သစ္စာဖောက်
Vol. 40 Ch. 592
ကျန်းကျင့်လင်းက သူ့လက်အောက်ငယ်သားတချို့နှင့်အတူ အခန်းထဲမှ ထွက်လာပြီး သူ့မျက်နှာက သံတမန်၏မျက်နှာနှင် လုံးဝဆင်တူနေပြီ ဖြစ်သည်။
"ကျန်းကျင့်လင်း၊ သူ့ကို ခေါ်ပြီး အပေါ်ထပ်က ဘယ်ဘက်အခန်းကို သွားလိုက်တော့။ မင်းတို့ကတော့ အောက်ထပ်မှာ စောင့်နေ"
စူးချင်းက ကျန်းကျင့်လင်းကို စစ်သည်တစ်ယောက် ခေါ်သွားခိုင်းလိုက်ပြီး အပေါ်ထပ်၌နေရန် ညွှန်ကြားကာ ကျန်လူများကို အောက်ထပ်၌ နေခိုင်းလိုက်သည်။
ကျန်းကျင့်လင်း အပေါ်ထပ်သို့ တက်သွားပြီး သိပ်မကြာခင်မှာပင် လူနှစ်ယောက် ရောက်လာသည်ကို စူးချင်း တွေ့လိုက်ရသည်။ သူတို့က သာမန်အရပ်သားများ ဝတ်ဆင်သည့် အ၀တ်များကိုသာ ဝတ်ဆင်ထားပြီး အမှတ်တမဲ့ ကြည့်လိုက်လျှင် သာမာန်လူများဟုသာ ထင်မိနိုင်သည်။ သူတို့ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသော်လည်း အရှေ့မှ လျောက်လာသည့်လူက ကြော့မော့နေကာ သူ့၏အရာရှိဖိနပ်နှင့် နူးညံ့သောလက်များက သူ၏အဆင့်အတန်းကို ထုတ်ဖော်ပြသနေခဲ့သည်။ သူ့နောက်မှ လူကတော့ သွက်လက်သောဖြေလှမ်းများဖြင့် သူ့၏ပခုံးတစ်ဝက်အကွားအဝေးမှ လိုက်ပါလာခဲ့သည်။
လက်ရှိတွင် စူးချင်းက တည်းခိုဆောင်ပိုင်ရှင်၏နေရာကို တာဝန် ယူထားသောကြောင့် ထိုလူနှစ်ယောက်က သူမဆီသို့ လှမ်းလာချိန်တွင် စူးချင်းက အရင်ဦးအောင် လှမ်းပြောလိုက်သည်။
"သူဌေးက အပြင်ထွက်သွားတယ်"
"ငါတို့ သူ့ကို လာရှာတာမဟုတ်ဘူး"
ရှေ့မှ လျှောက်လာသည့်လူက အသက်လေးဆယ်ခန့်ရှိပုံရပြီး သူ့၏အသားအရေက ဖြူဖျော့နေကာ သူ့မုတ်ဆိတ်မွေးများက ဆိတ်၏မုတ်ဆိတ်မွေးကဲ့သို့ ဖြစ်နေကာ ကျိုးတို့ကျဲတဲ ဖြစ်နေသည်။ သူ့၏မျက်လုံးများထဲတွင် လောဘဇောနှင့် တဏှာရိပ်များ ပြည့်နှက်နေပြီး သူက သူ့၏ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ရန် ကြိုးစားနေခဲ့သည်။ သို့သော်လည်း သူက အရာရှိများ၏ လမ်းလျှောက်ပုံ အလေ့အကျင့်ကိုတော့ မဖျောက်ထားသလို အထက်စီးဆန်သော လေသံကိုလည်း အသုံးပြုနေသေးသည်။
"ဒါဆို ဘယ်သူ့ကို လာရှာတာလဲ?"
စူးချင်းက တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်သည်။
"မင်း အလုပ်မဟုတ်ဘူး"
ထိုလူက မျက်မှောင်ကြုတ်ကာ စူးချင်းကို စိုက်ကြည့်လိုက်သည်။ သူက စူးချင်း၏အဆက်မပြတ် မေးခွန်းထုတ်မှုကို သိသိသာသာ မကျေမနပ်ဖြစ်နေပုံရသည်။ သူ့မျက်လုံးများထဲမှ စိတ်မရှည်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသလို သူ့လေသံတွင်လည်း ဖော်ရွေမှုကင်းမဲ့နေသည်။
စူးချင်းက နာခံရိုးသားသော အမူအရာဖြင့် နောက်ပြန်ဆုတ်ကာ သူတို့အတွက် လမ်းဖယ်ပေးလိုက်သည်။
ထိုနှစ်ယောက်က အပေါ်ထပ်သို့ ပြေးတက်သွားပြီး စူးချင်းက သူတို့၏နောက်ကျောကို ကြည့်နေရင်း သူမ၏မျက်လုံးများကို မှေးကျဥ်းထားခဲ့သည်။
တကယ်တော့ ရန်သူတွေက ကြောက်စရာအကောင်းဆုံး မဟုတ်ဘူး။ ကိုယ့်ထဲမှာ ရှိနေတဲ့ သူလျှိုတွေကမှ တကယ်ကြောက်စရာကောင်းတာ။
သူတို့နှစ်ယောက် အပေါ်ထပ်သို့ တက်သွားပြီး သိပ်မကြာခင်မှာပင် သက်တော်စောင့်ရှောင်တင်းလည်း အပြေးအလွှား ပြန်ရောက်လာသည်။ သူက စူးချင်းကို တွေ့တွေ့ချင်း သတင်းပို့ရန် ပြင်လိုက်သော်လည်း စူးချင်းက သူ့ကို အကြည့်ဖြင့် ဟန့်တားလိုက်သည်။ ထို့နောက် သူမက နောက်သို့ ပြန်လှည့်ကာ အခန်းထဲသို့ ပြန်ဝင်လာပြီး ရှောင်တင်းကလည်း သူမနောက်မှ လိုက်ပါလာသည်။
အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် စူးချင်းက ရှောင်တင်းကို အမိန့်ပေးလိုက်သည်။
“ပြော”
“လူကြီးမင်း၊ အဲ့ဒီအစေခံက ရုံးတော်ထဲကို ဝင်သွားပြီး ပြန်ထွက်မလာတော့ဘူး။ နောက်ပိုင်းမှာ တွေ့လိုက်ရတာက...”
တည်းခိုဆောင်အစေခံက ထိုလူပိန်အဖွဲ့ကို ဝူးခို့ပင်လယ်ဓားပြများဟု ထင်သွားပြီး သတင်းပို့ရန် အစိုးရရုံးတော်သို့ ပြေးသွားခဲ့ခြင်း ဖြစ်သည်။ ဆုတစ်ခု ရနိုင်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း သူ့အသက်ကိုသာ ဆုံးရှုံးလိုက်ရသည်။
"အဲ့ဒီအစေခံကို သတ်ပြီး အလောင်းပုံထဲကို ပစ်ချလိုက်တယ်လို့ မင်း ပြောနေတာလား?"
ထိုစကားကြောင့် စူးချင်း၏မျက်လုံးများ မှေးကျဥ်းသွားပြီး အပေါ်ထပ်သို့ တက်သွားသည့် လူနှစ်ယောက်ကို ပြန်တွေးလိုက်သည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်စဥ်းစားနေရာ နောက်ဆုံးတွင် အတည်ပြုကောက်ချက်ချလိုက်သည်။
ဒီစီရင်စုအမတ်က ပင်လယ်ဓားပြတွေရဲ့သူလျှို ဖြစ်နေတာ သေချာသွားပြီ။
အပေါ်ထပ်တွင် ဟိုင်ချန်၏စီရင်စုအမတ်က တိုးလျသောအသံဖြင့် ကျန်းကျင့်လင်းကို သတင်းပို့နေသည်။
“ဒီလက်အောက်ငယ်သားက သတင်းလာပေးတဲ့သူကို သတ်ပစ်လိုက်ပါပြီ။ မင်းသမီး ဘေးကင်းကင်းနဲ့ အိမ်ပြန်နိုင်ဖို့ ကျွန်တော်မျိုးက သေသေချာချာ စီမံပေးနေတဲ့အကြောင်း မင်းသမီးကို ပြောပေးပါဦး”
“ကောင်းတယ်၊ မင်း တော်တယ်”
ကျန်းကျင့်လင်းက ထိုသစ္စာဖောက်ကို ကြည့်ကာ ဒေါသအပြည့်ဖြင့် ပူလောင်နေသော်လည်း ဧကရီ၏အစီအစဥ်ကို တွေးမိသောကြောင့် စိတ်ထိန်းထားလိုက်သည်။ ဤစီရင်စုအမတ်အား သင်ခန်းစာပေးရမည့်အချိန် မဟုတ်သေးသောကြောင့် ဝူးခို့ဘာသာစကားဖြင့် ခပ်တည်တည် ချီးမွမ်းပေးလိုက်သည်။
"သံတမန်ကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းကျင့်လင်းက သူ့ကို ချီးမွမ်းနေသည့်အသံကို ကြားနေရသောကြောင့် ဟိုင်ချန် စီရင်စုအမတ်က သူ့မျက်နှာကြီး ပွင့်ထွက်လာလုနီးပါး ပါးစပ်ကြီးဖြဲကာ ပြုံးနေခဲ့သည်။
သူက ဝူးခို့ဘာသာစကားကိုပင် နားလည်နေပြီဖြစ်ကာ သူတို့ အချိန်အတော်ကြာ ပူးပေါင်းနေခဲ့မှန်း သိသာနေသည်။
“အခုချက်ချင်း မြန်မြန်ဆန်ဆန် ပြန်သွားတော့။ အရေးကြီးကိစ္စမရှိရင် ငါ့ကို လာထပ်မတွေ့နဲ့တော့"
ကျန်းကျင့်လင်း၏မျက်နှာက မကြည်မသာ ဖြစ်နေပြီး ဧည့်သည်ကို ပြန်ထွက်သွားရန် အမိန့်ပေးလိုက်သည်။ သို့သော်လည်း ဟိုင်ချန်စီရင်စုအမတ်က ပြန်ထွက်ခွာရန် မလိုလားပုံရသည်။
“ဒီလက်အောက်ငယ်သားက မင်းသမီးကို တွေ့ချင်ပါတယ်။ မင်းသမီးရဲ့ ခြေထောက်ဒဏ်ရာကို ကုသဖို့ ဆေးတွေလည်း ယူဆောင်လာခဲ့ပါတယ်”
"ဆေးကို ထားခဲ့ပြီး ပြန်သွားတော့"
ကျန်းကျင့်လင်းက ဆေးကို ဆွဲယူလိုက်ပြီး ဟိုင်ချန်စီရင်စုအမတ်ကို လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။
"မင်းတို့ကြောင့် ငါတို့ရဲ့ကိစ္စတွေ နှောင့်နှေးသွားရင် မင်းတို့ တာဝန်ယူရမှာနော်"
"ဟုတ်ကဲ့၊ အခု ပြန်သွားပါ့မယ်"
ဟိုင်ချန်စီရင်စုအမတ်က ပြန်ရန်ဆန္ဒမရှိပုံဖြင့် ပြန်ထွက်ခွာလာခဲ့သည်။
ဒါက မင်းသမီးလန်ထင်ဆီကနေ မျက်နှာသာရဖို့ အကောင်းဆုံးအခွင့်အရေးလေ။ မင်းသမီးလန်ထင်ဆီကနေ မျက်နှာသာရတာက အိမ်ရှေ့စံမင်းသားဆီမှာ မျက်နှာသာရတာနဲ့ အတူတူပဲ။
လန်ထင်က အိမ်ရှေ့စံမင်းသား၏ အမျိုးသမီး ဖြစ်သည်။ သူမကို တာ့ထန်အင်ပါယာ၏ တော်ဝင်မိသားစုထဲသို့ စိမ့်ဝင်စေပြီး ဧကရာဇ်မင်းမြတ်ကို အလှအပဖြင့် မြူဆွယ်ဖျားယောင်းရန် ဧကရာဇ်မင်းမြတ်ထံ ဆက်သခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူမက တိုင်းရေးပြည်ရာများတွင် ဝင်ရောက်စွက်ဖက်ပြီး လက်ရှိဧကရာဇ်ကို မိုက်မဲသောအုပ်ချုပ်သူ ဖြစ်လာရန် ကြိုးပမ်းရမည်ဖြစ်သည်။
အကယ်၍ တာ့ထန်အင်ပါယာ၏ ဧကရာဇ်မင်းက ဝူးခို့များအား တိုက်ခိုက်ရန် ပြင်ဆင်လျှင်လည်း လန်တင်က သူမ၏မာယာကို အသုံးပြုကာ အချိန်ဆွဲထားရမည် ဖြစ်သည်။ ပုံမှန်အချိန်များအတွင်း အတွင်းရေးအချက်အလက်များ ပံ့ပိုးပေးနိုင်ပြီး ကြိုတင်ပြင်ဆင်ထားရန်နှင့် အင်အားကြီးအရာရှိအချို့ကို သိမ်းသွင်းကာ သူလျှိုများအဖြစ် ပြောင်းလဲလေ့ကျင့်ပေးရန်ကလည်း သူမ၏တာဝန်ဖြစ်သည်။
ကံမကောင်းစွာဖြင့် လန်ထင် သိမ်းသွင်းရမည့်သူက ရှောင်းကျဲယွိ ဖြစ်နေခဲ့သည်။ ရှောင်းကျဲယွိ၏နှလုံးသားထဲတွင် စူးချင်းတစ်ယောက်တည်းသာ ရှိနေသောကြောင့် သူမ မည်မျှပင် လှပနေပါစေ ဘာမှ မတတ်နိုင်ခဲ့ပေ။
ဟိုင်ချန်၏စီရင်စုအမတ်က ဝူးခို့များ တာ့ထန်အင်ပါယာကို သိမ်းပိုက်ပြီးနောက် အကျိုးအမြတ်များသော ရာထူးတစ်ခုရရှိရန် မျှော်လင့်ချက်ဖြင့် လန်ထင်နှင့် ပူးပေါင်းကာ အိမ်ရှေ့စံမင်းသား ကျေနပ်စေရန် အစွမ်းကုန်ကြိုးစားပေးနေခဲ့သည်။
“အခု သွားတော့။ ငါတို့ ဖော်ထုတ်ခံရရင် မင်း တာဝန်ယူရလိမ့်မယ်"
ကျန်းကျင့်လင်းက ဟိုင်ချန်စီရင်စုအမတ်ကို ထပ်အမိန့်ပေးလိုက်ပြန်သည်။
လန်ထင်ကို ဘယ်လိုတွေ့ခွင့်ပေးနိုင်တော့မှာလဲ? ဧကရီက သူမကို သတ်ပြီးနေပြီ။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
ဟိုင်ချန်စီရင်စုအမတ်က မသွားချင်သွားချင် ပြန်ထွက်လာခဲ့သည်။ သို့သော် သူက လန်ထင်၏ အခန်းတံခါးကို လှမ်းကြည့်လိုက်သေးသည်။
အရမ်းနီးစပ်နေပြီ။ သူ စမ်းကြည့်သင့်လား?
"မြန်မြန် သွားတော့လေ"
ကျန်းကျင့်လင်းက ဟိုင်ချန်စီရင်စုအမတ်၏ရည်ရွယ်ချက်ကို သတိပြုမိသွားပြီး သူ့နောက်မှ လိုက်လာကာ လှေကားကို ညွှန်ပြပြီး သူ့ကို မောင်းထုတ်လိုက်သည်။
ဟိုင်ချန်စီရင်စုအမတ်လည်း ဘာမှမတတ်နိုင်ဘဲ အောက်ထပ်သို့ ဆင်းလာရသည်။ သူက အောက်သို့ ဆင်းနေရင်း ကျန်းကျင့်လင်းကို စိုးရိမ်တကြီး သတိလှမ်းပေးလိုက်သေးသည်။
"ဆေးကို ရှာပေးတဲ့သူက ဒီလူဆိုတာ မင်းသမီးကို ပြောဖို့ မမေ့နဲ့နော်"
ကျန်းကျင့်လင်းက ခေါင်းဉိတ်ပြလိုက်ပြီး လှေကားထစ်တွင် ရပ်နေကာ ဟိုင်ချန်စီရင်စုအမတ်ကို စောင့်ကြည့်နေသည်။
ဟိုင်ချန်စီရင်စုအမတ် စူးချင်းဘေးမှ ဖြတ်သွားချိန်တွင် စူးချင်းက သူမ၏လက်ကို မြှောက်ကာ သူမ၏မျက်ခုံးကို ပြန်ကုတ်လိုက်သည်။ ဟိုင်ချန်စီရင်စုအမတ်၏နောက်မှလူက စူးချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး။ သူ့လက်က သူ့ဓားရိုးပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ စူးချင်းက မျက်ခုံးမွှေးကိုသာ ကုတ်နေပြီး ဘာမှထပ်မလှုပ်ရှားသောကြောင့် သူ့လက်ကို ပြန်ချလိုက်သည်။
ဟိုင်ချန်စီရင်စုအမတ် တံခါးဝသို့ ရောက်လာချိန်တွင် တည်းခိုဆောင်ပိုင်ရှင်နှင့် ဝင်တိုးမိသွားသည်။ တည်းခိုဆောင်ပိုင်ရှင်က စီရင်စုအမတ်ကို တွေးသွားပြီး တအံ့တဩ မော့ကြည့်လိုက်သောကြောင့် စီရင်စုအမတ်က သူ့ကို အေးစက်သောအကြည့်ဖြင့် လှမ်းပြောလိုက်သည်။
“ဒီသခင်ကြီးက အမှုတစ်ခု စစ်ဆေးဖို့ ရောက်လာတာ။ စကားအများကြီး မပြောနဲ့"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
တည်းခိုဆောင်ပိုင်ရှင်က ကမန်းကတန်း ခေါင်းညိတ်ကာ ထပ်ဦးညွှတ်လိုက်ပြီးမှ စီရင်စုအမတ် ထွက်သွားသည်ကို ကြည့်နေခဲ့ပြီး သူကို မမှတ်မိသလို ဟန်ဆောင်လိုက်သည်။ စီရင်စုအမတ် ထွက်သွားပြီးနောက် တည်းဆိုဆောင်ပိုင်ရှင်က စူးချင်းရှေ့သို့ ရောက်လာပြီး လှမ်းပြောလိုက်ပြန်သည်။
“လူကြီးမင်း၊ မကြာခင် စားစရာတွေ လာပို့ပေးပါ့မယ်။ ခဏတော့ စောင့်ပေးပါဦး"
“ရတယ်”
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ထိုတည်းခိုဆောင်ပိုင်ရှင်က အပေါ်ထပ်သို့ တက်ရန် ခြေလှမ်းပြင်နေသည်ကို သူမ တွေ့လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ သူမက သူ့ကို မတားတော့ပေ။
"ဧည့်သည်၊ ဧည့်သည်တော်ကြီး"
တည်းခိုဆောင်ပိုင်ရှင်က ကျန်းကျင့်လင်း၏တံခါးဝတွင် ရပ်ကာ တံခါးကို ညင်ညင်သာသာ ခေါက်ရင်း အသံပြုလိုက်သည်။
ထူးဆန်းလိုက်တာ၊ အရင်က ဒီနေရာမှာ လှေကားထစ်တွေကို စောင့်ကြည့်နေတဲ့သူ ရှိနေတာ မဟုတ်ဘူးလား? ဒီနေ့ ဘာလို့ မရှိတော့တာတုန်း။
"ဘာလဲ?"
ကျန်းကျင့်လင်းက တံခါးဖွင့်ထွက်လာပြီး သူ့ကို လှမ်းမေးလိုက်သည်။ သို့သော် သူက တံခါးကို ပိတ်ရပ်ထားသောကြောင့် တည်းခိုဆောင်ပိုင်ရှင်က အတွင်းထဲမှ အခြေအနေကို မမြင်နိုင်တော့ပေ။
"ဧည့်သည်တို့က မနက်စာအတွက် အပေါ်ထပ်ကို လာပို့ ပေးဖို့ပြောတာ မဟုတ်ဘူးလား? ဒီနေ့ ဒီနေရာမှာ လူအင်အားနည်းတဲ့အတွက် နည်းနည်းနောက်ကျပါ့မယ်။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ဗျာ"
တည်းခိုဆောင်ပိုင်ရှင်က ကျန်းကျင့်လင်းကို အပြုံးဖြင့် တောင်းပန်လိုက်သည်။
ဒီဧည့်သည်အုပ်စုက အရမ်းရက်ရောတယ်လေ။ သူတို့က ထမင်းကို မှာစားကြပြီး သူ့ကို အပိုငွေလေးတွေ ပေးလေ့ရှိကြတယ်။ ဒါပေမယ့် ဒီနေ့တော့ အဲ့ဒီသေသင့်တဲ့အစေခံက ဘယ်ကိုသွားနေမှန်းမသိလို့ သူကိုယ်တိုင် ပြေးလွှားနေရတယ်။
"ရတယ်၊ ပုံမှန်အတိုင်းပဲ ပို့ပေး"
ကျန်းကျင့်လင်းက သံတမန်၏ အသံကိုပင် တုပနိုင်ပြီး အလွန်တူအောင် သရုပ်ဆောင်နိုင်သည်။ သူက သူ့ကိုယ်သူ ထုတ်ဖော်မိမည်ကို စိုးရိမ်နေပြီး စကားပြတ်ပြတ် ပြောနေခဲ့သော်လည်း တည်းခိုဆောင်ပိုင်ရှင်က လုံးဝ သံသယ မရှိပေ။ ကျန်းကျင့်လင်းက သဘောတူလိုက်သော်လည်း သူက လုံးဝ ထွက်မသွားသေးပေ။
ကျန်းကျင့်လင်းကလည်း သူ့အမူအရာကို ကြည့်ကာ သဘောပေါက်သွားပြီး ငွေနှစ်လျန် ထုတ်ပေးလိုက်သည်။
တည်းခိုဆောင်ပိုင်ရှင်က အပြုံးကြီးကြီးဖြင့် ငွေကို လှမ်းယူလိုက်သည်။
သူ ဒီနေ့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တယ်။ စားစရာ နှစ်ခါ သွားဝယ်ပေးရုံနဲ့ ငွေတစ်လျန်လောက် အမြတ်ကျန်တယ်။ ခုနက ပြန်ထွက်သွားတဲ့ ဧည့်သည်တွေအတွက်နဲ့ သူ ဝမ်းနည်းနေစရာ မလိုတော့ဘူး။
နေမြင့်လာသော်လည်း တည်းခိုဆောင်အစေခံက ပြန်မလာသေးပေ။ ပိုင်ရှင်က သူ့အတွက် စိတ်ပူသွားပြီး သတင်းပို့ရန် ရုံးတော်သို့ ပြေးသွားခဲ့သည်။ သို့သော်လည်း ရဲမက်များက သူ့ကို ပြန်နှင်ထုတ်လိုက်သည်။ ဆိုင်ရှင်က သူ့အစေခံ သေသွားပြီဟု ခံစားလိုက်ရကာ တည်းခိုဆောင်သို့ ပြန်လာခဲ့သည်။
မွန်းလွဲပိုင်းတွင် စူးချင်းက ပြန်ထွက်ခွာရန် ငွေရှင်းမည့်အကြောင်း တည်းခိုဆောင်ပိုင်ရှင်ကို သွားပြောလိုက်သည်။
"ခင်ဗျားတို့ ထွက်သွားတော့မှာလား?"
စူးချင်းက ရက်အနည်းငယ်ကြာအောင် နေမည်ဟု ပြောခဲ့သည်ကို တွေးမိပြီး ပြန်မေးလိုက်သော်လည်း သူ အနည်းငယ် စိတ်ဓာတ်ကျသွားပြန်သည်။
ဒီလူတွေ စောစောက ထွက်သွားရင် သူ ခုန ဧည့်သည်တစ်ဖွဲ့ကို လက်လွှတ်ရမှာ မဟုတ်ဘူး။
"အရေးကြီးကိစ္စ ပေါ်လာလို့ပါ"
စူးချင်းက သူ့ကို ရှင်းပြလိုက်ပြီး ရှောင်တင်းကို အနောက်ဘက်သို့ သွားစေကာ ရထားလုံး ပြန်ယူခိုင်းလိုက်သည်။ သူမနှင့် ကျန်းယွိရန်တို့ကတော့ တံခါးဝတွင် စောင့်နေခဲ့သည်။
တည်းခိုဆောင်ပိုင်ရှင်က စူးချင်း ရထားလုံးထဲသို့ ဝင်သွားသည်ကို ကြည့်နေခဲ့သည်။ ထိုညတွင် တည်းခိုဆောင်ပိုင်ရှင်က အိမ်မပြန်ဘဲ တည်းခိုခန်း၌သာ ဆက်နေခဲ့သည်။ သို့သော် သူ တနေ့လုံး တစ်ယောက်တည်း အလုပ်လုပ်ခဲ့ရပြီး မောပန်းနွမ်းနယ်နေသောကြောင့် တောင့်မခံနိုင်တော့ဘဲ ကောင်တာပေါ်တွင် အိပ်ပျော်သွားတော့သည်။
သူ အိပ်ပျော်သွားပြီးနောက် အနက်ရောင်၀တ်အမျိုးသားနှစ်ဦး တည်းခိုဆောင်ထဲသို့ ဝင်လာခဲ့သည်။ သူတို့က အိပ်ပျော်နေသော တည်းခိုဆောင်ပိုင်ရှင်ကို လှမ်းကြည့်ကာ အပေါ်ထပ်သို့ လျှောက်သွားကြသည်။