← Chapters

အခန်း (၄၁၈)

Vol. 31 Ch. 418

အခန်း (၄၁၈)

Vol. 31 Ch. 418

“အိုး ကောင်းသားပဲ။ ယွင်ကျင်း ငါ့ဘေးနား နေ့တိုင်းရှိနေရာက ရုတ်တရက်ကြီး မရှိတော့ရင် ငါ့စိတ်ထဲ ဟာတာတာကြီး ခံစားရလိမ့်မှာ”

“ဟုတ်သား၊ ဒီနေ့ နေ့လယ်ကို ငါ အပ်ချုပ်ဆိုင်ဆီ လူလွှတ်လိုက်မယ်။ ကျိုစစ်အတွက် သင့်လျော်မယ့် ဝတ်စုံနှစ်စုံလောက် ချုပ်ပေးနိုင်မယ့် အပ်ချုပ်သမားကို ရှာရအောင်လို့။ အခမ်းအနားက နောက်နှစ်ရက်နေရင် ကျင်းပတော့မှာ။ ပွဲတက်မယ့်သူတွေလည်း အများကြီးဖြစ်မှာ။ ငါတို့ ပေါ့ပေါ့ဆဆလုပ်လို့ မဖြစ်ဘူး”

စူးယွင်ကျင်းမှ ပြောသည်။

“ဟုတ်တယ်။ ကျွန်မလည်း အစ်မဟွားကို အပ်ချုပ်သမားရှာပေးဖို့ ပြောတော့မလို့။ ပုံမှန်ဗြောင်အင်္ကျီချုပ်ဖို့ကိုတော့ ညီမ စီစဉ်နိုင်ပေမဲ့ လူအမြင်တင့်တယ်တဲ့ အဝတ်အစားကျတော့ အဆင်မပြေမှာစိုးလို့ရယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် ခုနေ့လယ် တခြားလုပ်စရာလေးရှိသေးလို့။ အဝတ်ချုပ်ဖို့အတွက်က ကျွန်တော်ရှိနေဖို့ လိုအပ်သေးလား”

တတိယသခင်မလေးဟွားမှ ပြောသည်။

“မင်းဝတ်ဖို့ အဝတ်ကို တခြားဘယ်သူ့ကို ခန္ဓာကိုယ်တိုင်းရမှာလဲ။ နေ့လယ်ကျ အပ်ချုပ်သမားနဲ့ ခန္ဓာကိုယ်တိုင်းဖို့ အချိန်ဖယ်ထားလိုက်”

“ဒါဆိုလည်း ရှောင်ဟူ‌၊ ခဏနေရင် မင်းကပဲ လူနှစ်ယောက်လွှတ်ပြီး ကျိုးချူကို နန်ရေကန်၊ ယုံချန်းလမ်းမကြီးနဲ့ မြောက်ပိုင်းတောင်သတ္တုတွင်းတွေကို ချက်ချင်းပြန်ယူဖို့ ပြောလိုက်ပါ။ ပြဿနာတစ်ခုခုကြုံခဲ့ရရင် ချက်ချင်းအသိပေးပါ”

“ဟုတ်ကဲ့၊ ကျွန်တော် ခုချက်ချင်း စီစဉ်လိုက်ပါမယ်”

ထိုအခါ ရှောင်ဟူသည် ကျိုးချူကို အကြောင်းကြားဖို့ လူစီစဉ်ရန် ချက်ချင်းထွက်ခွာသွားခဲ့သည်။

ကျိုးချူသည် ကျားဖြူခန်းမတွင် စောင့်ဆိုင်းနေခဲ့သည်။ ချန်ကျဲ့ထံမှ သတင်းစကားကို ကြားသိပြီးနောက်တွင် ကျိုးချူသည် နောက်လိုက်များကို ပြောလိုက်သည်။

“သွားကြစို့! ငါတို့ပိုင်ဆိုင်တဲ့အရာတွေကို ပြန်ယူကြမယ်!”

“ဟုတ်ကဲ့!”

အဖွဲ့သားညီနောင်များသည် ထိုအမိန့်စကားတွင် စိတ်လှုပ်ရှားတက်ကြွကုန်ကြသည်။

နန်ရေကန်!

မနေ့ကမှ နန်ရေကန်ကို လွှဲပြောင်းယူသွားခဲ့ပြီး ယခုတွင် ဒုတိယအကြိမ် လွှဲပြောင်းယူခြင်းသည် ခရီးနှင်နေခဲ့လေပြီ။

နန်ရေကန်၏ ဦးစီးမှူးငယ်သည် ထိုနေ့က ဒေါသကိုမျိုသိပ်ခဲ့ရသည့် သူ၏လက်အောက်ငယ်သားနှစ်ဦးကို ဦးဆောင်ခေါ်သည်။ ထို့အပြင် အခြားသော ကျားဖြူခန်းမအဖွဲ့သား ရာချီသည်လည်း စိတ်အားတက်ကြွစွာဖြင့် ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရန် ချီတက်နေကြသည်။

ကျားဖြူခန်းမအဖွဲ့သားများသည် ထန်ဇီယွဲ့ကို မြင်သောအခါ နှုတ်ဆက်ကြသည်။

“ခန်းမအရှင်သခင်ထန်!”

ထန်ဇီယွဲ့သည် နန်ရေကန်ဦးစီးမှူးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“မင်းတို့ရောက်လာတာ အတော်မြန်သားပဲ”

“ခန်းမအရှင်သခင်ထန်ကို စောင့်ဆိုင်းနေရအောင် မလုပ်ရဲပါဘူး။ ဒီရက်‌ပိုင်းအတွင်းမှာ ဒီအရှုပ်တွေကို ကိုင်တွယ်ဖြေရှင်းနေရတာနဲ့ ခန်းမအရှင်သခင်ထန်လည်း ပင်ပန်းသွားရပါပြီ”

နန်ရေကန်ဦးစီးမှူးမှ တက်ကြွ‌‌ေပျာ်ရွှင်စွာ ဆက်ပြောသည်။

“အခုကစပြီးတော့ ဒီလိုဒုက္ခများရတဲ့ လုပ်ငန်းတာဝန်တွေကို ကျွန်တော်တို့ပဲ ပြန်လုပ်ပါရစေဗျာ”

ထန်ဇီယွဲ့မှ နန်ရေကန်ဦးစီးမှူးကို ကြည့်လိုက်သည်။

“မင်းက ငါ့ကို လှောင်နေတာလား”

နန်ရေကန်ဦးစီးမှူးမှ ပြန်ပြောသည်။

“ဘုရားသခင်! ကျွန်တော် မလုပ်ရဲပါဘူးဗျာ။ ခန်းမအရှင်သခင်ထန်က ကျွန်တော့်ကို ကြောက်လန့်ပြီး‌ သေအောင် ခြောက်နေတော့တာပါပဲ။ ကျွန်တော်က ဘာအဆင့်အတန်းမို့လို့ ခန်းမအရှင်သခင်ထန်ကို လှောင်ရယ်ရဲမှာပါလဲ။ ကျွန်တော်က ဒီတိုင်း ခန်းမအရှင်သခင်ထန်အတွက် ဝမ်းသာမိရုံပါ။ နန်ရေကန်က ရှုပ်တာမှ အတော့်ကိုဒုက္ခများရတဲ့ အရှုပ်ထုပ်ပါ။ ခန်းမအရှင်သခင်ထန်အနေနဲ့ ဘယ်လိုတောင် ကိုင်တွယ်နိုင်ပါ့မလဲ!”

ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။

“ဟားဟား ဟုတ်သလား။ အရမ်းကောင်းတယ်”

“ဒီမှာက အလုပ်အချိန်ဇယားနဲ့ စာရင်းစာအုပ်တွေ။ အို ပြီး‌တော့ စားပွဲပေါ်မှာ မနေ့က ရတဲ့‌ဝင်ငွေ ငွေတုံးတစ်ရာတင်ပေးထားတယ်။ လိုအပ်တာတွေကိုတော့ ငါ့ဘာငါပဲ ဖြည့်ပေးခဲ့လိုက်တယ်”

နန်ရေကန်ဦးစီးမှူးမှ ပြောသည်။

“ခန်းမအရှင်သခင်ထန်က အရမ်းရက်ရောတာပဲ။ ကျွန်တော်တို့ခန်းမအရှင်သခင်ချန်က ခန်းမအရှင်သခင်ထန်ကို ကျေးဇူးတင်စကားဆိုနိုင်အောင်လို့

ကျွန်တော် ဒီအကြောင်းကို သေချာလေး ပြန်တင်ပြလိုက်ပါ့မယ်”

ထန်ဇီယွဲ့သည် နန်ရေကန်ဦးစီးမှူးကို ကြည့်နေ၏။

“ကောင်းပြီ။ ဒီနေ့အတွက်ကတော့ ဒီလောက်ပဲ။ ငါသွားလိုက်ပါဦးမယ်”

ထိုသို့ပြောခဲ့ပြီး ထန်ဇီယွဲ့သည် ဓားရှည်များကိုင်ဆောင်ထားသည့် အစောင့်တစ်စုကို ဦးဆောင်၍ ထွက်ခွာသွားခဲ့သည်။ ထွက်ခွာပြီးနောက်၌ သူတို့သည် ကျားဖြူခန်းမအဖွဲ့သားရာချီ၏ အော်ဟစ်ပြောဆိုသံများကို ကြားလိုက်ရသည်။

“ဟားဟား… ကိုယ့်ဟာမဟုတ်ရင် မတပ်မက်ကြစမ်းနဲ့။ ထွက်သွား ထွက်သွား ထွက်သွား!”

“ထွက်သွား၊ မြန်မြန်ထွက်သွားကြစမ်း! ကျားဖြူခန်းမရဲ့ပိုင်ဆိုင်မှုကိုများ တပ်မက်ရဲသေးတယ် ထွီ!”

“ထွက်သွား ထွက်သွား~”

ကျားဖြူခန်းမအဖွဲ့သားများသည် ရန်စနေကြ၏။ ထန်ဇီယွဲ့၏ဘေးရှိ ခေါင်းဆောင်တစ်ဦးသည် ဒေါသထွက်လျက် ဓားဆွဲထုတ်ရန် ပြင်သည်။

မမျှော်လင့်စွာဖြင့် ထိုအခိုက်အတန့်၌ ကျားဖြူခန်းမအဖွဲ့သားများသည်လည်း ကိုယ်စီ ဓားလက်ကိုင်ကို အသင့်ကိုင်ထားကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ထန်ဇီယွဲ့မှ ပြောသည်။

“ဓားတွေပြန်သိမ်းထား သွားကြမယ်”

“ခန်းမအရှင်သခင်!”

ထိုခေါင်းဆောင်သည် ဒေါသဖြင့် အော်ပြောသည်။ သို့သော် ထန်ဇီယွဲ့သည်တော့ တည်ငြိမ်နေသည်။

“မင်း မသေချင်ရင် ဒီတိုင်းသွားလိုက်တော့။ လက်ရှိမှာ ကျားဖြူခန်းမကို ဦးဆောင်နေတာက တကယ့်ကျားအစစ်တစ်ကောင်ပဲ”

ထိုသို့ပြောပြီးနောက် ထန်ဇီယွဲ့သည် ရန်လိုနေသည့် ထိုခေါင်းဆောင်နှင့်အတူ ပြန်သွားခဲ့သည်။

အခုအချိန်မှာ ချန်ကျိုစစ်ရဲ့ ဩဇာအာဏာက အရှိန်နဲ့မြင့်တက်နေတာ။ သူ့ကို ထိပ်တိုက်ရင်ဆိုင်တာက သေလမ်းရှာနေတာပဲ။ အရူးတွေပဲ အဲဒီလိုလုပ်ရပ်ကို လုပ်မှာပေါ့…

ထိုစဉ် ယုံချန်းလမ်းမ၌

လမ်းမပေါ်ရှိ လမ်းသွားလမ်းလာအားလုံးသည် အုပ်စုနှစ်ခု ထိပ်တိုက်ဆုံတွေ့သည့် မြင်ကွင်းကို မြင်တွေ့ကြသည်တွင် ကြောက်ရွံ့ထိတ်လန့်လျက် အဝေးသို့ ထွက်ပြေးပုန်းရှောင်ကုန်ကြသည်။ နှစ်ဖွဲ့စလုံးသည် လူတစ်ရာကျော်ခန့် အရေအတွက်ရှိကာ ဓားရှည်များ၊ လှံများစသဖြင့် လက်နက်များ ကိုင်ဆောင်ထားကြသည်။

တစ်ဖွဲ့၏ဦးဆောင်သူမှာ ကျိုးချူဖြစ်ပြီး ကျန်တစ်ဖွဲ့၏ဦးဆောင်သူသည်တော့ ခက်ထန်ကြမ်းတမ်းဟန်ရှိသော အမျိုးသားတစ်ဦးဖြစ်သည်။

ထိုလူကြီး၏ အထင်ရှားဆုံးသော အစိတ်အပိုင်းမှာ မျက်နှာအပြည့် မုတ်ဆိတ်မွှေးများဖြစ်သည်။ ထိုလူကြီးမှ ခါးမတ်မတ်ဆန့်လိုက်ချိန်မျိုးတွင်မူ ကျားတစ်ကောင်၏ ပါးသိုင်းမွေးများဖြင့် ဆင်တူပေသည်။

ထိုလူမှာ ချင်းယင်၏ညီငယ် ချင်းဟူဖြစ်ပါ၏။

ချင်းဟူသည် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ လင်းယုန်၊ ကျားနှင့် ကျားသစ်ထဲမှ တစ်ဦးဖြစ်ပြီး သူတို့ထဲတွင် အားအနည်းဆုံးသူဖြစ်သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းစဉ်က သူနှင့် တတိယညီငယ်ဖြစ်သူ ချင်းပေါင်တို့နှစ်ဦးသည် လုံးဝ ကျရှုံးခြင်း သို့မဟုတ် အောင်မြင်ခြင်းဟူသည့် ရလဒ်ကို ရရှိစေနိုင်သည့် စိတ်ဝိဥာဉ်ပြောင်းလဲဆေးလုံးကို အသုံးပြုခဲ့ကြသည်။ သို့သော် သူတို့နှစ်ဦးသည် ကြားအခြေအနေဖြင့် အဆုံးသတ်သွားခဲ့၏။

အဆင့်တက်လှမ်းခြင်း အောင်မြင်သွားခဲ့သော်ငြား အတွင်းအားတွင် ပြဿနာဖြစ်သွားခဲ့ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွင် တစ်ဝက်တစ်ပျက် ဖြစ်နေခဲ့တော့သည်။

သူတို့သည် အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် အားအနည်းဆုံးသူများ ဖြစ်လာခဲ့ကြသည်။ သို့သော် သူတို့နှစ်ဦးတွင် ပူးပေါင်းတိုက်ကွက်ရှိ၏။ ၎င်းတိုက်ကွက်ကို အသုံးပြုချိန်တွင်မူ စွမ်းအင်ပြောင်းလဲခြင်းအဆင့်၏ စစ်မှန်သော အင်အားအပြည့်အဝကို ထုတ်လွှတ်နိုင်ကြသည်။

သို့ဖြစ်ရာ ထိုညီအစ်ကိုနှစ်ဦးသည် နှစ်ဦးပေါင်း၍ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်နေရာကို ရယူထားခြင်းဖြစ်ပေသည်။

နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ သူဖုန်းစား၊ ရဲမက်၊ ဆီကုန်သည်၊ တစ္ဆေလက်၊ စာပေပညာရှင်၊ မျက်နှာနီ၊ ပန်းပဲပညာရှင်၊ တံငါသည်၊ မျက်မမြင်ကံကြမ္မာဟောပြောသူ၊ လင်းယုန်၊ ကျားနှင့် ကျားသစ်ဟူသည် အစောင့်အရှောက်ကြီး၁၃ဦးဖြစ်၏။

သူတို့ကို ရေတွက်ကြည့်ပါဦး၊ ထူးဆန်းမနေဘူးလား။

ဟုတ်ပါ၏။ ကျားနှင့် ကျားသစ်သည် တစ်ဝက်တစ်ပျက် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်သောကြောင့် သူတို့နှစ်ဦးပေါင်း၍ စွမ်းအင်ပြောင်းလဲခြင်းအဆင့်တစ်နေရာကို မျှဝေယူကြရသည်။

သို့ဖြစ်ရာ ချင်းဟူ၏ အရည်အချင်းသည် ကျိုးချူနှင့် တန်းတူမျှသာ ဖြစ်လိမ့်မည်။

ချင်းယင်မှ ယုံချန်းလမ်းမကို ပြန်လည်သိမ်းယူမည့်အမိန့်အား ပြောပြချိန်တွင် ချင်းဟူသည် လက်မခံပေ။ ခြုံငုံလိုက်သော် ချင်းဟူသည် ယုံချန်းလမ်းမအား ကိုယ်ပိုင်အကျိုးစီးပွားကို မျှော်မှန်း၍ သိမ်းယူခဲ့ခြင်းဖြစ်သည်။ အကျိုးအမြတ်များကိုလည်း မျက်မြင်‌ေတွ့ခဲ့ပြီး‌ေလပြီ။ သို့ဖြစ်ရာ ဤရတနာခွက်အား အဘယ်သို့များ အလွယ်တကူ ပြန်ပေးနိုင်ပါမည်နည်း။

ဘယ်လုပ်ပိုင်ခွင့်နဲ့ ပြန်မပေးသလဲ ဟုတ်လား? ဘာလို့ဆို ယုံချန်လမ်းမက လင်းယုန်ခန်းမရဲ့အပိုင်မို့လို့ပဲ!

ချင်းယင်မှ ပြောသည်။

“ဒါက ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့အမိန့်ပဲ!”

ထိုအခါ ချင်းဟူမှ ပြောခဲ့၏။

“အစ်ကိုကြီးက ဘာလို့ အဲဒီလောက်တောင် ကြောက်နေရတာလဲ။ ချန်ကျိုစစ် တစ်ယောက်လေးကို ကျွန်တော်တို့ လင်းယုန်၊ ကျား၊ ကျားသစ်ညီအစ်ကိုတွေက ကြောက်နေရမှာလား။ ဘာဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ဘူး။ ယုံချန်းလမ်းမကို ပြန်မပေးနိုင်ဘူး!”

သို့ဖြင့် ချင်းဟူသည် သူ၏နောက်လိုက်များနှင့်အတူ ယုံချန်းလမ်းမသို့ ထွက်ခွာသွားခဲ့သည်။ အကြမ်းဖက်ခြင်းဖြင့် ချမှတ်ထားသည့် အမိန့်ဥပဒေကို ပေါ်ပေါ်ထင်ထက် ချိုးဖောက်တော့သည်။

ချင်းဟူနှင့် နောက်လိုက်များသည် ယုံချန်းလမ်းမတစ်ဖက်တွင် နေရာယူလိုက်ကြသည်။ ကုန်သည်များသည် ကြောက်ရွံ့ထိတ်လန့်ကာ ဆိုင်များကို မြန်မြန်သိမ်းကြသည်။ ပြဿနာထဲ သူတို့ပါ ပါဝင်သွားမည်ကို ကြောက်ရွံ့နေကြသည်။

စာစဉ်ပြီး၏

All Chapters