အခန်း (၄၁၄)
Vol. 31 Ch. 414
“ခေါင်းဆောင်ကို တင်ပြပါတယ်။ သခင်မ အိမ်ပြန်ရောက်နေပါပြီ”
နန်ပါးထျန်းမှ ပြောသည်။
“အင်း”
ရထားလုံးသည် တရွေ့ရွေ့မောင်းနှင်သွားရာ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်၌ ချန်ကျဲ့သည် ချီမုကောကို လက်သီးယှက်အရိုအသေပြုသည်။
“တပ်မှူးရဲ့ ဖြောင့်မတ်မှန်ကန်မှုနဲ့ ကျွန်တော်တို့အတွက် စကားပြောပေးခဲ့တဲ့အတွက် တပ်မှူးချီမုကောကို ကျေးဇူးတင်ပါတယ်”
ချီမုကောမှ ရယ်မောလျက် ပြောသည်။
“ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ အခု ဒီက ကိစ္စတွေလည်း ပြီးသွားပြီဆိုတော့ ငါပြန်လိုက်ပါဦးမယ်။ နောက်သုံးရက်နေရင် ငါ စီရင်စုအုပ်ချုပ်ရေးမှူးနဲ့အတူ မင်းရဲ့ရာထူးဆက်ခံပွဲကို လာတက်ရောက်လှည့်မယ်”
“ဂုဏ်သေရေကြီးမြတ်တဲ့ လူကြီးမင်းတို့ တက်ရောက်လာပေးတာကို မျှော်လင့်စောင့်စားနေပါ့မယ်”
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုသည်။
ချီမုကော ထွက်သွားပြီးနောက် လျိုလောင်ကွေ့မှ ချန်ကျဲ့အနားကပ်လာပြီး ပြောသည်။
“ကျိုစစ် မင်းက ရေကန်သေးသေးလေးမှာ ရှင်သန်မယ့်ငါး မဟုတ်ဘူးလို့ ငါအမြဲပြောနေခဲ့တာကွ။ ကောင်စုတ်လေး အနာဂတ်မှာ မင်းရဲ့အစ်ကိုကြီးဆီကနေ များများသင်ယူစမ်း”
လျိုလောင်ကွေ့သည် သားဖြစ်သူလျိုစုန့်ကို ဆွဲထည့်ပြောလိုက်သည်။ လျိုစုန့်သည် ချန်ကျဲ့ကို ကြည့်လာ၏။ သူ၏မျက်နှာမှာ ဖီဆန်လိုသည့်အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
လျိုလောင်ကွေ့မှ ဒေါသတကြီးပြောသည်။
“မင်း ဒီကောင်စုတ်လေးတော့…”
“ခေါင်းဆောင်လျို လူငယ်တစ်ယောက်က စိတ်ဆတ်တတ်တာ သဘာဝပါပဲ”
ထိုအခါ လျိုစုန့်မှ ခပ်တိုးတိုးရေရွတ်သည်။ မျက်နှာသည်တော့ ဖီဆန်ပုန်ကန်လိုဟန် ရှိနေဆဲပင်။
“သူက ကျွန်တော့်ထက် တစ်နှစ်ပဲ ကြီးတာကို ဘာလို့ သူ့ကိုယ်သူ အရမ်းတွေကြီးကျယ်မြင့်မြတ်နေသလို ပြုမူနေရတာလဲ”
“မင်းဘာပြောလိုက်တာလဲ”
လျိုလောင်ကွေ့မှ လျိုစုန့်ကို စိုက်ကြည့်လိုက်ရာ လျိုစုန့်သည် ခေါင်းငုံ့လျက် တိတ်ဆိတ်သွားခဲ့သည်။ သူ၏ပုန်ကန်တတ်သည့် ကလေးတစ်ယောက်ကဲ့သို့သော ပုံစံမှာ သိသာထင်ရှားနေခဲ့သည်။
ချန်ကျဲ့သည် ပြုံးရုံသာ ပြုံးလိုက်သည်။ ထို့နောက် လျိုလောင်ကွေ့နှင့် အနည်းငယ်မျှ စကားစမြည်ပြောဆိုပြီးနောက် အိမ်ပြန်လမ်းသို့ လိုက်လံပို့ဆောင်ခဲ့သည်။
ယခုတွင် ချောင်ဟုန်ယန်တစ်ဦးသာလျှင် ကျန်ရစ်တော့သည်။ သူမသည် တင့်တယ်လှပစွာ ချန်ကျဲ့အနီးသို့ လျှောက်လာပြီးနောက် ချန်ကျဲ့ကို ကြည့်သည်။
“ဘာဆိုဘာမှမရှိတဲ့ ကောင်လေးတစ်ယောက်က ဒီလိုအချိန်တိုလေးအတွင်းမှာ အမည်ကျော်ကြားတဲ့ ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။ ဘဝကံကြမ္မာဆိုတာ တကယ့်ကို ဆန်းကြယ်လှပါပေတယ်”
ထိုအခါ ချန်ကျဲ့ ချောင်ဟုန်ယန်ကို ပြန်ကြည့်လိုက်ပြီး ပြောသည်။
“ကျွန်တော့်မှာသာ ရွေးချယ်ခွင့်ရှိခဲ့မယ်ဆိုရင် ကျွန်တော် ကျားဖြူခန်းမရဲ့အရှင်သခင် ဖြစ်မလာချင်ပါဘူး။ အဲဒီအစား မွေးစားအဖေ အသက်ရှင်လျက်ရှိနေသေးတာကိုပဲ ပိုပြီးလိုချင်ပါတယ်”
ချောင်ဟုန်ယန်မှ ပြောသည်။
“ဒါက သိုင်းလောကပဲ။ သိုင်းလောကဆိုတာ များသောအားဖြင့် ကိုယ်လိုလားတဲ့အရာထက် ကိုယ်မလိုလားတဲ့အရာတွေကို ရရှိတတ်တဲ့နေရာပဲ”
“မိန်းကလေးဟုန်ယန်က ဘဝအပေါ် နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်မှုရှိတယ် ထင်ပါတယ်”
ချောင်ဟုန်ယန်မှ ပြုံးလိုက်သည်။
“နက်နက်ရှိုင်းရှိုင်း သဘောပေါက်နားလည်မှုမရှိရင် လူတစ်ယောက်က ဘာလုပ်နိုင်တော့မှာလဲ။ လူတစ်ယောက်က အခွင့်အရေးတစ်ခုကြောင့်နဲ့ မင်းလိုမျိုး ကောင်းကင်ဘုံကို တက်လှမ်းကောင်း တက်လှမ်းရနိုင်တယ်။ အရင်ကဆို မင်းက ငါ့ကို စီနီယာဟုန်ယန်လို့ ခေါ်ခဲ့ရာကနေ အခုတော့ မိန်းကလေးဟုန်ယန်လို့ ပြောင်းခေါ်နေပြီလေ”
ချန်ကျဲ့မှ ပြောသည်။
“ဒါဆို မိန်းကလေးက ကျွန်တော့်ကို ဘယ်လိုခေါ်စေချင်ပါသလဲ”
ချောင်ဟုန်ယန်မှ ပြောသည်။
“မင်းငါ့ကို လူယုတ်မာလို့ မခေါ်သ၍တော့ ဘယ်လိုခေါ်ခေါ် အဆင်ပြေပါတယ်”
ချောင်ဟုန်ယန်သည် လက်ကိုင်ပုဝါကို ဝှေ့ရမ်းလိုက်ရင်း ဆက်ပြောသည်။
“ချန်ကျိုစစ် မင်းက ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်ပဲ။ ဒါပေမဲ့ ပုန်းကွယ်နေတဲ့နဂါးဆိုတာ အသုံးမပြုနိုင်သေးဘူးလို့ ဆိုလိုတာပဲ။ ဂရုစိုက်ပါ။ မင်းဒီနေ့ နန်ပါးထျန်းကို ပြင်းပြင်းထန်ထန် အပြစ်ပြုမိထားပြီ”
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“စိုးရိမ်ပူပန်ပေးတဲ့အတွက် မိန်းကလေးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် နောက်သုံးရက်အကြာမှာ မိန်းကလေးရောက်လာမှာကို စောင့်မျှော်နေပါ့မယ်”
ချောင်ဟုန်ယန်မှ ပြောသည်။
“အင်း”
ထို့နောက် ချောင်ဟုန်ယန်သည် ထွက်ခွာသွားခဲ့သည်။ ထိုအခါ ကျိုးချူမှ ချန်ကျဲ့အနားသို့ လျှောက်လာသည်။
“ကျိုစစ် သူပြောတာမှန်တယ်။ မင်း ဒီတစ်ခေါက် နန်ပါးထျန်းကို ပြင်းပြင်းထန်ထန် အပြစ်ပြုမိသွားပြီ”
ချန်ကျဲ့မှ ပြောသည်။
“ငါသူ့ကို ပြင်းပြင်းထန်ထန် အပြစ်မပြုရင် တချို့လူတွေ ငါ့ကိုယုံကြည်လာအောင် ဘယ်လိုလုပ်နိုင်ပါတော့မလဲ”
“ဟင်?”
ကျိုးချူ ရှုပ်ထွေးသွား၏။
ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။
“ဒီသိုင်းလောကဆိုတာကလေ ငါတို့ကို ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားရစေတာမျိုးကွ! ဒါပေမဲ့ နန်ပါးထျန်းကို အပြစ်ပြုရတာကို ငါအရမ်းသဘောကျတယ် ဟားဟား…”
…
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌
“အဲဒီတော့ ချန်ကျိုစစ်က နန်ပါးထျန်းကို နည်းနည်းလေးမှ မျက်နှာသာမပေးခဲ့ဘူးပေါ့လေ?”
စီရင်စုအုပ်ချုပ်ရေးမှူးသည် ပျော့ပျောင်းသည့် ထိုင်ခုံထက်တွင် ခြေဗလာဖြင့် ပျင်းရိပျင်းတွဲ မှီထိုင်နေသည်။ သူ၏ဘေးပတ်လည်တွင် စက္ကူထီးများ အုပ်မိုးပေးသည့် အလှလေးများစွာဖြင့် ဝန်းရံနေခဲ့သည်။ အိမ်တော်၏ ရေကန်တွင်တော့ အလှလေးသုံးဦး ငါးမျှားနေခဲ့သည်။
ချီမုကောမှ ပြောသည်။
“အမ်း နည်းနည်းလေးမှ မျက်နှာသာမပေးခဲ့ပါဘူး။ ချန်ကျိုစစ်က နန်ပါးထျန်း သိမ်းယူသွားခဲ့တဲ့ နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ မြောက်ပိုင်းတောင် သတ္တုတွင်းတွေကို ပြန်တောင်းခဲ့တဲ့အပြင် လွန်ခဲ့တဲ့ရက်တွေအတွင်းက အဲဒီနယ်မြေတွေမှာ ရှာထားခဲ့တဲ့ အကျိုးအမြတ်တွေကိုပါ ပြန်တောင်းခဲ့ပါတယ်”
“ဟား… ဟားဟား…”
ထိုစကားတွင် ယဲ့လုဖုန်းသည် မထိန်းချုပ်နိုင်ဘဲ ရယ်မောမိရာ ပါးစပ်ထဲမှ သေရည်များပင် ပန်းထွက်ကုန်တော့သည်။ သူသည် လှောင်ရယ်လျက်
“ဟားဟား… စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ။ ဒီနေ့ နန်ပါးထျန်းရဲ့ မျက်နှာအမူအရာကတော့ တကယ့်ကို တုနှိုင်းမမီဖြစ်နေတော့မှာပဲ”
“နန်ပါးထျန်းပုံစံက ချန်ကျိုစစ်ကို အစိမ်းလိုက်ဝါးစားချင်နေတဲ့အတိုင်းပါပဲ”
ချီမုကောမှ ပြန်ပြောသည်။ ထိုအခါ ယဲ့လုဖုန်းမှ ရယ်မောလျက် ပြောသည်။
“ကောင်းတယ်။ ချန်ကျိုစစ်က ထက်မြက်တဲ့သူပဲ။ ငါတို့သူ့ကို အနာဂတ်မှာ ပိုပြီးကူညီပေးသင့်တယ်”
“သခင်ကြီး အရမ်းပေါ်ပေါ်ထင်ထင်ကြီး ကူညီပေးလိုက်ရင် အရမ်းသိသာမသွားလွန်းဘူးလား”
ယဲ့လုဖုန်းမှ ပြောသည်။
“ဘယ်သူက ပေါ်ပေါ်ထင်ထင်ကူညီမယ်ပြောလို့လဲ။ ချန်ကျိုစစ်နောက်မှာ ငါရှိတယ်ဆိုတာ နန်ပါးထျန်းသိအောင်လုပ်ရင် ရပြီ။ ကျန်တာကိုတော့ ချန်ကျိုစစ် နားလည်ပါလိမ့်မယ်’
“ဟုတ်ကဲ့ပါ သခင်ကြီး”
“ဒါနဲ့ သခင်ကြီး၊ ကျွန်တော့်မှာ သခင်ကြီးကိုတင်ပြဖို့ တခြားကိစ္စရှိပါသေးတယ်”
“ပြော”
ယဲ့လုဖုန်းမှ ပြောသည်။
“ဒီလိုပါ၊ ဒီနေ့ ချန်ကျိုစစ်က လက်ဝါးသိုင်းကွက်တစ်ခုကို အသုံးပြုခဲ့တယ်…”
ချီမုကောသည် ချန်ကျဲ့အသုံးပြုခဲ့သည့် ၈ကွက်မြောက် လက်ဝါးသိုင်းကွက်အကြောင်းကို ပြောပြသည်။ ထို့နောက် ယဲ့လုဖုန်းမှ မေးသည်။
“မင်းအမြင်ကရော?”
“ဒီငယ်သားကတော့ ချန်ကျိုစစ် လိမ်ပြောတာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ အဲဒီလက်ဝါးသိုင်းက တကယ်ပဲ သံမဏိလက်ဝါးသိုင်းကို နဂါးနိုင်လက်ဝါးသိုင်းရဲ့ အငွေ့အသက်အချို့ကို ပေါင်းပြီး ဆင့်ကဲပြုပြင်ထားပုံရပါတယ်”
“အို ဒါဆိုရင်တော့ ချန်ကျိုစစ်နဲ့ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းအတွက်ကိုတော့ တခြားနည်းလမ်းရှာကြတာပေါ့”
‘’ဟုတ်ကဲ့ပါ ဒီငယ်သား နားလည်ပါပြီ”
သူတို့စကားပြောနေစဉ် ငါးဖမ်းနေသည့် အမျိုးသမီးတစ်ဦးမှ ပြောသည်။
“သခင်ကြီး ငါးတစ်ကောင်ဖမ်းမိပြီ”
ယဲ့လုဖုန်းမှ ပြုံးလိုက်ရင်း ပြန်လည်တုံ့ပြန်သည်။
“ကောင်းတယ်၊ ဆုချီးမြှင့်မယ်”
…
တတိယသခင်မလေးဟွား၏ တို့ဟူးဆိုင်၌
“သူဌေး သူဌေး…”
အလုပ်သမားလေးတစ်ဦးသည် သူဌေးကို ကျယ်လောင်စွာ အသည်းအသန်အော်ခေါ်ရင်း ဆိုင်ထဲသို့ ပြေးဝင်လာသည်။
တတိယသခင်မလေးဟွားသည် အစားလည်းမစား၊ ရေလည်းမသောက်ဘဲ အိပ်မက်ဆိုးများ တစ်ချိန်လုံး မြင်မက်ကာ ဝမ်းနည်းပူဆွေးနေသည့် စူးယွင်ကျင်းကို နှစ်သိမ့်ပေးနေသည်။ သူမ၏ အိပ်မက်များထဲတွင် သူမ၏ခင်ပွန်းသည် သွေးများစိုရွှဲလျက် သွေးအိုင်ထဲတွင် လဲကျနေသည့်မြင်ကွင်းကို မြင်မက်ခဲ့၏။ သူမသည် အိပ်မက်ဆိုးများမှ နိုးထလာချိန်တိုင်းတွင် သူမအိပ်စက်သည့် ခေါင်းအုံးမှာ မျက်ရည်များဖြင့် စိုရွှဲနေတော့သည်။
ဒီနေ့လည်း စူးယွင်ကျင်းသည် အစားစားရန် ငြင်းဆန်နေပြန်သည်။ ထို့ကြောင့် တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းကို ဖျောင်းဖျနေခဲ့သည်။
“ကောင်မလေး မင်းဒီလိုဆက်သွားနေလို့ မဖြစ်ဘူး။ ဒီလိုသာ ဆက်သွားနေရင် ကျိုစစ်ပြန်မလာခင် မင်းအရင်လဲသွားလိမ့်မယ်”
“အစ်မဟွား ကျွန်မ စားမဝင်ဘူး”
“နည်းနည်းပဲဖြစ်ဖြစ် ဝင်အောင်စားရမယ်လေ။ မဟုတ်ရင် ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး ခံနိုင်ရည်ရှိတော့မှာလဲ”
စူးယွင်ကျင်းမှ ပြောသည်။
“ကျွန်မ အဆင်ပြေပါတယ်။ ဒါပေမဲ့ အစ်မဟွား၊ ကျွန်မခင်ပွန်းရဲ့ သတင်းတစ်ခုခုများ ကြားရသေးလား”
“သတင်းတစ်ခုခုသိရရင် ငါမင်းကို ချက်ချင်းပြောပြမှာပါ။ အခုတော့ ဘာသတင်းမှ မရှိသေးဘူး”
“အာ… ကျွန်မရဲ့ခင်ပွန်း လုံခြုံဘေးကင်းရဲ့လား၊ အစားအသောက် ပူပူနွေးနွေးလေး စားနိုင်ရဲ့လားဆိုတာတောင် ကျွန်မ မသိနိုင်တာကို…”
စူးယွင်ကျင်းသည် ထိုသို့ပြောရင်း မျက်ရည်များစီးကျလာခဲ့သည်။
ထို့နောက်တွင် အလုပ်သမားလေးတစ်ဦးမှ အလျင်စလို ပြေးဝင်လာခဲ့သည်။
“သူဌေး သူဌေး…”
တတိယသခင်မလေးဟွားသည် အလုပ်သမားလေးကို စိုက်ကြည့်လိုက်သည်။
“ငါမသေသေးပါဘူး၊ မင်းဘာတွေအော်နေတာလဲ”
ထိုအခါ အလုပ်သမားလေးသည် ပြုံးလိုက်ပြီး ပြောသည်။
“သူဌေး၊ သခင်၅ပြန်လာပါပြီ”
“ဘာ ဘာပြောလိုက်တယ်?”
ထိုစကားတွင် တတိယသခင်မလေးဟွားနှင့် စူးယွင်ကျင်းတို့နှစ်ဦးစလုံး အံ့အားသင့်လျက် မတ်တပ်ထရပ်လိုက်ကြသည်။