို ထူးခြားပါတယ်။ ဒါပေမဲ့ သခင်ကြီးယဲ့လုဖုန်းစိတ်ဝင်စားတာက နဂါးနိုင်လက်ဝါးသိုင်းကျမ်းကိုပါ။ ဒါက သံမဏိလက်ဝါးသိုင်း‌ဆိုတော့ ထားလိုက်ပါတော့လေ”

အမှန်အတိုင်းဆိုရသော် ချီမုကောသည် ချန်ကျဲ့၏ ထို၈ကွက်မြောက်သိုင်းကွက်အား အထူးတလည်ကြီး အထင်မကြီးမိပါချေ။ ၎င်းသိုင်းကွက်သည် ပထမတန်းစား သိုင်းပညာရှင်တစ်ယောက်၏ သိုင်းကွက်တစ်ကွက်၏ အရည်အသွေးကို မီရုံမျှလေးသာ ဖြစ်သည်။

အကယ်၍ ဖန်းရှစ်ကျုံးသာ အသက်ရှင်လျက်ရှိသေးပြီး ဒဏ်ရာများပျောက်ကင်းကာ ဤသိုင်းကွက်ကို အနက်ရှိုင်းဆုံးအဆင့်အထိ ကျွမ်းကျင်တတ်မြောက်နိုင်ခဲ့လျှင်မူ နန်ပါးထျန်းကို ယှဉ်နိုင်ကောင်း၏။

သို့သော် ကံဆိုးစွာဖြင့် ဤသိုင်းကွက်၏ လက်ရှိအကန့်အသတ်သည် လုံးဝ အင်အားမကြီးမားနေပါချေ။

ဤသိုင်းကွက်သည် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နှင့် လုံးဝ ယှဉ်နိုင်စွမ်းမရှိပါချေ။ ချီမုကောသည် ဂရုမစိုက်လေရာ ခဏအကြာတွင် မေ့လျော့သွားခဲ့တော့သည်။

ဒီနေ့အခမ်းအနား ပြီးဆုံးတော့မည်ကို မြင်သောအခါ ချောင်ဟုန်ယန်မှ ပြောသည်။

“ကောင်းပြီ၊ ပြဇာတ်လည်း ပြီးပြီ။ တခြားကိစ္စမရှိတော့ရင် ကျွန်မ သွားလိုက်ပါဦးမယ်”

ထိုအခါ ချန်ကျဲ့မှ ချက်ချင်းပြောသည်။

“မိန်းကလေးဟုန်ယန် ကျေးဇူးပြုပြီး ခဏနေပါဦး!”

ချောင်ဟုန်ယန် ရပ်လိုက်ပြီး ချန်ကျဲ့ကို ကြည့်သည်။

“ကျိုစစ် ဘာကိစ္စရှိလို့လဲ”

ချန်ကျဲ့မှ ပြောသည်။

“ အားလုံးလည်းရှိနေကြတာ ဒီနေ့က အချိန်အခါကောင်းပါပဲ တပ်မှူးချီမုကော!”

ချီမုကောမှ ခေါင်းညိတ်သည်။

“အင်း အမှန်ပဲ။ ကျားဖြူခန်းမအရှင်သခင်ဟောင်းဖန်းရှစ်ကျုံး သေဆုံးတော့ စီရင်စုအုပ်ချုပ်ရေးမှူးက အရမ်းဝမ်းနည်းပူဆွေးနေခဲ့တာ။ ဒီနေ့ ချန်ကျိုစစ်က ခန်းမအရှင်သခင်ဟောင်းဖန်းရဲ့ ရန်ငြိုးကြီးကို လက်စားချေပေးခဲ့ပြီ။ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ အမိန့်အရ ကြေညာချက်ထုတ်ပြန်တယ်။ အခုအချိန်က စပြီးတော့ ချန်ကျိုစစ်က ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင်နေရာကို ဆက်ခံမယ်!”

ထိုအခါ အားလုံးတိတ်ဆိတ်သွားခဲ့သည်။ သူတို့သည် ထိုအချက်ကို ကြိုတင်ခန့်မှန်းထားခဲ့သည့်တိုင် တပ်မှူးချီမုကောမှ ထိုသို့ပြောလာခဲ့ခြင်းသည်တော့ သူတို့ကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။

အထူးသဖြင့် နန်ပါးထျန်းဖြစ်သည်။ နန်ပါးထျန်းသည် အံ့ဩရုံသာမက စိတ်မချမ်း‌မြေ့နိုင်လည်း ဖြစ်သွားရသည်။

ဘာလို့လဲ။

ကျားဖြူခန်းမသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ခန်းမခွဲတစ်ခုဖြစ်သောကြောင့် ဤ‌ခန်းမအရှင်သခင်ခန့်အပ်ခြင်းသည် ‌ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်သည့် သူ့ကိုကျော်လွန်ကာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ တိုက်ရိုက်ထုတ်ပြန်လာရာ နန်ပါးထျန်းသည် အဘယ်သို့များ ပျော်ရွှင်နိုင်ပါမည်နည်း။

သို့သော် သူ မကျေနပ်ပါကလည်း ဘာများလုပ်နိုင်ပါမည်နည်း။

ချီမုကောသည် အမိန့်ထုတ်ပြန်ပြီးနောက် လူတိုင်း၏တုံ့ပြန်ပုံကို စူးစမ်းကြည့်သည်။

ထိုအချိန်၌ လျိုလောင်ကွေ့သည် လက်ပိုက်လျက် ပြဇာတ်ကို ပျော်မွေ့စွာ ကြည့်ရှုနေသည်။ သူသည် သူတစ်ပါးဒုက္ခရောက်သည်ကို အားရကျေနပ်မှုအပြည့်သော မျက်နှာအမူအရာဖြင့် နန်ပါးထျန်းကို ကြည့်လျက် ဤသို့တွေးနေခဲ့သည်။

ဘယ်လိုခံစားရသလဲ သူခိုးကြီးနန်ပါးထျန်းရေ? စိတ်မသက်မသာဖြစ်နေရပြီမလား ဟမ်?

ထိုအချိန်၌ ချင်းယင်သည် မျက်မှောင်ကြုတ်နေခဲ့ပြီး ထူးထူးခြားခြားတုံ့ပြန်မှု မရှိပေ။

ရုတ်တရက် ချောင်ဟုန်ယန်မှ ပြုံးလိုက်ရင်း ပြောသည်။

“ကျိုစစ်၊ အခု ငါတို့မင်းကို ခန်းမအရှင်သခင်ချန်လို့ ခေါ်ရတော့မှာပေါ့၊ ဂုဏ်ပြုပါတယ်”

ချန်ကျဲ့ တုံ့ပြန်ပြုံးလိုက်သည်။

ထိုအချိန်၌ နန်ပါးထျန်းသည် တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် ချန်ကျဲ့ကို အကြည့်မလွှဲတမ်း ကြည့်နေခဲ့သည်။ ချန်ကျဲ့သည်တော့ နှိမ့်ချခြင်းလည်းမရှိ မောက်မာထောင်လွှားခြင်းလည်း မရှိပါဘဲ နန်ပါးထျန်းကို ပြန်ကြည့်နေခဲ့သည်။

မွေးစားအဖေရဲ့ သေဆုံးမှုက ဖုန်းရွှမ်ရဲ့လက်ချက်ကြောင့်ဆိုပေမဲ့ ခင်ဗျားက နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူပဲ။ အခုအချိန်မှာ ကျွန်တော်က အားနည်းနေသေးလို့ ခင်ဗျားနဲ့ မတိုက်ခိုက်နိုင်သေးဘူး။ မဟုတ်လို့ကတော့ ခင်ဗျား အခုအချိန်အထိ အသက်ရှင်နေနိုင်ဦးမယ် ထင်နေလား။

ခင်ဗျားနဲ့ ကျုပ်ကြားထဲမှာ တိုက်ပွဲတစ်ခုတော့ မလွဲမသွေဖြစ်ရမှာပဲ။ အဲဒါကို ကျုပ်ကို စိုက်ကြည့်နေတော့ရော ဘာထူးမှာလဲ။ ကျုပ်က ကြောက်ပေးရမှာလား။

ဒါမှမဟုတ် ကျုပ်က ခင်ဗျားကို ဒူးထောက်ပြီး ခင်ဗျားရဲ့ခွေးတစ်ကောင်အဖြစ် ခစားပေးရမှာလား။ အဲဒီလိုလုပ်ရင်ရော ခင်ဗျားက ကျုပ်ကို အသက်ချမ်းသာပေးမှာတဲ့လား။ နောက်မနေစမ်းပါနဲ့။ ကျုပ်တို့နှစ်ယောက်က ဟိုးအရင်ကတည်းက ဆန့်ကျင်ဘက်မှာ ရပ်နေကြပြီးပြီ။

ပြီးတော့ ကျုပ်နဲ့ ဟွမ်ဝမ်အာနဲ့ ဆက်ဆံရေးကိုသာ ခင်ဗျားသိသွားရင် ကျုပ်လောင်းရဲတယ်၊ စီရင်စုအုပ်ချုပ်ရေးမှူးက ကြားဝင်နှောင့်ယှက်ခဲ့ရင်တောင်မှ ခင်ဗျား ကျုပ်ကို မရမက သတ်ပစ်လောက်တယ်။ သူသေကိုယ်သေ တိုက်ခိုက်ရမယ်ဆိုမှတော့ ကျုပ်က ဘာလို့ ခင်ဗျားနဲ့ ချည်နှောင်မှုတွေ အဖြစ်ခံနေရဦးမလဲ။

သူတို့နှစ်ဦးသည် ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ကြည့်နေခဲ့ကြသည်။

ထိုမြင်ကွင်းတွင် ချီမုကော စိတ်ထဲမှတွေးလိုက်သည်။

ငါက ချန်ကျိုစစ်ကို ကူညီပေးတာပေမဲ့ နန်ပါးထျန်းက မျန့်ရွှေစီရင်စုအစောင့်အရှောက်ကြီး၁၃ဦးခေါင်းဆောင်ပဲ။ နန်ပါးထျန်းနဲ့ ယှဉ်လိုက်ရင်တော့ ချန်ကျိုစစ်က အတော်လေး ဝါနုသေးတယ်။

ထိုသို့အတွေးဖြင့် ချီ‌မုကော ပြုံးရယ်လျက် ပြောသည်။

“ခေါင်းဆောင်နန်၊ ကျုပ်တို့စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ အမိန့်နဲ့ပတ်သက်ပြီးတော့ ဆန့်ကျင်ချင်တာတစ်ခုခုများ ရှိပါသေးလား”

ထိုအခါ နန်ပါးထျန်းမှ ဖျစ်ညှစ်ပြုံးပြလာသည်။

“ဟားဟား မဟုတ်တာပါ။ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့အမိန့်ကို ဘယ်သူကများ ဆန့်ကျင်ရဲပါ့မလဲ။ ကျိုစစ် ကျားဖြူခန်းမအရှင်သခင်အဖြစ် ဆက်ခံဖို့ကို ကျုပ်လက်ခံပါတယ်”

ချီမုကောမှ ပြောသည်။

“ကောင်းတယ်။ ကျုပ်က ခေါင်းဆောင်နန်အနေနဲ့ ထိန်းချုပ်နေရတာမျိုး ရှိနေမှာစိုးလို့ပါ။ အဲဒီလိုဆို ကျုပ်ပြန်ရောက်တဲ့အခါ စီရင်စုအုပ်ချုပ်ရေးမှူးကို ပြန်လျှောက်တင်ဖို့ ခက်ခဲတော့မှာလေ”

“တပ်မှူးချီမုကော စိတ်ချပါ။ ကျေးဇူးပြုပြီး စီရင်စုအုပ်ချုပ်ရေးမှူးကို ပြောပေးပါ။ ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့က စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ ဆုံးဖြတ်ချက်အားလုံးကို နှစ်ကြိမ်မစဉ်းစားဘဲ အခိုင်အမာထောက်ခံပါတယ်လို့”

ချီမုကောမှ ရယ်မောသည်။

“ကောင်းတယ်။ စီရင်စုအုပ်ချုပ်ရေးမှူးက ခင်ဗျားကို လူကဲခတ်မမှားခဲ့ဘူးပဲ”

နန်ပါးထျန်းမှ ပြောသည်။

“ချီးမြှောက်စကားအတွက် တပ်မှူးချီကို ကျေးဇူးတင်ပါတယ်။ တခြားဘာမှမရှိတော့ရင် ကျုပ်တို့ သွားလိုက်ပါဦးမယ်”

နန်ပါးထျန်းသည် ချီမုကောကို နှုတ်ဆက်ပြီးနောက် ထွက်ခွာရန်ပြင်သည်။ သို့သော် ထိုအချိန်တွင် ချန်ကျဲ့မှ ရုတ်တရက် ပြောလာသည်။

“ခဏနေပါဦး!”

ထိုအခါ နန်ပါးထျန်းနှင့် ချင်းယင်တို့သည် ရပ်သွားပြီး ချန်ကျဲ့ကို လှည့်ကြည့်လာသည်။

ကောင်စုတ်လေး အခုရော ဘာကိစ္စရှိပြန်ပြီလဲ?

ထိုအခါ ချန်ကျဲ့မှ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။

“ခေါင်းဆောင်နန်၊ ခေါင်းဆောင်နန်က ကျွန်တော့်ကို ကျားဖြူခန်းမအရှင်သခင်အဖြစ် ရာထူးဆက်ခံဖို့ သဘောတူလိုက်ပြီဆိုမှတော့ ကျွန်တော့်မှာ တချို့ကိစ္စလေးတွေ ပြောစရာရှိပါတယ်”

“မင်းဘာပြောချင်လို့လဲ”

နန်ပါးထျန်းမှ ချန်ကျဲ့ကို ကြည့်နေခဲ့သည်။

ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်နန်၊ ဒီနေ့ တပ်မှူးချီမုကောလည်းရှိနေပြီး ခေါင်းဆောင်လျိုနဲ့ ခေါင်းဆောင်နန်တို့လည်း ရှိနေကြတာဆိုတော့ စီရင်စုအုပ်ချုပ်ရေးမှူးက ဒီနေ့အဖြစ်အပျက်ကို နောက်ပိုင်းမှာ ပြန်လည်မေးမြန်းစုံစမ်းပါလိမ့်မယ်။ အဲဒါကြောင့် ကျေးဇူးပြုပြီး ခေါင်းဆောင်နန်အနေနဲ့ မျက်မြင်သက်သေလုပ်ပေးပါ။ ဖုန်းရွှမ်က ခန်းမအရှင်သခင်ဟောင်းဖန်းကို သတ်ဖြတ်ခဲ့ပြီး အဲဒါက ကောက်ကျစ်ယုတ်မာလွန်းတဲ့ သစ္စာဖောက်မှုဖြစ်တာကြောင့် ဖုန်းရွှမ်ကို ကျားဖြူခန်းမရဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း သက်သေခံပေးပါ။ ခေါင်းဆောင်နန် အဲဒီလိုလုပ်ပေးဖို့ သဘောတူနိုင်မလား”

[မူရင်းမှာ ရေးထားတာက ခဏတိုင်းပြောင်းသွားတာကြောင့် အရင်အပိုင်းတချို့မှာ ချန်ကျဲ့တတ်မြောက်ထားတဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ထဲက သိုင်းကွက်တစ်ကွက်ကို နဂါးအားမာန်လို့ ရေးထားမိပါတယ်။ တကယ်တမ်း အဲဒီသိုင်းကွက်က ‘လယ်ပြင်မှာ နဂါးတွေ့’ပါနော်။ နောက်အပိုင်းတွေမှာလည်း ‘လယ်ပြင်မှာ နဂါးတွေ့'လို့ပဲ ဆက်သုံးသွားပါ့မယ်]

All Chapters