အခန်း (၅၉၆)
Vol. 40 Ch. 596
ကျန်းကျင့်လင်းနှင့် သူ့လက်အောက်ငယ်သားများက အနက်ရောင်၀တ်စများ သူတို့ဆီသို့ ချဉ်းကပ်လာသည်ကို သတိမထားမိကြသေးပေ။ ရုတ်တရက် ထိုအနက်ရောင်အ၀တ်စများထဲမှ မြွေနှင့်တူသော မျက်လုံးတစ်စုံ ထွက်ပေါ်လာပြီး ဘေးဘက်သို့ ရွေ့လျားသွားပြန်သည်။ ထို့နောက် အေးစက်သောအလင်းရောင်နှင့်အတူ ထက်ရှသောဓားတစ်ချောင်း ထွက်ပေါ်လာပြီး စူးချင်း၏နောက်ကျောသို့ တိုးဝင်လာသည်။
ကျန်းကျင့်လင်းကလည်း ရုတ်တရက် လှည့်ကြည့်လိုက်ပြီး စူးချင်းဆီသို့ ပြေးဝင်သွားသည့် နင်းဂျာနှစ်ယောက်ကို မြင်လိုက်ရသည်။ သူက စူးချင်းကို ကယ်တင်ရန် အမြန် ပြေးသွားခဲ့သော်လည်း နောက်ထပ်နင်ဂျာနှစ်ယောက်က သူ့ကို တစ်ပြိုင်နက် ပိတ်ဆို့တားဆီးလိုက်ကြသည်။ နောက်ဆုံးတွင် ကျန်းကျင့်လင်လည်း ရှေ့ဆက်မတိုးနိုင်တော့ဘဲ စူးချင်းကို စိုးရိမ်တကြီး အော်ဟစ်သတိပေးရုံသာ တတ်နိုင်တော့သည်။
"မယ်မယ်၊ သတိထား"
သူ အော်ပြောပြီးသည်နှင့် တပြိုင်နက် မြေပြင်ပေါ်သို့ တစ်ယောက်ယောက် လဲပြိုကျသွားသည့်အသံကို သူ ကြားလိုက်ရသည်။ ကျန်းကျင့်လင်းတစ်ယောက် ထိတ်လန့်လွန်းသောကြောင့် သူ့နှလုံးသားကြီး ချိုင့်ဝှမ်းအောက်ခြေသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သို့သော် သူ မြင်လိုက်ရသည်က မြေပြင်ပေါ်တွင် လဲကျနေသော အနက်ရောင်ဝတ်အမျိုးသားတစ်ဦး ဖြစ်နေပြီး စူးချင်းက သူမ၏ဓားပျော့ကို ကိုင်ဆောင်ကာ ထိုအလောင်းကို အေးစက်သောအမူအရာဖြင့် လှမ်းကြည့်နေသည်။
ထိုအချိန်မှ ကျန်းကျင့်လင်းလည်း သက်ပြင်းချနိုင်တော့သည်။ သို့သော် သူ အာရုံပျံ့လွင့်သွားသောကြောင့် သူ့ရှေ့မှ နင်ဂျာနှစ်ယောက်က ထိုအခွင့်အရေးကို အသုံးချကာ သူ့ရင်ဘတ်ကို ဓားဖြင့် လှမ်းထိုးလိုက်ကြသည်။
ကျန်းကျင့်လင်းက ထိုအထဲမှ ဆာမူရိုင်းဓားတစ်ချောင်းကိုသာ ပိတ်ဆို့နိုင်ခဲ့ပြီး အခြား ဆာမူရိုင်းဓားတစ်ချောင်းကတော့ သူ့ရင်ဘတ်ဆီသို့ တည့်တည့် တိုးဝင်လာသည်။
"ငါ လာပြီ"
ကျန်းကျင့်လင်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ပြေးဝင်လာကာ ကျန်းကျင့်လင်းကို ဓားဖြင့် ထိုးနေသည့် နင်ဂျာကို လွင့်စင်သွားအောင် ကိုယ်လုံးဖြင့် ဝင်တိုက်လိုက်သည်။
ထိူလူက ကျုံးယုံဖြစ်ပြီး သူက ဤနေရာအထိ တလမ်းလုံး အော့အန်လာခဲ့သည်။ သို့သော် ဆရာဖြစ်သူကို မြင်လိုက်သည်နှင့် သူ ချက်ခြင်း အားမာန်ပြည့်လာပြီး ခြေလှမ်းကျယ်ကြီးများဖြင့် ပြေးလာခဲ့သည်။ ယခု နင်ဂျာတစ်ယောက်ကို ဝင်တိုက်ပြီးနောက် သူ ဆက်မထိန်းထားနိုင်တော့ဘဲ ထပ်အန်နေပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ သူ့၏အန်ဖတ်များက တစ်စက်ပင် အလေအလွင့်မဖြစ်သွားဘဲ နင်ဂျာ၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။
ထိုနင်ဂျာကလည်း ရွံရှာဟန်ဖြင့် ထိုးအန်တော့သည်။ ကျုံးယုံက သူ့နားသို့ ချဥ်းကပ်သွားပြီး သူ့လည်ဂုတ်ကို ဖမ်းဆွဲကာ သူ့ခေါင်းကို မြေပြင်ပေါ်သို့ စောင့်ရိုက်ချလိုက်သည်။
သနားစရာကောင်းသည့် နင်ဂျာကတော့ ထိုမျှဆိုးရွားသော ပုံစံဖြင့် သေဆုံးသွားရရှာသည်။ သူ့မျက်နှာတစ်ပြင်လုံးတွင် အန်ဖက်များ ပေပွနေပြီး သူ့ခေါင်းတစ်ခုလုံးက ကျုံးယုံကြောင့် မြေကြီးထဲသို့ စိုက်ဝင်နေရသည်။ သူ သေသွားပြီးချိန်တွင်တောင် ကုန်းကုန်းကွကွ ဖြစ်နေခဲ့သည်။
ကျုံးယုံ ထိုနင်ဂျာအား သတ်ဖြတ်နေစဉ်တွင် စူးချင်းက သူမကို ချောင်းမြောင်းတိုက်ခိုက်ရန် အခွင့်အရေး စောင့်နေသော နောက်ထပ်နင်ဂျာနှစ်ယောက်ကို သတ်ခဲ့ပြီး ဖြစ်သည်။
ကျန်ရှိနေသော နင်ဂျာများကလည်း ၎င်းတို့၏ပျောက်ကွယ်နိုင်သော မှော်ပညာ ပျက်ဆီးသွားပြီဟုပင် တွေးနေကြသည်။
သို့သော် သူတို့ သံသယဝင်ရန်သာ အခွင့်အရေး ရလိုက်ပြီး သူတို့ အသက်ရှင်နေစဥ်အတွင်း ရှင်းရှင်းလင်းလင်း သိသွားခွင့် မရှိတော့ပေ။ စူးချင်းက သူတို့ကို ဓားတစ်ချက်စီဖြင့် ငရဲဘုရင်ဆီသို့ ပို့ဆောင်ပေးလိုက်ပြီ ဖြစ်သည်။
"ငါ မင်းကို ခေါ်လာခိုင်းတဲ့ တံငါသည်တွေကို ခေါ်လာခဲ့လား?"
ကျုံးယုံက မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေပြီး အော့အန်နေသော်လည်း စူးချင်းက သူ့ကို လှမ်းမေးလိုက်သည်။
ဒါက တကယ်ကို အလုပ်မဖြစ်ဘူး။ အလယ်ပိုင်းလွင်ပြင်ကလူတွေ ရေထဲရောက်လာရင် ပင်လယ်ထဲမှာ လှိုင်းမူးနေကြလိမ့်မယ်။ လှိုင်းမူးနေရင် ရန်သူကို ဘယ်လို ခုခံပြီး ဘယ်လို တိုက်ခိုက်ကြမှာတုန်း။
"သူတို့အားလုံး ရောက်လာပြီ၊ ဟိုမှာ ရှိတယ်"
ကျုံးယုံက သူ့မျက်ရည်များကို သုတ်နေရင်း မတ်တပ်ထရပ်လိုက်သည်။ သူက သူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အန်ချင်နေသေးသည်ကို ခံစားနေရသော်လည်း တောင်စောင့်အောက်တွင် ရပ်နေသည့် တံငါသည်တချို့ကို ညွှန်ပြရင်း စူးချင်း၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
“သူတို့အားလုံးက ကျွမ်းကျင်တဲ့ တံငါသည်တွေပါ၊ သူတို့အားလုံးမှာ ဒီပင်လယ်ဓားပြတွေနဲ့ အဆုံးမသတ်နိုင်တဲ့ မုန်းတီးမှုတွေ ရှိတယ်တဲ့”
“ကောင်းပြီ၊ မင်း သူတို့ကို ခေါ်ပြီး မင်းတို့ တက်နိုင်သလောက် လှေသင်္ဘောတွေအားလုံးကို ပြန်ယူသွား။ ပြီးရောက်တာနဲ့ ကျန်တဲ့တပ်တွေကို ပြန်ခေါ်လာခဲ့။ ဒီဝူးခို့တွေကို ပြားပြားဝပ်တဲ့အထိ သုတ်သင်ပစ်မယ်”
စူးချင်း၏လေသံက လုံးဝ တည်ငြိမ်နေပြီး မသိလျှင် သူမ မိုးလေဝသအကြောင်း ပေါ့ပေါ့ပါးပါး ပြောနေသလိုပင် ထင်ရစေသည်။
"ကောင်းပြီလေ၊ ဒီအယုတ်တမာဝူးခို့တွေကို သုတ်သင်ဖို့ ဆရာကို အဖော်ပြုပေးမယ်"
ကျုံးယုံက တိုက်ပွဲကို စောင့်မျှော်နေဟန်ဖြင့် ကြွေးကြော်လိုက်သည်။
"သွား၊ အခု ချက်ချင်း လူသွားပြန်ခေါ်တော့"
စူးချင်းက ကျုံးယုံ၏ ကြွေးကြော်သံကို ဆက်နားမထောင်တော့ဘဲ ထိပ်တန်းစစ်သည်တစ်ထောင်ကို ပြန်လည်ခေါ်ဆောင်လာရန် အမိန့်ပေးလိုက်သည်။
ကျွန်းကို သိမ်းပိုက်ဖို့က လွယ်တယ်၊ ပြန် မပေးရအောင် ခုခံဖို့က မလွယ်ဘူး။
လက်ရှိမှာတောင် ပြန့်ကျဲနေတဲ့ ဝူးခို့စစ်သည်တွေနဲ့ စစ်သူကြီးတွေ အများကြီး ဖြစ်နေပြီ။ သူမက မြို့ကို ဖောက်ဝင်ဖို့ မ်ောတာကျည်တွေကို သုံးရုံပဲ တတ်နိုင်တယ်၊ မြို့ထဲကို ဝင်ပြီး ရှင်းလင်းရေးလုပ်ဖို့က စစ်သည်တွေရှိမှ ဖြစ်မှာလေ။
“ဆရာ၊ ကျွန်တော် မသွားနိုင်ဘူး။ ပြန်သွားရင် အန်ရ ကျွန်တော် သေသွားလိမ့်မယ်။ စစ်သူကြီးကျန်းကို ပြန်သွားခိုင်းပြီး တပ်ဖွဲ့တွေကို ဦးဆောင်ခွင့်ပေးလိုက်ပါ”
ကျုံးယုံက သူ့ခေါင်းကြီး ပလုတ်တုတ်ကဲ့သို့ ယမ်းခါနေအောင် ငြင်းဆန်နေသည်။
သူ အဲ့လှိုင်းလုံးကြီးတွေကို အရမ်းကြောက်နေပြီ။ အဲ့လှိုင်းကြီးတွေက အဆက်မပြတ် လှုပ်ခါနေပြီး သူ မနေ့ညက စားခဲ့တဲ့ ညစာတွေကိုအကုန်လုံးကိုတောင် ပြန်အန်ထုတ်လိုက်ရပြီ။
"ကောင်းပြီ စစ်သူကြီးကျန်း၊ အခုတော့ မင်းပဲ အလုပ်ကြိုးစားရတော့မှာပေါ့"
စူးချင်းက ကျုံးယုံတစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံထားရသလို ပင်ပန်းနွယ်နယ်နေသည်ကို မြင်နိုင်ပြီး ကျန်းကျင်းလင်အား တပ်ဖွဲ့များ ပြန်ခေါ်ရန် စေလွှတ်လိုက်သည်။
ကျန်းကျင့်လင်းကလည်း ချီတုံချတုံ ဖြစ်နေသေးသည်။
သူ ထွက်သွားပြီးမှ ဧကရီ အန္တရာယ်တစ်ခုခု ဖြစ်လာရင် ဘယ်လို လုပ်ကြမလဲ?
"ငါက ဘယ်သူရဲ့ အကာအကွယ်ကိုမှ မလိုအပ်ဘူး" စူးချင်းက သူ၏စိုးရိမ်ပူပန်မှုကို မြင်နိုင်ပြီး စကားတစ်ခွန်း ထပ်ပြောလိုက်သည်။
ထိုအချိန်မှ ကျန်းကျင့်လင်း၏ ချောမောသော မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
ဟုတ်သားပဲ၊ အခုန အန္တရာယ်ကျရောက်ခဲ့တာက သူလေ။ ဧကရီမယ်မယ်ပြောတာ မှန်တယ်။ သူမက လုံလောက်တဲ့ စွမ်းအားရှိပြီး သူမကို ကာကွယ်ပေးဖို့ ဘယ်သူကိုမှ မလိုအပ်ဘူး။
တာ့ထန်အင်ပါယာတစ်ခုလုံးမှာတောင် သူတို့ရဲ့ဧကရီမယ်မယ်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ ဧကရာဇ်မင်းမြတ်တောင်မှ သူမရဲ့ရှေ့မှာ နှိမ်နှိမ်ချချ ပြုမူရတယ်။
“အချိန်မဖြုန်းနဲ့။ အခု သွားတော့၊ မိုးမလင်းခင် ရောက်အောင် ပြန်လာ"
စူးချင်းက အမိန့်ပေးလိုက်ပြီး ကျန်းကျင့်လင်းကလည်း အချိန်ကို တွက်ဆပြီး အချိန်မလောက်ကြောင်း နားလည်သွားသည်။ သူက လှေသင်္ဘောများကို လုယူရန် တံငါသည်များကို အလျင်စလို ခေါ်ဆောင်သွားသည်။
အကြီးဆုံးလှေသင်္ဘောကို လုယူရမည်မှာ သေချာနေပြီး ထိုလှေသင်္ဘောက စစ်သည်ရာနှင့်ချီ၍ တင်ဆောင်ရန် အဆင်ပြေနိုင်သည်။ ထို့အပြင် ကျန်းကျင့်လင်က လူဆယ်ချီဆန့်သော လှေသင်္ဘောနှစ်စင်းကိုလည်း လုယူရန် ကြံရွယ်ထားခဲ့သည်။
သူတို့နှင့်အတူ တံငါသည်အနည်းငယ်သာ ခေါ်ဆောင်လာခဲ့ပြီး ဤကဲ့သို့သော လှေသင်္ဘောကြီးကို အဝေးသို့ ရွက်လွှင့်ရန် လူအနည်းငယ်ကို အတူတကွ လုပ်ဆောင်ရန် လိုအပ်နေသေးသည်။
ထို့ကြောင့် သူက ဤလှေသင်္ဘောသုံးစင်းကိုသာ အရင် သိမ်းယူသွားရန် စီစဥ်ထားပြီး ကျန်နေသည့်လှေသင်္ဘောများကိုတော့ တုန်းယန်ပြည်ထောင်ကို ဖြုတ်ချပြီးသည်အထိ စောင့်ပြီးမှ ပြန်ယူသွားရန် တွေးထားခဲ့သည်။
"မယ်မယ်၊ ကျွန်တော်မျိုး ထွက်သွားပြီးရင် မယ်မယ် မဖြစ်မနေ သတိထားရပါမယ်"
ကျန်းကျင့်လင်းက သူ ထွက်မသွားခင် စူးချင်းကို စိုးရိမ်ပူပန်စွာ သတိပေးနေလေသည်။
"ကောင်းပြီ၊ မြန်မြန်သွားပြီး မြန်မြန်ပြန်လာ"
စူးချင်းက သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ ဆက်လက် မှာတမ်းမခြွေနိုင်ရန် တားဆီးလိုက်သည်။
စစ်ဖြစ်နေပါတယ်ဆိုမှ တခြားအရာတွေကို ဂရုစိုက်ဖို့ အချိန်မရှိတော့ဘူး။
ကျန်းကျင့်လင်းလည်း ဘာမှမတတ်နိုင်တော့ဘဲ ရွက်လွှင့်ရန်အတွက် တံငါသည်များနှင့် ကျုံးယုံ ခေါ်ဆောင်လာသော စစ်သည်များကို ဦးဆောင်ပြီး စတင်ထွက်ခွာရတော့သည်။
ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေသင်္ဘောများကို သိမ်းယူရန်ကလည်း အလွန်အန္တရာယ်များလှသည်။ ကုန်းပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ်နေသော ပေါက်ကွဲမှုများကြောင့် ကြောက်လန့်နေသည့် စစ်သည်အချို့က လှေသင်္ဘောများပေါ်တွင် ပုန်းခိုနေကြသည်။
ကျန်းကျင့်လင်းတို့အဖွဲ့ လှေသင်္ဘောများပေါ်သို့ တက်သွားချိန်တွင် ထိုလူများနှင့် ရင်ဆိုင်မိပြီး တိုက်ပွဲဖြစ်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
စူးချင်း၏ ဘက်ခြမ်းတွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး နင်ဂျာများပင် ထပ်ရောက်မလာတော့ပေ။
သို့သော် စူးချင်းက လေထဲမှ အန္တရာယ်ရောင်ဝါကို ခံစားနိုင်ဆဲဖြစ်သည်။ အမှောင်ထဲတွင် သူမတို့ကို စိုက်ကြည့်နေသည့် မရေမတွက်နိုင်သော မျက်လုံးများ ရှိနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိနေခဲ့သည်။
ဝူးခို့အိမ်ရှေ့စံမင်းသားကလည်း သူ့လက်အောက်ငယ်သားများ အစီရင်ခံနေသည့် သတင်းအချက်အလက်များကို နားထောင်နေခဲ့သည်။ သူ ဂုဏ်ယူအားကိုးရသော နင်ဂျာများကို စူးချင်း သတ်လိုက်သည့်အကြောင်း ကြားလိုက်ရချိန်တွင် သူ ဒေါသထွက်လွန်းသောကြောင့် သွေးများပင် အန်ထွက်လာတော့သည်။
ဒီလူတွေရဲ့ အလစ်ခိုးဝင်တိုက်ခိုက်မှုတွေကတောင် သူတို့ကို မသတ်နိုင်တော့ဘူးလား? သူတို့က ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ?
ရန်သူဘက်မှ ခေါင်းဆောင်က အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြောပြနေသည့် သူ့လက်အောက်ငယ်သား၏စကားကို ကြားလိုက်ရချိန်တွင် အိမ်ရှေ့စံမင်းသားက ဖနောင့်ပေါက်ကာ သူ့ပေါင်ကိုသူ ပြင်းပြင်းထန်ထန် ပြန်ရိုက်လိုက်သည်။
ဒီအမျိုးသမီးက တာ့ထန်အင်ပါယာရဲ့ ဧကရီဖြစ်နိုင်လား?
ထိုအတွေး သူ့စိတ်ထဲ၌ ပေါ်လာသည်နှင့်တပြိုင်နက် အိမ်ရှေ့စံမင်းသားက အကြီးအကျယ် စိတ်လှုပ်ရှားသွားလေသည်။
ငါ သူမကို ဖမ်းချင်တာတောင် ဖမ်းလို့ မရခဲ့ဘူး၊ အခုတော့ သူမဘာသာ ငါ့တခါးဝဆီ ရောက်လာခဲ့တာပဲ။
သို့သော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် နောက်ထပ်အတွေးတစ်ခုဝင်လာပြန်သည်။
ဒီအမျိုးသမီးရဲ့လက်ထဲတွင် လူသတ်လက်နက်ကြီးတစ်ခု ရှိတယ်လေ။ လောလောဆယ် သူမအနားကို ဘယ်သူမှ မကပ်နိုင်ကြဘူး။
ငါ ဘာလုပ်ရမလဲ?
နောက်ဆုံးတွင် ထိုလက်နက်ကြီးများ မည်မျှကြောက်စရာကောင်းသည်ကို သိသွားသည့် အိမ်ရှေ့စံမင်းသားလည်း အလွန်အမင်းတုန်လှုပ်နေပြီ ဖြစ်သည်။ ထို့အပြင် တရိပ်ရိပ်တက်လာသာ ဒေါသလှိုင်းလုံးများကလည်း သူ့ရင်ဘတ်ကို တိုးဝင်ဆောင့်တိုက်နေပြန်သည်။
သူတို့ မိန်းမတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ခဲ့ကြဘူး။ အခုတော့ ဝူးခို့အမျိုးသားတွေ အားလုံး မျက်နှာပျက်ကြရပြီ။
ဒါပေမယ့် ဒါက လူသတ်လက်နက်ကြီးတွေကြောင့် အရှုံးပေးလိုက်ရတာပါ၊ ဘာမှ ရှက်နေဖို့ မလိုဘူး။
"သူတို့ ဘာတွေလုပ်နေကြတာလဲ?"
သူ့ကိုယ်သူ အတွေးဖြင့် နှစ်သိမ့်နေသည့် အိမ်ရှေ့စံမင်းသားက တစ်ဖက်မှ လှုပ်ရှားမှုကို သတိပြုမိသွားပြီး သူ့လက်အောက်ငယ်သားများကို လှမ်းမေးလိုက်သည်။ တစ်ဖက်တွင် စူးချင်းက တိုက်ခိုက်ခြင်းကို ရပ်တန့်ထားပြီး လူအနည်းငယ်နှင့် စကားပြောနေခဲ့သည်။ သူတို့က ဖာထေးထားသော ပိတ်ကြမ်းအင်္ကျီများကို ၀တ်ဆင်ထားပြီး သာမန်တံငါသည်များဖြစ်မှန်း သိသာနေသည်။
"ကျွန်တော်မျိုး မသိပါဘူး"
သက်တော်စောင့်တချို့က ခေါင်းယမ်းကာ ပြန်ဖြေလိုက်ပြီး သူတို့လည်း ဇဝေဇဝါ ဖြစ်နေရသည်။
သူတို့က တံငါသည်တွေကို အသုံးချပြီး ငါတို့ကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား? ဒါက ရထားလုံးကို တားဆီးဖို့ ကြိုးစားနေတဲ့ ရှိခိုးကောင်လို အချည်းနှီးဖြစ်သွားမှာ သေချာတယ်။
“သေစမ်း၊ အဲဒီလူတွေက တံငါသည်တွေ။ ငါတို့ရဲ့လှေသင်္ဘောတွေကို ခိုးဖို့ ပြင်နေတာ ဖြစ်နိုင်တယ်”
သန္တာကျောက်တန်းများ၏နောက်ကွယ်တွင် ပုန်းအောင်းရင်း စူးချင်းကို စောင့်ကြည့်နေသည့် အိမ်ရှေ့စံမင်းသားက သူမ တံငါသည်များအား သင်္ဘောဆိပ်ကမ်းဆီသို့ သွားခိုင်းနေသည်ကို မြင်သွားပြီး သူ ချက်ချင်း နားလည်သွားခဲ့သည်။
ဒီလူတွေက စစ်သင်္ဘောတွေကို လုယူချင်နေတာပဲ။ သူတို့မိသားစုတောင်မှ ဒီလှေသင်္ဘောအသစ်ကြီးတွေကို ရက်အနည်းငယ်ပဲ အသုံးပြုရသေးတယ်။ ဒီလူတွေကို ယူသွားခွင့်မပေးနိုင်ဘူး။
အိမ်ရှေ့စံမင်းသားက သူ့လူများကို လှေသင်္ဘောကြီးများဆီသို့ ချက်ချင်း စေလွှတ်လိုက်ပြီး လှေသင်္ဘောကြီးများအတွက် တိုက်ပွဲတစ်ပွဲ စတင်လာပြန်သည်။
အကယ်၍ ပုံမှန်တိုက်ပွဲတစ်ခုဆိုလျှင် အိမ်ရှေ့စံမင်းသားဘက်မှ လူအင်အားအရ ကျန်းကျင့်လင်းတို့အဖွဲ့ အလွယ်တကူ ချေမှုန်းခံရမည်ဖြစ်သည်။ တိုက်ရိုက်စီးချင်းထိုးရမည်ဆိုပါက လူအင်အားနည်းသည့်ဘက်ကမှ တောင့်ခံရန် မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော်လည်း ကျန်းကျင့်လင်တို့ဘက်တွင် လူသတ်လက်နက်ကြီးများရှိနေသောကြောင့် တစ်ဖက်လူများက ရှေ့တိုးရန်ပင် တွက်ဆကာ တရွေ့ရွေ့ချဥ်းကပ်နေရသည်။
အိမ်ရှေ့စံမင်းသားက သူ့နောက်လိုက်များကို မှောင်ရိပ်ခိုကာ အပြင်ထွက်စေပြီး ကျန်းကျင်လင်တို့အဖွဲ့ကို ပစ်မှတ်သဖွယ်မှတ်ယူပြီး လေ့ကျင့်ရန် အမိန့်ပေးလိုက်သည်။
အဲ့ဒါဆိုရင် သူတို့ပိုင်တဲ့ လှေသင်္ဘောတွေကို ထိန်းသိမ်းနိုင်တဲ့အပြင် သူတို့ရဲ့လက်နက်ကြီးတွေကိုပါ သိမ်းယူနိုင်လိမ့်မယ်။
သူ့၏အကြံဉာဏ်နှင့် အစီအမံက ကောင်းမွန်သော်လည်း စူးချင်းထံတွင် အပူခြေရာခံကရိယာတစ်ခု ရှိနေမည်ဟု တွေးမိသည်အထိတော့ သူ မတွေးနိုင်ခဲ့ပေ။ သူ့၏လိမ္မာပါးနပ်မှုအပေါ် အလွန်အမင်း ယုံကြည်နေသည့် အိမ်ရှေ့စံမင်းသားက စူးချင်းတို့နားသို့ ခိုးဝင်လာပြန်သည်။
ရလဒ်အနေဖြင့် သူတို့၏လှုပ်ရှားမှုတိုင်းက စူးချင်း၏စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့ပြီး စူးချင်း၏အမြင်တွင် ဤလူများအားလုံးက စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ကြွက်စုတ်များသဖွယ် ဖြစ်နေလေသည်။ သူမက သူတို့အားလုံးကို တစ်ရှိန်ထိုး သုတ်သင်ရှင်းလင်းရန် စိတ်ပိုင်းဖြတ်လိုက်သည်။