← Chapters

အခန်း (၄၁၅)

Vol. 31 Ch. 415

အခန်း (၄၁၅)

Vol. 31 Ch. 415

“ဘာ? ကျိုစစ် ပြန်လာပြီ!”

တတိယသခင်မလေးဟွားသည် အံ့အားသင့်လျက် ထို့နောက် ချက်ချင်း စူးယွင်ကျင်းကို လှည့်ကြည့်သည်.

စူးယွင်ကျင်းသည် မျက်လုံးအစုံတွင် မျက်ရဲများဝဲလျက် နေရာတွင် မလှုပ်မယှက်ရပ်ကာ နှုတ်ခမ်းတို့ကို ဖိကိုက်၍ မျက်ရည်များ စီးကျမလာအောင် ထိန်းချုပ်နေခဲ့သည်။

ဒီကောင်မလေးကတော့!

တတိယသခင်မလေးဟွားမှာ ခေါင်းခါရမ်းမိရသည်။

ဒီကောင်မလေးကတော့ အမြဲ တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေတော့တာပဲ။

“သူဘယ်မှာလဲ။ ကျိုစစ်ဘယ်မှာလဲ’

တတိယသခင်မလေးဟွားသည် စူးယွင်ကျင်း အသိချင်ဆုံးသော မေးခွန်းကို မေးလိိုက်သည်။ ထိုအခါ အလုပ်သမားလေးမှ ဖြေသည်။

“သခင်၅က ကျားဖြူခန်းမမှာ ဖုန်းရွှမ်ကို သတ်ပြီးတော့ အခု ဒီကိုလာနေတဲ့လမ်းမှာပါ။ ကျွန်တော်က သတင်းပို့ဖို့အတွက် မြန်မြန်ကြိုလာခဲ့လိုက်တာပါ”

ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။

“ကောင်းတယ်၊ အဆင်ပြေသွားပြီ ယွင်ကျင်း”

“ခဏ၊ ကျွန်မ နည်းနည်းလောက် ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်ဦးမယ်။ ခဏပဲ ခဏပဲ…”

ထိုသို့ပြောလျက် စူးယွင်ကျင်းသည် မျက်ရည်များကို အင်္ကျီလက်ဖြင့် အမြန််သုတ်ပစ်သည်။ သို့သော် မျက်ရည်များမှာ သုတ်လေလေ ပို၍ စီးကျလာလေလေပင်။

ထိုစဉ် မြင်းခွာသံများကို ကြားလိုက်ရပြီး တို့ဟူးဆိုင်တံခါးဝတွင် လူအုပ်စုကြီးတစ်စု ရောက်ရှိလာသည်။

ချန်ကျဲ့သည် မြင်းပေါ်မှ ဆင်း၍ အတူပါလာသည့် လူငယ်လေးကို ပြောသည်။

“မင်းဒီမှာ စောင့်နေလိုက်။ အထဲမှာက အမျိုးသမီးတွေရှိနေတာ။ သူတို့ကို အနှောင့်အယှက်မပြုမိစေနဲ့”

“ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်”

ထိုလူများသည် ချန်ကျဲ့အား ယခုကတည်းက ခန်းမအရှင်သခင်ဟု ခေါ်နေကြပြီဖြစ်သည်။ ချန်ကျဲ့မှ တရားဝင်ရာထူးဆက်ခံပြီးချိန်အထိ စောင့်ဆိုင်းပါရန် ပြောခဲ့သည့်တိုင် နားမထောင်ကြပေ။ အဖွဲ့သားများသည် မထိန်းချုပ်နိုင်ကြဘဲ ခန်းမအရှင်သခင်ဟုသာ ခေါ်ကြလေသည်။

သို့ဖြင့် ချန်ကျဲ့လည်း လွှတ်ထားလိုက်ရတော့သည်။ မည်သို့ပင်ဖြစ်စေ နောက်သုံးရက်ပြီးလျှင် ချန်ကျဲ့သည် ခန်းမအရှင်သခင်ရာထူးကို တရားဝင်ဆက်ခံယူရတော့မည် မဟုတ်ပါလော။

ချန်ကျဲ့သည် ကျားဖြူခန်းမ၏ နောက်ဆက်လုပ်ရမည့် အရေးကိစ္စများကို စီစဉ်ခဲ့ပြီးနောက် စိတ်မရှည်နိုင်တော့ဘဲ တို့ဟူးဆိုင်သို့ အမြန်ထွက်ခွာလာခဲ့သည်။ ယခုတွင် အကြီးမားအခက်ခဲဆုံးသော ကဏ္ဍကို လုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသော အရမ်းအရေးမကြီးသည့် ကိစ္စရပ်များကို ကျိုးချူမှ ကိုင်တွယ်နိုင်လိမ့်မည်။

ချန်ကျဲ့သည် ဇနီးဖြစ်သူနှင့် ပြန်လည်တွေ့ဆုံရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ဤတစ်ကြိမ်မှာ ချန်ကျဲ့ ဤကမ္ဘာသို့ ကူးပြောင်းလာပြီးချိန်ကတည်းက ဇနီးဖြစ်သူနှင့် ပထမဆုံးအကြိမ် ဤမျှအချိန်အကြာကြီး ခွဲခွာဖူးခြင်းဖြစ်သည်။ ၇ရက်တိတိ ခွဲခွာခဲ့ရခြင်းဖြစ်၏။ ချန်ကျဲ့သည် သူ၏ဇနီးလေးမှာ အစာမစားနိုင်ဘဲ ပိန်သွားလိမ့်မည်လောဟု စိုးရိမ်နေခဲ့သည်။

စူးယွင်ကျင်းသည် မိမိကိုယ်ကိုယ် ဂရုစိုက်ပါသည်ဟု ပြောလိမ့်မည်ဖြစ်ကြောင်း ချန်ကျဲ့သိပါ၏။ သို့သော် သူမသည် စိတ်ထဲတွင် သေချာပေါက် နာကျင်ခံစားနေရလိမ့်မည်။ မစားနိုင် မသောက်နိုင်လောက်အောင်အထိ ခံစားနေရနိုင်ပေသည်။

ထို့ကြောင့် ချန်ကျဲ့သည် ဇနီးဖြစ်သူအား ကြာကြာစောင့်ဆိုင်းမနေစေလိုပါချေ။

မြင်းပေါ်မှ ဆင်း၍ အမိန့်ပေးပြီးနောက် ချန်ကျဲ့သည် အိမ်ထဲကို အော်ခေါ်လိုက်သည်။

“ရှင်မရေ ကိုယ်ပြန်လာပြီ!”

ချန်ကျဲ့၏အသံသည် အိမ်ထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားခဲ့သည်။

ထိုအချိန်၌ အနောက်ခြံဝင်းထဲတွင် ယင်ဟုန်မိန်နှင့် ကစားနေသည့် ရွေ့ရွေ့သည် ရုတ်တရက် ရပ်တန့်သွား၏။ သူမသည် သူမ၏ဦးခေါင်းလေးကို တံခါးဘက်သို့ စောင်းငဲ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာလေးတွင် အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုများ ထင်ဟပ်သွားခဲ့သည်။

“ဟားဟား အစ်ကိုကြီးပြန်လာပြီ။ အစ်မဟုန်မိန် အစ်ကိုကြီးပြန်လာပြီ!”

ထိုအခိုက်အတန့်တွင် ယင်ဟုန်မိန်လည်း ပျော်ရွှင်စွာ ပြုံးရယ်သွား၏။

သခင်ကြီးပြန်လာပြီဆိုတော့ သခင်မလည်း ပျော်နေတော့မယ်။

လွန်ခဲ့သည့်ရက်များတွင် စူးယွင်ကျင်းသည် မစားနိုင်၊ မသောက်နိုင် ဖြစ်နေခဲ့သောကြောင့် ယင်ဟုန်မိန်သည် အလွန်တရာ စိုးရိမ်နေခဲ့ရသည်။ သို့သော်ငြား နှလုံးသားနာကျင်သည့် ဝေဒနာသည် ကုသရန် ခက်ခဲလေရာ ယင်ဟုန်မိန်လည်း ဘာမှမလုပ်နိုင်ပေ။

သူမ မတုံ့ပြန်နိုင်မီ၌ပင် ရွေ့ရွေ့သည် အပြင်သို့ ပြေးထွက်သွားလိုက်ပြီဖြစ်သည်။

“အစ်ကိုကြီး အစ်ကိုကြီး…”

ထိုအချိန်၌ အနောက်ခြံဝင်းထဲမှ အားပြန်ဖြည့်တင်းနေသည့် ရှောင်ဟူနှင့် သစ္စာရှိနောက်လိုက်၅ယောက်တို့သည်လည်း တံခါးဝဆီသို့ ရုတ်ချည်း လှမ်းကြည့်လိုက်ကြသည်။ ရှောင်ဟူသည် မျက်လုံးများ တောက်ပသွားလျက် ပျော်ရွှင်ဝမ်းမြောက်စွာ ရယ်မောလိုက်ရင်း ပြောသည်။

“ဟားဟား အစ်ကိုကျိုစစ်ပြန်လာပြီ။ ညီနောင်တို့ အစ်ကိုကျိုစစ်ပြန်လာပြီ”

ကျန်သူများ၏မျက်နှာထက်တွင်လည်း ရွှင်ပျစွာသော အပြုံးများ ဖြစ်တည်လာကြသည်။

“ဟုတ်တယ်၊ သခင်၅ ပြန်လာပြီ၊ သခင်၅ တကယ်ပြန်ရောက်လာပြီ”

“အမြန် ငါ့ကို အရှေ့ခြံဝင်းဆီ တွဲခေါ်သွားပေးဦး။ ငါ အစ်ကိုကျိုစစ်ကို သွားတွေ့ချင်တယ်။ ငါ အစ်ကိုကျိုစစ်နဲ့ တွေ့ရမယ်”

“ဟေး ဟေး လူကြီးမင်းဟူ၊ ဖြည်းဖြည်း ဖြည်းဖြည်း၊ ဒဏ်ရာပြန်ပွင့်မသွားစေနဲ့ဦး”

…

“ရှင်မ?”

ချန်ကျဲ့သည် တံခါးဝတွင်ရပ်၍ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ ထိုအခါ အနီးဝန်းကျင်မှ နေထိုင်သွားလာကြသူအားလုံးသည် ရပ်တန့်သွားကြပြီး ချန်ကျဲ့ကို လှည့်ကြည့်လာကြသည်။

မည်သို့ပင်ဖြစ်စေ မြင်း၆ကောင်၊၇ကောင်ခန့်ကို စီးနှင်လာသည့် မြင်ကွင်းသည် ပုံမှန်မြင်တွေ့ရတတ်သည့် မြင်ကွင်းမျိုး မဟုတ်နေပါချေ။

ထိုစဉ် လူတစ်ယောက်မှ ချန်ကျဲ့ကို မှတ်မိသွား၏။

“ဟေး အဲဒါက ကျားဖြူခန်းမရဲ့ သခင်၅မဟုတ်လား”

“ဟုတ်တယ် သူပဲ။ သူဘာလို့ပြန်လာတာလဲ။ တစ်မြို့လုံးမှာ သူ့ကို သိုင်းလောကဖမ်းဝရမ်းအမိန့်ထုတ်ပြန်စာတွေ ကပ်ထားတုန်းပဲ။ သူဒုက္ခရောက်မှာ မကြောက်ဘူးလား”

“အမှန်ပဲ။ ပြီးတော့လည်း သူက အဲဒီလိုမျိုး အကျယ်ကြီး အော်ဟစ်နေရဲသေးတယ်။ အသက်ရှင်ရတာကို ငြီးငွေ့နေပြီလားပဲ”

…

ဖြတ်သွားဖြတ်လာများသည် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ သို့သော် အချို့သူများသည် သတင်းအချက်အလက်ရရှိမှု မှန်ကန်မြန််ဆန်ပါ၏။

“မင်းတို့ဘာသိလို့လဲ။ အခုအချိန်အထိ သိုင်းလောကဖမ်းဝရမ်းအမိန့်အကြောင်း ဆက်ပြောနေကြသေးတယ်။ သခင်၅က ဘာလုပ်ခဲ့လဲဆိုတာကို မင်းတို့မသိကြသေးဘူးလား”

“သူဘာလုပ်ခဲ့လို့လဲ”

“မင်းတို့ကြားရင် လန့်သေသွားလိမ့်မယ်– သူက ကျားဖြူခန်းမရဲ့ဖုန်းရွှမ်ကို သတ်ခဲ့ပြီးတော့ အခု မကြာခင်မှာ သူက ကျားဖြူခန်းမအရှင်သခင်ဖြစ်တော့မှာကွ”

“ဘာရယ်??”

ထိုစကားတွင် အားလုံးသည် အံ့ဩသွားကြသည်။

ဖုန်းရွှမ်သေပြီလား?

“ဖုန်းရွှမ် သေသွားပြီလား?”

“အင်း သေသွားပြီ။ ငါ့ဝမ်းကွဲက ကျားဖြူခန်းမအဖွဲ့သားတစ်ယောက်ပဲ။ ဒီသတင်းကိုလည်း သူပြန်ပြောပြတာ။ ဖုန်းရွှမ်ကို သခင်၅က မျန့်ရွှေရဲ့အထင်ကရပုဂ္ဂိုလ်ကြီးတွေရှေ့မှာပဲ အသေရိုက်သတ်လိုက်တာတဲ့”

“ဟေး အဲဒီသခင်၅က ဖန်းရှစ်ကျုံးကိုသတ်တဲ့ လူသတ်သမား မဟုတ်ဘူးလား။ အခုလည်း ဖုန်းရွှမ်ကို သတ်လိုက်ပြန်ပြီ။ သူ့ကို ဘယ်သူမှ မတားကြတော့ဘူးလား”

“မင်းဘာတွေပြောနေတာလဲ။ ဖန်းရှစ်ကျုံးကိုသတ်တဲ့ လူသတ်သမားက ဖုန်းရွှမ်ပဲ– သခင်၅မဟုတ်ဘူး။ သခင်၅နဲ့ ဘာမှမဆိုင်ဘူး”

“အဲဒါဆို သိုင်းလောကဖမ်းဝရမ်းအမိန့်ကရော?”

“အားလုံးက ဖုန်းရွှမ်ရဲ့အကြံအစည်တွေပဲ။ ဒီကိစ္စရဲ့နောက်ကွယ်က ဇာတ်လမ်းက အရမ်းအံ့ဩဖို့ကောင်းတယ်။ သခင်၅သာ အခုလို ဘေးမသီရန်မခဘဲနဲ့ ပြန်ရောက်မလာခဲ့ရင် တခြားသူတွေတာ့ သွားပြီပဲ”

ထိုအခါ အနီးဝန်းကျင်ရှိလူအားလုံးသည် သတင်းပြောပြနေသူထံ စုဝေးသွားကြသည်။ ထိုစဉ် ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောလာသည်။

“ကောင်းတယ်၊ ဖုန်းရွှမ်က သေသင့်တယ်။ သူ ကျားဖြူခန်းမကို တာဝန်ယူချိန်မှာ အခွန်တွေ နှစ်ဆတက်သွားတာများ ငါတို့မှာ ဘယ်လိုအသက်ဆက်ရှင်ရမလဲလို့တောင် ပူပန်သွားရတယ်။ အဲဒီပျောက်ကွယ်သွားသင့်တဲ့ ပြဿနာကောင်က တကယ်ကြီးပျောက်ကွယ်သွားမယ်လို့ မျှော်လင့်မထားခဲ့မိိဘူးပဲ”

“ဟေး ဟေး လောင်ဝမ်၊ မင်းစကားပြောတာ သတိထားပြောနော်။ ဖုန်းရွှမ်က သေသွားပေမဲ့ ကျားဖြူခန်းမက ရှိနေသေးတယ်။ နောက်တက်လာတဲ့သူက ဖုန်းရွှမ်ထက် ပိုဆိုးရွားပြီး အခွန်အခတွေ ပိိုတိုးကောက်မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

“မဖြစ်နိုင်ပါဘူးကွာ။ သခင်၅က အဲဒီလိုရက်စက်ဆိုးသွမ်းတဲ့သူလို့ မထင်ရပါဘူး”

ဆိုင်ရှင်ဝမ်မှ ထိုသို့ပြောသည်တွင် နောက်ထပ်ဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောလာသည်။

“မသိနိုင်ဘူးလေဗျာ။ လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို သိမြင်နိုင်ပေမဲ့ လူတစ်ယောက်ရဲ့စိတ်ကိုတော့ မသိမြင်နိုင်ဘူးတဲ့”

“ဒါက…”

ဆိုင်ရှင်ဝမ်သည် နားထောင်ရင်း နားထောင်ရင်းဖြင့် စိုးရိမ်ပူပန်သည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားတော့သည်။ စိတ်နှလုံးမှာလည်း လေးလံနေခဲ့သည်။

“အစ်ကိုကြီး!”

ချန်ကျဲ့သည် နှစ်ကြိမ်ခေါ်ခဲ့သည့်တိုင် မည်သို့မျှ တုံ့ပြန်မှုပြန်မရသောကြောင့် စိတ်ရှုပ်ထွေးနေစဉ် ရုတ်တရက်် ကြည်လင်သည့် အသံလေးကို ကြားလိုက်ရသည်။ ထို့နောက်တွင် အနီရောင်အနားကွပ်လေးများဖြင့် အဖြူရောင်ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို အနီရောင်ဖဲပြားလေးများဖြင့် စည်းနှောင်ထားသည့် ကလေးမလေးတစ်ဦး ပြေးထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူမ၏မျက်နှာကလေးမှာ တစ်ပြင်လုံး ညစ်ပေတူးနေပေသည်။

သူမသည် ပျော်ရွှင်မြူးတူးနေလျက် မျက်လုံးဝိုင်းကြီးများသည် တဖျတ်ဖျတ် တောက်ပနေကာ ထိန်းမနိုင်သိမ်းမရလောက်အောင်သော အပြုံးများဖြင့် သူမ၏အစ်ကိုကြီးကို အော်ခေါ်နေခဲ့သည်။

All Chapters