← Chapters

အခန်း (၅၉၇)

Vol. 40 Ch. 597

အခန်း (၅၉၇)

Vol. 40 Ch. 597

"ငါ့ကို ပေး"

စူးချင်းက ကျန်းကျင့်လင်းကို နောက်ပြန်ဆုတ်ခိုင်းလိုက်ပြီး သူ့လက်ထဲမှ မော်တာကို လှမ်းယူလိုက်သည်။ ထို့နောက် သူမက မော်တာကို အိမ်ရှေ့စံမင်းသားဆီသို့ ချိန်ရွယ်လိုက်သည်။ သူ့၏ဦးထုပ်က တခြားသူများ မတူသောကြောင့် ရှာရန် မခက်ခဲပေ။

“တပြိုင်တည်း ‌ရှေ့တက်ပြီး တိုက်ခိုက်ကြ။ သူတို့မှာ အင်အား နည်းနည်းလေးပဲ ရှိတယ်”

အိမ်ရှေ့စံမင်းသားက အော်ဟစ်အမိန့်ပေးနေရင်း ရင်းနှီးသောလေတိုးသံကို ကြားသွားခဲ့ပြီး သူ့၏နေရာက မလုံခြုံတော့သလို ခံစားလာရသည်။ ထို့ကြောင့် သူက ဘေးဘက်ရှိ မြောင်းထဲသို့ လှိမ့်ဆင်းသွားပြီး သူ မြောင်းထဲသို့ရောက်သွားသည်နှင့်တပြိုင်နက် သူ ရှိနေခဲ့သည့်နေရာတဝိုက် ပေါက်ကွဲသွားသည်ကို တွေ့လိုက်ရသည်။ ယခင်က သူ့ဘေးတွင် ရှိနေခဲ့သည့် သက်တော်စောင့်များ အားလုံး ကောင်းကင်ပေါ်သို့ လွင့်ပျံသွားကြသည်။

ထိုအခိုက်အတန့်တွင် အိမ်ရှေ့စံမင်းသားလည်း အမှန်တကယ် ထိတ်လန့်ကြောက်ရွံ့နေပြီ ဖြစ်သည်။

ဒီအမြောက်ကျည်တွေက မျက်လုံး ရှိနေတာလား? ဘာကြောင့် ငါ့ကိုပဲ ပစ်မှတ်ထားနေရတာတုန်းကွာ?

စူးချင်းက အိမ်ရှေ့စံမင်းသား၏ တည်နေရာကို ထပ်မံရှာဖွေရန် အပူသုံးပုံရိပ်ဖော်စက်ကို ကြည့်လိုက်သော်လည်း ယခုတစ်ကြိမ်တွင် သူ့ကို ရှာမတွေ့တော့ပေ။ အိမ်ရှေ့စံမင်းသား၏ အမှတ်အသားကို ကိုယ်စားပြုသည့် ဦးထုပ်မရှိတော့လျှင် အပူသုံးပုံရိပ်ဖော်စက်မှ ပုံရိပ်များက အတူတူသာဖြစ်ကြသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူတို့၏ အရပ်နှင့် ခန္ဓာကိုယ်အနေအထားသာ ဖြစ်သည်။

သို့ရာတွင် ဂျပန်လူမျိုး အများစုက အရပ်ပုပြီး ပိန်ပိန်ပါးပါးသာ ဖြစ်သောကြောင့် သူတို့ကို ခွဲခြားရန် မလွယ်ကူတော့ပေ။

ဝူးခို့အိမ်ရှေ့စံမင်းသားကတော့ ခေါင်းပင် မဖော်ဝံ့တော့ဘဲ မြောင်းထဲတွင် မှောက်လျက်သားပုန်းနေခဲ့သည်။ သို့သော် သူက စူးချင်းကို ဝန်းရံတိုက်ခိုက်ရန် နင်ဂျာတပ်ရင်းကို အမိန့်ပေးနေသေးသည်။

"ဘယ်ဘက်ဘေးကို တိုက်"

နင်ဂျာများ ချဥ်းကပ်လာသည်နှင့်တစ်ပြိုင်နက် ပုံရိပ်ဖော်စက်က အလုပ်လုပ်လာပြီး စူးချင်းက သူတို့၏တည်ရှိမှုကို ချက်ချင်း သိသွားသည်။ သူမက ကျုံးယုံနှင့် ကျန်စစ်သည်များကို သူတို့၏တည်နေရာအတိုင်း တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ကျုံးယုံနှင့် ကျန်နေသည့်စစ်သည်အနည်းငယ်ကလည်း စူးချင်းကို ခြွင်းချက်မရှိ ယုံကြည်သူများ ဖြစ်သည်။ ဧကရီ ညွှန်ပြလိုက်သည့်နေရာက မှောင်မဲနေပြီး လူသူကင်းမဲ့နေသော်လည်း သူတို့က တွေဝေမှု လုံးဝ မရှိဘဲ သူတို့၏ဓားများကို ထိုနေရာသို့ ဦးတည်ကာ ထိုးသွင်းလိုက်ကြသည်။

ယခုတစ်ကြိမ်တွင် နင်ဂျာများ၏ အားသာချက်က လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်ရှိအချိန်က မည်သူ့၏သိုင်းပညာ ပိုအစွမ်းထက်သည်ကို ယှဥ်ပြိုင်ရတော့မည် အချိန်ဖြစ်သည်။ ကျန်းကျင့်လင်း ခေါ်ဆောင်လာခဲ့သော စစ်သည်များက ထိပ်တန်းစစ်သည်များ ဖြစ်ပြီး တိုက်ရဲသေရဲသည့် အတွေ့အကြုံရင့် စစ်သည်များ ဖြစ်သည်။ နင်ဂျာများ၏တည်ရှိမှုကို သိလိုက်သည်နှင့်တပြိုင်နက် သူတို့က တချက်ပင်နောက်မဆုတ်ဘဲ အပြင်းအထန် တိုက်ခိုက်ကြသည်။

စူးချင်း၏ စစ်နတ်ဘုရားစွမ်းရည်ကလည်း အလွန်အမင်းဖျက်ဆီးနိုင်ခြင်းစွမ်းအားကို အပြည့်အဝ ဖော်ပြနေသည်။ သူမနားသို့ အနက်ရောင်အဝတ်စများကို အကာအကွယ်ယူကာ ပုန်းအောင်းခိုးဝင်သွားသည့် နင်ဂျာများအားလုံး တစ်ချက်ကလေးမျှ မလှုပ်ရှားနိုင် သေဆုံးသွားကြရသည်။ ရှောင်ချီကလည်း သခင်ဖြစ်သူကို ကူညီရန် စနစ်ထဲမှ ပြေးထွက်လာသည်။ သူမ၏ ဖြူဖွေးဖွေးခန္ဓာကိုယ်တုတ်တုတ်လေးက လေပွေသေးသေးလေးနှင့်တူနေပြီး ထိုနင်ဂျာများကို ဝင်တိုက်နေကာ မြေပြင်ပေါ်သို့ လဲကျသွားအောင် အကြမ်းပတမ်း ပြုမှုနေသည်။ သူတို လဲကျသွားသည်နှင့် သူမက သူတို့ဆီသို့ ပြေးသွားကာ သူတို့၏မျက်လုံးများကို ဖောက်ထုတ်နေခဲ့သည်။

တစ်ဖက်တွင် စူးချင်းနှင့် ကျုံးယုံတို့ ဦးဆောင်ပြီး ရန်သူများအား ခုခံတိုက်ခိုက်နေချိန်တွင် တစ်ဖက်မှ ကျန်းကျင့်လင်းကလည်း တံငါသည်များကို ဦးဆောင်ကာ ဝူးခို့တို့၏အကြီးဆုံး စစ်သင်္ဘောကို သိမ်းပိုက်ရန် ကြိုးစားနေသည်။ သူက စစ်သင်္ဘော၏လက်တစ်ကမ်းအကွာတွင် မားမားမတ်မတ် ရပ်နေပြီး တံငါသည်များ ရွက်လွှင့်နိုင်ရန် ကာကွယ်ပိတ်ဆို့ပေးထားခဲ့သည်။

အစပိုင်းတွင် သူက လှေသင်္ဘာသုံးစင်း လုယူ‌သွားရန် စီစဥ်ထားသော်လည်း သူတို့၏အင်အားက နည်းလွန်းနေသည့်အပြင် တံငါသည်များ၏ တိုက်ခိုက်ရေးအင်အားကလည်း မကောင်းသောကြောင့် လှေသင်္ဘာကြီးတစ်စင်းကိုသာ လုယူနိုင်ခဲ့သည်။

သို့ရာတွင် ဤလှေသင်္ဘောကြီးက ကြီးမားလှပြီး စစ်သည်နှစ်ရာမှ သုံးရာကို တပြိုင်နက် တင်ဆောင်ရန် ပြဿနာမဟုတ်ပေ။ ကျန်းကျင့်လင်းက တိုက်ပွဲထဲတွင် ကြာကြာ မနေတော့ဘဲ စစ်ကူ ပြန်ခေါ်ရန် အမြန်ဆုံးထွက်ခွာသွားတော့သည်။

စစ်သင်္ဘောကြီး ထွက်ခွာသွားသည်ကို မြင်လိုက်ရသည့် အိမ်ရှေ့စံမင်းသားက ဒေါသတကြီး အော်ဟစ်ပြီး နောက်မှ လိုက်ရန် သူ့လူများ အမိန့်ပေးလိုက်ပြန်သည်။

သို့သော်လည်း သူတို့ ဆိပ်ကမ်းနားသို့ ချဥ်းကပ်သွားသည်နှင့် လက်ပစ်ဗုံးများ ကျလာပြီး ပေါက်ကွဲလာပြန်သည်။ နောက်ဆုံးတွင် သူတို့အားလုံး ဘာမှမတတ်နိုင်တော့ဘဲ ရွက်လွှင့်ထွက်ခွာသွားသည့် စစ်သင်္ဘောကြီးကိုသာ ကူကယ်ရာမဲ့ လှမ်းမျှော်ကြည့်နေရတော့သည်။

“သူတို့ စစ်ကူခေါ်ဖို့ ပြန်သွားတာ ဖြစ်နိုင်တယ်။ ခမည်းတော်ဆီကို မြန်မြန် သတင်းပို့ကြစမ်း”

အိမ်ရှေ့စံမင်းသားက မြောင်းထဲတွင် ဝပ်နေရင်း သူ့၏သက်တော်စောင့်များကို အမိန့်ပေးလိုက်ပြန်သည်။ အစပိုင်းတွင် သူက သူ ဤအခြေအနေကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ကျူးကျော်သူများကို ဖမ်းနိုင်မည်ဟု တွေးထားခဲ့သည်။ ယခုအကြိမ်တွင် သူ လုံးဝ တောင့်မခံနိုင်တော့ပေ။

သူ သတင်းပို့ နောက်ကျရင် တိုင်းပြည်ပါ ပျက်သွားနိုင်တယ်။

စူးချင်းအတွက် နင်ဂျာများကို ကူနှိမ်နင်းပေးပြီးနောက် ရှောင်ချီက သူမ၏ခြေတံတိုလေးများကို ခပ်ဖွဖွမြှောက်ကာ ဝူးခို့အိမ်ရှေ့စံမင်းသားရှိနေသည့်နေရာဆီသို့ ပြေးဝင်သွားတော့သည်။ စူးချင်းက သူမကို လှမ်းအော်လိုက်သည်။

"နင် ဘယ်သွားမလို့လဲ?"

“သခင်၊ ရှောင်ချီ သူတို့ပြောနေတာတွေကို ခိုးနားထောင်ပေးမယ်”

ရှောင်ချီက ရန်သူ၏အစီအစဥ်များကို သွားနားထောင်ကာ သခင်ဖြစ်သူကို စိတ်ချင်းဆက်သွယ်ပြီး ပြန်ပြောပြရန် စီစဥ်ထားခြင်း ဖြစ်သည်။

"သတိထားနော်"

ရှောင်ချီက သူမအပေါ် အမြဲနားလည်ပေးပြီး ကူညီပေးတတ်သောကြောင့် စူးချင်းက ရှောင်ချီကို သတိထားရန် လှမ်းသတိပေးလိုက်သည်။

“သခင်၊ စိတ်မပူပါနဲ့။ ရှောင်ချီ သတိထားပါ့မယ်"

ရှောင်ချီက အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

အား ပျော်လိုက်တာ၊ သခင်က ရှောင်ချီကို ဂရုစိုက်လို့ အခုလို စိတ်ပူနေတာလေ။

ရှောင်ချီက သူမ၏ ခြေတံတိုတိုလေးများကို သုံးကာ ပြေးလွှားနေသော်လည်း သူမက အလွန်လျင်မြန်လှသည်။ အိမ်ရှေ့စံမင်းသားက ရှောင်ချီကို လှမ်းမြင်သွားသော်လည်း သတ္တဝါတစ်မျိုးမျိုးဖြစ်မည်ဟု တွေးကာ တချက်သာ ကြည့်ပြီး ထပ်ဂရုမစိုက်တော့ပေ။

ထိုအရာက ရှောင်ချီ သူတို့နားသို့ ချဥ်းကပ်နိုင်ရန် အခွင့်အရေးဖြစ်လာသည်။ ထိုအပြင် ‌ရှောင်ချီက သူတို့၏မြင်ကွင်းမှ ပျောက်‌အောက် အ‌ရှေ့သို့ ဆက်ပြေးသွားခဲ့သေးသည်။ ခပ်ဝေးဝေး ရောက်မှသာ သူမက နောက်သို့ ပုန်းလျှိုးကွယ်လျှိုးပြန်ပြေးလာပြီး သူတို့နားသို့ ဖြည်းဖြည်းချင်း တွားသွားခိုးဝင်သွားတော့သည်။

“မင်းတို့ အရှေ့ဘက်ကနေ ကမ်းခြေဘက်နေ ခိုးထွက်သွားတာ။ အဲ့ဒိမိန်းမမှာ လူနည်းနည်းလေးပဲ ရှိတာ။ ဘာမှ မကြောက်ကြနဲ့”

အိမ်ရှေ့စံမင်းသားက စူးချင်းဆို့ဘက်တွင် ကျည်ကုန်သွားပြီဟု တွေးကာ သူတို့ကို အရှေ့ဘက်ကမှ ချောင်းမြောင်းတိုက်ခိုက်ရန် သူ့လူများကို အမိန့်ပေးနေပြန်သည်။

အခုလောက်ဆို သူတို့မှာ အမြောက်ကျည်တွေ မကျန်‌လောက်တော့ဘူး။ အမြောက်ကျည်တွေ မရှိသရွေ့တော့ ဘာကိုမှ ကြောက်နေစရာ ဘာလိုတော့ဘူး။

“သခင်” ရှောင်ချီက စူးချင်းကို စိတ်ဖြင့် ဆက်သွယ်ကာ သတင်းပို့လိုက်သည်။

“ဒီနားမှာ ဝူးခို့ဘက်က အဆင့်မြင့်အရာရှိတစ်ယောက် ရှိတယ်”

စူးချင်းက ရှောင်ချီ ပေးပို့သော တည်နေရာညွှန်ရပ်အတိုင်း မော်တာကို ချိန်ရွယ်လိုက်သည်။ သို့သော် ထိုအချိန်တွင် အခြားနင်ဂျာတစ်စုက သူမတို့ကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စူးချင်းက သူတို့ဘက်သို့ မီးစုန်းမှုန့်(ဖော့စပရပ်)များ လှမ်းပက်လိုက်ရာ သူတို့ကို မဖုံးကွယ်နိုင်တော့ဘဲ ရုပ်လုံးပေါ်လာသည်။

ထိုမတိုင်မီအချိန်တွင် ကျုံးယုံက မျက်ကန်းသဖွယ် တိုက်ခိုက်နေရခြင်းဖြစ်သည်။ သို့သော် အခြေအနေက ချက်ချင်းပြောင်းလဲသွားပြီး သူ၏တူကြီးနှစ်ချောင်းကို ဝူးခို့ပင်လယ်ဓားပြများ၏ ဦးခေါင်းများကို ရိုက်နှက်ရန် အထူးပြုလုပ်ထားသည်ဟုပင် ထင်ရစေသည်။ ရန်သူကို ရှင်းရှင်းလင်းလင်း မြင်နိုင်ချိန်တွင် သူ ရိုက်ချက်တိုင်းက လုံးဝ တိကျသွားပြီး သူ့၏တူ တစ်ခါကျဆင်းလာတိုင်း ဦးခေါင်းတစ်လုံး ပေါက်ကွဲနေရသည်။

စူးချင်းက အိမ်ရှေ့စံမင်းသားကို ‌မော်တာဖြင့် ချိန်ရွယ်သော်လည်း မပစ်ခတ်သေးဘဲ အကွာအဝေးကို တွက်ချက်နေခဲ့သည်။ အကယ်၍ သူမနှင့် မီတာအနည်းငယ်သာ ဝေးပါက လက်ပစ်ဗုံးဖြင့် သတ်ပစ်ရန် တွက်ဆနေပြီး မလိုအပ်ဘဲ မော်တာကျည်မဆုံးရှုံးစေရန် တွေးတောနေရခြင်း ဖြစ်သည်။

အားလုံးကို သေသေချာချာ တွက်ချက်ပြီးနောက် စူးချင်းက လုံးဝရဲရင့်စွာဖြင့် လက်ပစ်ဗုံးကို ကိုင်ကာ အိမ်ရှေ့စံမင်းသားဘက်သို့ လျှောက်သွားလိုက်သည်။

အိမ်ရှေ့စံမင်းသားကလည်း သူမကို သတိထားမိသွားပြီး ချက်ချင်း ဖမ်းဆီရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

“ဒီမိန်းမကို ဖမ်းနိုင်တဲ့သူတိုင်း ဆုလာဒ်တွေ အများကြီး ချီးမြှင့်ခံရမယ်”

“သခင်!” ရှောင်ချီက စူးချင်းအတွက် စိတ်ပူသွားပြီး အမြန် လှမ်းခေါ်လိုက်သည်။

"သခင်၊ သူတို့ သခင်ကို ရှာတွေ့သွားပြီ"

" ရှောင်ချီ၊ အဲဒီနေရာကနေ ချက်ချင်း ထွက်သွား"

စူးချင်းက ရှောင်ချီပြောနေသည့်စကားကို အလေးအနက် မထားဘဲ ရှောင်ချီ မတော်တဆ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သောကြောင့် မြန်မြန်ထွက်သွားရန် လှမ်းအမိန့်ပေးလိုက်သည်။

စူးချင်း မာနထောင်လွှားဟန်ဖြင့် လျှောက်လှမ်းလာနေသည်ကို မြင်နေရသည့် အိမ်ရှေ့စံမင်းသားက ဘာကြောင့်မှန်းမသိ သူ့ရင်ဘက်ထဲသို့ ကြောက်ရွံ့မှုများ တိုးဝင်လာသလို ခံစားနေရသည်။ သူက ငါးရှဥ့်တစ်‌ကောင်နှင့်ဆင်တူပြီး ထိုကြောက်ရွံ့မှုကို ခံစားရသည်နှင့်တပြိုင်နက် ချက်ချင်း ထွက်ပြေးတော့သည်။

“သခင်၊ သူ ပြေးသွားပြီ၊ ဘယ်ဘက် တစ်နာရီလောက်မှာ"

ရှောင်ချီက တည်နေရာကို လှမ်းသတင်းပို့လိုက်ပြီး နောက်သို့ ပြန်ဆုတ်သွားသည်။ စူးချင်းက လုံလောက်သော အကွာအဝေးသို့ ရောက်နေပြီဖြစ်ကာ သူမကို ဝန်းရံရန် ပြေးဝင်လာသော ပင်လယ်ဓားပြများကို လှမ်းမြင်နေရပြီဖြစ်သည်။ ထိုလူများအတွက် လက်ပစ်ဗုံးသုံးရခြင်းက ဖြုန်းတီးလွန်းသည်ဟု သူမ တွေးလိုက်ပြီး သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ ထိုစစ်သည်များအား အရင် သုတ်သင်ဖယ်ရှားလိုက်သည်။

အိမ်ရှေ့စံမင်းသားကတော့ အကြီးအကျယ် အံသြနေသည်။

ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ? ဒီတောက်ပတဲ့ အဖြူရောင်အလင်းတန်းကြီးက ကောင်းကင်အထိတောင် ဖြာထွက်သွားတယ်။ ဘယ်လောက်တောင် စွမ်းအား ကြီးမားလိုက်သလဲ?

ဒီလို အင်အားကြီးတဲ့ ရန်သူကို တားဆီးဖို့ သူ ဘာကို အသုံးပြုရမှာလဲ?

ဒီနေ့ သူတို့ရဲ့တိုင်းပြည် ပျက်ဆီးရတော့မှာလား?

စူးချင်းက သူမ၏လမ်းကို ပိတ်ဆို့ထားသည့် ဝူးခို့ပင်လယ်ဓားပြများကို သတ်ပြီး အိမ်ရှေ့စံမင်းသားကို လက်ပစ်ဗုံးဖြင့် လှမ်းပစ်လိုက်သည်။

ထိုလက်ပစ်ဗုံးက အိမ်ရှေ့စံမင်းသား၏ဦးခေါင်းကို တိုက်ရိုက်ထိမှန်သွားပြီး ချက်ချင်း ပေါက်ကွဲသွားသည်။ ယခုတစ်ကြိမ်တွင်တော့ သူ မလွတ်မြောက်နိုင်တော့ဘဲ အပိုင်းပိုင်း ပြတ်ထွက်သွားရသည်။

သူ သေဆုံးသွားသည်နှင့်တပြိုင်နက် ကျန်နေသည့်သက်တော်စောင့်များက ပို၍ပင် ထိတ်လန့်လာကြသည်။

သူတို့မှာ ခေါင်းဆောင်မရှိတော့ဘူးလေ၊ ရန်သူကို ဘယ်လိုတားဆီးရမှာတုန်း?

မိုးသောက်ယံသို့ နီးလာချိန်တွင် သင်္ဘောဆိပ်ကမ်းပေါ်၌ မီးတိုင်များနှင့် မီးပုံများ၏အလင်း‌ရောင် အနည်းငယ်သာ ကျန်နေတော့သည်။ သို့ရာတွင် ကောင်းကင်ကြီး တောက်ပလာသည်နှင့် တပြိုင်နက် စူးချင်းနှင့် သူမ၏လူများအတွက် အခြေအနေ ဆိုးလာပေလိမ့်မည်။

စူးချင်းက ကုန်းမြင့်ပေါ်သို့ ပြန်တက်လာပြီး မော်တာကျည်နှင့် လက်ပစ်ဗုံးများကို ရေတွက်နေသည်။ ကျုံးယုံနှင့် စစ်သည်များအားလုံး ဒဏ်ရာကိုယ်စီ ရထားပြီး စစ်သည်နှစ်ဦး ကျဆုံးသွားခဲ့ရာ ယခု ရှစ်ယောက်သာ ကျန်နေတော့သည်။

လူရှစ်ယောက်၊ မော်တာကျည်ငါးလုံးနှင့် လက်ပစ်ဗုံး ခြောက်လုံးက စူးချင်းကို မျက်မှောင်ကြုတ်သွားစေသည်။ သိပ်မကြာခင် ဝူးခို့များဘက်မှ အဓိကတန်ပြန်တိုက်ခိုက်မှု စတင်လာတော့မည်ဖြစ်ပြီး သူမတို့အတွက် အထူးသတိထားရမည့်အခြေအနေ ရောက်လာပြီ ဖြစ်သည်။

ကျန်းကျင့်လင်းကလည်း စစ်ကူများ ခေါ်ဆောင်သွားရန် တစ်ဘက်ကမ်းသို့ အရှိန်အပြည့်ဖြင့် ပြန်ချဥ်းကပ်လာခဲ့သည်။

သူ ကမ်းခြေနှင့် နီးကပ်လာချိန်တွင် သူကို စောင့်ကြိုနေသည်က အံ့မခန်းမြင်ကွင်းတစ်ခုဖြစ်ပြီး ဒါဇင်နှင့်ချီသော ငါးဖမ်းလှေကြီးများက ဆိပ်ကပ်မှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ထိုလှေကြီးများပေါ်တွင် ရှောင်းမိသားစု၏ သံချပ်ကာဝတ်စစ်သည်များ ပြည့်နှက်နေသည်။

သူ့၏ စစ်သင်္ဘောကြီး ကမ်းခြေသို့ ချဉ်းကပ်လာသည်ကို မြင်သွားသည့် တံငါလှေများက စစ်သင်္ဘောကြီးကို ဝိုင်းထားကြပြီး စစ်သင်္ဘောကြီး၏နံဘေးအား သံချိတ်များဖြင့် လှမ်းပစ်ချကာ စီးနင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

"ငါပါ၊ ငါက ကျန်းကျင့်လင်းပါ"

ကျန်းကျင့်လင်းက ကုန်းဘောင်ပေါ်တွင် ရပ်ကာ လှမ်းအော်လိုက်သည်။ ရှောင်းမိသားစုစစ်တပ်က လူများက သူ့ကို မြင်သွားပြီး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ ကျန်းကျင့်လင်းက စစ်သင်္ဘောကြီးကို ကမ်းကပ်စေပြီး ကမ်းပေါ်ရှိ စစ်သည်အားလုံးအား လှေပေါ်တက်ရန် အော်ဟစ် အမိန့်ပေးလိုက်သည်။

"အားလုံး ငါနဲ့ အခုချက်ချင်း လိုက်ခဲ့ကြ၊ ဧကရီက အရှေ့ကျွန်းပေါ်မှာ ရှိနေတုန်းပဲ၊ အခု မြန်မြန်သွားပြီး ကူညီမှ ဖြစ်မယ်”

ကမ်းပေါ်ရှိ စစ်သည်များက နှစ်တန်း ကွဲသွားပြီး ငွေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက် ကျန်းကျင့်လင်းဆီသို့ လျှောက်လှမ်းလာသည်။ ကျန်းကျင့်လင်းကလည်း ထိုလူကို မြင်သွားပြီး သူ့ပါးစပ်ဟသွားလောက်အောင် အံ့အားသင့်သွားရသည်။

သူ ဘာလို့ ဒီကိုရောက်နေတာလဲ?

All Chapters