သေလောင်အောင် လှည့်စားခြင်း
Vol. 40 Ch. 586
စူးချင်းက ထိုလူ၏လှုပ်ရှားမှုတိုင်းကို သတိထားစောင့်ကြည့်နေခဲ့ပြီး ဘေးခန်းတွင် နေထိုင်သောလူများက လန်တင်၏လူများ ဖြစ်ကြောင်း ပိုသေချာလာသည်။ သူမတို့အဖွဲ့မှ လွဲ၍ ဤတည်ခိုးဆောင်တွင် ရှိနေသည့်လူများက လန်ထင်၏အဖွဲ့သားပင် ဖြစ်နေနိုင်သည်ဟု သူမ ခန့်မှန်းနေခဲ့သည်။
ထိုပိန်လှီသောလူက အပေါ်ထပ်သို့ တက်သွားခဲ့ပြီး လက်ဖက်ရည်ခွက်တစ်ဝက်စာကုန်ခါနီးလောက်သာ အပေါ်တွင် နေခဲ့သည်။ ထို့နောက် သူက အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ ထိုအချိန်တွင် တည်းခိုဆောင် အစေခံက စူးချင်းတို့၏အခန်းဆီသို့ အစားအသောက်များ ပို့ပေးရန် ရောက်လာခဲ့သည်။ ထိုလူက ဗန်းပေါ်ရှိ စားစရာများကို ကြည့်ကာ စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
"ဒါက ငါတို့အတွက်လား?"
သူက စားစရာဗန်းကို လှမ်းယူရန် သူ့လက်ကို ဆန့်ထုတ်လိုက်ရင်း ဆက်ပြောလိုက်သည်။
“ငါကို ပေးလိုက်ပြီး မင်းဘာသာ အလုပ်ပြန်လုပ်လို့ရပြီ”
“ဟေး၊ ဧည့်သည်တော်ကြီး၊ ဒါက ခင်ဗျားတို့အတွက် မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ဘေးခန်းမှာ နေတဲ့ ဧည့်သည်တော်အတွက်ပါ”
စားပွဲထိုးက စားစရာဗန်းကို အမြန် ပြန်ဆွဲယူလိုက်သည်။ ထိုလူပိန်က အနည်းငယ် ပြုံးကာ တောင်းပန်စကားဆိုလိုက်သည်။
“အိုး ငါ နားလည်မှု လွဲသွားမိတယ်"
ထိုနောက် သူက စားစရာဗန်းကို တည်းခိုဆောင်အစေခံဆီသို့ ပြန်ပေးလိုက်သည်။ တည်းခိုဆောင်အစေခံက စူးချင်းတို့၏အခန်းထဲသို့ စားစရာများ ပို့ရန် ဝင်သွားခဲ့ပြီး ထိုလူပိန်က သူ့မျက်လုံးကို မှေးကျဥ်းကာ လိုက်ကြည့်နေသည်။
“ဧည့်သည်တော်ကြီးတို့၊ ဒါက ဟိုင်ချန်းရဲ့ထွက်ကုန် ငါးကွမ်းဟင်းနဲ့ ဂုံးစွပ်ပြုတ်ပါ၊ မြည်းကြည့်ကြပါဦး။ ဒါက အရမ်း အရသာရှိတယ်၊ ကုန်းတွင်းပိုင်းမှာဆို ဒါမျိုးတွေ စားခွင့်ရမှာ မဟုတ်ဘူး”
တည်းခိုဆောင်အစေခံက စကားတပြောပြောဖြင့် သူ့လက်ထဲမှ လင်ဗန်းကို စားပွဲပေါ် တင်လိုက်သည်။ ထိုဗန်းပေါ်တွင် ငါးဟင်းတစ်ပန်းကန်၊ ဂုံးစွပ်ပြုတ်တစ်ပန်းကန်လုံးစာနှင့် ဆန်လုံးညိုဖြင့် ချက်ထားသော ထမင်းပန်ကန်လုံးကြီး တစ်လုံး ရှိနေသည်။ ဤသည်မှာ သူတို့တည်းခိုခန်းတွင် ရနိုင်သည့် အကောင်းဆုံး အစားအစာဟု သတ်မှတ်နိုင်သည်။
"ကျေးဇူးပဲ"
စူးချင်းက ငါးနံ့ကြောင့် ချက်ချင်း ဗိုက်ဆာလာပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ မကြာသေးမီက သူမ ငါးစားချင်လာပြီး နှစ်ရက်လောက် ခရီးထွက်လာပြီး သူမ စားချင်းသည့်စားစရာကို တွေ့လိုက်ရသောကြောင့် သူမ တော်တော်လေး ကျေနပ်သွားပြီး တည်းခိုဆောင်အစေခံကို ကျေးဇူးတင်လိုက်ခြင်းပင်။
“ဧည့်သည်တော်ကြီး၊ စိတ်မရှိပါနဲ့။ ဒီထမင်းဖိုးကို သီးခြားခွဲပေးရမှာပါ”
တည်းခိုဆောင်အစေခံက စူးချင်းကို အပြုံးဖြင့် ပြန်ပြောလိုက်သည်။
သူလည်း ချက်ချင်း မတောင်းချင်ပေမယ့် ဒီဆန်လုံးညိုက အရမ်းဈေးကြီးတယ်။ သူတို့တည်းခိုဆောင်သေးသေးလေးက ထမင်းစားရိတ်တွေ စိုက်ထားနိုင်တဲ့အထိ မချမ်းသာဘူး။
"ဘယ်လောက်လဲ?"
စူးချင်း၏မျက်နှာက အနည်းငယ် အေးစက်သွားပြီး ခပ်ပြတ်ပြတ် ပြန်မေးလိုက်သည်။
သူတို့က သူမတို့ ထမင်းဖို့ မပေးနိုင်ဘဲ ထွက်ပြေးသွားမှာကို စိုးရိမ်နေတာလား?
စူးချင်း မကျေမနပ် ဖြစ်သွားသည်ကို မြင်လိုက်ရသည့် တည်းခိုဆောင်အစေခံက ကမန်းကတန်း ဦးညွှတ်တောင်းပန်လိုက်သည်။
“ဧည့်သည်တော်ကြီးအနေ စိတ်မရှိပါနဲ့နော်၊ ကျွန်တော်တို့မှာလည်း ရွေးချယ်စရာ မရှိလို့ပါ။ ကျွန်တော်တို့လည်း ဒီငွေနဲ့ တခြားသူတွေကို ငွေပြန်ပေးရမှာမလို့ပါ”
"ဘယ်လောက်လဲ"
ရှောင်တင်းက စူးချင်း စိတ်ဆိုးသွားသည်ကို နားလည်လိုက်ပြီး တည်းခိုဆောင်အစေခံကို ဝင်မေးလိုက်သည်။
"ငွေနှစ်လျန်ပါ"
စားပွဲထိုးက အပြစ်မကင်းသလို ခံစားနေရပုံဖြင့် ငွေတောင်းလိုက်သည်။
တကယ်တော့ ကြေးပြားငါးရာက သူ့အိမ်ထဲကို ထည့်မယ့်ငွေလေ။
(ငွေတစ်လျန် = ကြေးပြားတစ်ထောင်)
"ဒီလောက်စျေးကြီးတယ်လား? မင်း ဘာလို့ ငါတို့ဆီကနေ ဓားပြမတိုက်တာတုန်းကွ"
ထမင်းဖိုးတောင်းသံကို ကြားလိုက်သည်နှင့် ကျုံးယုံတစ်ယောက် အကြီးအကျယ် ဒေါသထွက်သွားပြီး တည်းခိုဆောင်အစေခံ၏လည်ဂုတ်ကို ဖမ်းဆွဲကာ အော်ဟစ်လိုက်ပြန်သည်။
“မင်းက ရေပူ ယူပေးဖို့ကျတော့ ပျင်းရိနေတယ်။ အခု စားစရာ နည်းနည်းလေးကိုကျတော့လည်း ငွေအများကြီး လာတောင်းနေတယ်၊ လာ မင်းတို့ရဲ့ပိုင်ရှင်နဲ့ သွားတွေ့ကြမယ်"
စူးချင်းက ကျုံးယုံကို မတားလိုက်တော့ပေ။
သူ ဆူဆူပူပူဖြစ်အောင် ဇာတ်ကွက်တစ်ခု ဖန်တီးလိုက်တာက ပိုတောင်ကောင်းသေးတယ်။
စူးချင်းက စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ထမင်း စစားလိုက်သည်။ ငါးက အရသာရှိမည့်ပုံပေါ်နေပြီး ဂုံးစွပ်ပြုတ်ကလည်း စားကောင်းမည်ဟု ထင်ရစေသည်။ စူးချင်းက ဇွန်းတစ်ချောင်းကို ကောက်ယူပြီး စွပ်ပြုတ်တစ်ဇွန်းခပ်ကာ တစ်ငုံသောက်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
ဟင်းရည်ထဲမှာ တစ်ခုခု ရှိနေတယ်။
စူးချင်းက ရှောင်ချီကို စိတ်ထဲမှ အမိန့်ပေးလိုက်သည်။
"ရှောင်ချီ၊ ဖြေဆေး"
“ကောင်းပါပြီ သခင်”
ရှောင်ချီက ချက်ချင်း တုံ့ပြန်နိုင်ခဲ့ပြီး ဖြေဆေးကို ချက်ချင်း ထုတ်ပေးလာသည်။ ဤအစားအသောက်များထဲတွင် အိပ်ဆေးများ ပါ၀င်နေပြီး အိပ်ဆေးပမာဏကလည်း များလွန်းလှသည်။
စူးချင်းက ဤတည်းခိုဆောင်ကို သံသယရှိလာခဲ့သော်လည်း လန်ထင်၏လူများမှ လှည့်ကွက်တစ်ချို့ ကစားခဲ့ခြင်းလည်း ဖြစ်နိုင်ကြောင်း တွေးလိုက်မိသည်။ သို့သော် ထိုလူက မည်သူဖြစ်နေပါပေ သူမ ဟင်းရည်သောက်နေသည်ကို သူတို့ မျက်စိဖြင့် မြင်သွားပြီး စိတ်ချလက်ချ ဖြစ်သွားနိုင်မှန်း သူမ နားလည်နိုင်သေးသည်။
ထို့ကြောင့် စူးချင်းက တစ်ဖက်လူကို ပြန်လှည့်စားရန် ဆုံးဖြတ်လိုက်ပြီး သူတို့လေးယောက်လုံး သေသေချာချာ စားသောက်နေကြောင်း ကြည့်ခွင့်ပေးထားလိုက်သည်။
“ဧည်သည်တော်ကြီး၊ လေးစားရတဲ့ ဧည်သည်တော်ကြီး၊ သူဌေးဆီကို မသွားပါနဲ့။ ဒါက ကျွန်တော်အတွက် မလွယ်ကူဘူးလေ။ ဒီစားစရာတွေကို အပြင်ကနေ သွားဝယ်ရတာပါ။ ဒါကြောင့် အမြတ်အစွန်းလေး နည်းနည်း လိုချင်မိတာပါ၊ ကျွန်တော်ကို ငွေတစ်လျန်ခွဲပဲ ပေးပါတော့နော်၊ ကျွန်တော် ပိုမယူတော့ပါဘူး”
တည်းခိုဆောင်အစေခံက တံခါးဘောင်ကို ဆွဲထားပြီး ထွက်သွားရန် ငြင်းဆန်နေခဲ့သည်။ သူက သူ အပိုငွေရှာနေမှန်း သူ့သူဌေး သိသွားပြီး မောင်းထုတ်ခံရမည်ကို ကြောက်ရွံ့နေကာ ကျုံးယုံကို အသံတိုးတိုးဖြင့် တောင်းပန်နေသည်။
"သူ့ကို ပေးလိုက်"
စူးချင်းက ရှောင်တင်းကို ပိုက်ဆံ သွားပေးခိုင်းလိုက်သည်။
တကယ်တော့ ငွေလျန်တစ်ဝက်ဆိုတာ ကြေးပြားနည်းနည်းပါပဲ။
တည်းခိုဆောင်အစေခံက သူ မရိုးမသား လုပ်ခဲ့မိသည့်အတွက် သူ့ အမှားကို နားလည်နေပြီး ဘာမှ ပြန်မပြောရဲတော့ဘဲ ငွေကို ယူကာ ရိုရိုကျိုးကျိုး ပြန်ထွက်ခွာသွားသည်။
"လာ၊ လာစား"
စူးချင်းက ကျုံးယုံကို ညစာစားရန် လှမ်းခေါ်လိုက်သည်။ ကျုံးယုံက စူးချင်းကို လှည့်လိုက်ပြီး စူးချင်းက ကျူံးယုံ၏လက်မောင်းကြားမှတဆင့် အပြင်ကို ခိုးကြည့်လိုက်ကာ သူမတို့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို ရှာဖွေနိုင်ခဲ့သည်။
“ဒီဟင်းရည်က မဆိုးဘူး။ မြည်းကြည့်ကြ"
စူးချင်းက လူတိုင်းကို ဟင်းချို သောက်ခိုင်းနေပြီး ဖြေဆေးကို ဟင်းရည်ထဲသို့ မသိမသာ ထည့်လိုက်သည်။ ထို့နောက် သူမက သူမ၏အသံကို လျှော့ချပြီး ကျန်သုံးယောက်ကို တိုးတိုးလေး ပြောလိုက်သည်။
“ဒီဟင်းရည်ကို ကုန်အောင်သောက်ပြီးတာနဲ့ စားပွဲပေါ်ကို လှဲအိပ်လိုက်ကြတော့”
"ဆေးခပ်ထားတာလား?"
ကျုံးယုံက ပုံပန်းသွင်ပြင်အားဖြင့် ရိုးအသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူက အလွန်ပါးနပ်သည်။ ဆရာဖြစ်သူ၏စကားကို ကြားပြီးနောက် သူ့က ချက်ချင်း သဘောပေါက်သွားကာ တိုးတိုးလေး ပြန်မေးလိုက်သည်။ စူးချင်းက သူ့ကို အေးစက်သော အကြည့်တစ်ချက် ပေးလိုက်မှ သူ ပါးစပ်ပိတ်ကာ ငြိမ်ကျသွားရသည်။
“ငါးကို အရင် စားကြ။ ထမင်းကိုလည်း များများစား၊ ထမင်းက ပူတုန်း စားမှ စားကောင်းတာ"
စူးချင်းက လူတိုင်းကို ထမင်းနှင့် ငါးများ အရင်စားပြီးမှ စွပ်ပြုတ်သောက်ရန် အချက်ပြလိုက်သည်။
ဗိုက်ပြည့်နေမှ လုပ်စရာရှိတာ လုပ်နိုင်မှာလေ။
စူးချင်းတို့က ဟင်းရည်များကို သူမတို့၏ပန်းကန်ထဲသို့ ခပ်ထည့်ထားသော်လည်း အချိန်အတော်ကြာသည်အထိ မသောက်သေးသည်ကို မြင်နေရသောကြောင့် အပြင်မှ စောင့်ကြည့်နေသော လူကလည်း စိုးရိမ်လာကာ သူ့၏မျက်လုံးများတွင် သံသယများ ပြည့်နှက်လာသည်။
သူတို့ ရိပ်မိသွားတာ ဖြစ်နိုင်လား?
စူးချင်းက ထမင်းပန်ကန်းလုံးလေး နှစ်လုံးစာ စားခဲ့ပြီး သူမ ဗိုက်မပြည့်သေးသလို ခံစားနေရသည်။ ငါးက အလွန်အရသာရှိနေပြီး မယုံနိုင်လောက်အောင် လတ်ဆတ်နေသလို အရိုးလည်းမရှိပေ။ ငါးဟင်းရည်ကို ထမင်းပေါ် စမ်းစားလျှင်ပင် အရသာ ရှိနေသောကြောင့် သူမ နောက်ထပ် ထမင်းတစ်ပန်းကန်လုံး ထပ်ယူလိုက်သည်။ သူမ၏စားချင်စိတ်က ကျုံးယုံနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
လူတိုင်းက အများကြီး စားနေကြပြီး ထမင်းဇလုံကြီး အလွတ်နီးပါး ဖြစ်သွားမှ ဟင်းရည်ပန်ကန်ကို ကိုင်ကာာ မော့သောက်လိုက်ကြသည်။
တံခါးအပြင်ဘက်မှာ စောင့်ကြည့်နေသည့် လူကလည်း ချက်ချင်း မျက်လုံးကျယ်သွားကြပြီး လေးယောက်သား စားပွဲပေါ်သို့ မှောက်ကျသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူတို့က အတွေ့အကြုံမရှိတဲ့သူတွေလား? တကယ့်ကို လူသစ်လေးတွေပဲ။
တည်းခိုဆောင်အစေခံက သေးငယ်သော သစ်သားပုံးတစ်ခုကို သယ်ဆောင်ပြီး ထပ်ရောက်လာပြန်သည်။ သို့သော် လူတိုင်း စားပွဲပေါ်သို့ မှောက်ကျနေသည်ကို မြင်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြန်သည်။ သူက သတိဖြင့် လျှောက်လာကာ စူးချင်းကို ညင်သာစွာ တွန်းရင်း ခေါ်ကြည့်လိုက်သည်။
"ဧည့်သည်၊ ဧည့်သည်တော်ကြီး?"
စူးချင်းက လုံးဝ မလှုပ်ရှားဘဲ အိပ်ပျော်နေဟန် ဆက်ဟန်ဆောင်နေခဲ့သည်။ တည်းခိုဆောင်အစေခံက ကျန်းယွိရန်ကို ထပ်တွန်းလိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။ သူ လေးယောက်လုံးကို လိုက်တွန်းကြည့်သော်လည်း မည်သူကမှ မလှုပ်ရှားလာဘဲ သူ့ကို အလွန် ကြောက်လန့်သွားစေသည်။ ထို့ကြောင့် သူက တည်းခိုဆောင်ပိုင်ရှင်ကို အလောတကြီး လှမ်းအော်လိုက်သည်။
"သူဌေး မြန်မြန်လာကြည့်ပါဦး"
တိတ်တဆိတ် စောင့်ကြည့်နေသည့်သူက စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်။ တည်းခိုဆောင်အစေခံက သူ့အလုပ်အား ဖျက်ဆီးနေသည်ကို ကြည့်နေရင်း ဒေါသတကြီး အံကြိတ်နေပြန်သည်။
"ဘာဖြစ်တာလဲ?"
တည်းခိုဆောင်အစေခံ လှမ်းခေါ်သောကြောင့် ရောက်လာသည့် တည်းခိုဆောင်ပိုင်ရှင်ကလည်း အခန်းထဲ ဝင်လာလာချင်း မလှုပ်မယှက် မှောက်ကျနေသည့် လူလေးယောက်ကို ကြည့်ကာ အထိတ်တလန့် အော်မေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ?"
"ကျွန်တော်လည်း မသိဘူး။ ကျွန်တော် ဝင်လာတော့ သူတို့တွေ လဲကျနေပြီ”
တည်းခိုဆောင်အစေခံကလည်း သူ့အတွေးနှင့်သူ ကြောက်လန့်နေရှာသည်။
ဒီလူတွေက သူ့ကို ငွေညှစ်မှာကို သူ ကြောက်တယ်။ သူ လာပို့ပေးခဲ့တဲ့ အစားအစာတွေက အဆိပ်သင့်နေတယ်လို့ ပြောလာရင် သူ ဘယ်လိုလုပ်ရမလဲ?
“ရေ... ရေ မြန်မြန်ယူလိုက်၊ သူတို့ကို ရေနဲ့ပက်ကြည့်စမ်း"
တည်းခိုဆောင်ပိုင်ရှင်က အတွေ့အကြုံ အနည်းငယ် ရှိသူ ဖြစ်ပြီး ဤဧည့်သည်များ ဆေးခပ်ခံလိုက်ရသည်ဟု သူ သံသယ ဖြစ်သွားခဲ့သည်။ ဆေးမိနေသူကို ရေဖြင့် လောင်းပေးခြင်းဖြင့် ပြန်နိုးလာနိုင်ကြောင်းလည်း သူ သိထားပြီး စူးချင်းတို့လေးယောက်ကို ရေဖြင့် လောင်းရန် တည်းခိုဆောင်အစေခံကို အမြန် အမိန့်ပေးလိုက်သည်။
ဆိုင်ရှင်နှင့် အစေခံကို လုပ်ရပ်ကို မြင်နေရသည့် အပြင်မှ လူကလည်း ထွက်သွားသေးဘဲ ဆက်စောင့်ကြည့်နေသည်။
"အိုက်ယား၊ ဘာတွေဖြစ်နေတာလဲ?"
စူးချင်းက ယောင်ဝါးဝါး နိုးလာဟန်ဖြင့် သူမ၏ နဖူးကို လက်ဖြင့် အုပ်ကာ အော်မေးလိုက်သည်။ သူမ၏ဆံပင်တွေပေါ် သူမ၏နဖူးပေါ်သို့ ရေစက်များ ကျဆင်းနေပြီး သူမ၏မျက်နှာတစ်ခုလုံး ရေများစိုရွဲနေသည်။ တည်းခိုဆောင်အစေခံက မျက်နှာသုတ်ပုဝါတစ်ထည် အမြန်လှမ်းပေးလာသည်။
“ဧည်သည်တော်ကြီး၊ ရေသုတ်လိုက်ပါဦး"
စူးချင်း မျက်နှာသုတ်ပုဝါကို လှမ်းယူနေချိန်တွင် ဘေးခန်းမှ လူပိန်က သူတို့အခန်းထဲသို့ ဝင်လာပြန်သည်။ သူတို့လေးယောက်လုံး ရေစိုနေသည်ကို အခုမှ မြင်သွားပုံဖြင့် စူးစမ်းလာပြန်သည်။
“အိုး၊ ဘာတွေဖြစ်နေကြတာလဲ?”
စူးချင်းက ထိုလူပိန်၏အကြည့်အောက်မှာပင် သူမ၏မျက်နှာပေါ်မှ ရေများကို သုတ်လိုက်ပြီး မျက်နှာသုတ်ပုဝါကို ကျန်းယွိရန်ဆီသို့ လှမ်းပေးလိုက်သည်။ ထိုနောက် သူမက ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းများဖြင့် ပြန်ဖြေလိုက်သည်။
"ကျုပ်တို့ ခရီးထွက်လာပြီး အရမ်းပင်ပန်းသွားလို့ ထင်တယ်။ စားသောက်ပြီးတာနဲ့ မျက်စိမဖွင့်နိုင်အောင် ဖြစ်သွားကြတယ်"
လူပိန်က စူးချင်း သူမ၏မျက်နှာမှ ရေများသုတ်နေသည်ကို အားမတမ်း စိုက်ကြည့်နေခဲ့သည်။ သို့သေည် စူးချင်း၏မျက်နှာပေါ်တွင် ယခင်ကဲ့သို့ အရေးအကြောင်းများနှင့် အမဲစက်များ ပြည့်နှက်နေဆဲဖြစ်ကာ အတုလုပ်ထားသည့် အရိပ်အယောင်မျိုး လုံးဝ မရှိပေ။ ထိုအချိန်မှသာ သူက ရယ်မောရင်း ထပ်ပြောလာခဲ့သည်။
“ဟုတ်တယ်၊ ခရီးသွားရတာက အရမ်းပင်ပန်းတယ်။ စောစော အနားယူကြလေ”
“အင်း၊ ကျုပ်တို့ ခင်ဗျားကို မနှောက်ယှက်တော့ဘူး"
စူးချင်းက စားပွဲခုံကို လက်နှစ်ဖက်ဖြင့် ထောက်ကာ မတ်တပ်ထရပ်ပြီးမှ ထိုလူပိန်ကို လက်ခုပ်အုပ် နှုတ်ဆက်လိုက်သည်။ သူမ၏အသံ၌ပင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေပြီး သူမ၏သရုပ်ဆောင်မှုက အလွန်လေးနက်ပီပြင်လှသည်။
စူးချင်း၏ အမူအရာကို လူတိုင်းမြင်နေရပြီး ကျုံးယုံ၏မျက်လုံးများကလည်း ပြူးကျယ်လာပြန်သည်။
သူ့ရဲ့ဆရာက နေရာတိုင်းမှာ အရမ်းအစွမ်းထက် လွန်းတယ်။ အခုလည်း တစ်ဖက်လူကို သေလောက်အောင် လှည့်စားနေပြန်ပြီ။
ထိုလူက စူးချင်း၏ အခန်းထဲမှ ထွက်သွားပြီး အပေါ်ထပ်သို့ မော့ကြည့်ကာ လက်ဖြင့် အမူအရာတစ်ခု လုပ်ပြလိုက်သည်။