အခန်း (၅၉၃)
Vol. 40 Ch. 593
နောက်တစ်နေ့တွင် တည်းခိုဆောင်ပိုင်ရှင်က သူ့၏ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြီးကို ဒရွတ်ဆွဲကာ မြင်းများကို အစာကျွေးရန် အနောက်ဘက်သို့ခြံသို့ ထွက်သွားခဲ့သည်။ သူ တည်းခိုဆောင်ထဲသို့ ပြန်ရောက်သွားချိန်တွင် အပေါ်ထပ်မှ ဧည့်သည်တစ်ဦး ဆင်းလာသည်ကို သူ တွေ့လိုက်ရသည်။
“ဆိုင်ရှင်၊ အပေါ်ထပ်ကို ရေပူပို့ပေးပါဦး၊ ပြီးတော့ စားစရာလည်း စီစဥ်ပေးပါဦး”
အောက်ထပ်သို့ ဆင်းလာသူက သက်တော်စောင့်ရှောင်တင်း ဖြစ်သည်။ မနေ့ညက သူ ဧကရီနှင့်အတူ တည်းခိုဆောင်သို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး ယနေ့ မနက်စာ စားပြီးသည်နှင့် ပြန်ထွက်သွားမည် ဖြစ်သည်။
"ဧည်သည်၊ ခဏလောက်တော့ စောင့်ပေးပါဦး၊ ဒီနေရာမှာ ဒီလူအိုကြီးတစ်ယောက်ပဲ ရှိတော့ အရမ်းအလုပ်များနေပြီး အားလုံးကို မကိုင်တွယ်နိုင်ဘူး။ မင်းတို့ဘာသာ အပြင်ထွက်ပြီး စားစရာ သွားဝယ်လိုက်ပါလား? ငါ့ရဲ့အစေခံကလည်း ဘယ်ရောက်နေမှန်း မသိဘူး"
တည်းခိုဆောင်ပိုင်ရှင်က ရှောင်တင်းဆီမှ ငွေကိုပင် မလိုချင်တော့ဘဲ ခါးသီးသော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
ရှောင်းတင်းကလည်း သူနှင့် အချိန်မဖြုန်းချင်တော့ဘဲ သူ့ဘာသာသူ စားစရာဝယ်ရန် အပြင်ထွက်လာခဲ့သ်။
အဲ့အစေခံ ဘယ်ရောက်သွားလဲဆိုတာ သူ သိတယ်လေ။ အဲ့ကောင်လေးက သေသွားပြီ။
ရှောင်တင်း မနက်စာ သွားဝယ်ပြီး ပြန်ရောက်လာချိန်တွင် တည်းခိုဆောင်ပိုင်ရှင်လည်း ရေနွေးကျိုပြီးသွားပုံရသည်။ သူက ရေပူပုံးကို အပေါ်ထပ်သို့ သယ်ဆောင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေသည်။
"ငါ့ကို ပေး။ ခနနေရင် ငါတို့ ငွေရှင်းပြီး ထွက်သွားတော့မယ်”
သက်တော်စောင့်ရှောင်တင်းက ငွေတွက်ပေးရန် တည်းခိုဆောင်ပိုင်ရှင်ကို ညွှန်ကြားလိုက်သည်။
"ဘာလဲ? မင်းတို့လည်း ထွက်သွားတော့မှာလား?"
သူတို့ ထွက်သွားတော့မည်ဟု ပြောလိုက်ချိန်တွင် တည်းခိုဆောင်ပိုင်ရှင်က အနည်းငယ် မကျေမနပ် ဖြစ်သွားပုံရသည်။
သူတို့လည်း ရက်အနည်းငယ်ကြာအောင် နေမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ သူတို့ကလည်း မနေ့ကအဘိုးကြီးလို လူလိမ်တွေပဲ။ သူတို့အားလုံးက သူ့ကို လိမ်ညာခဲ့ကြတယ်။
သက်တော်စောင့်ရှောင်တင်းက သူ့ကို လျစ်လျူရှုကာ အစားအသောက်များနှင့် ရေပူပုံးကို သယ်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူက အခန်းတစ်ခန်း၏တံခါးကို ခေါက်လိုက်ပြီး တလေးတစား အသံပြုလိုက်သည်။
“သခင်မ၊ ကျွန်တော် မနက်စာ ဝယ်လာပြီးပါပြီ”
“အမ်း၊ ဝင်ခဲ့”
အခန်းထဲမှ အမျိုးသမီးတစ်ဦး၏ အသံထွက်လာပြီး ရှောင်တင်းက တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားသည်။ ထို့နောက်တွင် သူက ရေပူများကို သစ်သားရေစည်ထဲသို့ လောင်းထည့်ပေးပြီး မနက်စာ တစ်ချို့တစ်ဝက် ချန်ထားခဲ့ကာ ပြန်ထွက်ခွာလာခဲ့သည်။
ရှီးချန်တစ်ဝက်(တစ်နာရီ)ခန့်ကြာပြီးနောက် ကျန်းကျင့်လင်းနှင့် သူ၏လူများက အောက်ထပ်သို့ ဆင်းလာပြီး အောက်ထပ်အခန်းထဲမှ လူများအားလုံးကို ခေါ်ထုတ်လိုက်သည်။ ထို့နောက် သူတို့က အပေါ်ထပ်သို့ ပြန်တက်သွားပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ထိုင်ခုံတစ်လုံးစီဖြင့် ထမ်းကာ သယ်ဆောင်လာကြသည်။
တည်းခိုဆောင်ပိုင်ရှင်က သူ့အင်္ကျီလက်နှစ်ဖက်ကို ခေါက်တင်နေရင်း ကောင်တာနောက်၌ အသက်မဲ့သလို ထိုင်နေခဲ့သည်။ လူများ သယ်ဆောင်လာသည်ကို မြင်လိုက်ရချိန်တွင် သူ တစ်ချက်သာ လှမ်းကြည့်လိုက်သည်။
သူတို့ ဝင်လာတုန်းကလည်း အဲဒီအမျိုးသမီးကို သယ်လာကြပြီး အမျိုးသားကိုတော့ ကူတွဲပေးလာကြတယ်။ သူတို့မှာ ဘာရောဂါတွေ ရှိနေလို့လဲ?
"ဂရုစိုက်ပါ ဧည့်သည်ကြီးတို့၊ နောက်တစ်ခါရောက်လာရင်လည်း ဒီကို ထပ်လာကြပါဦး"
တည်းခိုဆောင်ပိုင်ရှင်က မတ်တပ်ထရပ်ပြီး သူတို့ကို နှုတ်ဆက်လိုနေကာ နောက်တစ်ခေါက် လာတည်းရန်လည်း ဖိတ်ခေါ်နေသေးသည်။
ထိုတည်းခိုဆောင်ပိုင်ရှင် တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်နေရသဖြင့် ကျန်းကျင့်လင်းက သူ့ကို မြင်းများနှင့် ရထားလုံးများ သွားမယူခိုင်းတော့ပေ။ သူက သူ့လူများကိုသာ အနောက်ဘက်သို့ စေလွှတ်ပြီး ရထားလုံးနှင့် မြင်းများ သွားယူခိုင်လိုက်သည်။
ရထားလုံးရောက်လာပြီး အမျိုးသမီး ရထာလုံးပေါ်မတက်ရသေးခင် မထင်မှတ်ပဲ ဟိုင်ချန်စီရင်စုအမတ် ရောက်လာခဲ့သည်။ သူက သာမန်အဝတ်များကို ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားဆဲဖြစ်ပြီး သူ့နောက်တွင် အထုတ်အပိုးများ ထမ်းလာသည့် ကျေးကျွန်တစ်ဦးရှိသည်။ အမျိုးသမီးကို မြင်လိုက်သည်နှင့် သူက အပြေးတပိုင်းလျောက်လာပြီး တရိုတသေ ဦးညွှတ်လိုက်သည်။
“ဒီလက်အောင်ငယ်သားက ကြည်ညိုမှုကို ပြသတဲ့အနေနဲ့ အိမ်ရှေ့စံမင်းသားအတွက် လက်ဆောင်တချို့နဲ့ မင်းသမီးတို့ လမ်းမှာ စားနိုင်ဖို့ အစားအစာတစ်ချို့ ပြင်ဆင်ပေးထားပါတယ်၊ ခရီးလမ်း သာယာဖြောင့်ဖြူးပါစေ”
အမျိုးသမီးက စောင်ကို ခြေဖျားမှ ခါးအောက်ပိုင်းအထိ ခြုံထားပြီး ထိုင်ခုံပေါ်မှာ ထိုင်နေခဲ့သည်။ သူမ၏အမူအရာက အေးစက်နေပြီး မောက်မာဟန်လည်း ပေါ်လွင်နေသည်။ သူမက ဟိုင်ချန်စီရင်စုအမတ်ကို ကြည့်ပင်မကြည့်ဘဲ အေးစက်စက် အမိန့်ပေးလိုက်သည်။
"ယူထားလိုက်"
အနီးအနားရှိ လူတစ်ယောက်က ထိုလက်ဆောင်များကို သွားယူလိုက်သည်။ ဟိုင်ချန်စီရင်စုအမတ်က ထိုအမျိုးသမီးနှင့် စကားပြောချင်နေပုံရသော်လည်း ထိုအမျိုးသမီးက သူမ၏လက်အောက်ငယ်သားများထံမှ အကူအညီယူကာ ရထားလုံးပေါ်သို့ တက်သွားပြီး ကန့်လန့်ကာကိုပင် ချလိုက်ပြီ ဖြစ်သည်။
ဟိုင်ချန်စီရင်စုအမတ်လည်း စိတ်ပျက်လက်ပျက် နောက်ဆုတ်ရန်သာတတ်နိုင်တော့သည်။ သူက အနီးဆုံးဆိပ်ကမ်းဆီသို့ ဦးတည်နေသည့်ကို ရထားလုံးကို လှမ်းကြည့်လိုက်ပြီး နောက်မှ လိုက်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် သူ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို တားဆီးကာ တင်းမာသောလေသံဖြင့် အမိန့်ပေးလိုက်သည်။
“မင်းရဲ့ အထောက်အထား မပေါ်သွားစေနဲ့”
ဟိုင်ချန်စီရင်စုအမတ်လည်း မတတ်သာဘဲ သူ့ရည်ရွယ်ချက်ကို အဆုံးသတ်လိုက်ရသည်။
“ဟုတ်ကဲ့၊ ကျွန်တော်မျိုး မှတ်ထားပါ့မယ်”
ရထားလုံးက မြို့ပြင်ဘက်သို့ ထွက်ခွာလာပြီး အနောက်ဘက်သို့ ဦးတည်နေသည်။ ယနေ့တွင် ပင်လယ်ရေက အပြာရောင်မှန်သားပြင်ကဲ့သို့ ငြိမ်သက်နေပြီး ရွှေရောင်နေမင်းက မိုးကုပ်စက်ဝိုင်းပေါ်တွင် ထွက်ပေါ်နေသောကြောင့် ပင်လယ်ရေမျက်နှာပြင်အထက်တွင် လင်းလက်သည့်ရွှေရောင်အလင်းတန်းများ ဖြစ်ပေါ်စေကာ လှပသည့်မြင်ကွင်းတစ်ခုဖြစ်နေလေသည်။
တရွေ့ရွေ့ထွက်ခွာလာသည့်အဖွဲ့က ပင်လယ်ဓါးပြလှေကြီးများ မကြာခဏ ဆိုက်ရောက်ရာ ပင်လယ်ကမ်းစပ်တွင် ရပ်တန့်သွားသည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ လှေသင်္ဘောကြီးတစ်စင်းက သတိထားနေဟန်ဖြင့် ပင်လယ်ကမ်းစပ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ကျန်းကျင့်လင်းက မြင်းပေါ်မှ ဆင်းကာ ပင်လယ်ကမ်းစပ်တွင် ရပ်နေရင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည့်ကို လှေသင်္ဘောကြီး စိုက်ကြည့်နေသည်။
လှေသင်္ဘောကြီးက ကမ်းစပ်မှ ကျန်းအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ ထိုလှေသင်္ဘောပေါ်ရှိ တစ်စုံတစ်ယောက်က ကုန်းပတ်ပေါ်သို့ ရောက်လာပြီး ဝူးခို့ဘာသာစကားဖြင့် လှမ်းအော်လိုက်သည်။
ကျန်းကျင့်လင်းက အေးဆေးတည်ငြိမ်စွာ တုံ့ပြန်ခဲ့ပြီး အခြားတစ်ဖက်နှင့် အချက်ပြစကားဝှက်သင်္ကေတာများ ဖလှယ်လိုက်သည်။ ထိုလှေသင်္ဘောကြီးမှ လှေငယ်နှစ်စင်း ရေထဲသို့ ရောက်လာပြီး သူတို့ကို ကြိုဆိုရန် တရွေ့ရွေ့ ထွက်ခွာလာခဲ့သည်။
ကျန်းကျင့်လင်းက အမျိုးသမီးကို ရထားလုံးပေါ်မှ သယ်လာရန် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ ထိုအမျိုးသမီးက မင်းသမီးလန်ထင်အဖြစ် အယောင်ဆောင်ထားသည့် စူးချင်းမှလွဲ၍ တခြားသူမဟုတ်ဘဲ သူမက ချဥ်းကပ်လာနေသည့် လှေငယ်လေးများကို အေးအေးဆေးဆေး လှမ်းကြည့်နေသည်။
ဒီဓါးပြတွေက သူမ ထင်ထားသလို လိမ္မာပါးနပ်လွန်းတယ်။ သူမတို့သာ လန်ထင်နဲ့ သံတမန်လိုမျိုး အယောင်ဆောင်ထားတာ မဟုတ်ရင် ဂျပန်ကိုသွားဖို့နေနေသာသာ လှေသင်္ဘောကြီးနားကိုတောင် ချဥ်းကပ်နိုင်မှာ မဟုတ်ဘူး။
လှေငယ်နှစ်စင်း ရောက်ရှိလာပြီးနောက် စူးချင်းကို လှေပေါ်တင်လိုက်ကြသည်။ စူးချင်းက နာကျင်သောအမူအရာဖြင့် သူမ၏ဗိုက်ကို ဆုပ်ကိုင်ထားသည်။
"မင်းသမီးက ဘာဖြစ်လာတာလဲ?"
“တာ့ထန်ဧကရီက မင်းသမီးကို အဆိပ်ခပ်လိုက်တယ်"
ကျန်းကျင့်လင်းက စူးချင်းက ညွှန်ကြားထားသည့် ဆင်ခြေကို အသုံးပြုကာ ပြန်ဖြေလိုက်သည်။ စူးချင်းက သူမကိုယ်သူမ လန်ထင်အဖြစ် အသွင်ပြောင်းနိုင်သော်လည်း သူမ၏ဗိုက်ကြီးကတော့ ဖုံးကွယ်၍မရနိုင်ပေ။ ထို့ကြောင့် ဤကဲ့သို့သော ဆင်ခြေကို ကြိုတင်ရှာဖွေထားခဲ့ရသည်။
လှေပေါ်မှလူများကလည်း ဘာကိုမှ သံသယမဝင်ကြပေ။ ကမ်းပေါ်မှ လူများကလည်း လှေပေါ်သို့ တစ်ယောက်ချင်းစီ တက်လိုက်ကြသည်။ ရထားလုံးကတော့ ကမ်းပေါ်တွင် ကျန်ရစ်ခဲ့ပြီး နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်မည့်တစ်စုံတစ်ယောက် ရှိနေသေးသည်။
စူးချင်းတို့အဖွဲ့ လှေသင်္ဘောကြီးပေါ်သို့ တက်လာပြီးနောက် နောက်လှည့်ပြီး လှေသင်္ဘောကြီးက ချက်ချင်း ပြန်ထွက်ခွာလာခဲ့သည်။ ငါးဖမ်းလှေငယ်အချို့ကို ကျော်လွန် လာပြီး သိပ်မကြာမီ ပင်လယ်ပြင်သို့ တိတ်တဆိတ် ထွက်ခွာလာနိုင်ခဲ့ကြသည်။
စူးချင်းက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး ဂျပန်ဘက်သို့ ရွက်လွှင့်နေသည့် လှေသင်္ဘောကြီး၏နောက်မှ လှိုင်းလုံးများကို လှမ်းကြည့်နေသည်။
သူမ၏မူလအကြံအစည်က ဤလှေသင်္ဘောကို သိမ်းယူရန် ဖြစ်သော်လည်း ယခုအချိန်တွင် သူမက သူမ၏အစီအစဉ်ကို ပြောင်းလဲလိုက်သည်။ သူမက ဂျပန်သို့ ရောက်အောင်သွားပြီး လှေသင်္ဘောအနည်းငယ်ထပ်ယူရန် ရဲရဲတင်းတင်း ဆုံးဖြတ်ခဲ့သည်။
လှေသင်္ဘောကြီးပေါ်မှ ပင်လယ်ဓားပြခေါင်းဆောင်က စူးချင်းနှင့် စကားပြောရန် ရောက်လာခဲ့သောကြောင့် မင်းသမီးကတော့ မောက်မာသည့်အကြည့်ဖြင့် သူ့ကို လျစ်လျူရှုထားခဲ့သည်။
ကျန်းကျင့်လင်းနှင့် သူ့လူများက သူမ၏ဘေးတွင် ရပ်စောင့်နေကြပြီး ပင်လယ်ဓားပြများ ချဥ်းကပ်လာသည့်အခါတိုင်း သူတို့က ထိုဓားပြများကို တားဆီးခဲ့ကြသည်။ လမ်းတလျှောက်လုံးတွင်လည်း သံသယဖြစ်စရာတစ်ခုမျှ မဖြစ်ပွားခဲ့ပေ။
လန်ထင်ကိုယ်တိုင်က ထိုကဲ့သို့ ဖြစ်ပြီး သူမ တုန်းယင်တွင် ရှိနေစဉ်ကတည်းက လန်ထင်က ထိုသို့မောက်မောက်မာမာ ပြုမူလေ့ရှိသည်။ သူမက တော်ဝင်မိသားစုနှင့် ဂုဏ်သရေအရာရှိကြီးများကိုသာ လေးလေးစားစား ပြောဆိုဆက်ဆံတတ်ပြီး ကျန်သည့်သူများကို သူမ၏လက်အောက်ငယ်သားသဖွယ် အမြဲဆက်ဆံလေ့ရှိသည်။
"ကျွန်တော်တို့နောက်မှာ တာ့ထန်ရဲ့ငါးဖမ်းလှေတချို့ ရှိနေတယ်"
လှေသင်္ဘောပေါ်မှ လူတစ်ယောက် ရောက်လာပြီး ခေါင်းဆောင်ထံသို့ သတင်းပို့လိုက်သည်။
"အဲ့လှေတွေကို အပိုင်းပိုင်း ခွဲပစ်လိုက်"
ခေါင်းဆောင်က တစ်ဖက်မှ လှေများကို လှမ်းကြည့်ကာ အပြီးချေမှုန်းရန် အမိန့်ပေးလိုက်သည်။
“ဒီလှေသင်္ဘောပေါ်မှာ အရေးကြီးတဲ့ သူတွေ ရှိနေတယ်၊ သူတို့က ဘာမှမဟုတ်တဲ့ တံငါသည်တွေပဲ။ ပြသနာ မရှာနဲ့တော့။ မြန်မြန်သွားကြမယ်”
စူးချင်းက ရုတ်တရက် စကား ပြောလိုက်ပြီး ခေါင်းဆောင်ကို မေးခွန်းထုတ်ချင်နေသည့် လေသံဖြင့် ပြစ်တင်ဝေဖန်လိုက်သည်။
“ဟုတ်ကဲ့”
ခေါင်းဆောင်က အနည်းငယ် ချီတုံချတုံ ဖြစ်သွားသော်လည်း စူးချင်း၏အမိန့်ကို နားထောင်ပြီး လှေသင်္ဘောကို အရှိန်မြှင့်ရန် လှေထိုးသားများကို အမိန့်ပေးလိုက်သည်။
ကျန်းကျင့်လင်းက ပင်လယ်ဓားပြခေါင်းဆောင်နှင့် လှေထိုးသားများကို ကြည့်ကာ ကြောက်လန့်မှုကို ခံစားလိုက်ရသည်။
ကံကောင်းလို့ပေါ၊ ဧကရီက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ပြီး ချက်ချင်း အမိန့်ပေးနိုင်ခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် လှေသင်္ဘောအနောက်ကနေ လိုက်လာတဲ့လူတွေအားလုံး သေကုန်ကြလိမ့်မယ်။
သူတို့တွေ အားလုံးက ကုန်းတွင်းပိုင်းမှာ ကြီးပြင်းလာကြပြီး ရေကူးတတ်တဲ့ စစ်သည်က သိပ်မရှိဘူး။ သူတို့ ရေကူးကျွမ်းကျင်တယ်ဆိုရင်တောင် ဒီအဆုံးမရှိတဲ့ ပင်လယ်ထဲမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။
သူ အခုန စိတ်မြန်လက်မြန်နဲ့ ဒီလှေသင်္ဘောပေါ်က ပင်လယ်ဓားပြတွေကို ထိန်းချုပ်ပြီး လှေသင်္ဘောကို ပြန်သိမ်းသွားဖို့ သူ့လူတွေကို အမိန့်ပေးဖို့တောင် တွေးပြီးနေပြီ၊ ဒါပေမယ့် အဲဒါက ဧကရီရဲ့ အစီအစဉ်ကို ပျက်ပြားသွားစေနိုင်တဲ့အတွက် သူ သည်းခံနေခဲ့ရတယ်။
နောက်ပိုင်းတွင် လှေသင်္ဘောကြီး၏နောက်မှ ငါးဖမ်းလှေများက တဖြည်းဖြည်း ဝေးသွားပြီး နောက်တွင် ကျန်ရစ်နေခဲ့ကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ကျန်းကျင့်လင်းတစ်ယောက် မျက်မှောင်ကြုတ်လာပြန်သည်။
သူတို့နဲ့အတူ လူဆယ်ယောက်ပဲ ခေါ်လာခဲ့တယ်။ ဒီလှေသင်္ဘောပေါ်မှာ ပင်လယ်ဓားပြ အယောက်သုံးဆယ်ကျော်ရှိတယ်၊ ဒီလှေသင်္ဘောကို သိမ်းပိုက်ဖို့က ပြဿနာ မဟုတ်ဘူး။
ဒါပေမယ့် တုန်းယင်ကို ရောက်သွားရင်တော့ အရာအားလုံးက ကွဲပြားသွားပြီ။ သူတို့မှာ အရန်အင်အား မရှိရင် ဒီလူဆယ်ယောက်လောက်နဲ့ ဧကရီကို ဘယ်လိုကာကွယ်ကြမှာလဲ? ဒီအစီအစဉ်က အရမ်းအန္တရာယ်များလွန်းတယ်။
ကျန်းကျင့်လင်းက စူးချင်းကို တိတ်တဆိတ် ခိုးကြည့်လိုက်ပြီး သူမကို ပို၍ပင် လေးစားလာခဲ့သည်။
ဧကရီက သူ့ထက်တောင် အသက်ငယ်သေးတယ်။ ဒါပေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ သူမရဲ့တည်ငြိမ်မှုနဲ့ ရဲစွမ်းသတ္တိက သူ နှိုင်းယှဉ်နိုင်တဲ့အရာမျိုး မဟုတ်နေဘူး။
တည်ငြိမ်လွန်းသည့် ဧကရီကို မြင်နေရသောကြောင့် နောက်ဆုံးတွင် အပူမီးတောက်နေသော ကျန်းကျင့်လင်း၏နှလုံးသားလည်း ငြိမ်သက်သွားတော့သည်။
ဧကရီ သူတို့ဘေးမှာ ရှိနေရင် သူတို့လည်း ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ဖို့တောင် သတ္တိရှိတယ်။
ပင်လယ်ဓားပြခေါင်းဆောင်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဟုတ်၊ မဟုတ် မသိနိုင်သော်လည်း လှေသင်္ဘောကြီးက မှောင်မိုက်သည့်အချိန်မှသာ ဝူးခို့ရေပိုင်နက်သို့ ရောက်ရှိလာခဲ့သည်။ ညရောက်နေပြီဖြစ်သော်လည်း ဆိပ်ကမ်းက နေ့ကဲ့သို့ လင်းထိန်နေသည်။ လှေသင်္ဘောကြီးက ဆိပ်ကမ်းဆီသို့ အရှိန်ပြင်းပြင်း မောင်းနှင်နေလေသည်။