← Chapters

အခန်း (၄၁၆)

Vol. 31 Ch. 416

အခန်း (၄၁၆)

Vol. 31 Ch. 416

“ဟားဟား ရွေ့ရွေ့”

ချန်ကျဲ့သည် ရွေ့ရွေ့ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် သူမဆီသို့ သွား၍ ချိုင်းမှ မြှောက်ချီလိုက်သည်။

ခစ်ခစ်…

ရွေ့ရွေ့၏ ဆည်းလည်းသံလေးကဲ့သို့ တခစ်ခစ်ရယ်မောသံသည် ချန်ကျဲ့၏ အေးခဲနေသည့် နှလုံးသားကို ရုတ်ချည်း အရည်ပျော်သွားစေခဲ့သည်။

ဤ၇ရက်တာအချိန်အတွင်း သူအလွမ်းဆုံးမှာ ဤညီအစ်မနှစ်ယောက်ဖြစ်သည်။

“အစ်ကိုကြီး တစ်ချိန်လုံးဘယ်တွေရောက်နေတာလဲ”

“အစ်ကိုကြီးက အပြင်မှာ ကိစ္စတချို့သွားလုပ်တာ”

“ရွေ့ရွေ့က အစ်ကိုကြီးကို အရမ်းလွမ်းနေတာ၊ အစားတောင် မစားနိုင်ဘူး။ ရွေ့ရွေ့က ခါတိုင်းဆို အသားလုံးလေးလုံးကို တစ်ပြိုင်တည်း စားနိုင်တာပေမဲ့ အခုတော့ သုံးလုံးပဲ စားနိုင်တော့တယ်…”

“အို အဲဒီလောက်တောင် အစ်ကိုကြီးကို လွမ်းတာပေါ့လေ? မင်း ထပ်ပြီး ဝလာပြန်ပြီမဟုတ်လား အစားပုပ်လေး။ နည်းနည်းလေးနေသလိုပဲ”

“မဖြစ်နိုင်တာ၊ ရွေ့ရွေ့က ခုရက်ပိုင်း အဆာခံနေလို့ ကိုယ်အလေးချိန်ကျသွားပါတယ်နော်။ ဒါနဲ့ အစ်ကိုကြီး ရွေ့ရွေ့က အခု အရမ်းတော်နေပြီ။ စာလုံး၂၀တောင် သိနေပြီရယ်”

“ဝါး စာလုံး၂၀တောင်လား၊ အများကြီးပဲ။ ရွေ့ရွေ့လေးက တော်လိုက်တာနော်၊ အရမ်းတော်တာပဲ”

ရွေ့ရွေ့သည် ချန်ကျဲ့ကို ပူးကပ်တွယ်လျက် အကြောင်းအရာများစွာကို အဆုံးမရှိလောက်အောင် ပြောပြရန် စိတ်အားထက်သန်နေခဲ့သည်။

ထိုစဉ် အခန်းထဲ၌ တတိယသခင်မလေးဟွားသည် မျက်ရည်များစီးကျနေသော စူးယွင်ကျင်းကို ကြည့်လျက် ပြောသည်။

“ယွင်ကျင်း၊ ကျိုစစ် ပြန်လာပြီလေ၊ မင်းအပြင်မထွက်တော့ဘူးလား”

“အင်း ခဏနေရင်ထွက်မှာပါ။ ကျွန်မ မျက်ရည်တွေကို သုတ်ပါရစေဦး။ ကျွန်မ ဒီလိုမျိုးငိုနေတာကို ကျိုစစ်ကို မြင်မသွားစေချင်ဘူး”

စူးယွင်ကျင်းသည် မျက်နှာထက်မှ မျက်ရည်များကို သုတ်ကာ သူမ၏ပုံစံအား ကြည့်ကောင်းစေရန် အကောင်းဆုံးကြိုးစားပြင်ဆင်နေခဲ့သည်။

သို့သော် ထို့နောက်တွင် တံခါးရုတ်တရက်ပွင့်သွား၏။ ချန်ကျဲ့သည် ရွေ့ရွေ့ကို ချီလျက် အခန်းထဲ ဝင်လာခဲ့သည်။

“ရှင်မ ကိုယ်ပြန်လာပြီ”

ချန်ကျဲ့ အခန်းထဲရောက်သည်နှင့် စူးယွင်ကျင်းနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။

တတိယသခင်မလေးဟွားသည် ချန်ကျဲ့ကို မြင်သောအခါ ဝမ်းသာအားရဖြင့် ပြောသည်။

“မင်းနောက်ဆုံးတော့ ပြန်လာဖို့ သတိရပြီပေါ့။ မင်း ဒီထက်ပိုပြီးသာ ပြန်မလာသေးရင် ယွင်ကျင်းတစ်ယောက် လဲသွားတော့မှာ”

ထိုအခါ ချန်ကျဲ့သည် ရွေ့ရွေ့ကို တတိယသခင်မလေးဟွား၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ တတိယသခင်မလေးဟွားသည် ရွေ့ရွေ့ကို ခေါ်၍ အခန်းထဲမှ ထွက်သွားပြီး ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့အတွက် သီးသန့်နေရာဖန်တီးပေးသည်။

ချန်ကျဲ့သည် ခြေလှမ်းအနည်းငယ် လှမ်းလျှောက်၍ စူးယွင်ကျင်း၏ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ မျက်ရည်စိုစွတ်နေသည့် မျက်လုံးများကို ချန်ကျဲ့ သတိထားမိပါ၏။

“မင်း ငိုနေခဲ့တာလား”

“ဟင့်အင်း မငိုပါဘူး”

မိန်းမငယ်လေးသည် ခေါင်းမာနေဆဲပင်။ သို့သော် သူမ၏နီရဲနေသည့် မျက်လုံးများသည် မျက်ရည်များ ထပ်မံ စီးမကျလာအောင် မထိန်းချုပ်နိုင်ပါချေ။

ချန်ကျဲ့သည် စူးယွင်ကျင်း၏မျက်ရည်များကို နူးညံ့ညင်သာစွာ သုတ်ပေးလိုက်ရင်း ပြောသည်။

“မငိုပါနဲ့တော့၊ ကိုယ်ပြန်လာပြီလေ”

“အင်း”

စူးယွင်ကျင်းမှ ခေါင်းညိတ်သည်။ ချန်ကျဲ့မှ ထပ်ပြောသည်။

“ကိုယ်ပြန်လာပါပြီ”

“အဟင့် အင်း..”

စူးယွင်ကျင်းသည် ပို၍ပင် ငိုရှိုက်လာခဲ့သည်။

ထိုအခါ ချန်ကျဲ့သည် စူးယွင်ကျင်းကို ဆွဲယူပွေ့ဖက်လိုက်သည်။

“ရှင်မ ကိုယ်ပြန်လာခဲ့ပါပြီ”

“အဟင့်… ယောက်ျား… ရှင် နောက်ဆုံးတော့ ပြန်လာပြီပဲ…”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို ဖက်တွယ်လျက် မထိန်းချုပ်နိုင်စွာ ရှိုက်ငိုနေခဲ့သည်။

သူမ၏ စိတ်နှလုံးထဲရှိ ဝရုန်းသုန်းကားအခြေအနေများ၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် လွမ်းဆွတ်တမ်းတခြင်းများသည် ဤအခိုက်အတန့်တွင် စုပုံထွက်ကျလာခဲ့သည်။

၇ရက် ၇ရက်တောင်မှ!

စူးယွင်ကျင်းသည် ကြောက်ရွံ့မှုနှင့် လွမ်းဆွတ်တမ်းတခြင်းများဖြင့် နေခဲ့ရသည်။

နေ့အချိန်တွင် သူမသည် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်၍ အဆင်ပြေဟန်ဆောင်ရသည်။ သူမသည် အိမ်တော်ကို ထိန်းသိမ်းရသူဖြစ်၏။ သူမ၏စိတ်ဓာတ်ခိုင်မာမှုကို ရွေ့ရွေ့မှ ရှောင်ဟူအထိ၊ အိမ်တော်ရှိ အစေအပါးများ အားလုံးသည်လည်း မျှော်လင့်ကြည့်ရှုနေကြသည်။ သူမသာ ပြိုလဲသွားခဲ့ပါက အားလုံးလည်း ပြိုလဲသွားရလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် စူးယွင်ကျင်းသည် ရှေ့တွင် ရဲရင့်ကာ အကြောက်အရွံ့ကင်းမဲ့ဟန်ဆောင်ခဲ့သည်.

သို့သော် ညအချိန်တွင်တော့ သူမသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းများ ပျောက်ဆုံးသွားရကာ အိပ်မပျော််နိုင်ဘဲ အိပ်မက်ဆိုးများ၏ နှိပ်စက်ခြင်းကို ခံနေခဲ့ရသည်။

သူမ၏ဝေဒနာကို မည်သူမျှ နားမလည်နိုင်ပါချေ။

သူမအတွက်တော့ ချန်ကျဲ့သည် ကောင်းကင်ကြီးကဲ့သို့ ဖြစ်သည်။ ချန်ကျဲ့တစ်ခုခုဖြစ်သွားပါက သူမ၏ကမ္ဘာကြီး ပြိုလဲသွားပေလိမ့်မည်။

သူမ၏ စိတ်ဖိစီးမှု အတိုင်းအတာကို မည်သူမျှ သဘောပေါက်နားလည်နိုင်လိမ့်မည် မဟုတ်ပေ။ သူမ တောင့်ခံနေခဲ့ရသည့် ဖိအားသည် သူမ၏အကန့်အသတ်ထက် ကျော်လွန်နေခဲ့သည်။

သူမ၏စာထဲတွင် အိမ်တော်မှာ အရာအားလုံး အဆင်ပြေသောကြောင့် မစိုးရိမ်ပါရန် ရေးပေးခဲ့ခြင်းဖြင့် ချန်ကျဲ့အား စိတ်ချစေခဲ့သည်။ သို့သော် ၎င်းမှာ အတုအယောင်သာ ဖြစ်ပါ၏။

အခြားသူများ၏ရှေ့တွင် သူမသည် အိမ်တော်သခင်မတစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းနေထိုင်သည်။

ရွေ့ရွေ့၏ရှေ့တွင်လည်း သူမသည် သန်မာသည် အစ်မကြီးတစ်ယောက်ဖြစ်ရန် လိုအပ်ခဲ့၏။

သူမအနေဖြင့် ထပ်မံ၍ ထိန်းမထားနိုင်တော့မည့် တစ်နေ့သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း သူမ သိနေခဲ့ပါသည်။ ထို့ပြင် ဒီနေ့သည် ထိုနေ့ဖြစ်ပါ၏။

သူမ၏ကမ္ဘာကြီး ပြန်လည်ရောက်ရှိလာပြီဖြစ်သောကြောင့် နောက်ဆုံးတော့ သူမ၏စိတ်ကို လျှော့ချလိုက်နိုင်ပေပြီ။

အခြားသူများ၏ရှေ့တွင် သူမသည် အိမ်တော်သခင်မတစ်ဦး၊ အစ်မကြီးတစ်ယောက်ဖြစ်သည်။ သို့သော် ချန်ကျဲ့၏ရှေ့တွင်တော့ သူမသည် ဇနီးတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်၏။ သို့ဖြစ်ရာ အခုတော့ သူမ ငိုကြွေးနိုင်ပြီဖြစ်သည်။

သူမ တစ်လျှောက်လုံး ဖိနှိပ်ထိန်းချုပ်လာခဲ့သမျှကို နောက်ဆုံးတွင်တော့ လက်လွှတ်နိုင်လေပြီ။

ချန်ကျဲ့သည် သူမကို တင်းတင်းပွေ့ဖက်၍ သူမ၏ကျောပြင်လေးကို ဖွဖွပုတ်ပေးလျက် သူမကို ဝအောင် ငိုကြွေးစေသည်။

ရွေးချယ်စရာမရှိပါချေ။ ချန်ကျဲ့ရွေးချယ်ခဲ့သည့် လမ်းသည် အန္တရာယ်များ၊ တုန််လှုပ်ချောက်ချားဖွယ်ရာများနှင့် ရင်ဆိုင်တွေ့ကြုံရရန် ကံကြမ္မာဖန်ထားခဲ့ပြီး ဖြစ်သည်။ စူးယွင်ကျင်းသည် သူ၏ဇနီးသည်ဖြစ်သောကြောင့် မနည်းလှသည့် ဒုက္ခများကို ခံစားခဲ့ရသည်။ အနာဂတ်တွင် ယခုထက်ပို၍ ခံစားရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်ဦးမည်။

အဲဒါက ကံကြမ္မာပဲ။

သာမညောင်ညအဖြစ် ရှင်သန််သည်ဖြစ်စေ၊ ထူးခြားထင်ရှားသူတစ်ဦးအဖြစ် ရှင်သန်သည်ဖြစ်စေ ကြားချစရာမြေဟူသည် မရှိပါချေ။ လူတစ်ယောက်သည် မိမိ၏အလိုဆန္ဒအတွက် တန်ကြေးပေးဆပ်ရမည်သာ ဖြစ်၏။

အချိန်အတော်ကြာ ငိုပြီးနောက်တွင် စူးယွင်ကျင်းသည် ငိုကြွေးရခြင်းကြောင့် မောပန်းသွားခဲ့သည်။ ထို့နောက် ချန်ကျဲ့ကို ခေါင်းမော့ကြည့်သည်။ ချန်ကျဲ့၏ဝတ်ရုံနေရာတချို့တွင် သူမ၏မျက်ရည်များဖြင့် စိုရွှဲနေသည်ကို မြင်သောအခါ စူးယွင်ကျင်းသည် အနည်းငယ် ရှက်ရွံ့သွားလျက် ပြောသည်။

“ယောက်ျား…”

ချန်ကျဲ့ ပြုံးလိုက်သည်။

“အဆင်ပြေပါတယ် ရှင်မ၊ မင်း မတရားခံခဲ့ရလို့လား”

စူးယွင်ကျင်းမှ ခေါင်းခါရမ်းသည်။

“မဟုတ်ပါဘူး ဒီတိုင်း…”

စူးယွင်ကျင်းသည် သူမ၏ခံစားချက်များကို ထုတ်ဖော်မပြနိုင် ဖြစ်နေခဲ့သည်။ ပြင်းထန်သည့် ဖိအားအောက်တွင် သုံးနှစ်ကြာရှိနေခဲ့ရသည့် ကျောင်းသူတစ်ယောက်မှ ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီးတွင် ပြိုလဲကာ ငိုကြွေးနေသကဲ့သို့ ဖြစ်သည်။

သေချာပေါက် ကောင်းမွန်သည့်အရာဖြစ်သည့်တိုင် မထိန်းချုပ်နိုင်ဘဲ ငိုကြွေးမိရသည်။

ဤသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် အလွန်ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာဖိအားကြောင့် ဖြစ်ပေသည်။

ချန်ကျဲ့သည် စူးယွင်ကျင်းကို ပခုံးနှစ်ဖက်မှ ဖွဖွကိုင်၍ နဖူးကို နမ်းရှုံ့လိုက်သည်။ ထို့နောက် ပြောသည်။

“ရှင်မ အခု ကိုယ်တို့အပြင်ထွက်ပြီး တခြားသူတွေကို သွားတွေ့သင့်ပြီ”

“အင်း”

စူးယွင်ကျင်းသည် ပါးမို့လေးများတွင် ပန်းရောင်ယှက်သန်းလျက် ပြန်ပြောသည်။

“သွားကြတာပေါ့။ ရှောင်ဟူနဲ့ တခြားသူတွေက ရှင်ပြန််လာတာမြင်ရင် အရမ်းပျော်သွားကြမှာ”

ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“လာ အတူသွားကြတာပေါ့”

ထိုအခါ စူးယွင်ကျင်းမှ ပြောသည်။

“အာ ကျွန်မ…”

စူးယွင်ကျင်းသည် သူမ၏ နီရဲနေသည့်မျက်လုံးများကြောင့် အနည်းငယ်ရှက်ရွံ့နေခဲ့သည်။

ချန်ကျဲ့သည် စူးယွင်ကျင်းကို ငြင်းဆန်ရန် အခွင့်အရေးမပေးဘဲ သူမ၏လက်ကို ဆုပ်ကိုင်၍ ရှေ့သို့ထွက်လာခဲ့လိုက်သည်။ ထိုအချိန်၌ ခြံဝင်းလေးထဲတွင် လူများ ပြည့်လျှံနေလေပြီ။

ရှောင်ဟူနှင့် အခြားသူများသည်တော့ ထင်ထင်ရှားရှားပင် ရှိနေကြပါ၏။

“အစ်ကိုကျိုစစ်!”

“သခင်၅!”

လူအုပ်ကြီးသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ချန်ကျဲ့ကို အော်ဟစ်ခေါ်နေကြသည်။ ချန်ကျဲ့မှ ပြုံးရယ်လျက် ပြောသည်။

“ဟားဟား အားလုံးပဲ ကျွန််တော်ပြန်လာပါပြီ၊ ကျိုစစ်ပြန်လာပါပြီ”

ထိုအခါ အောက်ဘက်ရှိလူများသည် ချက်ချင်း ချီးမြှင့်ဩဘာပေးကြသည်။

“သခင်၅ သခင်၅!”

ချန်ကျဲ့ လက်တစ်ဖက်ပင့်မြှောက်လိုက်ရင်း ပြောသည်။

“ညီနောင်တို့ ဒီရက်ပိုင်းအတွင်းမှာ လူတိုင်းစိုးရိမ်ပူပန်နေခဲ့ကြတယ်ဆိုတာ နားလည်ပါတယ်။ ကျွန်တော်လည်း အကုန်သိထားပါတယ်။ ညီနောင်တို့အားလုံးက ရဲရင့်ပြီး သစ္စာရှိတဲ့သူတွေပါ။ အခု ကျွန်တော်ပြန်လာပြီဆိုတော့ ညီနောင်တို့အားလုံးကို ရက်ရက်ရောရော ချီးမြှင့်သွားပါ့မယ်!”

All Chapters