အခန်း (၅၉၅)
Vol. 40 Ch. 595
"ဘာဖြစ်တာလဲ?"
အိမ်ရှေ့စံမင်းသားက သူ့၏သက်တော်စောင့်ကို လှမ်းမေးလိုက်ပြီး သူ့နှလုံးသားထဲသို့ ဆိုးရွားသည့် ခံစားချက်တစ်ခု တိုးဝင်လာသည်။
လန်ထင်ကို သွားကြိုဖို့ လွှတ်လိုက်တဲ့ အရာရှိနဲ့ သူ့အဖွဲ့သားတွေ ပြန်ရောက်မလာသေးဘူး။ သူတို့ တစ်ခုခု ဖြစ်နေကြပြီလား?
“အိမ်ရှေ့စံမင်းသားကို သတင်းပို့ပါတယ်၊ သင်္ဘောဆိပ်ကမ်းမှာ မီးလောင်နေတာပါ”
သက်တော်စောင့်က အလောတကြီး သတင်းပြန်ပို့လိုက်ပြီး ထိုစကားကို ကြားလိုက်ရသည့် အိမ်ရှေ့စံမင်းသားလည်း အလွန်ထိတ်လန့်သွားရသည်။
“စစ်သည်တွေကို မြန်မြန် စုစည်းပြီး အခုချက်ချင်း လှေသင်္ဘောဆိပ်ကို ချီတက်ကြ”
တစ်ဖက်မှ ဝူးခို့အိမ်ရှေ့စံမင်းသား သူ့လူများနှင့်အတူ သင်္ဘောဆိပ်ကမ်းသို့ ပြေးလာနေချိန်တွင် ကျုံးယုံနှင့် သူ့အဖွဲ့က လှေငယ်လေးများပေါ်တွင်သာ ရှိနေကြသေးသည်။ သူတို့ ပင်လယ်ထဲ၌ လမ်းပျောက်နေပြီး ဦးတည်ရာမဲ့နေချိန်တွင် ပေါက်ကွဲသံများ ကြားလိုက်ရကြပြီး ကောင်းကင်ယံသို့ မီးတောက်များ လျှံတက်လာသည်ကို မြင်လိုက်ကြရသည်။
“အဲဒါ ငါ့ဆရာပဲ။ ဆရာ အဲ့နေရာမှာ ရှိနေတယ်”
ကျုံးယုံက လှိုင်းမူးနေပြီး လှေနံဘေးကို မှီကာ အော့အန်နေခြင်း ဖြစ်သည်။ သို့သော် ပေါက်ကွဲသံကို ကြားလိုက်ရသည်နှင့် သူ ချက်ချင်း ပြန်တက်ကြွလာပြီး မီးတောက်များရှိသည့်နေရာကို ညွှန်ပြရင်း အော်ဟစ်နေလေသည်။
“မြန်မြန်၊ မြန်မြန်လှော်ကြ”
လမ်းကြောင်းမှန်ကို ရှာတွေ့သွားသည့် လှေငယ်များက တုန်းယန်ပြည်ထောင်ဘက်သို့ တတ်နိုင်သမျှ မြန်မြန် ရွက်လွှင့်နေကြသည်။
ဆိပ်ကမ်းကတော့ လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့သည်။ စူးချင်းက မှန်ပြောင်းကို သုံးကာ တချိန်လုံး ညွှန်ကြားချက်ပေးနေပြီး လှည့်ပတ်ပြေးနေသော ဝူးခို့စစ်သည်များက ပစ်မလွဲ ပစ်မှတ်များ ဖြစ်လာကြသည်။ ကျန်းကျင့်လင်းနှင့် သူ့၏စစ်သည်များကလည်း သူတို့၏ ပစ်ခတ်မှု ပိုတိကျစေရန် ထိုလူများကို အသုံးချကာ လေ့ကျင့်နေကြသည်။
များပြားသော ဖောက်ခွဲမှုများပြီးဆုံးသွားချိန်တွင် သင်္ဘောဆိပ်ကမ်းက လုံးဝ ကမောက်ကမ ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မဖြင့် ပေါက်ကွမှုမှ ပွတ်ကာသီကာ လွတ်မြောက်သွားသည့်သူများကလည်း ကမူးရှူးထိုး မလှုပ်ရှားရဲကြပေ။
ပုံမှန်အားဖြင့် တံငါသည်များကို လုယက်ရာတွင် အလွန်ရက်စက်ကြမ်းကြုတ်လှသော ဤဝူးခို့ဓားပြများက ယခုအချိန်တွင် လူကြောက်များဖြစ်နေပြီး မြေပြင်ပေါ်တွင် ပြားပြားဝပ်နေကြသည်။ သူတို့အားလုံးက သေရမည်ကို အလွန်ကြောက်ရွံ့နေကြပြီး သစ်သားတုံးများကဲ့သို့ မလှုပ်မယှက် ပုန်းအောင်းနေကြသည်။
သင်္ဘောဆိပ်ကမ်းမှ ပြင်းထန်သော ပေါက်ကွဲသံများနှင့် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုက ဝူးခို့စစ်တပ်ကို သတိပေးသလို ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ကျန်းကျင့်လင်က တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး လှေသင်္ဘောကို သိမ်းပိုက်ကာ ချက်ချင်း ပြန်ထွက်ခွာရန် ဆန္ဒရှိနေခဲ့သည်။
သို့သော်လည်း စူးချင်းက တစ်ခေါက် ရောက်လာရန် မလွယ်ကူဘူး တွေးကာ ဝူးခို့များ၏ အရှေ့ဘက်မြို့တော်ကို ချီတက်တိုက်ခိုက်ရန် ကြံရွယ်နေခဲ့သည်။
“ဧကရီမယ်မယ်၊ ဒါက မဖြစ်နိုင်ပါဘူး။ အရမ်းအန္တရာယ် များလွန်းပါတယ်”
ကျန်းကျင့်လင်းက ဧကရီ၏နောက်မှ လိုက်လာပြီး စိုးရိမ်တကြီး တားမြစ်နေသည်။
ဟူး ရင်ထိတ်လိုက်တာကွာ၊ မယ်မယ်မှာ ကိုယ်ဝန်ကြီးနဲ့ကွ၊ ဧကရီ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လို လုပ်ကြမတုန်း။
သူတို့ရဲ့လူ တစ်ဒါဇင်ကျော်လောက်နဲ့ ဝူးခို့တွေရဲ့တိုင်းပြည်ကို ဘယ်လို သိမ်းယူနိုင်ပါ့မလဲ?
"ဘာပဲဖြစ်ဖြစ် ငါတို့ ကြိုးစားကြည့်သင့်တယ်"
စူးချင်းကတော့ မဖြစ်နိုင်သည့်အရာ မရှိဟု သတ်မှတ်ထားသူ ဖြစ်သည်။
ဒီမော်တာတွေ ရှိနေတာတောင် မဖြစ်နိုင်ဘူးလို့ သူ ဘယ်လိုပြောနိုင်ရတာလဲ? ဒါဆိုရင် အရင်ရှေးပဝေသဏီတုန်းက ပုဆိန်နဲ့ တံစဉ်တွေကို အသုံးပြုပြီး လောကကြီးကို သိမ်းပိုက်ခဲ့တဲ့သူတွေက သူ့ကို အခေါင်းထဲကနေ ရယ်မောနေကြလိမ့်မယ်။
ဝူးခို့ဧကရာဇ်က လုံးဝ မတိုက်ခိုက်ဘဲ အလွယ်တကူ လက်နက်ချမည် မဟုတ်ကြောင်း စူးချင်း ခန့်မှန်းနိုင်သည်။ လက်ရှိတွင် သင်္ဘောဆိပ်ကမ်း၌ တိုက်ခိုက်နိုင်သည့် ဝူးခို့စစ်သည်လည်း များများစားစား မကျန်တော့သောကြောင့် စူးချင်းက သူမ၏မှန်ပြောင်းကို မြှောက်ကာ ပတ်ပတ်လည်ကို သေချာစောင့်ကြည့်နေခဲ့သည်။ ဝူးခို့များ ထပ်ရောက်လာသရွေ့ သူမ သူတို့ကို အရင်မြင်နိုင်ရန်နှင့် ထပ်တိုက်ခိုက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။
"ရှောင်ချီ၊ ငါတို့မှာ နောက်ထပ် မော်တာကျည်ဘယ်နှလုံးလောက်ရှိသေးလဲ?"
အမှန်တကယ်တွင် စူးချင်းက မျက်လုံးစုံမှိတ် မိုက်ရှုးရဲဆန်နေခြင်း မဟုတ်ဘဲ သူမ၏တပ်ဖွဲ့ကို ထောက်ပံ့နိုင်ရန် လက်နက်များ လုံလောက်မှု ရှိ မရှိလည်း အရင်မေးမြန်းခဲ့သေးသည်။
"သခင်၊ မော်တာကျည်ဆယ်လုံးလောက် ရှိပါတယ်"
ရှောင်ချီကလည်း သူမ၏သခင်အတွက် အနည်းငယ် စိတ်ပူနေပြီး သခင်ဖြစ်သူကို ပြန်သွားရန် စည်းရုံးချင်နေခဲ့သည်။ သို့သော်လည်း သူမ စူးချင်းကိုလည်း မပြောရဲပေ။
"နင့်မှာ လက်ပစ်ဗုံးတွေရော ရှိသေးလား?"
မော်တာများက ပစ်မှတ်ကြီးများကို ဖောက်ခွဲရန် လုံလောက်သော်လည်း ဝူးခို့များက အရပ်မျက်နှာပေါင်းစုံမှ တိုက်ခိုက်လာမည်ကို စူးချင်း စိုးရိမ်နေပြီး ရှောင်ချီကို ထပ်မေးလိုက်သည်။ အနီးကပ်တိုက်ပွဲများတွင် လက်ပစ်ဗုံးများက အဓိကဘုရင်များ ဖြစ်လာနိုင်သည်။
“သခင်၊ လက်ပစ်ဗုံး အလုံးနှစ်ဆယ် ရှိပါတယ်”
“ငါ ဒီအတောအတွင်း နည်းနည်း ပေါ့ဆသွားမိတယ်”
စူးချင်းက ခေါင်းညိတ်လိုက်ရင်း သူမကိုယ်သူမ အပြစ်တင်လိုက်သည်။ သူမ မကြာသေးမီက လယ်ယာလုပ်ငန်းအတွက် အလုပ်များနေခဲ့ပြီး လက်နက်များ ထုတ်လုပ်ရန် အာရုံစိုက်မှု နည်းပါးခဲ့သည်။ သူမ ပြုလုပ်ထားသော လက်နက်အချို့ကို စစ်စခန်းတွင် သိမ်းဆည်းထားဖြစ်ပြီး သူမ၏စနစ်ထဲတွင် လက်ကျန်သိပ်မရှိတော့ပေ။
"သခင်၊ အရင်ပြန်သွားပြီးမှ နောက်တစ်ခေါက် ပြန်လာကြမယ်လေ"
ရှောင်ချီက သခင်ဖြစ်သူကို မရဲတရဲ အကြံပေးလိုက်သည်။ စူးချင်းက ချက်ချင်း ခေါင်းခါလိုက်သည်။
“နောက်တစ်ခါဆို ငါတို့ ဒီကျွန်းပေါ်ကို တက်လာဖို့ ဒီလောက်လွယ်မှာ မဟုတ်တော့ဘူး။ အဲ့ဒါကြောင့် ငါတို့ အခုလွယ်လွယ်နဲ့ ပြန်ထွက်သွားလို့ မရဘူး"
ယခုအချိန်က နောက်ဆုတ်ရမည့်အချိန်မဟုတ်ဟု စူးချင်း တွေးနေခဲ့သည်။
သူမ နည်းနည်းလေး တောင့်ခံပြီး ထိန်းထားနိုင်သရွေ့ စစ်ကူတွေရောက်လာတာနဲ့ ဒီဂျပန်ကောင်တွေကို မျိုးဖြုတ်နိုင်လိမ့်မယ်။
သူမက နောက်ဆုံးအခိုက်အတန့်အထိ လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး။
သူမတို့ စကားပြောနေရင်း အဝေးမှ မီးတိုင်များ၏အလင်းရောင်ကို လှမ်းတွေ့လိုက်ရပြီး ပြေးလွှားလာနေသည့်ခြေသံများကိုလည်း ကြားလိုက်ရသည်။
"အားလုံး အဆင်သင့် ပြင်ထား။ ငါ့အမိန့်ကို အာရုံစိုက်ပြီး နားထောင်”
စူးချင်းက သူမ၏ မှန်ပြောင်းကို မြှောက်ကာ ထပ်ကြည့်လိုက်ပြီး မီးတိုင်များ၏ အလင်းရောင်အောက်တွင် ရှည်လျားသော နဂါးကြီးကူးခတ်နေသကဲ့သို့ သင်္ဘောကျင်းဆီ ချဥ်းကပ်လာနေသည့် စစ်သည်များကို လှမ်းမြင်လိုက်ရသည်။ သူမက သူမ၏လက်ကို အေးအေးဆေးဆေး မြှောက်လိုက်ပြီး ကျန်းကျင့်လင်းနှင့် အခြားလူများကို မော်တာများ အဆင်သင့်ပြင်ရန် အချက်ပြလိုက်သည်။ ထို့နောက် ထိုလူများ နီးကပ်လာမှ ပစ်ခိုင်းရန် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြန်သည်။
မော်တာကျည်က အကန့်အသတ်ရှိသောကြောင့် ရန်သူများကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ရမည် ဖြစ်သည်။ ကျန်းကျင့်လင်းက နောက်ကွယ်မှ ခိုးဝင်တိုက်ခိုက်မှုကို ရှောင်ရှားရန် အစောင့်ထားဖို့ ပြင်ဆင်နေခဲ့သည်။ ထို့နောက် စူးချင်း၏အမိန့်သံကို သူ ကြားလိုက်ရသောကြောင့် မော်တာကို အဆင်သင့်ပြင်ကာ စူးချင်း၏လက်ဟန်အမူအရာကို ရင်တထိတ်ထိတ် စောင့်ကြည့်နေရတော့သည်။
“ဘယ်ဘက် ဒီဂရီ သုံးဆယ်... ပစ်”
စူးချင်းက အော်ဟစ်အမိန့်ပေးနေရင်း တပြိုင်နက်တည်း သူမ၏လက်ကို ချက်ချင်း အောက်ပြန်ချလိုက်သည်။ ကျန်းကျင့်လင်းက စူးချင်း ပြောလိုက်သည့် ညွှန်ရပ်အတိုင်း အမြန် ချိန်ညှိပြီး ပစ်ခတ်လိုက်သည်။
ဝူးခို့အိမ်ရှေ့စံမင်းသားက သူ့၏သက်တော်စောင့်များနှင့်အတူ သင်္ဘောဆိပ်ကမ်းဆီသို့ ပြေးလွှားချီတက်လာကြသည်။ သူတို့အားလုံးက သစ်သားညှပ်ဖိနပ်များ ဝတ်ဆင်ထားပြီး ပြေးလွှားနေချိန်တွင် ခြေသံများ ထွက်ပေါ်နေပြီး သူတို့ အရှိန်ကို ပိုနှေးကွေးစေသည်။ ထိုအချိန်တွင် ရုတ်တရက် လေထဲမှ “ဝှီးခနဲ” အသံတစ်ခု ကြားလိုက်ရပြီး အိမ်ရှေ့စံမင်းသားက သူ့ခြေလှမ်းကို ရပ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။
"ဝှီး... ဗုန်း! အုန်း!"
မော်တာကျည်က သူ့၏အနောက်ဘက် မီတာငါးဆယ်အကွာခန့်သို့ ပြုတ်ကျလာသည်။ ပေါက်ကွဲသံကြောင့် သူ၏နားများ ပင်းသွားတော့မလို ခံစားလိုက်ရပြီး ပေါက်ကွဲမှု့၏အရှိန်ကြောင့် သူလည်း လွင့်ပျံသွားရသည်။ ကံကောင်းထောက်မစွာဖြင့် သူက လုံလောက်သော အဝေးတွင် ရှိနေပြီး အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
"မြန်မြန် လူစုခွဲကြစမ်း"
အိမ်ရှေ့စံမင်းသားက အလွန်ထက်မြက်ပြီး လိမ္မာပါးနပ်လွန်းလှသည်။ သူက သူ့လူများကို လူစုခွဲပြီး ပုန်းအောင်းရန် အလျင်အမြန် အမိန့်ပေးနိုင်ခဲ့သည်။ သို့သော်လည်း သူ့၏အမိန့်ပေးသံ မဆုံးမီတွင် နောက်ထပ် မော်တာကျည်တစ်လုံး ထပ်ပြုတ်ကျလာပြီး သူ့၏ဘယ်ဘက်၌ ပေါက်ကွဲသွားပြန်သည်။ ထိုပေါက်ကွဲမှုကလည်း အိမ်ရှေ့စံမင်းသားကို နောက်သို့ ပြန်တက်သွားစေပြီး သူ့ခြေထောက်ရှိ သစ်သားဖိနပ်က လေထဲလည်း လေထဲသို့ လွင့်ပျံသွားသည်။ သူ ပြန်ပြုတ်ကျလာချိန်တွင် ထိုသစ်သားဖိနပ်က သူ့မျက်ပေါ်သို့ ပြုတ်ကျကာ သူ့မျက်နှာတစ်ခုလုံး သွေးများ ဖုံးလွှမ်းသွားတော့သည်။
"လူသတ်လက်နက်ကြီးတွေ၊ အစုလိုက်အပြုံလိုက် သတ်နိုင်တဲ့ လူသတ်လက်နက်ကြီးတွေ"
အိမ်ရှေ့စံမင်းသားက အော်ဟစ်လိုက်ပြန်သည်။
ဒါက ဒဏ္ဍာရီလာ အင်အားပြင်း လူသတ်လက်နက်ကြီးတွေလေ၊ သူ ရရှိဖို့ ကြိုးပမ်းအားထုတ်နေခဲ့တဲ့ လက်နက်ကြီးတွေ။
အခုတော့ သူ ဒီလူသတ်လက်နက်တွေရဲ့ အစွမ်းကို သူကိုယ်တိုင် မြည်းစမ်းနေရပြီ။ သူ့ရဲ့သိုင်းပညာက ဘယ်လောက်ပဲ မြင့်နေပါစေ၊ အခုအချိန်မှာ ဘာမှ အသုံးမဝင်တော့ဘူး။ ဒီလူသတ်လက်နက်ကြီးတွေရဲ့ အရှေ့မှာ သူ ပစ်ချက်တစ်ချက်ကိုတောင် တောင့်မခံနိုင်ခဲ့ဘူး။
“နင်ဂျာတွေကို ခေါ်လိုက်”
အိမ်ရှေ့စံမင်းသား၏ မျက်လုံးများက သွေးထွက်လုနီး နီရဲနေပြီး နင်ဂျာများကို သွားခေါ်ရန် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
သူတို့ကို ပြောင်ပြောင်တင်းတင်း အနိုင်မယူနိုင်မှတော့ ခိုးဝင်တိုက်ခိုက်ပြီး လူသတ်လက်နက်ကြီးတွေကို လုယူရမယ်။
ပေါက်ကွဲမှုကြောင့် မီးတောက်များ လောင်ကျွမ်းနေပြီး အိမ်ရှေ့စံမင်းသားရှိနေသည့် ဘက်ခြမ်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထို့ပြင် စူးချင်းထံတွင် မှန်ပြောင်းလည်း ရှိနေသောကြောင့် သူမက အိမ်ရှေ့စံမင်းသား၏ ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုများကို အတိုင်းသားမြင်နေရသည်။ စူးချင်းက ကျန်းကျင့်လင်းကို ထပ်အမိန့်ပေးလိုက်သည်။
“ပြောင်းဝကို ဘယ်ဘက် လေးဆယ့်ငါးဒီဂရီရောက်အောင် လှည့်လိုက်”
ကျန်းကျင့်လင်းက ပြောင်းဝကို အမြန် လှည့်လိုက်ပြီး စူးချင်း၏ အမိန့်ကို ထပ်စောင့်နေသည်။
“ပစ်”
စူးချင်းက ဦးထုပ်ကို လှမ်းကောက်နေသည့် မင်းသားကို မြင်သွားပြီး ကျန်းကျင့်လင်းကို အမိန့်ပေးလိုက်သည်။
ကျန်းကျင့်လင်းကလည်း ချက်ချင်း ပစ်ခတ်လိုက်သည်။ သို့သော် အိမ်ရှေ့စံမင်းသားက အန္တရာယ်ကို သတိပြုမိပုံရပြီး လေတိုးသံကို ကြားသည်နှင့် ရှိနေသည့်နေရာမှ ချက်ချင်း ပြေးထွက်သွားသည်။ မော်တာကျည်က သူ့၏အနောက်သို့ ကျရောက်သွားပြီး မြေပြင်ပေါ်မှ ကျောက်တုံးကျောက်ခဲများ ကောင်းကင်ပေါ်သို့ လွင့်စင်သွားကာ နေရာအနှံ့သို့ ပြန်ပြုတ်ကျလာသည်။
အိမ်ရှေ့စံမင်းသားက ပေါက်ကွဲမှုကြောင့် သိသိသာသာ ဖုသွားသော သူ့နဖူးကို လက်ဖြင့် အုပ်ထားရင် လှေသင်္ဘောဆိပ်ဆီသို့ မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ နောက်ပိုင်းတွင် သူက သူ့ကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေသလို ခံစားနေရပြီး ပုန်းခိုနေရာမှ မထွက်ရဲတော့ပေ။
"မီးတိုင်တွေ အားလုံးကို မြန်မြန် ငြိမ်းလိုက်ကြစမ်း"
အိမ်ရှေ့စံမင်းသားက သူ့၏လက်အောက်ငယ်သားများကို အော်ဟစ်အမိန့်ပေးလိုက်သော်လည်း နောက်ပိုင်းတွင် ၎င်းက အသုံးမဝင်တော့ကြောင်း သူ သိလိုက်ရသည်။ မော်တာကျည်များ ပေါက်ကွဲခဲ့သည့် နေရာများမှ မီးတောက်ကြီးများထက် မီးတိုင်များထက် အဆပေါင်းများစွာ ပိုမိုတောက်ပနေပြီ ဖြစ်သည်။
သို့သော်လည်း သူက သင်ခန်းစာကို မြန်မြန် သင်ယူနိုင်ခဲ့သည်။ သူက သူ့ကိုယ်သူ လူရိပ်ထွက် မပြတော့သလို သူ့လက်အောက်ငယ်သားများကိုလည်း လှည့်ပတ်ပြေးခွင့် မပေးတော့ပေ။ သူက သူ့လူများကို လူစုခွဲစေပြီး အမှောင်ဆုံးနေရာများ၌ ပုန်းအောင်းနေစေသည်။ ထို့နောက် အမှောင်ကို အားကိုးပြီး လှေသင်္ဘောဆိပ်ဆီသို့ တရွေ့ရွေ့ ချဥ်းကပ်သွားရန် အမိန့်ပေးလိုက်သည်။ သူတို့က အမှောင်ထဲတွင် ပြေးလွှားနေသော ကြွက်များကဲ့သို့ ရှေ့တိုးလာကြသည်။
သို့သော်လည်း ထိုအရာက စူးချင်းအတွက် ပြဿနာ မဟုတ်ဘဲ သူမကို တားဆီးရန် မဖြစ်နိုင်ပေ။ သူမက စနစ်ထဲမှ ရှောင်ချီကို အမိန့်ပေးလိုက်သည်။
"အပူခြေရာခံစနစ်ကို အသက်သွင်းလိုက်"
အပူခြေရာခံစနစ်ကို ဖွင့်လိုက်တာနဲ့ နံရံရဲ့နောက်ကွယ်မှာ ပုန်းနေရင်တောင် အသုံးမဝင်တော့ဘူး။
သခင်၏အမိန့်ကို ကြားသည်နှင့်တပြိုင်နက် ရှောင်ချီက အပူခြေရာခံစနစ်ကို ပြေးဖွင့်လိုက်သည်။ စူးချင်းက သူမတို့ကို ဝန်းရံလှုပ်ရှားနေသော ပုံရိပ်များကို မြင်သွားပြီ ဖြစ်သည်။
"အား"
အနောက်ဘက်မှ အော်သံတစ်ခု ထွက်လာသည်။ ကျန်းကျင့်လင်းက အနောက်ဘက်တွင် စောင့်ကြည့်ရန် စစ်သည်များ စေလွှတ်ထားခဲ့ပြီး ယခု ထိုစစ်သည်များ သေဆုံးသွားသော်လည်း ကျန်းကျင့်လင်းနှင့် သူ့လူများအပြင် အခြားမည်သူ့ကိုမျှ မတွေ့ရပေ။
နင်ဂျာတွေ ရောက်လာတာလား?
ဒီလူတွေက လုပ်ကြံသတ်ဖြတ်ဖို့နဲ့ ခိုးဝင်တိုက်ခိုက်ဖို့ အထူးလေ့ကျင့်ထားတဲ့သူတွေပဲ။ သူတို့က အနက်ရောင်၀တ်စုံတွေ ဝတ်လေ့ရှိပြီး နောက်ကွယ်ကနေ တိတ်တဆိတ် ချဉ်းကပ်လာကြလိမ့်မယ်။ တစ်ဖက်လူနဲ့ အနီးဆုံးအထိ တိုးလာပြီးမှ တချက်တည်း သတ်ပစ်လေ့ရှိတယ်။ ဒီလူတွေရဲ့ သိုင်းပညာက ရက်စက်ကြမ်းကြုတ်ပြီး လူကိုတောင် မမြင်ရဘဲ အသတ်ခံနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလူတွေကို ရင်ဆိုင်ဖို့က ခက်ခဲတယ်လို့ပဲ ပြောရတော့မယ်။
စူးချင်းက သူမ၏ခါးမှ ဓားပျော့ကို ဆွဲဖြုတ်လိုက်ပြီး မော်တာ၏ရှေ့တွင် ဝင်ရပ်လိုက်သည်။ လေက သူမ၏ဆံပင်များ ဖရိုဖရဲဖြစ်သည်အထိ တိုက်ခတ်နေသော်လည်း သူမ၏အေးစက်သော မျက်လုံးများက အရှေ့ကိုသာ တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေသည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်အဝတ်စတစ်ခု သူမဘေးသို့ လွင့်မျောလာသည်။