← Chapters

အခန်း (၄၁၇)

Vol. 31 Ch. 417

အခန်း (၄၁၇)

Vol. 31 Ch. 417

“သခင်၅ကို ‌ကျေးဇူးတင်ပါတယ်!”

လူအုပ်ကြီးမှ အော်ဟစ်ချီးမြှောက်ပြီးနောက် ဆက်ပြောသည်။

“ညီနောင်တွေကို စီစဉ်ဖို့အတွက်ကတော့ သုံးရက်စောင့်ကြရအောင်။ သုံးရက်ပြီးရင် ကျွန်တော်က ကျားဖြူခန်းမအရှင်သခင် တရားဝင်ဖြစ်လာတော့မှာပါ။ အဲဒီအခါကျ စီစဉ်ပေးဖို့အတွက် သင့်လျော်သွားပြီ”

“အာ အစ်ကိုကျိုစစ်က ခန်းမအရှင်သခင်ဖြစ်တော့မှာလား!”

ရှောင်ဟူသည် ထိုစကားတွင် စိတ်လှုပ်ရှားသွားခဲ့ပြီး အခြားသူများသည်လည်း စိတ်ရင်းစိတ်မှန်ဖြင့် ပျော်ရွှင်ဝမ်း‌ေမြာက်ကြသည်။

သူတို့သည် ချန်ကျဲ့ကို အမှန်တကယ် လေးစားကြပြီး ချန်ကျဲ့အတွက် အသက်စွန့်ရန် ဆန္ဒရှိကြကာ သူတို့၏အနာဂတ်မျှော်လင့်ချက်အားလုံးကို ချန်ကျဲ့အပေါ် မူတည်ထားကြသည်။

လူတစ်ယောက် တာ့အိုလမ်းစဉ်ကို တက်လှမ်းနိုင်ပါက ထိုလူ၏အိမ်မွေးတိရစ္ဆာန်များပင်လျှင် ကောင်းကင်ဘုံသို့ တက်လှမ်းကြသည်ဟူသည့် ဆိုရိုးစကားလည်း ရှိသည်မဟုတ်ပါလော။ ချန်ကျဲ့ ကျားဖြူခန်းမအရှင်သခင်ဖြစ်သွားပါက ထိုသစ္စာရှိလူယုံတော်များသည် အရေးပါသည့် နေရာများတွင် အလုပ်နေရာချထားခံရလိမ့်မည်။

ထို့ပြင် ယခုတွင် သူတို့၏ကံကောင်းမှုနှင့် အနာဂတ်တစ်ခုလုံးသည် ချန်ကျဲ့အပေါ် မူတည်နေသောကြောင့် သူတို့၏ အချိန်နှင့်စွမ်းအင်အလုံးစုံကို ချန်ကျဲ့အပေါ် ပို၍မြှုပ်နှံကြတော့မည် ဖြစ်သည်။ ချန်ကျဲ့ အင်အားကြီးမားလာသည်နှင့်အမျှ သူတို့သည်လည်း ချမ်းသာကြွယ်ဝမှုနှင့် ဂုဏ်သရေကို ခံစားကြရမည်ဖြစ်သည်။

ချန်ကျဲ့သာ ရှုံးနိမ့်သွားပါက သူတို့လည်း ပြန်လည်၍ နိမ့်ပါးသွားရမည် ဖြစ်သည်။

သူတို့၏အနာဂတ်အတွက် သူတို့သည် အကြွင်းမဲ့သစ္စာစောင့်သိရန် လိုအပ်ပေသည်။

ထို့နောက် ချန်ကျဲ့မှ ပြောသည်။

“ကဲ အားလုံးပဲ၊ ဒီနေ့တော့ ဒီလောက်ပါပဲ။ တခြားကိစ္စရှိသေးတဲ့သူ ရှိသေးလားဗျ”

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“ဘာမှမရှိပါဘူး အစ်ကိုကျိုစစ်။ အစ်ကိုနဲ့ မရီးတို့က အချိန်အကြာကြီးခွဲနေပြီးမှ ပြန်တွေ့ရတာဆိုတော့ ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး ဟားဟား ။ ညီနောင်တို့ သခင်၅နဲ့ သခင်မတို့ကို သီးသန့်အချိန်လေး ပေးကြရအောင်!”

“ဒါဆို သခင်၅၊ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်!”

ထိုသို့ပြောလျက် လူအုပ်စုသည် ပျော်ရွှင်စွာဖြင့် လူစုခွဲသွားကြသည်။

လူအုပ်ကြီးထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ချန်ကျဲ့သည် တတိယသခင်မလေးဟွားကို လှည့်ကြည့်ပြီး ပြောသည်။

“အစ်မဟွား၊ ယွင်ကျင်းကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ တခြားသူတွေရောပဲ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ဒါလေးကို လက်ခံပေးပါ”

ချန်ကျဲ့ ဆေးပုလင်းထဲမှ ဆေးလုံးတစ်လုံး ထုတ်ပေးလိုက်သည်။

တတိယသခင်မလေးဟွားသည် ဂရုမစိုက်ပေ။

“အယ် ယွင်ကျင်းက ကျွန်မရဲ့ညီမလေးပါ။ သူ့မှာ ဘာကိစ္စပဲရှိရှိ ဟင်? ထိုက်ဆွေ့ဆေးလုံးလား?”

တတိယသခင်မလေးဟွားသည် အံ့ဩသွားပြီး ချန်ကျဲ့ကို ကြည့်လိုက်သည်။ ချန်ကျဲ့မှ သူမအား ထိုသို့ပစ္စည်းမျိုး ပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ထိုက်ဆွေ့ဆေးလုံးသည် အလွန်တန်ဖိုးကြီးမား၏။ သူမ၏ဖခင်ဖြစ်သူ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင် ဆီကုန်သည်,သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ထိုက်ဆွေ့ဆေးလုံးနှစ်လုံးနှင့် စိတ်ဝိဥာဉ်သန္ဓေဆေးလုံးတစ်လုံးကို လဲလှယ်ခဲ့သည်။

ဟုတ်ပါသည်။ တတိယသခင်မလေးဟွားသည် စိတ်ဝိဉာဉ်သန္ဓေဆေးလုံးကို သောက်သုံးခဲ့ဖူးသည်။ ၎င်းဆေးသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းဖို့ရန် ကူညီပေးနိုင်သည့် နောက်ထပ်ဆေးနည်းတစ်မျိုးဖြစ်သည်။

သိုင်းပညာရှင်များကို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည့် ဆေးလုံးအမျိုးအစားများစွာ တည်ရှိသည်။ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံး၊ စိတ်ဝိဉာဉ်သန္ဓေဆေးလုံးများအပြင် အခြားဆေးများစွာ တည်ရှိပေသည်။

သို့သော် ထိုက်ဆွေ့ဆေးလုံးများသည် တစ်လောကလုံး အသုံးပြုသည့် ငွေကြေးဖြစ်ပါ၏။ နယ်ပယ်အဆင့်တိုင်းအတွက် အသုံးဝင်သည်။

“ကျိုစစ် ဒီဆေးလုံးက အရမ်းတန်ဖိုးကြီးတယ်။ ငါလက်မခံနိုင်ဘူး”

တတိယသခင်မလေးဟွားသည် ခဏမျှတန့်သွားပြီးနောက် ဆေးလုံးကို ချန်ကျဲ့ထံ ပြန်ပေးသည်။

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“အစ်မဟွား ဘာလို့လဲဗျ။ ဒါက ကျွန်တော် အစ်မဟွားကို ကျေးဇူးတင်ကြောင်း ပြသတာပါ”

တတိယသခင်မလေးဟွားမှ ပြန်ပြောသည်။

“ကျေးဇူးတင်ကြောင်း ဖော်ပြဖို့အတွက် တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီလိုဆေးလုံးမျိုးဖြစ်ဖို့ မလိုအပ်ပါဘူး။ ဒီဆေးလုံးရဲ့တန်ဖိုးကို မင်းသိမှာပါ”

“ငါ ယွင်ကျင်းကို ဂရုစိုက်ပေးတာက ငါစိတ်ဆန္ဒရှိလို့ပဲ။ ငါ ဒီဆေးလုံးကို လက်ခံယူလိုက်ရင် ဒီဆေးလုံးကို တပ်မက်လို့ ယွင်ကျင်းကို ကူညီပေးသလိုဖြစ်သွားမယ် မဟုတ်ဘူးလား”

တတိယသခင်မလေးဟွားမှ ငြင်းဆန်နေရာ ချန်ကျဲ့သည် စူးယွင်ကျင်းကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။

ထိုအခါ စူးယွင်ကျင်းသည် တတိယသခင်မလေးဟွား၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း ပြောသည်။

“အစ်မဟွား အဲဒီလိုတော့ မဟုတ်သေးဘူးလေ။ အစ်မက ကျွန်မကို စိတ်ရင်းနဲ့ ကူညီပေးတယ်။ ကျွန်မတို့ဇနီးမောင်နှံကလည်း ဒီဆေးလုံးကို အစ်မကို စိတ်ရင်းနဲ့ ဆန္ဒရှိလို့ ပေးတာပါပဲ။ အစ်မ လက်မခံရင် ဒါက ကျွန်မတို့နှစ်ယောက်ရဲ့ စိတ်ရင်းတွေကို တွန်းထုတ်နေသလို ဖြစ်သွားမယ်မဟုတ်လား”

“အဲဒါကြောင့် အစ်မဟွား၊ ဒီဆေးလုံးက လက်ဆောင်လည်း ဖြစ်ပြီးတော့ ခင်မင်မှုရဲ့သင်္ကေတလို့လည်း သတ်မှတ်နိုင်ပါတယ်”

ထိုအခါ တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းကို ကြည့်လိုက်ပြီး ပြောသည်။

“ယွင်ကျင်း မင်း ဒီဆေးလုံးရဲ့တန်ဖိုးကို မသိဘူး မဟုတ်လား”

“ငါမင်းကိုပြောပြမယ်။ ဒီဆေးလုံးတစ်လုံးက ဆိုင်ခန်းဒါဇင်ကျော်လောက် တန်ဖိုးရှိတယ်။ တချို့ဆို ငွေပေးဝယ်လို့တောင် မရနိုင်ဘူး။ အဲဒီလိုဆိုတောင် မင်း ဒီဆေးလုံးကို ငါ့ကိုပေးချင်သေးလား”

စူးယွင်ကျင်းသည်လည်း ဆေးလုံးလေးတစ်လုံးသည် ငွေမြောက်များစွာ တန်ကြေးရှိသောကြောင့် အံ့ဩသွားခဲ့သည်။

သို့သော် သူမ ပြုံးလိုက်ပြီး ပြောသည်။

“အစ်မဟွား ဒါက ‌လက်ဆောင်ရဲ့တန်ဖိုးနဲ့ မဆိုင်ပါဘူး။ အဓိကက ကျွန်မနဲ့ ကျိုစစ်ရဲ့ စိတ်ဆန္ဒပါပဲ။ အဲဒါကြောင့် တန်ဖိုးကြီးတယ် မကြီးဘူးက အရေးမကြီးပါဘူး။ အကယ်၍များ ကျွန်မနဲ့ ကျိုစစ်က အစ်မကို ကျေးဇူးတင်‌လက်ဆောင်အနေနဲ့ အထည်တစ်စနဲ့ ဆန်တစ်အိတ်ပေးလို့ရော အစ်မက အဲဒါတွေကို ကျွန်မတို့ဆီ ပြန်ပစ်ထုတ်လိုက်မှာမို့လို့လား”

“ငါက အဲဒီလိုဆိုလိုချင်တာ မဟုတ်ပါဘူး”

တတိယသခင်မလေးဟွားသည် တစ်စုံတစ်ရာပြန်ပြောလိုသော်ငြား စူးယွင်ကျင်းသည် သူမ၏လက်ကို ထပ်မံဆုပ်ကိုင်လိုက်ပြီး ပြောသည်။

“အစ်မဟွား၊ အစ်မ အဲဒီနေ့က ကျွန်မကို ချန်အိမ်တော်ရှေ့မှာ ကယ်တင်ခဲ့တဲ့မြင်ကွင်းကို ကျွန်မ မမေ့သေးဘူး။ အစ်မကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်မ အဲဒီနေ့က သေသွားခဲ့ရလောက်ပြီ။ ကျွန်မရဲ့အသက်က ဘယ်လောက်တန်ကြေးရှိနိုင်မလဲ”

“ဒါက…”

တတိယသခင်မလေးဟွားမှာ အကျပ်ရိုက်နေတော့သည်။

“အစ်မဟွား ကျွန်မ အစားမစားနိုင်တဲ့နေ့တွေမှာလည်း အစ်မကပဲ အပင်ပန်းခံပြီး အစားအသောက်တွေကို အရသာရှိအောင် နည်းလမ်းအမျိုးမျိုးပြောင်းပြီး ချက်ပြုတ်ပေးခဲ့တာပါ။ အဲဒီကြင်နာမှုတွေကလည်း ဘယ်လောက်တန်ကြေးရှိမလဲ”

“ဒါက ဖြစ်သင့်တာပါပဲ”

“မဟုတ်ဘူး အစ်မဟွား။ လောကကြီးမှာ ဖြစ်သင့်တာပါပဲဆိုတာ ဘယ်မှာရှိလို့လဲ။ ကြင်နာမှုကို အသိအမှတ်ပြုပြီး ပြန်ပေးဆပ်တယ်ဆိုတာ ချန်မိသားစုမျိုးရိုးစဉ်ဆက် သွန်သင်ခဲ့ပြီး ကျင့်သုံးလာခဲ့တဲ့အရာပါ။ အစ်မဟွား ကျေးဇူးပြုပြီး လက်ခံပေးပါ”

“ငါ အာ… ယွင်ကျင်း ငါ အရင်က မင်းဒီလောက်အထိ စကားပြောကောင်းတာကို မမြင်ဖူးခဲ့ပါလား”

တတိယသခင်မလေးဟွားသည် ခေါင်းခါရမ်းနေခဲ့သည်။ သို့သော် မျက်နှာထက်တွင် အပြုံးတစ်စ တည်ရှိနေ၏။

ငါ့ရဲ့ဒီညီမလေးကတော့လေ.. ငါတော့ တစ်သက်စာမိတ်ဆွေတစ်ယောက် ရှာတွေ့သွားပြီပဲ။

“လက်ခံလိုက်ပြီ လက်ခံလိုက်ပြီ။ မင်းတို့နှစ်ယောက် ဒီလိုဆက်ပြောရင် မင်းတို့အစ်မဟွားက လောဘကြီးတဲ့သူကြီးဖြစ်တော့မယ်။ မင်းတို့ငါ့ကို ဖျောင်းဖျနိုင်တယ်ဆိုတော့ ငါဒီရတနာကို လက်ခံလိုက်မယ်။ အခုမှ ပြန်ယူသွားချင်လို့ မရဘူးနော်”

တတိယသခင်မလေးဟွားသည် ထိုက်ဆွေ့ဆေးလုံးကို လက်ခံယူလိုက်ရင်း စနောက်သည်။

ချန်ကျဲ့နှင့် စူးယွင်ကျင်းလည်း ရယ်မောလိုက်ကြသည်။

ထိုနောက်ပိုင်းကိစ္စများသည်တော့ ရိုးရှင်းပါ၏။ တတိယသခင်မလေးဟွားသည် သူတို့အတွက် အရသာရှိသည့် အစားအသောက်များကို ပြင်ဆင်ပေးခဲ့ပြီး ချန်ကျဲ့သည် ရှောင်ဟူနှင့် အခြားသူများကိုပါ အတူစားရန် ဖိတ်ခေါ်ခဲ့သည်။

စားသောက်ပြီးနောက် တတိယသခင်မလေးဟွားမှ ချန်ကျဲ့ကို ကြည့်၍ မေးသည်။

“ကျိုစစ်၊ မင်း နောက်ကို ဘယ်မှာနေမှာလဲ။ ချန်အိမ်တော်ကို ပြန်သွားမှာလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“အစ်မဟွား၊ ကျွန်တော် နောက်သုံးရက်နေရင် ကျားဖြူခန်းမအရှင်သခင်ရာထူးကို ဆက်ခံယူတော့မှာ။ ကျွန်တော်နဲ့ ယွင်ကျင်းတို့ ကျားဖြူခန်းမဆီ ပြောင်းနေရမယ်”

“အို ဘယ်တော့ပြောင်းကြမှာလဲ”

ချန်ကျဲ့မှ ပြန်ဖြေသည်။

“ကျွန်တော်တို့ အစ်မကို နောက်နှစ်ရက်လောက်တော့ ဒုက္ခများစေရပါဦးမယ်။ ကျားဖြူခန်းမမှာ ပြုပြင်မှုတွေလုပ်နေတယ်။ ဟောင်းနွမ်းနေတာတွေကို ရှင်းလင်းပြီး အစည်းအဝေးခန်းမကိုလည်း ပြန်စီစဉ်နေတယ်။ ဘယ်သူမှ ဝင်သွားလို့ မရသေးဘူး။ အဲဒါကြောင့် ကျွန်တော်တို့ နောက်နှစ်ရက်လောက် ဒီမှာပဲ နေပါဦးမယ်။ ကျွန်တော် ခန်းမအရှင်သခင်ရာထူး မဆက်ခံခင် တစ်ရက်အလိုမှ ကျားဖြူခန်းမကို ပြောင်းရွှေ့ပါမယ်”

All Chapters