အခန်း (၄၁၂)
Vol. 31 Ch. 412
ချန်ကျဲ့သည် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ နန်ပါးထျန်းသည် တွေဝေသွားခဲ့၏။
သူ ဒီစကားတွေပြောတာ ဘာအဓိပ္ပာယ်လဲ။
သို့သော် ချီမုကော၊ လျိုလောင်ကွေ့နှင့် ချောင်ဟုန်ယန်တို့လည်း သူ့ကိုကြည့်နေ့ကြောင့် နန်ပါးထျန်းမှ ပြောခဲ့သည်။
“ရပါတယ်။ ဖုန်းရွှမ်က တကယ့်ကိုပဲ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့သစ္စာဖောက်ပါ။ ငါသဘောတူပါတယ်”
“ကောင်းပြီ၊ ခေါင်းဆောင်နန် သဘောတူတယ်ဆိုမှတော့ ကျွန်တော် ဒုတိယအချက်ကို ထပ်ပြောပါဦးမယ်။ ဖုန်းရွှမ်က ကျားဖြူခန်းမရဲ့သစ္စာဖောက်လည်း ဖြစ်ပါတယ်။ သူပြောခဲ့တာတွေ၊ သူလုပ်ခဲ့တာတွေ၊ သူအမိန့်ချခဲ့တဲ့ ကိစ္စရပ်တွေ.. အားလုံးက ကျားဖြူခန်းမရဲ့ သဘောထားအစစ်အမှန် မဟုတ်ခဲ့ဘဲ သစ္စာဖောက်ပုန်ကန်တဲ့ အပြုအမူလုပ်ဆောင်ချက်တွေပါပဲ”
ထိုအခါ နန်ပါးထျန်းနှင့် ချင်းယင်တို့သည် အပြန်အလှန် အကြည့်ဆုံလိုက်ကြသည်။ ချန်ကျဲ့၏ ရည်ရွယ်ချက်အမှန်ကို သူတို့နားမလည်နိုင်သေးပေ။
ထို့နောက် ချန်ကျဲ့သည် ခပ်ဖျော့ဖျော့ရယ်မောလိုက်ရင်း ပြောသည်။
“ကောင်းပါပြီ၊ ခေါင်းဆောင်နန်က ကျွန်တော်ပြောတာတွေကို မငြင်းဆန်မှတော့ ကျွန်တော် တတိယအချက်ကို ပြောချင်ပါတယ်။ ခန်းမအရှင်သခင်ဟောင်းဖန်းရှစ်ကျုံး ဆုံးပါးပြီး ၇ရက်မြောက်နေ့အထိ ဖုန်းရွှမ်က စဉ်းလဲတဲ့ရည်ရွယ်ချက်တွေနဲ့ ကြားဖြတ်ခန်းမအရှင်သခင်အဖြစ် လုပ်ဆောင်ခဲ့ပြီး နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ မြောက်ပိုင်းတောင် သံသတ္တုတွင်းတွေကို ပေးအပ်ပြီးတော့ ကျားဖြူခန်းမနဲ့ ဌာနချုပ်ကြားမှာ သပ်လျှိုဖို့ ကြိုးစားခဲ့တယ်”
“ဒီရက်တွေအတွင်းမှာ ကျားဖြူခန်းမနဲ့ ဌာနချုပ်က ညီနောင်တွေကြားမှာ ပွတ်တိုက်မှုတွေ အများကြီးဖြစ်ခဲ့တယ်လို့လည်း ကျွန်တော်ကြားမိပါတယ်။ လူဒါဇင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးတောင် သေဆုံးခဲ့ပါတယ်တဲ့”
“ဒါတွေအားလုံးက ဖုန်းရွှမ်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံအစည်တွေကြောင့် ဖြစ်ခဲ့ရတာပါ။ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ ခေါင်းဆောင်နန်တို့က ကျွန်တော့်ကို ကျားဖြူခန်းမအရှင်သခင်အဖြစ် ဆက်ခံဖို့ သဘောတူထားပြီဆိုမှတော့ ကျွန်တော့်အနေနဲ့ ကျားဖြူခန်းမနဲ့ ဌာနချုပ်ကြားက ကောင်းမွန်တဲ့ဆက်ဆံရေးကို သေချာပေါက် ထိန်းသိမ်းရပါမယ်”
“အဲဒါကြောင့် သစ္စာဖောက်ဖုန်းရွှမ် ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ တရားမဝင်ဘူးလို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ မြောက်ပိုင်းတောင် သံသတ္တုတွင်းရဲ့ လုပ်ပိုင်ခွင့်တွေကို ကျားဖြူခန်းမကပဲ ဆက်လက်တာဝန်ယူပါမယ်။ ဌာနချုပ်က ညီနောင်တွေကို အလုပ်မရှုပ်စေတော့ပါဘူး”
“ဒီလိုလုပ်လိုက်တာက ကျားဖြူခန်းမနဲ့ ဌာနချုပ်ကြားက ပွတ်တိုက်မှုတွေကို လျှော့ချပေးနိုင်ပြီး အချင်းချင်းအားပေးထောက်ခံမှုရှိတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်စေပါလိမ့်မယ်။ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ပြီး အတူတူ ငါးဖမ်းကုန်သည်အဖွဲ့ ကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်ပြီးတော့ စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ စိုးရိပ်ပူပန်မှုတွေကို မျှဝေပေးနိုင်ပါလိမ့်မယ်။ ခေါင်းဆောင်နန် ဘယ်လိုသဘောရပါသလဲ”
ချန်ကျဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။
ခင်ဗျား သွားမယ်ဆိုရင်လည်း အရင်ဆုံး ကျားဖြူခန်းမရဲ့ပိုင်ဆိုင်မှုတွေကို ပြန်ပေးပြီးမှ သွားနိုင်မယ်။
ချန်ကျဲ့၏စကားများတွင် စင်မြင့်အောက်ရှိ ကျားဖြူခန်းမအဖွဲ့သားများမှာ မျက်လုံးပြူးကုန်ကြသည်။ သူတို့သည် အံ့အားသင့်စွာဖြင့် သခင်၅က အရမ်းတော်တာပဲဟု စိတ်ထဲမှ တွေးတောနေကြတော့သည်။
သခင်၅က ဖုန်းရွှမ် ဌာနချုပ်ကို ပေးလိုက်တဲ့အရာတွေကို ပြန်တောင်းရဲတယ်ဟ။ သေစမ်း၊ ဒီလိုခန်းမအရှင်သခင်မျိုးက ကျားဖြူခန်းမက အားပေးထောက်ခံသင့်တဲ့ ခန်းမအရှင်သခင်ပဲကွ။
အဲဒီဖုန်းရွှမ်က အမြင့်ကိုတက်ဖို့အတွက် ခန်းမရဲ့ပိုင်ဆိုင်မှုအကျိုးအမြတ်တွေကို ပေးပစ်လိုက်တာ၊ သူက လုံးဝ သုံးစားမရတဲ့ အမှိုက်ကောင်ပဲ။ သူက သခင်၅နဲ့ ဘယ်နေရာမှ မယှဉ်နိုင်ဘူး။
ထိုအခိုက်အတန့်တွင် ကျားဖြူခန်းမအဖွဲ့သားအားလုံးမှာ မိမိတို့၏စိတ်ဝိဉာဉ်ကို ပြန်ရှာတွေ့သွားသည့်အလား ခံစားလိုက်ကြရသည်။
ချန်ကျဲ့၏စကားတွင် နန်ပါးထျန်းသည် ရေဆိုးရေညစ်အလား မည်းမှောင်သွားခဲ့ကာ စိတ်နှလုံးမှာလည်း အမျက်ဒေါသများ လှိုက်တက်နေတော့သည်။
ချင်းယင်သည် ပို၍ပင် ဒေါသထွက်နေခဲ့၏။ အကြောင်းမှာ ယုံချန်းလမ်းမကြီးသည် သူ၏ပိုင်ဆိုင်မှုဖြစ်နေခဲ့ပြီဖြစ်သောကြောင့်ပင်။ ယခု၌ ချန်ကျိုစစ်မှ ၎င်းကို ပြန်တောင်းနေလေရာ
ဒါကြီးက ငါ့ခန္ဓာကိုယ်က အသားကို လာလှီးထုတ်နေတာ မဟုတ်ဘူးလား?
သို့ဖြင့် ချင်းယင်မှ ဒေါသတကြီး အော်ဟစ်ပြောဆိုသည်။
“ချန်ကျိုစစ်၊ မင်းက သတ္တိကောင်းသားပဲ။ ခေါင်းဆောင်နန်ရဲ့ ဆုံးဖြတ်ချက်ကိုတောင် စိန်ခေါ်ဖို့တွေးရဲတယ်။ မင်းရူးသွားပြီလား? နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ သတ္တုတွင်းတွေကို ပြန်လိုချင်တယ်ပေါ့လေ၊ မင်းစိတ်ကူးယဉ်နေတာပဲ!”
ချန်ကျဲ့သည် ချင်းယင်ကို ဘာမျှပြန်မပြောဘဲ နန်ပါးထျန်းကို ကြည့်လိုက်သည်။
“ခေါင်းဆောင်နန်ရဲ့သဘောကရော အတူတူပါပဲလား”
နန်ပါးထျန်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“ကျိုစစ် မင်းက ဒါ ငါ့ကိုအခက်တွေ့အောင် လုပ်နေတာပဲ။ နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ သတ္တုတွင်းတွေကို စီမံခန့်ခွဲဖို့အတွက် ငါ လူတွေစီစဉ်ထားပြီးပြီ။ အခု မင်းက ပြန်လိုချင်တယ်ဆိုရင် အဖွဲ့သားတွေကို ငါဘယ်လိုရှင်းပြရမလဲ”
“ခေါင်းဆောင်နန်၊ အဲဒီအရာတွေကို သစ္စာဖောက်က ပေးအပ်သွားခဲ့တာပါ။ ကုန်သည်အဖွဲ့ခေါင်းဆောင်အနေနဲ့ ခေါင်းဆောင်နန်က ဘက်မလိုက်ဘဲ တရားမျှတမှုရှိသင့်ပါတယ်။ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ ဆက်ဆံရေးတွေကို အလေးမပေးလိုက်ပါနဲ့”
နန်ပါးထျန်းသည် ချန်ကျဲ့ကို မျက်လုံးမှေးကျုံ့ကြည့်လာသည်။
“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား”
ချန်ကျဲ့ အရိုအသေပြုလိုက်ပြီး ပြောသည်။
“ဒီငယ်သား မဝံ့ရဲပါဘူး”
“ဒါပေမဲ့ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ ခေါင်းဆောင်နန်တို့က ကျွန်တော့်ကို ကျားဖြူခန်းမကို ဦးဆောင်ဖို့ဆိုတဲ့ ကြီးလေးတဲ့တာဝန်ကို အပ်နှင်းခဲ့ပြီဆိုတော့ ကျွန်တော့်အနေနဲ့ ကျားဖြူခန်းမအတွက် တာဝန်ယူရပါမယ်။ ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကို စွန်းထင်းမှုမရှိအောင် ထိန်းသိမ်းရပါမယ်။ သစ္စာဖောက်တစ်ယောက်ကြောင့် ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကို အစွန်းအထင်း မခံနိုင်ပါဘူး။ ဒီနေ့ ကျွန်တော်တောင်းဆိုနေတာက အကျိုးအမြတ်ပိုင်ဆိုင်မှုတွေ မဟုတ်ပါဘူး”
“ကျွန်တော်က တရားမျှတမှုကို တောင်းဆိုနေတာပါ။ ကျားဖြူခန်းမအတွက် တရားမျှတမှုကို တောင်းဆိုနေတာပါ။ ခေါင်းဆောင်နန်၊ ခုနကပဲ ဖုန်းရွှမ်က သစ္စာဖောက်တစ်ယောက်ပါလို့ ခေါင်းဆောင်နန်ကိုယ်တိုင် ပြောခဲ့တာပါ”
“သစ္စာဖောက်တစ်ယောက်က ကျားဖြူခန်းမရဲ့ နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ သတ္တုတွင်းတွေကို ဌာနချုပ်ဆီ ပေးအပ်ပါတယ်လို့ ပြောခဲ့တာကို ကျွန်တော်တို့က ဒီတိုင်းလက်ခံလိုက်ရမှာပါလား။ ကျွန်တော် ဒီကိစ္စကို လျစ်လျူရှုထားလိုက်ရင် ကျွန်တော်က ဘာလုပ်နေတာဖြစ်သွားမလဲ။ ဖုန်းရွှမ်ရဲ့လုပ်ဆောင်ချက်တွေက မှန်ကန်ပါတယ်လို့ အသိအမှတ်ပြုလိုက်တာ ဖြစ်မသွားဘူးလား”
“ဖုန်းရွှမ်လုပ်ဆောင်တာ မှန်တယ်ဆိုရင် ကျွန်တော်က မှားယွင်းတာပါပဲ။ ကျွန်တော်မှားယွင်းနေတာဆိုရင် စီရင်စုအုပ်ချုပ်ရေးမှူးက အကဲခတ်မှုညံ့ဖျင်းသွားတာဖြစ်ပြီး ခေါင်းဆောင်နန်ကတော့ ရှင်းလင််းစွာတွေးခေါ်နိုင်စွမ်း မရှိတာပါပဲ။ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့ ခေါင်းဆောင်နန်ရဲ့ မြင့်မားတဲ့ဂုဏ်သိက္ခာအတွက် ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ”
“ဒီငယ်သားကတော့ ဒီနေ့ ဒီပိုင်ဆိုင်မှုသုံးခုကို ကျိန်းသေပေါက် ပြန်ရယူပြီး စီရင်စုအုပ်ချုပ်ရေးမှူးက ဉာဏ်အမြော်အမြင်ကြီးမားကြောင်း၊ ကျွန်တော်တို့ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နန်က ဘက်လိုက်မှုမရှိဘဲ တရားမျှတကြောင်းကို လောကကြီးကို သက်သေပြရပါမယ်”
“ကျေးဇူးပြုပြီး ခေါင်းဆောင်နန် ဆုံးဖြတ််ချက်ချပေးပါ!”
ချန်ကျဲ့သည် ရိုသေကျိုးနွံခြင်းမရှိသကဲ့သို့ ထောင်လွှားမောက်မာခြင်းလည်း မရှိပေ။ သူပြောခဲ့သည့် စကားတစ်ခွန်းစီတိုင်းတွင် စီရင်စုအုပ်ချုပ်ရေးမှူးနှင့် ခေါင်းဆောင်နန်တို့၏ ကောင်းကျိုးအတွက်ဟု ထည့်ပြောနေခဲ့သည်မှာ စီရင်စုအုပ်ချုပ်ရေးမှူးသည် နန်ပါးထျန်းကို ဖိနှိပ်နိုင်သည့်အချက်အား လုံးဝ သိရှိမထားသည့်အလားပင်။
ထိုအချိန်၌ နန်ပါးထျန်းသည် အံကိုတင်းတင်းကြိတ်၍ ဒေါသကို ထိန်းချုပ်နေခဲ့၏။ သူသည် ချန်ကျဲ့ကို မုန်းတီးစွာ ကြည့်နေခဲ့သည်။
ချင်းယင်သည် ပို၍ပင် ဒေါသထွက်နေခဲ့ကာ အော်ငေါက်ပြောဆိုသည်။
“ချန်ကျိုစစ်၊ မင်းက စီရင်စုအုပ်ချုပ်ရေးမှူးကို သုံးပြီး ခေါင်းဆောင်နန်ကို ဖိအားပေးရဲတယ်ပေါ့လေ? မင်း ဒါက အမိန့်ကိုဖီဆန်နေတာပဲကွ!”
ချန်ကျဲ့ ချင်းယင်ကို ကြည့်လိုက်ပြီး ပြောသည်။
“ခန်းမအရှင်သခင်ချင်း ဒီလိုမျိုး အမိန့်ကိုဖီဆန်ပါတယ်လို့ ကြီးလေးလှတဲ့ပြစ်မှူနဲ့ ကျွန်တော့်ကို စွပ်စွဲနေတာ ကျွန်တော် ခန်းမအရှင်သခင်ချင်းကို ပြောပါဦးမယ်၊ ကျုပ် ချန်ကျိုစစ်က စိတ်နှလုံးတစ်ခုလုံးနဲ့ သစ္စာစောင့်သိသူပါ။ ကျုပ်ဒီလိုလုပ်နေတယ်ဆိုတာ ခေါင်းဆောင်နန်က ဘက်လိုက်မှုမရှိဘဲ တရားမျှတတဲ့အကြောင်းကို သက်သေထူဖို့ပါပဲ။ ကျုပ်က ခင်ဗျားနဲ့ တူမနေဘူးဗျ!”
ချန်ကျဲ့သည် ရုတ်တရက် ချင်းယင်အား လက်ညှိုးထိုး၍ တုံ့ပြန်ပြောဆိုသည်။
“ခင်ဗျားက ကပ်ဖားရပ်ဖားကောင်၊ မရိုးဖြောင့်တဲ့သူပဲ။ ခင်ဗျားက ဘာအကြောင်းကြောင့် ခေါင်းဆောင်နန်ကို ကျားဖြူခန်းမရဲ့ပိုင်ဆိုင်မှုတွေကို ပြန်မပေးစေချင်ရတာလဲ? ခေါင်းဆောင်နန်က လိုအပ်ချက်တွေ အများကြီးရှိနေလို့လား? ခင်ဗျားပဲ! ခင်ဗျားက ကျုပ်တို့ကျားဖြူခန်းမရဲ့ ယုံချန်းလမ်းမကြီးကို ယူသွားပြီးတော့ ပြန်မပေးချင်နေတာ။ ပြီးတော့ ခေါင်းဆောင်နန်အပေါ် ပုံချနေတာ။ ခင်ဗျားကမှ စက်ဆုပ်ဖို့ကောင်းတဲ့သူပဲ!”
“မင်း ငါမင်းကိုသတ်ပစ်မယ်!”
ချင်းယင်သည် ဒေါသပေါက်ကွဲကာ လင်းယုန်လက်သည်းသိုင်းကွက်ထုတ်၍ ချန်ကျဲ့အား တိုက်ခိုက်တော့သည်။
ထိုအခါ ချန်ကျဲ့၏မျက်လုံးများတွင် သတ််ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်သွားခဲ့ပြီး လက်မြှောက်ကာ သံမဏိလက်ဝါးသိုင်း၏ ၈ကွက်မြောက်သိုင်းကွက်ဖြင့် တန်ပြန်တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ဝူး ဝူး…
လေထုသည် ရုတ်ချည်းလေးလံသွားခဲ့သည်။ ထိုအခိုက်အတန့်၌ နန်ပါးထျန်းသည် သူ၏လက်ကို ရုတ်တရက် ရိုက်ချလိုက်ရာ ပတ်ဝန်းကျင်၏ အပူချိန်သည် ဒီဂရီပေါင်းများစွာ လျော့ကျသွားခဲ့ပြီး လူ၏စိတ်ဝိဉာဉ်အထိတိုင် အေးစိမ့်သွားစေခဲ့သည်။
“ရပ်ကြစမ်း!”
နန်ပါးထျန်းမှ ရုတ်တရက် ပြောလိုက်ရာ ချင်းယင်သည် မိမိကိုယ်ကိုယ် ချက်ချင်းထိန်းချုပ်လိုက်ပြီး ချန်ကျဲ့ကို စူးစိုက်ကြည့်နေခဲ့သည်။